““ တွဲလက်များဖြင့် ကူညီမည် ””
==========================
(မြတ်-ကလေး)
စာသင်ကျောင်းဟုခေါ်သော်လည်း လူနေအိမ်ကို အသွင်ပြောင်းထားခြင်းသာ ဖြစ်သည်။ ကျောင်းရှေ့တွင် အလံတိုင်တစ်ခုရှိသော်လည်း ကျောင်းပိတ်ရက်မို့ အလံလွှင့်ထူထားခြင်းမရှိ။ သို့သော် ထိုကျောင်းငယ်လေးမှ စာသင်ကြားနေသော အသံများ ထွက်ပေါ်လာသည်။
“ အပင်တွေကို သက်ရှိများလို့ ခေါ်ရင် မှန်လား၊ မှားလား(မှန်)၊ လူသည် တိရိစ္ဆာန်လို့ ခေါ်သည် ဆိုရင် မှန်လား မှားလား(မှန်) ” ဟု ကလေးများက ပြိုင်တူ အော်လိုက်ကြသော အခါ စာသင်ကြားပေးနေသူမှာ ပထမကြောင်အမ်းအမ်းဖြစ်သွားပြီးနောက် မျက်နှာက ပြုံးစိစိဖြစ်သွားလေသည်။
ယင်းမှာ ကလေးမြို့နယ်၊ ရွာစည်ရွာသာအုပ်စု၊ ကဗျင်းချောက်ကျေးရွာရှိ မူလတန်းကျောင်း၏ ပစ္စက္ခ အခြေအနေဖြစ်ပါသည်။ ကျောင်းသားများမှာ တကယ့်အစစ်ကျောင်းသားများ ဖြစ်ကြသော်လည်း သင်ပေးနေသော ဆရာကတော့ အစစ်မဟုတ်။
ကလေးမြို့အခြေစိုက် တွဲလက်များ ပရဟိတအဖွဲ့ဝင် အစိုးရ၀န်ထမ်း တစ်ဦးဖြစ်ပြီး ကလေးငယ်များအတွက် စာရေးကိရိယာများနှင့် အဟာရဒါန (ကြက်သား ဆန်ပြုတ်) လာရောက်လှူဒါန်းစဉ်တွင် ကလေးများနှင့် ရင်းနှီးမှုရှိစေရန် စာသင်ကြားပေးနေခြင်း ဖြစ်သည်။
ကဗျင်းချောက်ကျေးရွာမှာ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းရှိ ဝေဘူလကြိုးဝိုင်းအတွင်း တည်ရှိသော်လည်း လမ်းပန်းဆက်သွယ်ရေးမှာ ကလေးမြို့နှင့် ပိုနီးသဖြင့် ကလေးမြို့နယ်အတွင်းသို့ ရောက်ရှိနေခြင်းဖြစ်ပြီး ခွာလ်ဆင်း ချင်းတိုင်းရင်းသားများနေထိုင်သော ကျေးရွာဖြစ်သည်။
၁၉၁၆ ခုနှစ်ကစတင်ရွာတည်နေထိုင်ခဲ့ကြပြီး လက်ရှိတွင် အိမ်ခြေ ၃၃ အိမ်၊ လူဦးရေ ၁၄၀ ဦးရှိကြောင်း၊ မူတန်းကျောင်းအား ၁၉၉၀ ခုနှစ်တွင် စတင်ဖွင့်လှစ်နိုင်ခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထန်းပြန်းက ပြောပြသည်။
ထူးခြားသည်က ရွာရှိကျောင်းမှာ မူလတန်းကျောင်းဖြစ်သော်လည်း အတန်းစုံသင်ကြားပေးရခြင်းမျိုးမဟုတ်။ ယခုနှစ်တွင် သူငယ်တန်း၊ ပထမတန်းနှင့် တတိယတန်းကိုသာ သင်ကြားရပြီး ကျောင်းသားမရှိခြင်းကြောင့် ဖြစ်ကြောင်း ယင်းကျောင်းမှ ကျောင်းဆရာ ဦးငွန်ဟဲရ်က ပြောဆိုသည်။
“ ကလေးတွေကို သင်ပေးရတာ မြန်မာစာပိုခက်တယ်။ ကျန်တဲ့ဘာသာတွေလည်း အခက်အခဲရှိပါတယ်၊ မြန်မာစကားရယ်၊ ချင်းစကားရယ်၊ ကျွန်တော်တို့ ခွာလ်ဆင်းစကားရယ် အဲဒီသုံးမျိုး ရောပြီးကာမှ သင်ပေးနေရတာ ” ဟု ၄င်းက ကလေးများကို ကြည့်ရင်း ပြောပြသည်။
ယခုနှစ်တွင် ကျောင်းအုပ်ဆရာမကြီးအပါအ၀င် ၀န်ထမ်းအင်အား သုံးဦးရှိပြီး ကလေးငယ် ၁၅ ဦးကို စာသင်ကြားပေးရကြောင်း၊ သူငယ်တန်း ရှစ်ဦး၊ ပထမတန်း နှစ်ဦးနှင့် တတိယတန်း ငါးဦးဖြစ်ကြောင်း၊ ကျောင်းနှင့် ပတ်သက်၍ မြို့နယ်ပညာရေးမှူးရုံးမှ မည်သည့်ထောက်ပံ့မှုမျိုးမှ မရရှိခဲ့ကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။
လက်ရှိ ကဗျင်းချောက်ကျေးရွာအနေဖြင့် တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ၂ ဦးရှိပြီး ကလေးတက္ကသိုလ်တွင် ပညာသင်ကြားနေဆဲဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထန်းပြန်းက ပြောဆိုသည်။
တွဲလက်များ ပရိဟိတအဖွဲ့အား ကလေးမြို့ရှိ Online သုံးစွဲသော စာပေ၀ါသနာရှင်များ၊ သတင်းထောက်များဖြင့် ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့တွင် ပညာသင်ကြားရန်ခက်ခဲချို့တဲ့သော ကျောင်းသားကျောင်းသူများ ပညာသင်ကြားနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးရန် ရည်ရွယ်ချက်ဖြင့် စတင်ဖွဲ့စည်းခဲ့ကြောင်း တွဲလက်များ အဖွဲ့ဝင် ဦးမျိုးသက်နိုင်က ပြောဆိုသည်။
“ ကလေးတွေရဲ့ ပညာရေးနဲ့ ကျန်းမာရေးကို အဓိက ကူညီချင်တာ။ လက်ရှိမှာတော့ ချို့တဲ့တဲ့ကျောင်းတွေကို စာရေးကိရိယာတွေ လှူဒါန်းတာပဲ လုပ်နိုင်သေးတယ် ” ဟု ၄င်းက ဆက်လက်ပြောဆိုသည်။
၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှ စတင်ကာ သာစည်မိဘမဲ့ပရဟိတကျောင်း၊ အောင်ရွာဘုန်းတော်ကြီးသင် ပညာရေးကျောင်း(နှစ်ကြိမ်)၊ ကျွန်းတောရေရှင်ကျေးရွာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(နှစ်ကြိမ်)၊ မြလင်းကျေးရွာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ အေးရိပ်မွန် အမျိုးသမီး မိဘမဲ့ဂေဟာ၊ ဖောင်ကူးကျေးရွာ မူလတန်းကျောင်း၊ အိုးမြေထူးကျေးရွာ မူလတန်းကျောင်း၊ ကဗျင်းချောက်ကျေးရွာ မူလတန်းကျောင်းများသို့ စာရေးကိရိယာများ လှူဒါန်းနိုင်ခဲ့ပြီး လက်ရှိအချိန်ထိ လှူဒါန်းမှုပေါင်း ၁၀ ကျောင်း၊ လှူဒါန်းငွေပေါင်း ၂၆ သိန်းခန့်ရှိပြီဖြစ်ကြောင်း၊ အွန်လိုင်းအလှူအဖြစ် စင်ကာပူရောက် ကလေးမြို့သူမြို့သားများ၊ ကိုရီးယားရောက် ကလေးမြို့သူမြို့သားများနှင့် မူဆယ်မြို့စသော ဒေသများမှ လှူဒါန်းမှုများ ရှိခဲ့ကြောင်း တွဲလက်များ၏ မှတ်တမ်းများအရ သိရသည်။

တွဲလက်များ ပရဟိတအဖွဲ့အနေဖြင့် နှစ်စဉ် ကျေးလက်ဒေသရှိ ချို့တဲ့ နွမ်းပါးသော ကလေးများအား ပညာသင်ကြားရာတွင် အထောက် အပံ့ ဖြစ်စေရန် စာရေးကရိယာ များလှူဒါန်းသွားမည်ဖြစ်ကာ ရန်ပုံငွေ အင်အား တောင့်တင်းပါက တက္ကသိုလ်ဝင်တန်း ကျောင်းသားကျောင်းသူ (ချို့တဲ့သူ) အား လစဉ် စာရေးကိရိယာများ ထောက်ပံ့မည်ဖြစ်ကြောင်း၊ ယခု လုပ်ဆောင်လျှက်ရှိသော ရွှေ့ပြောင်း စာကြည့်တိုက်အား စာအုပ်များ တိုးပွားလာစေရန် ဆောင်ရွက်မည်ဖြစ်ပြီး ပညာရေးနှင့် ပတ်သက်သော ကိစ္စများအား အတတ်နိုင်ဆုံး ကူညီ ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးမျိုးသက်နိုင်က ၄င်းတို့အဖွဲ့ ရည်မှန်းချက်ကို ပြောပြသည်။
တွဲလက်များ ပရဟိတအဖွဲ့(ကလေးမြို့)သို့ ဆက်သွယ်လှူဒါန်းလိုလျှင် ဦးမျိုးသက်နိုင်(၀၉၄၇၀၇၂၁၂၃)၊ ဦးအောင်ဆန်းလင်း (၀၉၄၀၀၄၆၅၁၁၁)နှင့် ကမ္ဘောဇ ဘဏ် အကောင့်နံပါတ် KBZ Bank Account No. 0481120000644 သို့ ဆက်သွယ်နိုင်ကြောင်း ယင်းအဖွဲ့က ဆိုသည်။
မြတ်(ကလေး)
The Voice Weekly
ဆက်လက်ဖတ်လိုလျှင် ....>>
ပြန်သိမ်းပေးပါ ....>>