Welcome


Download Apk File

ကလေးမြို့ရဲ့ သတင်းတွေကို Android ဖုန်းထဲကနေ ကြည့်လို့ရတဲ့ Apk file လေးပါ ..။အောက်က လင့်လေးမှာ Down လို့ရပါတယ် ...။ အခုထိတော့ Link မသေသေးပါဘူး ...။
http://www.sendspace.com/file/yud6dl

Sunday, December 19, 2010

ကဉ္စနာ (ချစ်ဦးညို)

သူတို့သုံးယောက်တွင် ' ဇလာမိက' သည် အသက်အကြီးဆုံးဖြစ်သည်။'ရောဇ' က၊ဇလာမိတထက် လပိုင်းငယ်ပြီး ၊ကဉ္စာနာက အသက်အငယ်ဆုံး ဖြစ်သည်။ဇလာမိက နှင့်ရောဇတို့က ကိုးနှစ်၊ကဉ္စနာက ရှစ်နှစ်။
ဇလာမိကသည် အရွက်သုံးလေးရွက်ပါ သော အသရက်ကိုင်းကို သဲပုံပေါ်တွင် စိုက်ချလိုက်ပြီးဘေးမှ ကျောက်စရစ်ခဲများဖြင့် ၀ိုင်းပေးလိုက်သည်။နောက်သို့တစ်လှမ်း နှစ်လှမ်းဆုတ်ကာသူ့ လက်ရာကိုပြန်ကြည့် သည်း ခံတပ်ဥမင်လိုဏ်ပုံစံ လုပ်ထားသော သဲလမ်းကြောင်းကို လက်ဖြင့်ဖိကာ ချောသပ်သည်။
' ကြည့်ကြစမ်း၊ ငါ့နန်းမြို့တော်ပြီးသွားပြီ ဘယ်လောက်လှသလဲ၊ ဒါကကျုံး၊ ဒါကမြို့ရိုး၊ ဒီနေရာက ခံတပ်လေ' လက်ဖ၀ါးနှစ်ဘက် ကို ပွတ်သပ်လျှက် ၊သံမှုန်များကို ခါထုတ်ယင်း၊ဇလာမိက ကပြောသည်။ ရောဇက၊ သူ့စကားစရာလေး မြား ကိုပစ်ချပြီး 'ဘယ်မှာလဲ မင့်ခံတပ်က' ' ဒီမှာလေ၊ရှေ့မှာ မျှော်စင်တခု တောင် ဆောက်ထား သေးတယ်။ဒီကျောက်တုံး တွေက မျှော်စင်ပေါ့'
' မင့်ခံတပ်က ရဲမက်လဲမရှိဘူး' ' နောက်တော့ရှိမှာပေါ့ အခုမှ မြို့တည်ပြီးစပဲဟာ' ရောဇ လေးနှင့်မြားကို ပြန်ကောက်ယူသည် သူကိုယ်တိုင် စိတ်ရှည်လက်ရှည် ချွန်ထားသော မြားသံ၏ အသွားကို တရွရွ ပွတ်သပ် သည်။ မြားတံ၏ အမြီးမှ ခိုဖြူငှက် မွှေးကို ကြိုးထပ်တင်းသည်။ 'ဇလာမိက ၊မင့်မြို့ကို အခုနေရန်သူတွေ လာတိုက်မယ်ဆိုရင် ဘယ်နှယ်လုပ်မလဲကဲ.........' ဇလာမိကသည် သဲနှင့်ဆောက်လုပ်ထားသော သူ့ 'မြို့တော်' ရှေ့မှာရပ်၍ ' ရန်သူတွေ မလာရဘူးကွ၊ ငါ့မြို့တော်ဟာ၊ အေးအေးလေးနေမှာပါ၊ ငါ့ရဲမက်တွေကလဲ ဘယ်သူ့ကိုမှ သွားမတိုက်ရဘူး၊ ငါ့ဆီလဲဘယ်သူမှ လာမတိုက်ရပါဘူး' ရောဇသည် လေးညှိှု့တွင် မြားတံကို တပ်လျှက် ' ကိုင်းအခုပဲ ငါကမင်းမြို့ကို လာတိုက်တဲ့ ရန်သူဖြစ်နေပြီ ဆိုရင်ကောကွာ' ' ဟင့်အင်း ဟင့်အင်း မတိုက်ရဘူး၊ ငါ့မြို့လေးက အေးအေးလေးနေမှာ' ဇလာမိက ၏အသွန်မှာ တကယ်ပင် ထိတ်ထိတ်ပြာပြာ ဖြစ်သွားလေသည်။' မင်းမြို့လေးက သိပ်လှတာပဲ ၊ ငါက တကယ်ကို တိုက်ချင်လာပြီ။ အရင်ဆုံး ခံတပ်ကို ဟော့ဒီမြားနဲ့ ပစ်လိုက်မယ်' ' ရောဇ ရောဇ မလုပ်နဲ့ ၊ မင်းမလုပ်နဲ့နော်' ' မင်းမှာ ရဲမက်ရှိရင် ခုခံလေ၊ ဒီလိုပဲ မြို့တွေ တစ်ခုနှင့်တစ်ခု စစ်တိုက်နေကြတာ မဟုတ်လား ' ' အဲ့ဒါ...... ခမည်းတော်တို့ လူကြီးတွေလုပ်တာကွ ငါတို့က ကလေးတွေပဲဥစ္စာ ။ ရောဇ မလုပ်နဲ့ကွာ ကောင်းကောင်း ကစားရအောင်' ' လူကြီးတွေလုပ်တာဆိုရင် တို့လဲလိုက်လုပ်ရမှာပေါ့ကွ ၊ ဇလာမိက၊ မင်းကြောက်နေပြီလား၊ မင်းမြို့ကိုခုခံလေ ၊ ဒီမှာငါလာပြီ၊ ရန်သူလာပြီဟေ့ ၊ရန်သူတပ်တွေတက်လာပြီ' ' ရောဇ၊ မင်း မင်း မင်း ' ခံတပ်ကို လေးနှင့်မပစ်မှီ၊ ရောဇက မြို့ရိုးကို ခြေထောက်နှင့်ကန် ပစ်လိုက်သည်။ သဲများဖွေးဖွေးလှုပ်သွားတော့သည်။ ' ဟေး.....မြို့ရိုးပေါက်သွားပြီကွ၊ လိစ္ဆ၀ီတပ်သားတွေ တက်ကြပါတော့လား၊ဇလာမိကရဲ့ မြို့ကို သိမ်းကြပါတော့လား ၊ ဟားပျော်စရာကြီးဟေ့.......' ' ရောဇ မင်း' ခပ်လှမ်းလှမ်းတွင် လိပ်ပြာဖမ်းနေသော ကဉ္စာနာ ရောက်လာသည်။ ' ဟဲ့နင်တို့ဘာဖြစ်နေကြတာလဲ' ရောဇက လေးတစ်ဘက် မြားတစ်ဘက်ကိုင်ကာ ခုန်ပေါက်လျှက် ' ဇလာမိက ရဲ့မြို့သစ်ကို ရန်သူတွေ တက်သိမ်းနေကြတာလေ ၊စစ်ပွဲဖြစ်နေတာဟ နင်ကောပါအုန်းမလား၊ မြို့ဘက်ကပါမလား၊ ရန်သူဘက်ကပါမလား ကဉ္စနာ။ ရန်သူဘက်က ဘာလိုက်ဟာ၊ ဖျက်ပစ်ရတာ သိပ်ပျော်စရာကောင်းတာ' ' မလုပ်ရဘူး မလုပ်ရဘူး၊ ငါ့ခမည်းတော်ကို တိုင်မှာနော်' ဇလာမိကသည် ငိုမဲ့မဲ့ ဖြစ်လာလေသည်။ ကဉ္စနာက ဇလာမိက တည်ထားသောသဲပုံများကို ကြည့်၍ ၊ရောဇရှေ့ မှ ၀င်ရပ်လိုက်သည်။ ' ရောဇ၊ ဇလာမိကရဲ့မြို့ကို နင်မဖျက်စီးနဲ့ ' ' သြ ......နင်က မြို့စောင့်တပ်ဘက်က ကိုး၊ လာလေ ....စစ်တိုက်ရအောင်' ရောဇက လေးမြားကို မြှောက်လျှက် ခုန်ပေါက်ပြန်သည် ။သို့သော် ကဉ္စနာ၏လှုပ်ရှားမှု့မှာ မြန်လွန်းလှသည်။ရောဇ လက်ထဲမှ လေးမြားသည် ကဉ္စနာ့ လက်ထဲရောက်သွားပြီး အပိုင်းပိုင်း ကျိုးသွားလေသည်။ ' ဟင်.....နင် ငါ့လေးနဲ့မြားကို ချိုးပစ်တယ်ဟုတ်လား' ' ချိုးပစ်တော့ ဘာဖြစ်သေးသလဲ၊ ဇလာမိက သူ့ဘာသာသူ အေးအေး ဆေးဆေး မြို့တည်ထားတာကို နင်က ဘာကြောင့် ၀င်ဖျက်ရတာလဲ၊ ငါမကြိုက်ဘူး' ' ဟ စစ်ပွဲဖြစ်တာပါဆိုနေမှ ' ' အေး စစ်ပွဲ ဆိုယင်လဲ နင်ရှုံးသွားပြီ၊ နင့်တပ်တွေ ပြန်သိမ်းတော့' ရောဇသည် ကဉ္စနာကို စူးစူးရဲရဲ ကြည့်၍ ' အေးလေ ငါရှုံးသွားပြီထားပါ တော့၊ဒါပေမယ့် ငါက တပ်တိုက်ဦးမှာပဲ' ကဉ္စနာက၊ ရောဇလက်ကို ဆွဲယူလိုက်လေသည်။' စစ်မတိုက်ပါနဲ့ ရောဇရယ် လာပါ ငါတို့ ပွဲကြည့်ဆောင်လုပ်တမ်း ကစားကြရအောင်ပါ' 'ဘာလဲပွဲကြည့်ဆောင်' 'နင်နဲ့ ဇလာမိက တို့က၊ ဟို......အဲ့ဘာခေါ်သလဲ၊ခမည်းတော်တို့ဆီ ကိုလာကြတဲ့ ဧည့်သည်တော်ကြီးတွေ ပေါ့' 'သံတမန်လား' ဟုဇာမိကက ၀င်ပြောသည်။
'အေး ဟုတ်တယ်သံတမန်ကြီးတွေ လုပ်ကြ၊ငါက ပွဲကြည့်ဆောင်မှာ ကပြတဲ့ ကချေသည်လုပ်မယ်' ' ဟေ့ အဲ့ဒါကောင်းတယ်ကောင်းတယ်၊ ရောဇ၊လာတို့က ဒီမှာထိုင်ကြည့် မယ်၊ကဉ္စနာက ဟိုပန်းရုံးရှေ့မှာ သွားက'
ရောဇသည်၊ကျိုးကြေနေသော သူ့လေးနှင့် မြားကိုကြည့်ပြီး ' နင်ကချေသည်လုပ်ချင်လဲလုပ်၊ အခု ငါ လေး နဲ့မြား ကို ပြန်လျောပေး' ကဉ္စနာ လေးနှင့်မြားကို ကောက်ယူသည်။
' ဒီလိုလုပ်လေ ရောဇ၊ အခုတော့ ပြန်မလျော်ပေးနိုင်သေးဘူး၊ ဒေါပေမယ့် နင့်လေးမြားကို ချိုးပစ်လိုက်တဲ့ အတွက် နင်ကျေနပ်အောင် ငါဒီလေးမြားကို ကိုင်ပြီးကပြမယ် ဟုတ်ပြီလား'
ရောဇ ဘာပြန်ပြောရမှန်းမသိဖြစ်နေစဉ်၊ ဇလာမိကက လက်ခုပ်တီးကာဝင်ပြောလိုက်သည်။'ကောင်းတယ် ကောင်းတယ် ၊ ၀ဇ္ဖီ တိုင်းသားရဲမက်တွေလဲ ၊ဒီလိုလေးနဲ့မြားကို ကိုင်ကတာ ငါကြည့်ဖူးတယ်။ခမည်းတော်ခေါ် သွားလို့ ပွဲကြည့်ဆောင်မှာ ကြည့်ရတာလေ'
'ငါလဲကြည့်ရပါတယ်၊ သတ္တဓနုလေးသည်တော်အက မဟုတ်လား' ရောဇ စိတ်ပြေစပြုလာသည်။
' အေး ဟုတ်တယ်၊ ရောဇ က သိပ်မှတ်မိတာပဲ ၊ကိုင်း ကပွဲစမယ်နော်။ နင်တို့ဧည့်သည်တော် အဲ့သံတမန် ကြီးတွေ က နေရာယူကြ။ ဟုတ်ပြီ၊ နေဦးဟ ၊ မကခင်မှာ ပွဲကြည့်ဆောင်ထဲမှာ ပြောသလို ပြောရဦးမှာ မဟုတ်လား ၊ ဟုတ်ပြီ ဟုတ်ပြီ ငါပြောကြည့်မယ်၊ အဲ ချစ်ခင်လေးစားရသော သံတမန်ကြီးများရှင့်၊ အခုလို ရာဇဂြိုလ် မြို့ကြီး ကို လာရောက်ပြီ၊ကြွရောက်ပြီး ၊အခုလိုပွဲကြည့်တောင်ထဲမှာ အခုလို မဂဓတိုင်း သူတို့ရဲ့ အက ကို ရှူ့ စားပြီး၊ အခုလို ချီးမြှင့်ပြီး' ရောဇ ရယ်လေတော့သည်။
'ကမှာသာ ကပါတော့ ကဉ္စနာရယ်။ နင့်ဟာက ပြောလဲမပြောတတ်ပဲနဲ့ အခုလို အခုလိုတွေပဲ လျှောက်ပြော နေ တာ ၊ ကိုင်း ကတော့'
'အေး ကပစ်လိုက်တာပဲ ကောင်းပါတယ်ဟာ' ကျိုးပဲနေသော လေးနှင့်မြားတို့သည် ကဉ္စနာ့ လက်ထဲတွင် အဆက်မပြတ် လှုပ်ရှားနေလေသည်။ ညနေခင်း လေပြည်တချက် အသုတ်တွင် ဘုရင့် ဥယျာဉ်တော် အတွင်း ရှိ ပန်းများသင်းသွားလေသည်။
ပြိုပျက်နေသော သဲနန်းမြို့ကို သူတို့သုံးယောက်စလုံး မေ့သွားကြလေပြီ။

၂။
' ဓါးမြှောင် နဲ့လား ကြိုးနဲ့လား '
“ အဲ့ဒါတွေ တစ်ခုမှ မဟုတ်ဘူး အဆိပ်နဲ့ ” “ အဆိပ် ဟုတ်လား”
“ ဟုတ်တယ်၊မလ္လတိုင်း မြောက်ဘက် က တောတွင်းသားတွေ သုံးတဲ့ အဆိပ်၊သိပ် ထက်မြက် တယ်၊ပထမဆုံး ထမ်းလုတ်ထဲမှာ အဆိပ် ပါသွားပြီးပြီဆိုရင် တတိယမြောက် ထမင်းလုတ် အပြီးမှာ တုံးကနဲ လဲကျပြီး သေဆုံး သွားနိုင်တဲ့ အထိ ပြင်းထန်တယ်”
“ အဆိပ်ခတ်ဖို့ ကကော ”
“ စားတော်ကဲနဲ့ ဆတ္တာ သည် ဆီက တစ်ဆင့် အားလုံးစီစဉ်ပြီးပြီ။ အဆိပ်မိပြီး ဘုရင်လဲကျသွားတာနဲ့ တစ်ပြိုင်နက် ၊ တံခါးမှူး ကိုလုပ်ကြံလိုက်တော့ ၊ ဒါဆိုသင့်တာဝန်ပြီးပြီ ”
“ ညဉ့်ဦးယံ ပွဲတော် စာ အချိန်နော်”
“ ဟုတ်တယ်၊ ကဲသွားတော့”
ကဉ္စနာ့ ခြေလှမ်းများ တုန့်သွားသည် အဆောင်ထဲမှ ခြေသံကိုကြားလိုက်ရသည်။ တစ်ယောက်ယောက် ပြန်ထွက် လာသံပင်ဖြစ်သည်။တံခါးရွက် အနီးရှိ တိုင်လုံးနောက် မှောင်ရိပ်သို့ ကဉ္စနာ ၀င်ကွယ် လိုက်သည်။
အဆောင်ထဲမှ သဏ္ဌာန်တစ်ခု ထွက်လာသည်။ ဘုရင့် အိပ်ဖန်စောင့် တစ်ဦးပင်ဖြစ်သည်။
အိပ်ဖန်စောင့် ကွယ်ပျောက်သွားသည် အထိ၊ကဉ္စနာ နေရာမျ မလှုပ်ရဲသေး ။ မကြာခင်ကမှ ၊ ရေမိုးချိုးကာ ဟိမ၀န္တာ နှင်းရည် ရောသောနံ့သာကို ဆွတ်ဖျန်းခဲ့သော်လည်း ချက်ချင်းပင် ပူအိုက် မောပန်း လာသည်။
ကြားလိုက်ရသည့် စကားလုံးများသည် နားထဲတွင် မပျောက်ပျက်သေး
“ အဲဒါတွေ တခုမှ မဟုတ်ဘူး အဆိပ် နဲ့ ”
“ အဆိပ် မိပြီး ဘုရင် လဲကျသွားတာ နဲ့ တပြိုင်နက်”
သည်စလုံးများကို ပြောသူသည် “ ရောဇ” မှ ဟုတ်ပါလေစ ဟု မယုံချင်သော်လည်း ရောဇ၏ အသံစစ်စစ် ။ငယ်သူငယ်ချင်း စကားဖော် စကားဖက် အဖြစ် နှစ်ပေါင်းများစွာ သံယောဇဉ် သွယ်ခဲ့ပြီး “ချစ်သူများ ” ဘ၀သို့ ရောက်ခဲ့သည့်သူ ။ ရော ဇ စကားပြော အသံမဆိုထားနှင့် သူ့ အသက်ရှူသံ ကိုပင်မှတ်မိနိုင်နေသည်။
ယခု သူမှသူ စစ်စစ်။ရောဇ။
တုန်လှုပ် အံ့ သြခြင်း ကို တယောက်တည်း ရင်ဆိုင်ခံစားရန် မစွမ်းတော့ သောကြောင့် အဆောင်ထဲသို့ ကဉ္စနာ ၀င်လိုက်လေသည်။
မီးတိုင်ဘေးတွင် ထိုင်နေသော ရောဇက တအံ့ တသြ လှမ်းကြည့် နေသည်။
“ ဟင် ကဉ္စနာ ၊အချိန်မတော် ”
မီးတိုင် အလင်း တွင် မြင် ရသော ချစ်သူ၏ မျက်နှာကို ထူးဆန်းစွာ စိုက်ကြည့် မိသည်။နှုတ်ခမ်းမွှေး စ, စနှင့် ရောဇ၏ မျက်လုံး တို့တွင်၊ငယ်ရုပ်သွင်သဏ္ဌာန် သို့ ပျောက်ဆုံး သွားကြပြီဟုထင်သည်။
“အမောင်”
သတိထားနေသည့်ကြားက တုန်ယင်စွာ ထွက်သွားသော ကိုယ့်အသံ ကိုယ်မကျေမနပ် ဖြစ်သွားသည်။
“ ဘာလဲ ကဉ္စနာ ဒီအချိန်ကြီး မှာ ဘာကိစ္စနဲ့”
အမှန်က သူအမဲလိုက်မထွက်ခင် စံအိမ်ကို ၀င်လာဖို့ပြောရန်။ သို့သော် လာရင်း အကြောင်းသည် အရေးမကြီးတော့။
“ အမောင် အဆိပ်ခတ်ပြီး ဘာလုပ်ကြမလဲဟင်”
ရောဇ ကိုယ်လုံးကြီး ဆက်ကနဲ ဖြစ်သွားသည်။ ထိုင်ခုံမှထကာ ကဉ္စနာ လက်မောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်သည်။
“မင်း......ဘယ်လိုလုပ် သိသွားသလဲ ကဉ္စနာ”
“ ဘယ်လိုလုပ်သိတယ်ဆိုတာ အရေးမကြီးဘူး အမောင်၊ ကဉ္စနာမေးတာကိုဖြေပါ၊ ဘုရင်မင်းမြတ်ကို အဆိပ်ခတ် ပြီး လုပ်ကြံကြမလို့ မဟုတ်လား”
ရောဇပြန်ထိုင်သည်။ မီးရောင်တွင် သူ့မျက်လုံးများ အရောင်ထွက်လျှက်။
“ ဒီလိုကိစ္စမျိုးမှာ မိန်းမသားတေါ သိသွားတာတော့ မကောင်းလှဘူးပေါ့၊ ဒါပေမယ့် မင်းသိသွားတာက တခြား မိန်းမသားတွေနဲ့ စာရင် တော်သေးတာပေါ့လေ ၊ဘာဖြစ်လို့လဲဆိုတော့ မင်းက အမတ်ကြီး သုသုနာဂ ရဲ့သမီးတော် ဖြစ်နေလို့ပဲ”
“ဘာလဲ အမောင် ဘာတွေပြောနေတာလဲ”
နှုတ်ခမ်းမွှေးကို လက်ခံဖြင့် ပွတ်ကာ ရောဇ တစ်ချက်ပြုံးသည်။ထို့နောက် ကဉ္စနာ ပခုံးကို ဖျစ်ညှစ်ကာ
“ ထိုင်စမ်း ကဉ္စနာ စိတ်အေးအေးထားပြီး နားထောင်စမ်း”
“အမောင်မေးတာကို ဖြေစမ်း ဟုတ်လား”
ညို့မှောင်သော သူ့မျက်ဝန်းကြီးများနှင့် ထူထဲတိကျသော မျက်ခုံးများကို ရင်ဆိုင်ရတိုင်း သူ့အမိန့်ကို အလိုလို နာခံမိလေသည်။
“ မင်း ဘယ်လိုလုပ်သိသလဲပြောစမ်း ကဉ္စနာ”
“ အခုပဲသိတာ။ ဟိုရဲမက်နဲ့ အမောင်တို့ ပြောနေကြတာကို အပြင်ကနေ ကြားလိုက်ရလို့ ကဉ္စနာ မ၀င်ရဲတာ”
“ အင်း တော်သေးတာပေါ့၊တယောက်ယောက်စီကများ ပေါက်ကြားသလားလို့၊ဥပမာ မင့် ခမည်းတော် အမတ်ကြီးဆီကမျိုး”
“ဘာလဲအမောင် ၊ခမည်းတော် အကြောင်း ဘာဖြစ်လို့ ပြောပြောနေလဲ”
“နားထောင်ကဉ္စနာ ၊မင်းကြားခဲ့တဲ့ အတိုင်း နာဂ ဒါသဘုရင်ကို တို့များ ဒီညပဲ လုပ်ကြံကြမလို့ပဲ ၊နေစမ်းဘာမှ ဖြတ်မမေးနဲ့ မပြောနဲ့၊ ဒီအချိန်မှာ အချီအချ စကားပြော မနေချင်ဘူး။ဟုတ်တယ်။ နာဂဒါသဘုရင်ကို လုပ်ကြံကြမယ်။ဒီလုပ်ကြံမှုဟာ ရောဇဆိုတဲ့ လူတယေက်တည်းရဲ့ အကြံမဟုတ်ဘူး ၊ရာဇဂြိုလ် တမြို့လုံးရဲ့ အကြံ ၊နားလည်လား”
စိတ်ဓါတ်တက်ကြွ လာဟန်ဖြင့် သူထလျှောက်သည်။ရင်ကိုဖွင့် ခြေထောက်ကို ကားလျက် လက်ပိုက်ကာ ရပ်လိုက်သည်။
“ဒီညကို ရာဇဂြိုလ် တမြို့လုံး စောင့်ခဲ့တာကြာပြီ။ နာဂဒါသ ဘုရင်ကို ဆက်ပြီး အသက်ရှင်ခွင့် မပေးနိုင်တော့ဘူး၊သူ့ အနွယ်အဆက်တွေကိုလဲ ရာဇဂြိုလ်မှာ မဇ္ဈိမမှာ ဆက်နေခွင့် မပေးနိုင်တော့ဘူး။ ဘာဖြစ်လို့လဲ၊သင်းတို့ဟာ အဖသတ်မျိုးတွေလေ”
သူတယောက်တည်း ပြောနေသကဲ့သို့ထင်ရသည်။
“ ဗိမ္ဗိသာရ မင်းကြီးကို သူ့သားအဇာတသတ်က သတ်ပြီး ထီးနန်းစံတယ်။အဇာတသတ်ကိုလဲ သူ့သားဥဒယဘဒ္ဒိက သတ်ပြန်တယ်။ဥဒယဘဒ္ဒိကို သူ့သား ပုဏ္ဏကသတ်။ပုဏ္ဏကို နာဂဒါသကသတ် ။ တဆက်ပြီး တဆက် အဖကိုသတ်ပြီး နန်းစံခဲ့ကြတဲ့ အဖသတ်မျိုး။ရာဖပလ္လင်ကို သွေးအထပ်ထပ်သုတ်လိမ်းတဲ့ ဒီမင်းမျိုးကို ရာဇဂြိုဟ်မှာ ဆက်ပြီးနေခွင့် မပေးနိုင်ဘူး အဲ့ဒါကြောင့် အဖသတ်မျိုးတုံးသွားအောင် နာဂဒါသ မင်းကို လူ့လောက ကနေရှင်းပစ်ရမယ်၊ပြီးတော့”
“ အမောင်......အမောင်....နာဂဒါသ မင်းက ဘယ်သူ့ခမည်းတော်လဲဆိုတာ ”
“ တိတ်စမ်းကဉ္စနာ၊ဇလမိက ရဲ့ဖခမည်းတော်ဖြစ်နေတာဟာ ဘာမှအရေးမပါဘူး၊ဒီနေရာမှာ သူငယ်ချင်းဟာ သူငယ်ချင်းပဲ ၊အဖသတ်မျိုးဟာ အဖသတ်မျိုးပဲ ဇလာမိကဟာ နာဂဒါသမင်းရဲ့ သားတော်ဖြစ်နေတာ တို့ကိစ္စ မဟုတ်ဘူး”
“ဒါဖြင့် .......သူ့ကိုကော၊ဇလာမိက ကိုကောဟင်”
“ မပူပါနဲ့ ကဉ္စနာ သူငယ်ချင်းမို့ ချမ်းသာပေးလိုက်တာ မဟုတ်ပါဘူး။ အလုပ်ကြံခံရမယ့်သူက နာဂဒါသမင်း တဦးတည်းပါ။ ဒါပေမယ့် အဖသတ်မျိုးရဲ့ အနွယ်ကိုလဲ ရာဇဂြိုဟ် မှာ မထားနိုင်ဘူး။ဘုရင်ကို သုတ်သင်ပြီးရင် သူတို့ကိုလဲနှင် ထုတ်ရမှာပဲ၊မဇ္ဈိမ ဒေသရဲ့ မြေပေါ်မှာ သင်းတို့ကို ခြေချခွင့် မဇ္ဈိမဒေသရဲ့လေကို သင်းတို့ ရှူရှိုက်ခွင့် မပေးနိုင်ဘူး”
“ဘုရား.......ဘုရား”
“ မကြောက်ပါနဲ့ ကဉ္စနာ၊ကျုပ်ကိုလဲ လူသတ်သမားလို့မထင်ပါနဲ့ ၊ဒါဟာ အဖသတ်မျိုးတွေကို လက်စတုံးသွား အောင် လုပ်ဖို့ ဆုံးဖြတ်ထားတဲ့ ရာဇဂြိုလ်တစ်မြို့လုံးရဲ့ ဆုံးဖြတ်ချက်ပါ၊ နေစမ်း မင့်ဝင်ဝင်မမေးနဲ့ ၊အရေးကြီး ဆုံးကိစ္စကိုမေးဖို့ မင်းသတိမရဘူး ၊အဖသတ်မျိုးကို အပြီးတိုင် သုတ်သင်ပြီးတဲ့နောက် ရာဇဂြိုဟ် ထီးနန်းမှာ ဘယ်သူဆက်ခံမလဲ ဆိုတာကိုတော့ မင်းမမေးဘူး အမှန်က မင်းအတွက် ဒီကဏ္ဍသာ အရေးကြီးဆုံး ”
“ ကဉ္စနာ .....ကဉ္စနာ....နားမလည်ဘူးအမောင်”
ရောဇပြုံးသည်၊ နှစ်နှစ်ခြိုက်ခြိုက် အပြုံး ဖြစ်သည်။
“ရာဇဂြိုဟ်ရဲ့ ရာဇပလ္လင် အသစ်ပေါ်မှာ ထိုင်စောင့်သူက တို့အားလုံးချစ်ခင် လေးစားတဲ့ပုဂ္ဂိုလ်လေ မင်းလေးဆက် အမှု့ထမ်းခဲ့တဲ့ လိစ္ဆ၀ီသား ပညာရှင်ကြီးလေ”
“ဟင်....အဖေ”
“ ဟုတ်တယ် မင့်ဖခမည်း သုသုနာဂ အမတ်ကြီးဟာ ရာဇဂြိုဟ်ရဲ့ ဘုရင်သစ်ဖြစ်လိမ့်မယ် မင်းဟာ မနက်ဖြန်ကစပြီး ဘုရင့်သမီးတော်ဖြစ်တော့မယ် ကဉ္စနာ”
“ အို.....ကဉ္စနာ ဒါတွေနားမလည်ဘူး၊ နားလဲမလည်ချင်ဘူး။ ဇာလာမိက သူ့ခမည်းတော် လုပ်ကြံခံရမှာကို မသိရှာဘူး၊ အို......မလုပ်ရဘူး၊အမောင်တို့ မလုပ်ရဘူး”
ရောဇ၀ုန်းကနဲ ခုန်ထသည်။ သစ်လုံးချွန် ထောင်ချောက်ကြီးတခု ထွက်ကျလာသည်နှယ်ဖြစ်သည်။
“ မင်းကို ဒီည လွတ်လပ် ခွင့် ပေးထားလို့မဖြစ်တော့ဘူး၊ စံအိမ်တော်မှာ မင်းအခန်းထဲက အပြင်ထွက်လို့မရအောင် ကျုပ်စီမံရလိမ့်မယ်။ ရဲမက် တယောက် လာစမ်းဟေ့ ။ဒီမယ် ကဉ္စနာ ချစ်သူတွေ သူငယ်ချင်းတွေ ဆိုတာဟာ ခုလို ဒီအချိန်မှာ ထီးရေးနန်းရာ အပြောင်းအလဲကို ကိုင်တွယ်နေတဲ့ တပ်မှူး ရောဇ အတွက် ဘာမှ အရေးမကြီးဘူး နားလည်လား ၊ ရဲမက်တယောက် လာစမ်းဟေ့”
၃။
လပေါင်းများစွာ ပြင်ဆင်ထားသည့် အစီအမံ၏ တိကျသေချာမှု့ကြောင့် လုပ်ကြံမှူသည် သပ်ရပ်စွာ အထမြောက်သွားလေသည်။
မလ္လတိုင်း တောတွင်းသားများ၏ ပြင်းထန်သော အဆိပ်လူးနယ်ထားသည့် ထမင်းလုတ် သုံးလုတ်ကို စား အပြီးတွင် နာဂဒါသ ဘုရင်သည် ပွဲတော် အုပ်ပေါ်သို့ မှောက်ရက်လဲကျသွားသည်။ စိုးစဉ်းမျှပင် မလူးလွန့် မလှုပ်ရှားနိုင်ခဲ့၊ နာဂဒါသ ဘုရင်အသက်ကုန်သွားသည့် အချိန်မှာပင် ရာဇဂြိုဟ် နန်းတော် အတွင်းရှိ နေရာ အသီးသီး၌ လည်း ကလဲ့စားခြေသူများက အမိအရ အုပ်စီးလိုက်နိုင်သည်။
“အဖသတ်မျိုးကို လက်စတုံးသော အားဖြင့် နာဂဒါသဘုရင်ကို လုပ်ကြံလိုက်ပြီ” ဟု လည်း ချက်ခြင်းပင်ရာဇဂြိုဟ် တစ်မြို့လုံးသို့ ထုတ်ပြန်ကြေငြာလိုက်သည်။ ကြိုတင်စီစဉ် ထားသည့် အတိုင်း ရာဇဂြိုဟ် တစ်မြို့လုံး တစ်ပြိုင်တည်း မီးတိုင်များထွန်းညှိလိုက်ကြသည်။ နန်းတော် တစ်ခုလုံးတွင်လဲ ဆီမီးတိုင်များ ဖယောင်းတိုင်များ အလင်းဖြင့် ၀င်းထိန်သွားသည်။ ရာဇဘိသေက အခမ်းအနားကိုလည်း ချက်ချင်းပင် စတင်လိုက်ကြသည်။ အဆိပ်သင့် ကာတစ်ကိုယ်လုံးမည်းနက်သွားသော နာဂဒါသဘုရင်၏ အလောင်းကို ဖျောက်ဖျက်နေချိန်မှာပင် ရာဇပလ္လင်ပေါ်သို့ ရာဇဂြိုဟ်၏ ဘုရင်သစ်ရောက်ရှိလာသည်။
ဘုရင်သစ် ကား ကဉ္စနာ၏ ဖခမည်း မင်းလေးဆက်အမှု့ထမ်းခဲ့သော လိစ္ဆ၀ီ သားသူရဲကောင်း အမတ်ကြီး သုသုနာဂ ၊
ရောဇသည် အဖသတ်မျိုး ကလဲ့စားခြေရေး အစီအမံ၏ အဓိက အကြီးအကဲအဖြစ် ဘုရင်သစ် သုသုနာဂဘေးတွင် ရပ်လျှက်ရှိသည်။ ရောဇ ရာဇဂြိုဟ်တပ်မ၏ သေနာပတိ ဖြစ်ခဲ့ပေပြီ၊ ရောဇ၏ လက်ဝဲဘက်တွင် တုန်လှုပ်ခြောက်ခြားလျှက်ရှိသော ကဉ္စနာ ဘုရင့်သမီးတော် ဖြစ်လာသော ကဉ္စနာသည် ဘိသေက သဘင်အပြီးတွင် သေနာပတိ ကတော် အဖြစ် ခံယူရအုန်းမည်ဖြစ်သည်။
နန်းတော်ထဲတွင် ကောင်းချီးသြဘာသံများဖြင့် ဆူညံလှုပ်ရှားလျှက် ရှိသည်။ တိုက်ခိုက်စရာ ရန်သူမရှိပါပဲ လူတိုင်း လက်နက် ကိုင်ဆောင် ထားကြကာ လက်နက်များကို မြှောက်ချီ ဝှေ့ရမ်းနေကြသည်။
“သုသုနာဂ အရှင်ကြီး သက်တော်ရာကျော် ရှည်ပါစေ”
“ အဖေသတ် မျိုးအနွယ် အဆက်တွေကို နှင်ထုတ် ပစ်ကြ”
“ အဇာတသတ် အနွယ်တွေကို ရာဇဂြိုဟ်က နှင်ထုတ်ပစ်ကြ”
“ သွေးစွန်းနေတဲ့ အဖသတ်မျိုးတွေ ရာဇဂြိုဟ်က ထွက်သွား”
“ သုသုနာဂ မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ”
နန်းတော်ခန်းမ အပြင်ဘက်စီမှ တံပိုးသံများ တခဲနက် ပေါ်ထွက်လာသည်။ ကြွေးကြော်နေကြသံများ တပြိုင်တည်း ရပ်သွားသည် ။ အားလုံး အကြည့်သည် ခန်းမတံခါး ဆီသို့ရောက်သွားသည်။
ခန်းမထဲသို့ ဦးစွာ ၀င်လာခဲ့သူများမှာ သုသုနာဂမင်းကြီး၏ ကြက်သွေးရောင် ရာဇအလံကို ကိုင်ဆောင်လာသည့် ရဲမက်များ ဖြစ်သည်။ရဲမက်များ၏ နောက်တွင် မြို့စောင့် တပ်ဖွဲ့ တစ်ဖွဲ့ လက်နက် အပြည့်အစုံနှင့် လိုက်ပါလာသည်။ မြို့စောင့်တပ်ဖွဲ့နောက်တွင် ကား အလုပ်ကြံခံ နာဂဒါသဘုရင်၏ ဆွေတော်မျိုးတော် အများစု
သုံးယောက်စီတွဲ၍ နှောင်ကြိုးတည်းထားသော အကျဉ်းသားများကို တွေ့လိုက်ရသည်တွင် ကဉ္စနာ သည် မျက်လုံးအစုံကို တင်းကြပ်စွာ ပိတ်လိုက်မိလေသည်။ ရှေ့ဆုံးသုံးယောက်တွဲတွင် အလည်မှ ပါလာသော ဇလာမိက ကို ကဉ္စနာ မကြည့်ရက် ။ ဇလာမိက က ဘာကိုမျှ မမြင်နိုင်တော့သလို ရှေ့တူရူသို့ အကြည့်သေဖြင့် ကြည့်လျှက် လိုက်ပါလာသည်။ သံကြိုးသံ တချွန်ချွန်သည် နန်းတော် ခန်းမထဲတွင် လေးလံစွာ မြည်ဟီးနေတော့သည်။
ဘိသေက ပလ္လင်ရှေ့တွင် အကျဉ်းသားများ ဒူးထောက်လိုက်ကြရသည်။ ဇလာမိကမှ တပါး ကျန်အကျဉ်းသားအားလုံး ခေါင်းငုံ့ထားကြသည်။ နာဂဒါသဘုရင်၏ သားတော်ကြီးဖြစ်သော ဇလာမိကသည် ရာဇပလ္လင်ပေါ်မှ သုသုနာဂဘုရင်ဘေးမှ ရောဇနှင့် ကဉ္စနာသို့သာ စူးစူးရဲရဲ ကြည့်နေသည်။သို့သော် ကဉ္စနာ ခေါင်းရမ်းပြနေသည်ကို ဇလာမိက မြင်ဟန်မတူချေ ။
သုသုနာဂ ဘုရင်က ခေါင်းညိတ်ပြလိုက်သည်
သံတော်ဆင့်၏ အသံဝါကြီး ပေါ်လာသည်။
“ သနာ့ဒါယက ဗိမ္ဗိသာရ မင်းကြီးကို ရက်စက်စွာ လုပ်ကြံ၍ မာဂဓထီးနန်းကို သိမ်းပိုက်ခဲ့သော အဇာတသတ် ဘုရင် လက်ထက်မှ စပြီး နန်းစံလေးဆယ်ရှစ်နှစ်တို့ ကာလပတ်လုံးတစ်ဆက်ပြီးတစ်ဆက် အဖကို သားသတ်၍ ထီးနန်းစိုးစံခဲ့ကြသည်. အဖသတ်မျိုးသည် နာဂဒါသ ဘုရင်၌ လုံးဝဥဿုံ ဆိတ်သုဉ်းပြတ်တောက်သွားပြီ......
“မြင့်မြတ်သော ရာဇဂြိုဟ် ထီးနန်းတော်ကို ယခုအခါ လိစ္ဆ၀ီသူရဲကောင်း သုသုနာဂ မင်းကြီးသိမ်းပိုက်ခဲ့ပြီ ”
“ သုသုနာဂမင်းကြီး၏ မြင့်မြတ်သော အမိန့်တော် နှင့် ရာဇဂြိုဟ် ပြည်သူတို့၏ တခဲနက်သော အလို ဆန္ဒအရ အဖသတ်မျိုး၏ နောက်ဆုံးအဆက်အနွယ် ယခုရှေ့မောက်ရှိ အကျဉ်းသားများအားလုံး ယခုည သန်းခေါင် မတိုင်မီ ရာဇဂြိုလ်မှ ထွက်ခွါ သွားကြရမည် ။ အဖသတ်မျိုးတို့၏ နောက်ဆုံးအဆက်အနွယ် အကျဉ်းသားတို့သည် မာဂဓ မြေကို ခြေမတင်ရ မာဂဓရေကို မသောက်သုံးရ ၊ မာဂဓလေကို မရှူရှိုက်ရ ၊ သုသုနာဂမင်းကြီး ၏ အမိန့်တော်”
သံတော်ဆင့်၏ ပြန်တမ်းအဆုံးတွင် လှုပ်ရှားမှူ့နှစ်ခု ပြိုင်တူလိုဖြစ်ပေါ်သွားသည်။တစ်ခုမှာ ရှေ့ဆုံးသုံးယောက်တွဲ အလည်ရှိ ဇလာမိက ထံမှ ဖြစ်သည်။ ဒူးထောက်ရာမှ အားပြု၍ မတ်တပ်ရပ်လိုက်သော်လည်း လေးလံသော သံကြိုးများကြောင့် ဇလမိက မတ်တပ်မရပ်နိုင်။ သံကြိုးသံ တချွင်ချွင်သာ မြည်သွားသည်။ လှုပ်ရှားမှု နောက်တစ်ခုမှာ သုသုနာဂ ဘုရင်ဘေးတွင်ရပ်နေသော သေနာပတိ ရောဇ ထံမှ ဖြစ်သည်။ ရောဇသည် ရာဇ ပလ္လင်ဘေး စင်မြင့်ထက်မှ ခုန်ဆင်းကာ ဇလာမိက ရှေ့သို့ လျှေက်သွားသည်။
သူငယ်ချင်း နှစ်ယောက်၏ မမှိတ်မသုန် အကြည့်ချင်း ဆုံကြသည်။
ဇလမိက၏ မျက်နှာမှာ အနက်အဓိပ္ပါယ် ဖေါ်မရနိုင်သည့် လျှို့ဝှက်တိတ်ဆိတ်သော မျက်နှာ ဖြစ်သည်။
ရောဇက နှုတ်ခမ်းထောင့်စွန်း နှစ်ဘက်အပေါ်သို့ မြင့်တက်ရု့သာ ပြုံးလိုက်ပြီး ………
“ထီးရေးနန်းရေး ကလဲ့စားချေရေးမှာ သူငယ်ချင်း ရောင်းရင်းဆိုတာ မရှိဘူး ဇလာမိက။ ဒါဟာ ဟိုးလွန်ခဲ့တဲ့ ကိုးနှစ် ဆယ်နှစ်တုန်းက ဥယျာဉ်တော်ထဲမှာ ကလေးငယ်သုံးဦး ဆော့ကစားနေတာ မဟုတ်ဘူး။ ပြီးတော့ မင့် သိထားဖို့ နှစ်ချက်ရှိတယ်။ တစ်ချက်က မင်းတို့ရဲ့ မျိုးနွယ်ဆက်ဟာ အဖတွေကို သတ်ပြီး ထီးနန်းဆက်ခံခဲ့တဲ့ အဖသတ်မျိုးဖြစ်တဲ့ အတွက် ဒီသွေးကျိန်စာကြီးကို မင်းပြန်ပေးဆပ်ရတယ်လို့ နှလုံးသွင်းတတ်ရမယ်။ နောက်တစ်ချက်က ရောဇဆိုတဲ့ ငါဟာ လိစ္ဆ၀ိသွေး စစ်စစ်ဖြစ်တယ်ဆိုတာပဲ။ မဂဓနဲ့ ဝေသာလီ အရှင်ကြားမှာ သူငယ်ချင်းဆိုတာ မရှိဘူး။ ငယ်စဉ်က သူငယ်ချင်း ဖြစ်ကြတာဟာ မင့်အတွက်ရော ငါ့အတွက်ပါ ကံကြမ္မာ လှည့်စားမှုပဲ ဖြစ်တယ်။ ဒီမယ် ဇလာမိက”
ဇလာမိက၏ ရင်ဘတ်ပေါ်တွင် သိုင်းချည်ထားသော သံကြိုးကွင်းကို ရောဇ ဆွဲယူပင့်ချီလိုက်သည်။ ဇလာမိကက ယိမ်းယိုင်စွာ မတ်တပ်ရပ်လျှက်သား ပါလာသည်။
“ဒီမယ် နာဂဒါသ ဘုရင့်သား ငါတစ်ယောက်တည်း သဘော အတိုင်းသာဆိုရင် သကျသာကီဝင်ဆိုတဲ့ မင့်တို့အားလုံးကို တစ်ယောက်မှ အရှင်မထားဘူး နားလည်လား။ သဘောထားကြီးတဲ့ သုသုနာဂ မင်းကြီးနဲ့ ရာဇဂြိုဟ် တစ်မြို့လုံးရဲ့ ဆုံးဖြတ်ချက်ကြောင့် မင့်တို့ကို အသက်ရှင်လျှက်နဲ့ နှင်ထုတ်လိုက်တာပဲ၊ နားလည်လား”
သံကြိုးကွင်းကို ရောဇ လွှတ်ပေးလိုက်သည်။ ဇလာမိက လဲပြိုမတတ်ဖြစ်သွားပြီးမှ မတ်မတ်ပြန်ရပ်သည်။
“မင့် ဘာပြောချင်သေးလဲ အဖသတ်မျိုး”
ဇလာမိကသည် ရောဇထံမှ အကြည့်ကို ရုပ်သိမ်းကာ နန်းတော်ခန်းမ မျက်နှာကြက်ဆီသို့ ဝေ့ကြည့်လိုက်သည်။ မမြင်တတ်သော ကြည့်ခြင်းမျိုး ဖြစ်လေသည်။ ဇလာမိက၏ တင်းတင်းစေ့သော နှုတ်ခမ်းအထက် ပါးပြင်မှ မျက်ရစ်မှ အသားများ ဆတ်ဆတ်တုန်နေသည်။
“အသက်ရှင်လျှက် ထွက်ခွာခွင့်ရတာကို မင့် ကျေးဇူးတင်လိုက်ပါ”
နန်းတော်ခန်းမဆောင် တစ်ခုလုံး တိတ်ဆိတ်သွားပြန်သည်။ ရောဇ ရာဇပလ္လင်ဘေးသို့ ပြန်လျှောက်သွားသည်။ စောစောက နေရာတွင် ကဉ္စနာ မရှိတော့ချေ။
“ကဉ္စနာ ဘယ်ရောက်သွားလည်း”
တပ်မှုးတစ်ယောက်က ဦးညွှတ်လျှက် ဖြေသည်။
“ထိပ်ထား ကျန်းခန့် မသာတဲ့ အတွက် အဆောင်တော်ကို ပြန်သွားပါတယ် သေနာပတိ”
အကျဉ်းသားတွေကို ပြန်ပို့လိုက်၊ သန်းခေါင်မတိုင်မီ မြို့တွင်းက ထွက်ခွာသွားဖို့ အားလုံးစီစဉ်ပေးလိုက်ကြ။ အလုပ်အရှား အခုအခံ တစ်ခုခု ရှိတယ်လို့ မသင်္ကာယင် နေရာမှာပဲ အဆုံးစီရင်လိုက်။ သေနာ ပတိ ရောဇရဲ့ နောက်ဆုံးအမိန့်လို့ ထုတ်ပြန်လိုက်ကြ”
တံပိုးသံများ၊ သံကြိုးသံများ ကောင်းချီးပေးသံများ “ အဖသတ်မျိုးတွေ ထွက်သွား” ဟူသော အသံများဖြင့် နန်းတော် ခန်းမဆောင် တစ်ုလုံး ဆူညံလှုပ်ရှားသွား ပြန်သည်။

၎။
“နန်းကရည်” ချောင်းသည် “သီရိပဗ္ဗတ” တောင်ပေါ်မှစီးဆင်းလာကာ မြေညီအရပ် ရောက်သည်တွင် တောင်ဘက်သို့ လက်ယာရစ် လှည့်သွားသည်။ “နန်းကရည်” ချောင်း အရှေ့ဘက်တွင် လှပစွာ ပြေလျောနေသော တောင်ကမူလေးတခုရှိသည်။ တောင်မူအလယ်တည့်တည့်တွင် အင်ကြင်းပင်ကြီး တပင်ပေါက်နေသည်။
လူသူမနိုး တောကြီးခေါင်ခေါင်တွင် အစွမ်းရှိတိုင်းကြီးကြီးထွားခွင့်ရနေသော အင်ကြင်းပင်ကြီးသည် လုံးပတ်သံတောင်ဆယ့်ငါးတောင်မျှ ရှိပေမည်။ ထို့ထက်မူ အင်ကြင်းပင်ကြီးကို လက်ယာရစ်ပတ်ကာ တက်နေသော “သာမာဝတီနွယ်ပင်” ကြီးသည် ပင်စည်ထက် နဂါးကြီးတကောင် ရစ်ခွေနေပုံနှင့် တူနေသည်။
ဇလာမိကသည် ၀န်းကျင်လေးမျက်နှာဆီသို့ မျှော်ကြည့်လိုက်သည်။ ကောင်းကင်တိမ်ဆုပ်များကို ထိနမ်းနေသည့်မြင့်မားလှသော တောင်ထွက်ကြီးများသည် အဆင့်ဆင့် အထပ်ထပ်။
တောင်တန်းတို့အလယ်ရှိ ပြန့်ပြူးကျယ်ပြောသောလွင်ပြင်၊ တေးဆိုနေသော နန်းကရည်ချောင်းကြီး၊ နွယ်ပင်တို့ရစ်ပတ်လျက်ရှိသော အင်းကြင်းပင် ကြီးများ။
ရာဇဂြိုလ်မှ ထွက်ခွာခဲ့သည်မှာ သုံးလ လေးလမျှ ရှိပေပြီ။ သစ္စာ ရှိသောကျေးကျွန်များ၊ မှူးမတ် ဗိုလ်ပါများနှင့်တကွ ဆင်မြင်း ရထား အမှူထမ်းတို့လည်း ကြမ်းတမ်းသော ခရီးပြင်းကြောင့် အားအင်ကုန်ခန်းခဲ့ကြပြီ။ အကြမ်းတမ်းခံနိုင်ဆုံးဆိုသော မဟာဓနုလေးကြီးကိုင်သင်တိုင်းနီဝတ် သူရဲကြီးများပင်လျှင် အလဲလဲ အပြိုပြို ရှိနေကြပြီ။
အရွယ် ငယ်လွန်းလှသေးသော ညီတော်နှစ်ပါးဖြစ်သည့် ဥသိကရာဇာနှင့်၊ ကိစ္စနရာဇာတို့သည် ဝေါယာဉ်ပေါ်တွင် လိုက်ပါယင်းဖြင့်ပင် ပြင်းစွာဖျားနာနေကြသည်။
ဇလာမိက ဆုံးဖြတ်လိုက်သည်။
ကိုယ်တိုင်ကိုင်ဆောင်လာသောခရမ်းရောင်တံခွန်၏ အောက်အသွားဘက်ကိုမြေထဲသို့ ထိုးစိုက်ချလိုက်သည်။ ခရီးပြင်း တလျှောက်လုံး မြင်းချင်းယှဉ် ခွာခြေထပ် လိုက်ပါလာသည့်တပ်မင်း ကိုလှမ်းကြည့်သည်၊ တခုခုပြောရန်ဟန်ပြင်နေစဉ်မှာပင် ဇလာမိကသည် ခိုင်ခံ့စွာပြုံးလိုက်ကာ…
“ဒီလွင်ပြင်မှာ အခြေစိုက်ကြစို့။ အမိန့်တော်ထုတ်ပြန်လိုက်။ ယောဇနတိုင်း၊ အရိမညမြို့လို့ ကျွန်ုပ် အမည်ပေးလိုက်တယ်”

သေနာပတိရောဇသည် သားရေချုပ်ကို တတိယအကြိမ် ပြန်ဖတ်နေသည်။ သားရေချပ်အနားကို ဆုပ်ကိုင်ထားသောလက်ဖမိုးသည် လေးလံသော လက်နက်ကြီးတစ်ခုကို ကိုင်စွဲထားရသလို အကြောမြွာများ ခုံးခုံးထနေလေသည်။
“…မြေပုံနှင့်တကွ ရေးဆွဲဆက်သပါသည်။ မြောက်အရပ် သောင်သွပ်အပြင်မှာစ သလ္လာဝတီ၊ မြစ်ဆုံဧရာဝတီ၏ အနောက်ဘက်။ တောင်အရပ် နမန္တတောင်ထိပ်။ အနောက်တောင်ထောင့်အရပ် ၊ ဖိုးခေါင်းတောင်။ အနောက်အရပ် ၊ ရိုးမတောင်အလွှဲ၊ ယမုန္နမြစ်နဖူး။ အနောက်မြောက်ထောင့်အရပ် ကသည်းပြည်၊ အက္က ဘတ်ပြည်၊ မိုင်းလွန်နှင့် ကျောကိုင်း။ ။ သို့လျှင် နယ်နိမိတ် ရှိပါသည်။
ကဒူး၊ ကစက်၊ သက်၊ ကွမ်းရည်၊ အင်ကြယ်မျိုးနွယ်တို့ဖြင့် ယာကွက်ယာခင်း သင့်တင့်စွာ ရောယှက်နေထိုင်ပါသည်။
ညီတော်လတ် ဥသိက ရာဇာကား မဟာဝုန်မြို့ အသီးသီး အုပ်ချုပ်စိုးစံကြပါသည်။
ဇလာမိကရာဇာကား ယောဇနတိုင်း၊ အရိမညမြို့တော်အဖြစ်၊ တည်ထားသမုတ်လျက် ထီးနန်း အုပ်ချုပ်မင်းလုပ်…”
ရောဇလက်တွင်းမှ သားရေချပ်သည် အခန်းထောင့်သို့ လွင့်စင်သွားသည်။ လက်ထဲတွင် သားရေချပ်မရှိတော့သော်လည်း ရောဇ၏လက်သီးဆုပ်ကား မပြေသေး။ ပို၍ပင် တင်းကျပ် ကြီးမားနေသည်။
“ဒါကြောင့် ငါအစောကြီးကတည်းက ပြောခဲ့တယ်။ ရန်စွယ်ရန်ငုတ်ဆိုတာ မီးအကြွင်းအကျန်နဲ့ အတူတူဘဲ။ ပြာတမှုန် မီးတစလောက်တောင် မထားသင့်ဘူး။ နာဂဒါသကို အဆိပ်ခတ်တဲ့အချိန်မှာဘဲ အားလုံးကိုသုတ်သင်ပစ်ဖို့ ငါပြောခဲ့စဉ်က လက်မခံကြဘူး။ ၀ဇ္ဇိဂဏဆုံးဖြတ်ချက်ကြောင့် ငါ့အကြံအစည်ကိုပြန်ရုပ်သိမ်းလိုက်ရတယ်။ အခု သင်းတို့ကတိုင်းပြည်မြို့ရွာ ထူထောင်မိနေကြပြီ။
သင်းတို့ ကြီးထွားလာနေကြပြီ။ ကြည့်စမ်း။ သတိဆိုတာ ပိုတယ်မရှိကောင်းဘူးဆိုပြီး သင်းတို့ရာဇဂြိုလ်က ထွက်အသွားမှာ ငါ့လူယုံတွေကို ထည့်ပေးလိုက်လို့သာ ခုလို အခြေအနေမှန်ကို သိရတာ”
ရောဇသည် တနေ့ထက် တနေ့ပို၍သာ ခက်ထန်လာသည်ဟု၊ ကဉ္စနာတွေးမိနေသည်။ ရာဇဂြိုဟ်၏ သေနာပတိ ဟူသောအဖြစ်တွင် ရောဇ လိုသည်ထက်ပို၍ မောက်မာ ၀င့်ကြွားသည်ဟု လည်းထင်သည်။ စင်စစ်၊ သုသုနာဂဘုရင်၏သမီးတော်နှင့် လက်ဆက်ထားသောသူသည် အိမ်ရှေ့ဥပရာဇာအရာနှင့်သာ လိုက်ဖက်သော်လည်း ရောဇက မြို့ရွာနယ်ပယ် အုပ်ချုပ်ရေး အကျွမ်းမ၀င်၊ နှလုံးမတွေ့ဟုဆိုကာ ဥပရာဇာ အဖြစ်ကို ငြင်းပယ်ခဲ့ပြီး သေနာပတိအဖြစ်ကိုသာ ရယူခဲ့လေသည်။
“အဖသတ် မျိုးတွေဟာ၊ မဇ္ဈိမ ကနေထွက်သွားကြရပြီးတဲ့နောက်မှာ တဖြည်းဖြည်းနဲ့ အမျိုးပြုတ်ဇာတ် သိမ်းသွားလိမ့်မယ်လို့ အားလုံးက ထင်နေကြတယ်။ ငါကတော့ ဒီလိုမထင်ဘူး။ သင်းတို့ မြို့ရွာအသစ် တည်ချင်တည်လိမ့်မယ်လို့ တွေးခဲ့တယ်၊ အခု ငါတွေးတာထက်တောင် သင်းတို့ကပိုပြီး အရာရောက်နေကြပြီ၊ ကြည့်စမ်း ယောဇနတိုင်း အရိမညမြို့တော်တဲ့၊ မဟာဝုန်မြို့တဲ့၊ မိုးညှင်းမြို့တဲ့၊ တထီးတနန်း ဖြစ်နေလိုက်ကြတာ”
ဇလာမိက အပေါ်မှာ ဘာကြောင့်သည်မျှ အငြိုးအတေး ကြီးမားပြင်းထန် နေသည်ကိုတော့ ကဉ္စနာ နားမလည်နိုင်။ နာဂဒါသဘုရင်ကိုလည်း ရှင်းလင်းဖယ်ရှားပစ်ခဲ့ပြီ။ အဖသတ်မျိုး အဆက်အနွယ်များလည်း ရာဇဂြိုလ်သည် လိစ္ဆပီသားတို့လက်တွင်းပြန်လည် ရောက်ရှိခဲ့ပြီ။ ဇလာမိက တို့ညီနောင်သုံးဦးနှင့် သူတို့ နောက်လိုက်နောက်ပါများသည်လည်း ယခုအခါ ရာဇဂြိုလ်နှင့် ဝေးလံလှစွာသော ဒေသ တသီးတခြား ရှိနေကြပြီ။ သို့ပါလျက် ရောဇသည် ဇလာမိကနှင့် ပတ်သက်လာလျှင် ယခုတိုင် ပူလောင်ပြင်းထန်ဆဲ။
“ကဉ္စနာ”
ခက်ထန်သော ခေါ်သံကြောင့် ကဉ္စနာ၏ အတွေးသည် ဖရိုဖရဲ ပျက်စီးသွားလေသည်။
“ကဉ္စနာ ပြောစမ်း၊ မင်းဘယ်လိုထင်သလဲ၊ သင်းတို့အခုလို မြို့နန်းအသစ် တည်နေကြတာကို မင်းဘယ်လိုထင်သလဲ”
“ကဉ္စနာ ဘယ်လိုမှမထင်တတ်ပါဘူးအမောင်၊ ကဉ္စနာဟာ ဘုရင့်သမီးတော်၊ သေနာပတိကတော်သာ ဖြစ်နေပေမယ့် ထီးရေး နန်းရေးတွေကို ဘာမျှမသိပါဘူး၊ ကဉ္စနာဟာ ဒီကမ္ဘာလောကထဲမှာရှိတဲ့ မိန်းမသားတွေထဲက မိန်းမသားတယောက်ပါ”
“ဘယ်ဟုတ်မလဲ၊ မင်းဟာ သေနာပတိရောဇ ရဲ့ဇနီးမယားပဲ၊ မင်းသိနိုင်ရမှာပေါ့”
“ကဉ္စနာ ဘာကိုမျှ မသိနိုင်ပါဘူး အမောင်”
ရောဇ ထိုင်ခုံတခုကို ကြမ်းတမ်းစွာဆွဲယူလိုက်ကာ လေးလံစွာ ထိုင်ချလိုက်သည်။
“အလကားပဲ၊ မင်းလဲ အလကားပဲ၊ လိစ္ဆပီတွေဟာ ဟိုတုန်းကလို မဟုတ်ကြတော့ဘူး၊ ဝေသာလီဂဏ အုပ်ချုပ်ရေးနဲ့ နေခဲ့ကြတဲ့ လိစ္ဆတွေ မဟုတ်တော့ဘူး။ လိစ္ဆပီဆိုတဲ့ နာမည်ပဲရှိတော့တယ်။ ထက်မြက်တဲ့ဥာဏ်၊ ရဲဝံ့တဲ့အတွေး၊ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေမရှိကြတော့ဘူး၊ မင်းလဲ သွေးဖြူဆုတ်ယုတ်သွားတဲ့ လိစ္ဆ၀ီတယောက်ပဲ… ထွီ…”
ရောဇ ထိုင်ခုံမှ ပြန်ထပြန်သည်။ တွန်းတိုက်ဝှေ့ယမ်း၍ ရပ်လိုက်သည်ဖြစ်သောကြောင့် ထိုင်ခုံလဲကျ သွားလေသည်။
“ဒီမှာ နားထောင်စမ်း ဟေ့၊ ရာဇဂြိုလ်မှာရှိနေကြတဲ့ သူတွေအားလုံး ဘယ်လောက်ပဲပေါ့ပေါ့ဆဆ မေ့မေ့လျော့လျော့ နေကြပေမယ့် ငါကတော့မမေ့နိုင်ဘူး သိလား”
သူ့မျက်လုံးများ နီရဲနေပုံမှာ အခိုးအလျှံများပင် လွှင့်ထုတ်တော့မတတ်။
“အဇာတသတ်ကို ငါမမေ့ဘူး၊ ၀ဿကာရ ကို ငါမမေ့ဘူး၊ စစ်မှန်တဲ့ဂဏ အုပ်ချုပ်ရေးနဲ့၊ သန္တာဂါရအဖွဲ့အစည်း ပျက်စီးခဲ့ရတာကို ငါမမေ့ဘူးနားလည်လား”
ရောဇ ရူးသွပ် နေပြီလားဟု ကဉ္စနာတွေးမိပြန်သည်။
“၀ဿကာရဗြဟ္မဏကို အဇာတသတ်ဘုရင်က သူလျှိုစေလွှတ်ပြီး ငါတို့ ဘိုးဘေးတွေရဲ့ ဝေသာလီကို ဖျက်ဆီးပစ်ခဲ့တာလေ၊ လီစ္ဆ၀ီသားတွေကို အစိတ်စိတ် အမြွာမြွာခွဲပစ်ခဲ့တာလေ”
“အို…အမောင်၊ အဲ့ဒါဟာ ကြာခဲ့လှပါပကော၊ နှစ်ပေါင်းရှစ်ဆယ်ကျော်ခဲ့ပြီ မဟုတ်လား”
“ငါ့ရင်ထဲမှာ မနေ့ကလို့ပဲထင်နေတယ်”
“ဒါပေမယ့် အဇာတသတ်မင်း ကိုကော၊ ၀ဿကာရဗြဟ္မ ကိုကော ကဉ္စနာတို့ မီလိုက် ကြတာမှမဟုတ်ဘဲ အမောင်၊ ဒါဟာ ဟိုးရှေးတုန်းက ဖြစ်ခဲ့တာပဲ၊ အခုလဲ နာဂဒါသဘုရင်ကိုဖယ်ရှားပြီးပြီမဟုတ်လား၊ ဇလာမိက တို့လဲမရှိတော့ဘူး မဟုတ်လား”
ရောဇ ရယ်သည်။ သို့သော် ရယ်သံမှာ မီးပုံတခုမှ မီးလျှံများ တဟဲဟဲ အော်မြည်သံမျိုးနှင့် တူသည်ဟု ကဉ္စနာထင်သည်။
“ကဉ္စနာ၊ မင်းဟာ သေနာပတိကတော် တယောက် ဖြစ်မလာသင့်ဘူး။ ကချေသည် တယောက်ပဲ ဖြစ်သင့်တယ်။ ထီးရေး နန်းရေး မျိုးနွယ်ရေးတွေကိုမင်း ဘာမျှ နားမလည်တတ်ဘူးဆိုတာ ငါယုံသွားပြီ။ ဒါပေမယ့် ငါ့ကိုယ်ထဲက လိစ္ဆ၀ီ သွေးတွေကကတော့ နီရဲနေဆဲပဲ မင်းတို့အားလုံးဘာမျှနားမလည်ပေမယ့် ငါနားလည်တယ်၊ ငါခံစားတတ်တယ်၊ အဇာတသတ်မျိုးနွယ်တွေ ဒီကမ္ဘာလောကရဲ့ တနေရာရာမှာ ရှိနေတာကိုပဲ ငါလက်မခံနိုင်ဘူး၊ သင်းတို့ဒီလောကမှာ ရှိကိုမရှိဘူး”
တစ်စုံတစ်ခုကို ကြိတ်ချေသလို လက်ဝါးနှစ်ဘက်ကို ဆုပ်ချည်ဖြန့်ချည် ပြု့သည်။
“ အင်မတန် ကြီးကျယ် စည်းလုံးတဲ့ ဂဏ အုပ်ချုပ်ရေးနဲ့ သန္တာဂါရ ကိုတောင်မှ ၀ဿကာရလို သူလျှိုမျိုးလွှတ်ပြီး ဖျက်စီးပစ်ခဲ့တဲ့ အဇာတသတ် မျိုးနွယ်တွေဟာ ခုလို ဘုရင်ကို သုတ်သင်၊ ကျန်တဲ့ သူတွေကို နှင်ထုတ်ခံထားရတဲ့ အခြေမျိုးမှာ တနည်းနည်းနဲ့ ပြန်ပြီး အန္တရာယ် ပေးဦးမှာပဲ။သင်းတို့ အခု တထီးတန်းမြို့တည်ကြပြီ၊သင်းတို့ ရာဇဂြိုဟ်ပြည်ကို ပြန်လာမှာပဲ၊သည်တော့”
တက်ကြွမှု အားကြီးစွာဖြင့် ရောဇ မျက်လုံးများ အရောင်တောက်နေကြသည်။
“သင်းတို့ရဲ့ သွေးကြွေးကို ပြန်ဆပ်ခိုင်းရမယ်၊ ဝေသာလီကို သင်းတို့ ဘိုးဘေးတွေ ဖျက်ဆီးခဲ့သလို၊ သင်းတို့ရဲ့ အခု မြို့သစ်ပြည်သစ်ကိုလဲ ပြန်ဖျက်စီးမယ်၊ ၀ဿကာရ ဗြဟ္မာဏ ကို သူလျှိုလွှတ်သလို သင်းတို့အထဲကိုလည်း သူလျှိုလွှတ်ရမယ်၊ ဥပါယ်တံမျဉ် သုံးရမယ်၊ သင်းတို့ သုံးခဲ့တဲ့ နည်းမျိုးနဲ့ ပဲ သင်းတို့ကို ပြန် ဖျက်စီးရမယ်၊ ဟုတ်တယ်”
“အမောင်”
လေပြင်းတွင် လွှင့်ပါသွားသော သစ်ကိုင်းတစ်ခု ပမာ ခန်းမထဲမှ တဟုန်ထိုး ထွက်သွားသော ရောဇသည် ကဉ္စနာ ခေါ်သံကို မကြားနိုင်တော့ချေ။

၅။

မဂတိုင်းနှင့် ရာဇဂြိုဟ်ကို လွမ်းသော အလွမ်းသည်ပင် ခွန်အားသစ်များ ဖြစ်လာကြသည်။ အထပ်ထပ် ၀န်းရံနေသော တောင်တန်း အသွယ်သွယ်တို့သည် လည်ကောင်း သီရိပဗ္ဗတတောင်မှ အဖျားခံခဲ့သော နန်းကရည် ချောင်းကြီးသည် လည်ကောင်း တပြန့်တပြော ရှိလှသည့် လွင်ပြင်ကြီးသည် လည်းကောင်း၊ ရာဇဂြိုဟ်ကို သတိရအောက်မေ့စရာများ ချည်း ဖြစ်နေလေသည်။
သို့သော် .. ဘ၀ဟောင်းကို အပြီးတိုင် စွန့်လွှတ်ခဲ့ကြပြီးပြီ ..။
အသစ်အသစ်သော ဘ၀ကိုသာ တည်ဆောက်ကြရတော့သည်။
အလွမ်းတို့ကို အင်အားများ အဖြစ်သို့ ကူးပြောင်းယူလိုက်ကြသည်။
မဆုတ်မနစ်သော ၀ီရိယ နှင့် အကြား မလပ်သော စည်းလုံးမှုကို အရင်းပြုကာ လောကသစ်ကို ပြု့စုကြသည်။
အရိမည မြို့တော်ကြီးသည် တောင်တို့အကြား တောတို့ အလယ်တွင် လှပစွာ ဖြစ်ထွန်းခဲ့ပေပြီ။ဒေသခံ မျိုးနွယ်တို့ နှင့်လည်း သွေးနှော ချစ်ခင်ခဲ့ကြပြီ။ ကျိန်စာ သင့်ခဲ့သည့် ပမာ ဆိုးရွားစွာ အသတ်မှတ်ခံခဲ့ရသော “အဖသတ်မျိုး” ဟူသည့် အမည်ဆိုးကို လည်း ဆေးကြော သန့်စင်ခဲ့နိုင်ပြီ။
ဇာလာမိက ရာဇာ သည် တစတစ ကျယ်ပြန့် သာယာလာနေသော အရိမည မြို့တော်သစ်ကို ရှင်းသန့်သော နှလုံးဖြင့် ပွေ့ပိုက်ထားလေသည်။.
ဆီးနှင်း ပြိုက်ကျ ညများနှင့် လရောင်ဖြာသော ညများတွင်မူ ဇလာမိက ရာဇာသည် ရာဇဂြိုဟ်ကို ပြင်းစွာ သတိရမိတတ်သေးသည်။ အထူးသဖြင့်မူ ငယ်ပေါင်း ရောင်းရင်း ရောဇနှင့်ကဉ္စနာ ။
ရာဇဂြိုဟ်မှ ထွက်ခွာ လာစဉ်ကမူ ရင်နှင့်အမျှ ပူပြင်းလောင်မြိုက်ခဲ့ရချေသည်။ နန်းတော်ခန်းမအတွင်း လုပ်ကြံသူတို့ အလယ် ရာဇပုလ္လင်ရှေ့တွင် သံကြိုးတဲနှောင်ခံ အကျဉ်းသားအဖြစ်ရောက်ခဲ့စဉ်က ရောဇပြောခဲ့သော စကား များကို မေ့ပျောက်မရ၊ ခမည်းတော် နာဂဒါသ၏ အသက်နှင့်အတူ ပေးဆပ်လိုက်ရသော ဂုဏ်သိက္ခာ အတွက် ရောဇကို ကလဲ့စားချေရန် ဆုံးဖြတ်ခဲ့မိသေးသည်။
သို့သော် အချိန်ကာလသည် ဒေါသနှင့် နာကျည်းမှုများကို တိုက်စားဖြို ဖျက်သွားခဲ့ပြီး ဖြစ်သည်။ ကိုယ်နှိုက်က မည်သို့မျှ မလုပ်ရပါပဲ ကိုယ့်တာ ကိုယ့်ဝန် ဖြစ်ခဲ့သော အဘ၊ အဘိုးတို့ ပြုခဲ့ကြသည့် ကြောက်စရာ အမှုကြီးကိုလည်း ပယ်ဖျောက်နိုင်ခဲ့ပြီးဖြစ်သည်။ စွန်းထင်းပေကျံခဲ့သော သွေးကြွေးကို တစတစ ဆေးကြော သုတ်သင်နိုင်ခဲ့ပြီး ဖြစ်သည်။
ထိုအခါ ရောဇ နှင့်တကွသော ရာဇဂြိုဟ်သားတို့ အပေါ်တွင် အကြွင်းမဲ့ ခွင့်လွှတ်နိုင်ခဲ့လေသည်။ ငြိမ်းအေးချမ်းမြေ့သော နှလုံးသည် နာကျင်စရာ အတိတ်ကို အနိုင်ရရှိသွားလေသည်။

အရိမည မြို့တော်သစ်သည် ပြည်သား ပြည်သူ ဦးရေနှင့် မဆံ့ချင်တော့၊။ ကဒူး၊ကစက်၊သက်၊ ကွမ်းရည် မျိုးနွယ်ဖွားတို့သည်လည်း တဖြည်းဖြည်းနှင့် တိုးပွားလာသည်။
နွယ်ပင်ကြီးများ ရစ်ပတ်နေသော အင်ကြင်းတော ရှိရာ လွင်ပြင်သစ်သို့ ပြောင်းရွှေ့၍ မြို့သစ်တည်ရန် စီမံရတော့မည်။ အသစ်ပြောင်းရွှေ့မည့် လွင်ပြင်ကျယ်ကြီး နေရာသည် အကွက်အကွင်းပိုကျသည်။ ၀န်းကျင်ပတ်လည်ရှိ တောင်ကြီးငါးလုံးကလည်း ဝေဘူလ၊ ဝေဘာရ၊ ဗန္ဓ၀၊ ဂိဇ္ဈကုဋ်၊ ဣသိဂိလိကည်း ဟူသော ရာဇဂြိုဟ် မြို့တော်၏ တောင်ကြီးငါးလုံးကို အမှတ်ရစေသည့် အထိမ်းအမှတ် ဖြစ်နေသည်။
မှူးမတ်များ၊ပုရောဟိတ်များကလည်း မြို့သစ်တည်မည့် အစီအမံ အတွက် နေ့ည မခွဲခြား အမှုတော် ယူနေကြသည်။ မျိုးနွယ်ဖွား တိုင်းရင်းသားများကလည်း တက်တက်ကြွကြွ ပါဝင်ကြသည်။
ပို၍ လှပသော အနာဂတ်ဘ၀သစ်သည် တစတစ ရုပ်လုံးကြွလာပေပြီ။ ဇလာမိကရာဇာနှင့်တကွ အရိမညပြည်သားအားလုံး မြို့သစ်တည်ဆောက်ရေးအတွက် လှုပ်လှုပ်ရှားရှား ရှိနေကြချိန်မှာပင်..
အံ့သြစရာကောင်းလှသော အဖြစ်တခုပေါ်ပေါက်လာသည်။
အခြားမဟုတ်…
ရာဇဂြိုလ်မှ သေနာပတိ ရောဇနှင့်သူ၏ ကိုယ်ရံတော်တပ်ဖွဲ့ အ၇ိမညသို့ ရောက်လာခြင်းပင်ဖြစ်သည်။

မြင်းတပ်ဖွဲ့၏ ရှေ့ဆုံးတွင် သေနာပတိရာဇ ဦးဆောင်လာသည်။ ရောဇလက်ထဲတွင် မည်သည့် လက်နက်ကိုမျှ ကိုင်စွဲမထား။ သို့သော် ရောဇ၏ဘေးမှ တပ်မှုးလက်ထဲတွင်ကား ရှည်လျားသောလှံတံတခုကို မြင့်မားစွာ မြှောက်ချီလာသည်။ လှံတံ၏ အသွားးဘက်သည် အပေါ်တွင်ရှိနေသည်။ လှံတံအသွားအောက်တွင်ကား အဖြူရောင်တံခွန်။
ငြိမ်းချမ်းစေ့စပ်မှု အထိမ်းအမှတ် အဖြူရောင်တံခွန်။
မြို့သစ်တည်ရာ ယာယီနန်းရှေ့ မြေကွက်လပ်အရောက်တွင် ရောဇသည်မြင်းပေါ်မှ အသာအယာဆင်းသည်။ သူ့ကိုယ်ပေါ်မှ အဖြူရောင် ၀တ်ရုံစသည် လှပစွာ ၀ဲကျသွားသည်။
လက်နက်တစုံတရာ ကိုင်စွဲမထားသော ရောဇ၏၀တ်စုံမှာ သေနာပတိဝတ်စုံမဟုတ်။ ကိုယ်ကျပ်အဖြူ၊ ဦးရစ်ပေါင်းအဖြူ၊ ၀တ်ရုံအဖြူ၊ သံတမန်ကြီးတဦး၏ ၀တ်စုံမျိုး။
ရောဇသည် မြေကွက်လပ်ကို ဖြတ်လာပြီး ဇလာမိကရာဇာရှေ့တွင် တင့်တယ်စွာ ရပ်လိုက်လေသည်။ နွေးထွေးသောအပြုံးသည် ရောဇမျက်နှာပေါ်တွင် အထင်အရှား။
ဇလာမိကရာဇာသည် အံ့သြခြင်းကြီးစွာဖြင့် တိတ်ဆိတ်နေသည်။ သူငယ်ချင်းရောဇကို မည်သည့်စကားဖြင့် နှုတ်ဆက်ရမှန်းမသိ။ မည်သို့ခရီးဦးကြိုရမှန်းမသိ ရောဇသည် လက်အစုံကို ရှေ့သို့ဆန့်ထုတ်၍…
“သူငယ်ချင်း ဇလာမိက။ နောင်တတရားကိုပွေ့ပိုက်ပြီး ရောက်လာတဲ့ငြိမ်းချမ်းရေးတမန်ရောဇကို မင်းဘယ်လိုကြိုဆိုမလဲ။ မင်းရဲ့အရိမညက ရောဇနဲ့ သူရဲ့ငြိမ်းချမ်းရေး တမန်အဖွဲ့ကို များမောင်းထုတ်လိုက်ဦးမှာလား ဟင်”
ရောဇသည် လက်အစုံကိုပြန်ရုပ်သိမ်းကာ ဒူးထောက်ချလိုက်ပြန်သည်။
“ခွင့်လွှတ်ပါ၊ သူငယ်ချင်းရောင်းရင်းကို တွေ့လိုက်ရတော့ ငယ်ငယ်ကလိုပဲ သုံးနှုန်းခေါ်ဝေါ်မိသွားပါတယ်။ အရိမညဘုရင်မင်းမြတ် ကျွန်တော်မျိုးဟာ ရာဇဂြိုလ် ငြိမ်းချမ်းရေးတမန်အဖွဲ့ခေါင်းဆောင် ရောဇဖြစ်ပါတယ်”
ထိုအခါမှပင် ဇလာမိကရာဇာ လှုပ်ရှားလာသည်။
“ရောဇ သူငယ်ချင်း ထစမ်း၊ ထစမ်းပါ။ မင်းနဲ့ငါဟာ ဘာပဲဖြစ်ဖြစ် သူငယ်ချင်းတွေပါ၊ အဲ့ဒီလိုမနေပါနဲ့”
ယာယီနန်း သလွန်မှထကာ ဇလာမိကရာဇာသည် ရောဇကိုပွေ့ဖက် နှုတ်ဆက်လေသည်။
“သူငယ်ချင်းရောဇ၊ မင်းငါ့ဆီရောက်လာတယ်နော်”
“ဟုတ်တယ် သူငယ်ချင်း။ နောင်တတရားတွေနဲ့အတူ ရောက်လာတာပါ့။ မှားခဲ့မိတဲ့ အပြစ်တွေကို ဆေးကြောချင်လို့ ငါကိုယ်တိုင် ငြိမ်းချမ်းရေးတမန်အဖွဲ့ကိုဦးဆောင်ပြီး လာခဲ့တာပါ။ မင်းအပေါ်မှာ ကျူးလွန်စော်ကားမိတာတွေ အားလုံးကို ကိုယ်တိုင်တောင်းပန်ချင်လို့ မင်းရဲ့ခွင့်လွှတ်မှုကို တောင်းခံချင်လို့ ငါလာခဲ့တာ”
“ငါ အားလုံးကို ခွင့်လွှတ်ပြီးသားပါ သူငယ်ချင်း၊ ဖြစ်ခဲ့သမျှတွေအားလုံးအတွက်လဲ ငါ့သံသရာဝဋ်ကြွေးကို ငါပြန်ဆပ်ရတယ်လို့ပဲ နှလုံးသွင်းခဲ့ပါတယ်”
“၀မ်းသာလှပါတယ် သူငယ်ချင်း၊ ရာဇဂြိုလ်ကနေမင်းတို့ကို နှင်ထုတ်ခဲ့ပြီးတဲ့နောက် ငါတချိန်လုံး နောင်တရနေခဲ့တယ်။ ဒီဒေသမှာ မင်းတို့ မြို့သစ်တည်ပြီး နန်းစိုက်ကြတယ်ဆိုတာ ခရီးသွား ကုန်သည်တွေကနေတဆင့် ကြားရတော့ မင်းရှိရာကိုအရောက်လာဖို့ ငါစိတ်အားထက်သန်နေခဲ့တယ်။ အခု ရာဇဂြိုလ် ငြိမ်းချမ်းရေးတမန်အဖွဲ့ကို လွှတ်မယ်ဆိုတော့ ဒီအဖွဲ့မှာငါ့ကိုပဲ ခေါင်းဆောင်ခန့်ပါ၊ သေနာပတိရောဇအနေနဲ့ မဟုတ်ပဲ တမန်အဖွဲ့ခေါင်းဆောင်ရောဇအဖြစ်နဲ့ သွားပါရစေလို့ ငါအမိန့်တော်တောင်းခဲ့တယ်။ ငါ့ဆန္ဒ ပြည့်ဝပြီ သူငယ်ချင်း၊ မသေခင်မှာ မင်းနဲ့တွေ့ပြီး မင်းရဲ့ခွင့်လွှတ်မှုကို အရယူသွားချင်တဲ့ဆန္ဒ ပြည့်ရပြီလေ”
ရောဇ၏လက်ကို ဆုပ်ကိုင်ထားယင်း ဇလာမိကရာဇာသည် စိတ်လှုပ်ရှားစွာလှုပ်ယမ်းနေလေသည်။ ဇလာမိကရာဇာ၏ လက်ပေါ်သို့ ရောဇက ထပ်၍ အုပ်မိုးဆုပ်ကိုင်လိုက်ပြန်သည်။
“ကဉ္စနာကော နေကောင်းရဲ့လား ရောဇ”
“နေကောင်းတယ်၊ သူလဲ ဒီကိုသိပ်လိုက်လာချင်ရှာတယ်။ ငြိမ်းချမ်းရေးတမန်အဖွဲ့ ဖြစ်နေလို့သူမလိုက်သာဘူး။ မင်းကို နှုတ်ဆက်လိုက်ကြောင်းလဲ တဖွဖွ ပြောရှာတယ်”
ဇလာမိကရာဇာသည် မှူးမတ်ဗိုလ်ပါများရှေ့တွင် အရိမညဘုရင်ဟူသော အဖြစ်ကိုမေ့ပျောက်နေသည်။
မင်းရဲ့တမန်အဖွဲ့ကို သီးခြားအနားယူပါစေ ရောဇ၊ မင်ကတော့ ငါနဲ့အတူ နန်းဆောင်ထဲမှာ လာနေပါ၊ တို့သူငယ်ချင်းနှစ်ယောက်တည်း စကားတွေပြောရအောင်”
“ဟုတ်တာပေါ့၊ ငါကလဲ ဒီဒေသကို မင်းတို့ရောက်လာပုံ၊ အရိမညမြို့သစ်တည်ပုံတွေကို သိပ်နားထောင်ချင်နေတာ”
သူငယ်ချင်းနှစ်ယောက် နွေးထွေးသော ပြန်လည်တွေ့ဆုံခန်းသည် အားလုံးဆီသို့ ကူးစက် ရိုက်ခတ်သွားလေသည်။

၆။
ရာဇဂြိုလ်နှင့် အရိမညတို့အကြား ရွှေလမ်းငွေလမ်းပေါက်သွားသည်။ ရောဇပင်လျှင် အရိမညသို့ သုံးကြိမ်တိုင် ရောက်ခဲ့ပြီဖြစ်သည်။ နောက်ဆုံးအကြိမ်မှာ တမန်အဖွဲ့နှင့်မဟုတ်ပဲ သီးခြားလာရောက်ခြင်းဖြစ်သည်။ ရောဇသည် ဇလာမိကရာဇာနှင့်အတူ ယောဇနတိုင်းဒေသအနှံ့သို့ ခရီးထွက်ခဲ့သည်။ ဇလာမိကရာဇာကလည်း တိုင်းခန်းလှည့်လည်ရာတိုင်းသို့ ရောဇကို ခေါ်သွားတတ်သည်။
ဤသို့ဖြင့်ပင် အချိန်ကာလများ ကုန်ဆုံး ရွေ့လျားလာခဲ့သည်။
မြို့သစ်တည်ရေး အစီအမံလည်း တစထက်တစရုပ်လုံးကြွလာသည်။ ပုရောဟိတ်တို့၏ တွက်ချက်မှုအရ မြို့သစ်ကို သာသနာ နှစ်တရာပြည့်နှစ်တွင် အပြီးတိုင် တည်ထားပြောင်းရွေ့ရန် အမိန့်ထုတ်ပြန်လိုက်သည်။ သီရိပဗတတောင်ပေါ်မှ စီးဆင်းလာသော နန်းကရည်ချောင်းရေကိုလည်း ရေကန်သုံးဆင့်ခံ၍ ရေမပြတ် သွင်းထားသည်။ မြို့သစ်၏ ကျုံး သုံးတန်အတွက်ဖြစ်သည်။
မြို့၏အရှေ့မျက်နှာ ရှမ်း၊ အနောက်မျက်နှာ ကစက်၊ တောင်မျက်နှာ သက်၊ မြောက်မျက်နှာ အင်ကြယ်မျိုးနွယ်တို့ နေထိုင်ရန်လည်း ပန္နက်ချခဲ့ပြီ ဖြစ်သည်။ အလယ်ချက်မ မူအကြီးဆုံးသော အင်ကြင်းပင်ကြီးကိုပယ်၍ ထီးနန်းကနက် တည်ထောင်ရန် အစီအမံပြုထားသည်။
တောင်ငါးလုံးအလယ် လွင်ပြင်ကြီးထဲသို့ နန်ဘုံတခု ဆင်းသက်လာသည့်အလား ထင်မှတ်စေရမည့် ထိုမြို့သစ်၏အမည်ကိုလည်း ဌာနငါးရပ် နွယ်ပတ်လျက်ရှိသောကြောင့် “နွယ်ပတ်” မြို့ဟု မှည့်ခေါ်ရန် ညှိနှိုင်းထားကြသည်။
ရောဇသည် လက်ရွေးစင်အမတ်များကို စံအိမ်တော်သို့ခေါ်ရန် စုရုံးထားသည်။ စံအိမ်တော်၏ လှို့ဝှက်ခန်းမဆောင်တွင် အာလုံးတွေ့ဆုံကြသည်။ ထိုလက်ရွေးစင်အမတ်များသည် လက်ရုံးရည် ကျွမ်းကျင်ထက်မြက်ကြသော ရာဇဂြိုလ်၏ အကောင်းဆုံးစစ်သည်တော်များလည်း ဖြစ်ကြလေသည်။
“အားလုံး အထူးဂရုစိုက်ပြီး နားထောင်ကြစမ်း၊ ဒီတခါတွေ့ဆုံစည်းဝေးပွဲဟာ အရေးအကြီးဆုံးဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ အခုအထိ ငါတို့လုပ်ခဲ့တဲ့သေနင်္ဂအစီအမံကို အစအဆုံးအားလုံးပြောင်းပြီး သေနင်္ဂအသစ် လုပ်ရမယ့်အရေးဖြစ်တယ်”
အဆုံးစွန်သော စိတ်ဝင်စားမှုများဖြင့် ခန်းမဆောင်သည် တိတ်ဆိတ်နေသည်။
“အဖသတ်မျိုး အဆက်အနွယ်တွေကို ကစဉ့်ကလျားပျက်စီးသွားအောင် ငါကြံစည်ခဲ့တယ်။ ငါကိုယ်တိုင် သင်းတို့ရဲ့ အရိမညကို သုံးခေါက်သွားခဲ့တာ မင်းတို့အသိပဲ။ တို့ရဲ့ လိစ္ဆ၀ီကို အဇာတသတ်လက်ထက်က ၀ဿကာရဗြဟ္မဏရောက်လာပြီး အလွန်သိမ်မွေ့တဲ့ နည်းနဲ့ဖြိုခွဲ ဖျက်ဆီးခဲ့သလို အခုလဲ သင်းတို့ကို နှလုံးစွမ်းရည်နဲ့ ဖျက်ဆီးဖို့ငါကြိုးစားခဲ့တယ်။ ဒါပေမယ့် ဇလာမိကနဲ့ သူ့ဒေသအုပ်ချုပ်ရေးဟာ ငါတို့ရဲ့ ဝေသာလီလို မဟုတ်ဘူး။ အရိမညဒေသဟာ ထူးခြားတဲ့အုပ်ချုပ်ရေးနဲ့ ဖွဲ့စည်းထားတာတွေ့ရတယ်”
“ဘယ်လိုထူးခြားနေပါသလဲ တပ်မင်း”
“ဒေသခံ တိုင်းရင်းသား မျိုးနွယ်ဖွားတွေနဲ့ ဇလာမိကရဲ့လူတွေဟာ သိပ်ညီညွတ်ကြတယ်။ ဒီမျိုးနွယ်စုဟာ ရိုးသားသလောက် သစ္စာလဲ သိပ်ကြီးမားကြတယ်။ ဇလာမိကတို့ကလဲ သူတို့နဲ့ တသွေးတည်း တဘောထားကြတယ်။ ဒီတော့ အရိမညဟာ ဝေသာလီ မဟုတ်သလို ငါကလဲ ၀ဿကာရမဟုတ်ဘူး။ လိစ္ဆ၀ီကို အဇာတသတ် ဖျက်ဆီးခဲ့တဲ့နည်းလမ်းမျိုးကို ငါတို့အခုသုံးလို့မရတော့ဘူး။ ဒါကြောင့် နူးညံ့တဲ့နည်းနဲ့ သူတို့အထဲကို ၀င်ရောက်ပြီး တစတစ သူတို့ချင်းသွေးကွဲသွားအောင် လုပ်တဲ့နည်းကို ငါစွန့်ပယ်ပစ်လိုက်ပြီ”
“သေနင်္ဂအသစ်က ဘယ်လိုပါလဲ တပ်မင်း”
“လက်ရုံးရည်စွမ်းနဲ့ ဖြိုဖျက်တဲ့သေနင်္ဂ”
အားလုံးလှုပ်လှုပ်ရှားရှား ဖြစ်သွားကြလေသည်။
“ရာဇဂြိုလ်တပ်မတွေနဲ့ ချီပြီး လုပ်ကြံဖို့လားတပ်မင်း။”
“မဟုတ်ဘူး၊ ဇလာမိကတို့ကို ချေမှုန်းဖို့ဆိုတာ မင်းတို့သိတဲ့အတိုင်း ငါတဦးတည်းရဲ့အကြံမဟုတ်ဘူးလား။ ဒီလောက်ခက်ခဲတဲ့ ခရီးကြမ်းကြီးကို ချီတက်ပြီး ဟိုးအဝေးကြီးက အရိမညမြို့လေးကို တိုက်ခိုက်ဖို့ သုသုနာဂဘုရင်ကြီးကဘယ်လိုမှ ခွင့်ပြုမှာမဟုတ်ဘူး။ ဘုရင့်အမိန့်တော်ကို ငါမရနိုင်ဘူး”
“လှို့ဝှက်တပ်ဖွဲ့နဲ့ပေါ့ တပ်မင်း”
“မှန်တယ်၊ ဒါပေမယ့် စစ်သည်ရဲမက်အနေနဲ့ ချီတက်သွားရမှာမဟုတ်ဘူး၊ အယင်တုန်းကလိုပဲ တမန်အဖွဲ့အဖြစ်နဲ့ သွားရမှာ၊ ဟိုရောက်မှ အရိမညရဲ့ အရေးကြီးဆုံးလူတွေကို သုတ်သင်ပစ်မှာ။ မင်းတို့ကို သုံးစုခွဲမယ်၊ တစုက မဟာဝုန်က ကစ္စနရာဇာကို လုပ်ကြံ၊ တစုက မိုးညှင်းက ဥသိကရာဇာကိုလုပ်ကြံ၊ တစုက ငါနဲ့အတူ အရိမညမှာနေ၊ ငါကိုယ်တိုင် ငါ့လက်နဲ့ ဇလာမိကကိုသုတ်သင်မယ်။ အားလုံးပြီးတာနဲ့ သုံးဖွဲ့စလုံးပြန်စုံပြီး ရာဇဂြိုလ်ကို ပြန်လာရုံပဲ”
“အင်းမတန်ကောင်းတဲ့ အစီအမံပါပဲ တပ်မင်း”
“အသေးစိတ် အစီအရင်တွေကို အရိမညရောက်တဲ့အခါမှ ငါ အမိန့်တော်ထပ်ပေးမယ်၊ ဘာမေးစရာလိုသေးလဲ”
“တခုမေးပါရစေ တပ်မင်း”
“ပြော”
“အရိမညကို ဘယ်တော့ထွက်ခွာကြရပါမလဲ”
“နက်ဖြန်ပဲ ငါတို့သွားကြမယ်၊ နောက်တပတ်အတွင်းမှာ သူတို့ဟာ နွယ်ပတ်လို့အမည်ပေးမယ့် မြို့သစ်ရဲ့ အရှေ့တံခါး ပန္နက်ချပွဲ ကျင်းပလိမ့်မယ်။ အဲ့ဒီပွဲအမီ သွားရမယ်၊ ပန္နက်ချပွဲအတွက် သင်းတို့ အာရုံများနေခိုက်မှာ ငါတို့က….”

၇။
“နွယ်ပတ်” ဟုအမည်ပေးမည့် မြို့တော်သစ်၏ အရှေ့မျက်နှာ “ကြိမ်တံခါး” နှင့် “စည်ပေါက်တံခါး” အကြားတွင် ကြီးစွာသော တဲနန်းကြီးတလုံးထိုးထားသည်။ အရိမည မြို့သူမြို့သားအားလုံး တဲနန်းကြီး၏ ၀ဲယာ ရှေ့နောက်ဝန်းကျင်သို့ စုရုံးရောက်ရှိနေကြသည်။
တဲနန်း၏ အတွင်းဘက် စင်မြင့်အလယ်တွင် ဇလာမိကရာဇာ နေရာယူထားသည်။ ဇလာမိကရာဇာ၏ လက်ယာဘက်တွင် ညီတော်များဖြစ်ကြသော ဥသိကရာဇာနှင့် ကိစ္စနရာဇာတို့ရှိကြပြီး
လက်ဝဲဘက်တွင်ကား ပန္နက်ချပွဲအတွက် အထူးဧည့်သည်တော် သံတမန်အဖြစ် ရောက်ရှိလာသော ရာဇဂြိုလ်မှရောဇ ထိုင်နေသည်။
ပန္နက်ချပွဲကား နံနက်စောစော မင်္ဂလာအချိန်ကပင် ပြီးစီးသွားခဲ့ပြီ။
အရှေ့တံခါး ပန္နက်ချပွဲ၏ အောင်ပွဲသဘင်အဖြစ် တဲနန်းကြီးတွင် ဆက်လက်ကျင်းပနေခြင်းဖြစ်သည်။
မျိုးနွယ်ဖွားတို့၏ အထူးထူးအပြားပြားသော အကအခုန်များကို တခုပြီးတခု တင်ဆက်နေသည်၊ သင်တိုင်းနီစွပ် မဟာဒနုလေးကြီးကိုင် ကဒူးစစ်သည်အက၊ သင်တိုင်းအနက်စွပ်စူနုဓနုလေးကိုင် လူရိုင်းမျိုးနွယ်စုအက၊ ကာစွဲသန်လျက်ကိုင် ကမ်းယံမျိုးနွယ်စု အကများကို တခုပြီးတခု တင်ဆက်သွားကြသည်။
ရောဇသည် ရှေ့တကောင်းထဲမှ ခေါင်သေရည်ကို ပထမအကြိမ်မြောက်အဖြစ် ရှေ့အနုတ်ဖော် စုတ်တံဖြင့် စုပ်ယူလိုက်သည်။
“သူငယ်ချင်း ဇလာမိက၊ မင်းရဲ့ တိုင်းသူပြည်သားတွေဟာ ဒီမြေပေါ်မှာ စစ်တိုက်လဲ အကောင်းဆုံး၊ ပျော်လဲအပျော်ရွှင်ဆုံး လူတွေပဲထင်တယ်။ ဒီဒေသမှာ ဒီလို မြို့နန်းတည်နိုင်ခဲ့ပြီး ဒီလိုအုပ်ချုပ်နိုင်တဲ့မင်းကို ငါချီးကျုးပါတယ် သူငယ်ချင်း”
“ရာဇဂြိုလ် ငြိမ်းချမ်းရေးတမန်ကြီးရဲ့ ချီးကျူးမှုကို ခံယူရတဲ့အတွက် ဂုဏ်ယူပါတယ် သူငယ်ချင်း”
ရောဇ တဟားဟားရယ်သည်။ ခေါင်သေရည်အစွမ်းဖြင့် ရောဇ ပို၍ တက်ကြွ ရွှင်မြူးနေလေသည်။
ထိုစဉ်မှာပင် မှူးမတ်တယောက်က ဘုရင့်သလွန်အနီး ချဉ်းကပ်လာသည်။
“သလ္လာဝတီ အထက်ပိုင်းက မျိုးနွယ်စုငယ်လေးတခုရဲ့ ကိုယ်စားလှယ်တဖွဲ့ ရောက်ရှိလာပါတယ် ဘုရင်မင်းမြတ်။ မြို့တော်တံခါး ပန္နက်ချပွဲ အောင်ပွဲသဘင်မှာ သူတို့ရဲ့ မျိုးနွယ်စုစစ်အကနဲ့ ဖျော်ဖြေပူဇော်ယင်း၊ ဘုန်းတော်အောက်ခိုလှုံခွင့်ပြုပါလို့ တောင်းပန်ပါတယ်။”
“ခွင့်ပြုလိုက်ပါလေ။ မျိုးနွယ်စုငယ်လေးတွေကိုလဲ အရေးအရာထားရပေမပေါ့။”

အ၀ကျယ်သော စည်မျက်နှာပေါ်သို့ တုတ်ချောင်းနှစ်ချောင်းက တချက်စီ တလှည့်စီကျလာသည်တွင် တဒုန်းဒုန်း အသံပေါ်လာသည်။ မျက်နှာပြင်ညီသော သံမောင်းကို သူသဏာန်ရှိသော ပစ္စည်းတို့ဖြင့် ထိုးခတ်လိုက်သောအခါ စူးရှတုန်ခါသော အသံထွက်ပေါ်လာသည်။
တူရိယာမှာ ထိုမျှသာဖြစ်သည်။
တူရိယာနှစ်မျိုး။ တီးခတ်သူနှစ်ဦး။
ကခုန်သူမှာ တဦးတည်းသာဖြစ်သည်။
ငှက်မွေးတောင် စိုက်ထားသော ဦးဆောင်းမှာ ကြီးမားလှပြီး။ ရောင်စုံငှက်မွေးများမှာလည်း ကခုန်သူ လှုပ်ရှားတိုင်း တဖွားဖွားလွင့်ဝဲလျက်။ ဖားဖားလျားလျား ပွရောင်းသော သင်တိုင်းရှည်ကြီးမှာလည်း တအိအိ ယမ်းခါလျက်။ သင်တိုင်းရှည်ကြီး၏ အောက်နားတွင် ရောင်စုံလဲသီးများကို သီဆွဲထားသည်။ ထိုသင်တိုင်းရှည်ကြီးအောက်မှ ခုန်ပေါက်နေသော ခြေအစုံတွင် သားမွေးခြေ၀တ်ကို သားရေကြိုးဖြင့် အထပ်ထပ် စည်းနှောင်ထားသည်။
ကပြသူ၏ မျက်နှာကား မကောင်းဆိုးဝါးတကောင်၏ မျက်နှာဖြစ်သည်။ ပြူးကြယ်သော မျက်လုံးအောက်တွင် ဆေးရောင်များကိုဆိုးသည်။ နီရဲသော မျက်ဆန်တ၀ိုက်တွင်လည်း အစိမ်းရောင်ဖြင့် ၀ိုင်းပတ်ရေးခြယ် ထားသေးသည်။
“လူရိုင်းမျိုးနွယ်စု ငယ်ပဲထင်ပါတယ်။ ငါလဲ ဒီလိုဝတ်စားဆင်ယင်းမှုမျိုးကို တခါမှမကြည့်ဖူးဘူး၊ သလ္လာဝတီ အထက်ပိုင်းဆိုတော့လဲ အင်မတန်ဝေးသီခေါင်းတဲ့ဒေသပေါ့၊ မျက်နှာဖုံးစွပ်ပြီး ကတာပဲကြည့်၊ မျက်နှာဖုံးကို ခြယ်ထားတဲ့ဆေးရောင်တွေကိုကြည့်၊ ဒါဟာ အမဲလိုက်ခြင်းတခုတည်းနဲ့ အသက်မွေးတဲ့ လူရိုင်းတွေရဲ့ထုံးဓလေ့တမျိုးပဲ”
ဇလာမိကရာဇာက ရောဇကိုပြောပြနေသည်။ ရောဇ စကားပြန်မဆိုနိုင်။ ခေါင်သေရည်၏ ယစ်မှုးရီဝေခြင်းနှင့်အတူ ကပွဲစည်းဝိုင်းအလယ်မှ ကြောက်စရာမျက်နှာဖုံးစွပ် ကခုန်သူကို ငေးကြည့်နေသည်။
စည်သံ၊ သံမောင်းသံသည် တဖြည်းဖြည်းမြန်လာသည်။ ကခုန်သူ၏ ခြေအစုံကလည်း ပို၍မြန်လာသည်။
“ဟုတ်ပါတယ်၊ ဒါဟာ အမဲလိုက်ပြီး ရလာတဲ့ အမဲကို စားသောက်တဲ့ပွဲမှာ အောင်ပွဲခဲတဲ့ အကမျိုးပဲ”
ကခုန်သူသည် ဗလာဟင်းလင်းလက်အစုံကို အထက်သို့မြှောက်ကာ ကိုယ်ကို တွန့်လိမ်ကာ ခြေအစုံကို အဆက်မပြတ်နင်းဆောင့်ကာ လှုပ်ရှားနေသည်။
“ဒါဟာ သူတို့ကိုးကွယ်တဲ့ နတ်ဒေ၀တာတပါးကို ပူဇော်နေတဲ့သဘောပဲ ရောဇ”
လက်အစုံကို ပြန်ချသည်။ သင်တိုင်းအတွင်းသို့ ညာလက်ကိုနှိုတ်သည်။ ပြန်ထုတ်လိုက်သောအခါ ဓားမြှောင်တချောင်းပါလာသည်။ အဆူညံအသွက်လက်ဆုံး စည်သံတွေနှင့်အတူ ဓားမြှောင်ကို မြေပြင်သို့ပင် စိုက်ဝင်နေသော ဓားမြှောင်ကို လှည့်ပတ်၍ ကခုန်ပြန်သည်။
“သားကောင်တကောင် မိသွားပြီဆိုတဲ့ အဓိပ္ပာယ်”
ကခုန်သူသည် စည်တီသမား အနီးတွင်ချထားသော တစုံတရာကို ကောက်ယူလိုက်ပြန်သည်။ ထိုအရာကား ကြီးမားလှသော လေးကြီးဖြစ်သည်။ လေးညှို့ဆင်ပြီးသားလည်းဖြစ်သည်။ ထိုလေးကြီးကို ဘယ်လက်ဖြင့် ဆုပ်ကိုင်ကာ ညာလက်က ညှို့ကိုဆွဲငင်လျက် ခုန်ပေါက်ပြန်သည်။ ညှို့တွင်မြှားတံမရှိ။
“ပိုပြီး ကြီးမားတဲ့ သားကောင်တွေ့နေပြီဆိုတဲ့ အဓိပ္ပာယ်လား မသိဘူး၊ စိတ်ဝင်စားစရာ မကောင်းဘူးလား ရောဇ”
လေးညှို့ကိုဆွဲယူဟန် မြှားလွှတ်ဟန် လှုပ်ရှားမှုများဖြင့် အရပ်လေးမျက်နှာသို့ ၀ိုင်းကြည့်သည်။
စည်သံအကျယ်လောင်ဆုံး သံမောင်းသံ အစူးရှဆုံး။
တဒုန်းဒုန်း အသံသည် ရင်ထဲအထိပင် ထိုးစိုက်မတတ်။
ကခုန်သူ၏ လှုပ်ရှားမှုသည်လည်း လေပွေ တခုပမာ ၀ိုင်းလှည့်နေသည်။ သင်တိုင်းတဖားဖားဝေ့လျက် ငှက်မွေးတောင်တို့ တခါခါယိမ်းလျက်။
လှည့်ပတ်ယင်းဖြင့်ပင်၊ ကခုန်သူ၏ ညာလက်ထဲတွင် မြှားတချောင်းရိပ်ကနဲ ပါလာသည်။ မြှားကိုလေးညှို့တွင်တင်သည်၊ ညှို့ကိုငင်သည်။ လေးကိုင်းကွေးညွတ်လာသည်။ ဘုရင့်သလွန်ဘက်သို့ မျက်နှာမူသည် ညှို့ကို အဆုံးတိုင်ငင်သည်။ ထို့နောက်….
ညှို့ကိုဖြုတ်လိုက်သည်။ မြှားတံသည် တဟုန်ထိုး ပျံသန်းလာကာ ဇလာမိ့ရာဇာ၏ လက်ဝဲဘက်တွင်ထိုင်နေသော ရောဇ၏ရင်ဝသို့ ၀င်ရောက်စွဲမှန် သွားသည်။
ရောဇ၏ အသံနက်ကြီးနှင့်အတူ အာလုံး ဖြိုင်ဖြိုင် ထကြသည်။ ကခုန်သူသည် ဇလာမိကရဇာ ရှေ့သို့ ရောက်လာသည်။ ဆေးရောင်ခြယ်ထားသော မျက်နှာဖုံးနှင့်တကါ ငှက်မွေးတပ်ဦးဆောင်းကို ချွတ်ခွာချလိုက်သည်။ လှပသောမျက်နှာတခု ပေါ်လာသည်။
ဇလာမိကရာဇာငယ်၏နှုတ်မှ အသံတသံ ချောက်ချားစွာ ထွက်ကျလာသည်။
“ကဉ္စနာ”

၈။
သာသနာနှစ်တရာ ပြည့်ခဲ့ပြီ။
တပေါင်းလဆန်း ဆယ့်ငါးရက်တွင် “နွယ်ပတ်” မြို့တော်သစ်ကြီးကို လည်းခမ်းနားစွာတည်ပြီးခဲ့ပြီ။
ဇလာမိကရာဇာဘုရင်ကြီးသည် နန်းတော်လေသာမှနေ၍၊ မြို့တော်ကိုဝန်းရံနေသော တောင်ငါးလုံးအနက် ၀ိဇ္ဖျကုဋ်တောင်နှင့်တူသော တောင်တလုံးဆီသို့ မျှော်ကြည့်နေသည်။
နှစ်များစွာ ကြာခဲ့ပြီဖြစ်သော်လည်း ဇလာမိကရာဇာ ဘုရင်ကြီးသည် နွယ်ပတ်မြို့တော်ကြီး၏ အရှေ့တံခါးပန္နက်ချပွဲ အောင်ပွဲသဘင်ကို မေ့မရနိုင်။
မိမိရှေ့မှောက်မှာပင်၊ မရှုမလှသေပွဲဝင်ခဲ့ရသော သူငယ်ချင်း ရောဇ။ ထို့နောက် ချစ်လှစွာသော ခင်ပွန်းသည်ကို ကိုယ်တိုင်လက်ဖြင့် သုတ်သင်ခဲ့သည့် ကဉ္စနာ။
ကဉ္စနာ၏စကားတို့ ယခုတိုင် ရင်ထဲတွင် မြည်ဟည်းဆဲ။
ကမ္ဘာလောကရဲ့ ငြိမ်းချမ်းမှုကို ရောဇဟာ ဖျက်ဆီးတော့မယ်။ အားလုံးမေ့ပျောက်ပြိး၊ အားလုံးက မြုပ်နှံလိုက်ကြတဲ့ အတိတ်က မကောင်းမှုတွေကို သူပြန်တူးဖော်ပြီး ရန်ငြိုးရန်စ မီးအသစ်တွေ လောင်မြိုက်အောင် သူလုပ်တော့မယ်။ သူအစီအစဉ်တွေ အာလုံးကို ကဉ္စနာသိတယ်။ ငြိမ်းချမ်းသာယာတဲ့ အရိမည၊ နွယ်ပတ် ဒေသသစ်ကို သူဖျက်ဆီးပစ်တော့မယ်လေ။ ကဉ္စနာဟာ သူ့ကို ငယ်ငယ်လေး ကတည်းကချစ်မိခဲ့တာပါ။ ဇလာမိကရယ်၊ ရောဇရယ်၊ ကဉ္စနာရယ် သုံးယောက်ဟာ ငယ်သူငယ်ချင်းတွေပါ။ ဇလာမိက…. သူငယ်ချင်း မှတ်မိသေးလားဟင်။ ရာဇဂြိုလ်ဥယျာဉ်တော်ထဲမှာ တို့ဆော့ကစားခဲ့စဉ်က သူငယ်ချင်းရဲ့ သဲမြို့လေးကို သူဖျက်ဖို့ကြိုးစားခဲ့တယ်လေ။ အဲဒီတုန်းကတည်းက ကဉ္စနာ သူ့ကိုတားဆီးခဲ့တယ်။ ပွဲကြည့်အောင်လုပ်တမ်းကစားရအောင်ဆိုပြီး သူ့ရဲ့ရန်လိုတဲ့ စိတ်တွေကို ပယ်ဖျောက်ပစ်ခဲ့တယ်လေ။ အခုလဲ အရိမည၊ နွယ်ပတ်မြို့သစ်နဲ့ သူငယ်ချင်းရဲ့အသက်ကို ကဉ္စနာ ကာကွယ်ခဲ့ပါပြီ။ ဒါပေမယ့် အခုဟာက ရာဇဂြိုလ်ဥယျာဉ်တော်ထဲက ကလေးငယ်သုံးဦး ကစားတဲ့ပွဲမဟုတ်တော့ဘူး။ အခုဟာက ကမ္ဘာလောကရဲ့ ငြိမ်းချမ်းသာယာမှုလေ…”
ဇလာမိကရာဇာ ဘုရင်ကြီးသည် မျက်လုံးအစုံကို တင်းကျပ်စွာ ပိတ်လိုက်သည်။ သို့သော် ကဉ္စနာ့အသံနှင့် ကဉ္စနာ့ရုပ်သွင်ကို ဖျောက်၍မရ။
“ကဉ္စနာဟာ လီစ္ဆ၀ီသူ တဦးလေ၊ သုသုနာဂဘုရင့် သမီးတော်လေ၊ ပြီးတော့ သေနာပတိရောဇကို ရင်ပွင့်မတတ် ချစ်တဲ့သူလေ၊ အချစ်ဆုံးခင်ပွန်းကို ငြိမ်းချမ်းသာယာမှုအတွက် ကဉ္စနာ ကိုယ်တိုင် သတ်ပစ်လိုက်ပြီလေ၊ မိမိခင်ပွန်းကို သတ်ဖြတ်တဲ့ အပြစ်အတွက် လိစ္ဆ၀ီသူ ကဉ္စနာဟာ ကိုယ်တိုင်ပဲ အပြစ်ဒဏ်ခံယူရမယ်လေ…”
အံ့သြခြင်း၊ တုန်လှုပ်ခြင်း များဖြင့် အားလုံးငေးငိုင်နေကြစဉ်မှာပင် ကဉ္စနာသည် လည်တွင်ဆွဲထားသော ရွှေဗူးငယ်တခုကို ဖြုတ်ယူခဲ့လေသည်။
“ဒါဟာ သူငယ်ချင်းရဲ့ ဖခမည်းတော် နာဂဒါသဘုရင်ကိုလုပ်ကြံခဲ့တဲ့ အဆိပ်ရည်လေ၊ အားလုံးအတွက် ကဉ္စနာ ပေးဆပ်ခဲ့ပါပြီ သူငယ်ချင်းရယ်၊ ကဉ္စနာ့ ဓနတွက်သာ ဆုတောင်းပေးပါတော့ အော်….”
လှပသော နှုတ်ခမ်းမြွာ အစုံဆီသို့ ရွှေဗူးငယ် ရောက်ရှိသွားသည်။ ရောဇ အနီးမှပင် ကဉ္စနာ လဲကျသွားခဲ့လေသည်။
ငါတို့ကြိုးပမ်း တည်ထောင်ခဲ့တဲ့ ဟောဒီ နွယ်ပတ်မြို့တော်နဲ့ ယောဇနတိုင်းတခွင် ဒေသကြီးဟာ ကမ္ဘာတည်သရွေ့ ငြိမ်းချမ်းသာယာသွားမှာပါ ကဉ္စနာ။ ဒီမြေပေါ်မှာ ပျော်ရွှင်စရာ အကောင်းဆုံး၊ သစ္စာတရား အထွန်းကားဆုံးဒေသ ဖြစ်နေမှာပါ။ ဒီဒေသကြီး အဓွန့်ရှည်နေသည်နဲ့အမျှ မင်းတို့ရဲ့ ဘ၀ဘ၀တွေဟာလဲ ငြိမ်းချမ်းသာယာတဲ့ ဘ၀တွေအဖြစ် လှုပ်ရှား ရှင်သန်နေနိုင်ကြပါစေလို့ ငါ ဆုတောင်းပေးလိုက်ပါတယ် ကဉ္စနာ၊ မင်းချစ်တဲ့ ရောဇနဲ့ အတူ မင်းချစ်တဲ့ ငြိမ်းချမ်းမှုကို တွေ့အောင်ရှာဖွေနိုင်ကြပါစေ”
ဇလာမိကရာဇာဘုရင်ကြီးသည် လေသာဆောင်မှ ခွာခဲ့သည်။
ဘုရင်ကြီး၏ ခြေအစုံတို့ ဦးတည်လျှောက်လှမ်းရာကား ရွှေနန်းတော်ဘုရားဆောင် ဖြစ်လေသည်။

ချစ်ဦးညို
၆-၁၀-၁၉၈၅

(မှတ်ချက်။ ။ဆရာတော်အရှင် ပဒုမ ရေးသားစီရင်တော်မူသော “ကာလေးမြို့ အနှစ်တထောင်ပြည့် အထိမ်းအမှတ်” “ကာလေးမြို့ သမိုင်း” စာအုပ်ပါ အချက်အလက်တချို့ကို အခြေပြု၍ ဤ ၀တ္ထုကိုဖွဲ့ပါသည်။ အရိမညမြို့၊ နွယ်ပတ်မြို့ဆိုင်ရာ အချက်အလက်များမှအပ၊ ကျန်အချက်အလက်အကြောင်းအရာတို့သည် စာရေးသူ၏ စိတ်ကူးသာဖြစ်ပါသည်။ မည်သို့ဆိုစေ၊ ဤ၀တ္ထုအတွက် အခြေခံအချက်အလက်များ ရရှိစေခဲ့သော “ကာလေးမြို့သမိုင်း” ပြုစုသူ ဆရာတော် အရှင် ပဒုမ၏ ကျေးဇူးတရားကို မှတ်တမ်းပြု ပူဇော်အပ်ပါသည်။ စာရေးသူ)

ကလေးမြို့နယ် မဂ္ဂဇင်း၊ ၁၉၈၅-၈၆ ခုနှစ်မှ ကူးယူ ဖေါ်ပြပါသည်။

ဆက်လက်ဖတ်လိုလျှင် ....>>

Contact

Image Hosting by imagefra.me ဆက်သွယ်ဝေဖန်အကြံပေးနိုင်ပါသည်။