Welcome


Download Apk File

ကလေးမြို့ရဲ့ သတင်းတွေကို Android ဖုန်းထဲကနေ ကြည့်လို့ရတဲ့ Apk file လေးပါ ..။အောက်က လင့်လေးမှာ Down လို့ရပါတယ် ...။ အခုထိတော့ Link မသေသေးပါဘူး ...။
http://www.sendspace.com/file/yud6dl

Thursday, July 29, 2010

သဒ္ဓမ္မပါလသံဃဒါန ဆွမ်းလောင်းအသင်းကြီး

(၃၁၈)ကြိမ်မြောက် ဆွမ်းလောင်းရေစက်ချပြီးစီးခြင်း

ကလေးမြို့ကျက်သရေဆောင်သဒ္ဓမ္မပါလသံဃဒါန ဆွမ်းလောင်းအသင်းကြီး၏ (၃၁၈)ကြိမ်မြောက် စုပေါင်းဆွမ်းလောင်းပွဲကြီး ယနေ့ (၁၉-၇-၂၀၁၀)တွင် အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။ မြို့ပေါ်ကျောင်းတိုက်များမှ ဆွမ်းခံသံဃာတော်ပေါင်း (၆၇၅)ပါးရှိပြီး ဓမ္မရက္ခိတ သုခ၀တီစာသင်တိုက်မှ ဘဒ္ဒန္တ ဥတ္တမ က ဆွမ်းရေစက်ချတရား ဟောကြားချီးမြင့်ခဲ့ပါတယ် ..။


အသင်းကြီးတည်ထောင်ခဲ့ပုံနှင့် လုပ်ဆောင်ချက်အကျဉ်း

ကလေးမြို့သည် သဘာဝပတ်ဝန်းကျင်တောတာင်များနှင့် ၀န်းရံလျက် ရေမြေ ရာသီဥတု ကောင်းမွန်ခြင်း၊ စိုက်ပျိုးသီးနှံများ ဖြစ်ထွန်းအောင်မြင်ခြင်း၊ နယ်မြေဒေသ တည်ငြိမ်အေးချမ်း၍ ခရီးလမ်းဆက်သွယ်ရေး ကောင်းမွန်ခြင်းတို့ကြောင့် လူနေထူထပ်ပြီး စီးပွားရေး ဖွံ့ဖြိုးသော မြို့တစ်မြို့ဖြစ်ပါသည်။ စီးပွားရေးဖွံ့ဖြိုးမှု၏ အကျိုးဆက်အနေဖြင့် ဘာသာ သာသနာသည်လည်း ထွန်းကားပြန့်ပွား၍ သာသနာရောင်ဝါ ထွန်းလင်း တောက်ပ လာလေသည်။ မြို့နယ်တစ်ခွင်တွင် မြန်မာနှင့် ချင်းတိုင်းရင်းသားအများစုတို့ နေထိုင်ကြသကဲ့သို့ လူမျိုးခြား၊ ဘာသာခြားများလည်း ရှိကြပြီး ဘာသာကြီး လေးခုဖြစ်သော ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာနှင့် အစ္စလာမ်ဘာသာဝင်တို့သည် မိမိတို့ ယုံကြည်သက်ဝင်မှုအလျောက် လွပ်လပ်စွာ ကိုးကွယ်လျက်ရှိကြပြီး အေးချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ကြသော ဒေသဖြစ်ပါသည်။
ဗုဒ္ဓဘာသာနှင့်ပတ်သက်၍ ပရိယတ္တိစာသင်တိုက်ကြီး (၉)တိုက်၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ ပဋိပတ္တိဝိပဿနာတရားပြဌာနရိပ်သာများ အပါအ၀င် ဘုန်းတော်ကြီးကျောင်းပေါင်း (၃၅)ကျောင်း၊ သီလရှင်စာသင်တိုက် (၁)တိုက်၊ သီလရှင်ကျောင်း (၅)ကျောင်းတို့ တည်ရှိပြီး ရဟန်းသံဃာသူတော်စင်ယောဂီနှင့် သီလရှင်စုစုပေါင်း (၁၀၀၀)ကျော်တို့ သီတင်းသံကလေးမြို့ကျက်သရေဆောင်ုးလျက် သာသနာပြုကြသဖြင့် သာသနာရောင်ဝါ ထွန်းလင်းတောက်ပသော မြို့ကလေးတစ်မြို့အဖြစ် ရှိနေပါသည်။ သာသနာ့ကိစ္စများတွင် ဆရာ+ဒကာ တာဝန်များရှိရာ ရဟန်းတော်များဖက်မှ တာဝန်ကျေကြသကဲ့သို့ မြို့သူမြို့သား နယ်သူနယ်သား ဒကာ+ဒကာမများဖက်မှလည်း စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် သာသနာတော်မြတ်ကြီးအတွက် လိုအပ်သော ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးဟူသော ပစ္စည်းလေးပါးကို မပြတ်မလပ်ရအောင် ဖြည့်ဆည်းလှူဒါန်း ထောက်ပံ့ကြသည်ကို တွေ့ရပါသည်။
ဒါယကာ+ဒါယိကာမများအနေဖြင့် မိမိတို့၏ ဘာသာရေးဆိုင်ရာ ကိစ္စများဆောင်ရွက်ရာတွင် ဒါနအမှု၊ သီလအမှု၊ ဘာဝနာအမှုများကို တရားဟော တရားပြဌာန(ရိပ်သာ)များတွင်သာ အများအားဖြင့် ပြုလုပ်ရသည်ဖြစ်ရာ အရောက် အပေါက်များသည့်အတွက် ထိုကျောင်းများတွင် လိုအပ်သော ပစ္စည်းလေးပါးကို သိသည့်အလျောက် လှူဒါန်းမှုတို့ကိုလည်း ပြုလုပ်ဖြစ်ကြလေသည်။ ဒကာ+ဒကာမများနှင့် အထိအတွေ့နည်းပြီး မိမိတို့ ပရိယတ္တိစာပေကိုသာ တစိုက် မတ်မတ်ကြိုးကုတ်အားထုတ်နေကြရသော ပရိယတ္တိ၀န်ဆောင် စာသင်တိုက်များမှာမူ ဒကာ+ဒကာမများ အရောက်အပေါက်နည်းသည့်အလျောက် သတိမမူမိသဖြင့် လိုအပ်သော ပစ္စည်းလေးပါး လှူဒါန်းထောက်ပံ့မှု နည်းနေသည်ကို သဘာဝကျစွာ လေ့လာတွေ့ရှိရပါသည်။ အချို့စာသင်တိုက်တို့တွင် ဆွမ်းကွမ်းကိစ္စချို့တဲ့သည့်အတွက် သင့်တင့်မျှတအောင် ချွေတာသုံးဆောင်မှီဝဲရင်း သာသနာ့တာဝန်ကို ကြိုးစားထမ်းဆောင်နေရသည်ကို တွေ့ရှိရပါသည်။
သို့အတွက် သင့်တင့်မျှတသော ကျောင်းများတွင်လည်း ပြည့်စုံကုံလုံလာစေရန် ချို့တဲ့သောကျောင်းများတွင်လည်း အဆင်ပြေချော့မွေ့၍ ပြည့်စုံသည်အထိ ဖြစ်လာ စေရန်ဟူသော ရည်ရွယ်ချက်ဖြင့် ပုဂ္ဂိုလ်စွဲ၊ ကျောင်းစွဲ၊ ဂိုဏ်းဂဏစွဲမထားဘဲ သာသနာတော်အတွက်သာဟူသော မူကိုချမှတ်၍ မိမိတို့တတ်စွမ်းသမျှ တစ်ပိုင်းတကဏ္ဍမှ တာဝန်ယူကြရန်ဟူသော စိတ်ဆန္ဒသည် သဒ္ဓမ္မပါလသံဃဒါန ဆွမ်းလောင်းအသင်းကြီး ပေါ်ပေါက်လာရခြင်း၏ အကြောင်းအရင်းဟုဆိုလျှင် မှားအံ့မထင်ပေ။

အသင်းကြီးပေါ်ပေါက်လာပုံ
ဟိန္ဒူဘုရားကျောင်းဝင်းအတွင်း နာဂလှိုင်ဂူဆရာတော်ဘုရားကြီး ကမကထပြု၍ တည်ထားကိုးကွယ်တော်မူသော ရေဆန်ကျွန်းမြတ် ဗောဓိ သတ်ရုပ်ပွား တစ်ထောင်စေတီတော်မြတ်၏ ပထမအကြိမ် ဗုဒ္ဓပူဇနိယပွဲတါင် အထူးတရားပွဲကိုပါ ထည့်သွင်းကျင်းပရန် ကြိုးပမ်းကြရာမှ စကားလှဓမ္မာရုံဆရာတော်ကြီး ဘဒ္ဒန္တဓမ္မပါလ၏ တိုက်တွန်းနိုးဆော်မှုနှင့် စီစဉ်မှုတို့ကြောင့် နှစ်စဉ်ကြွရောက်မြဲဖြစ်သော စစ်ကိုင်းတောင်ရိုး သီတဂူဆရာတော်ဘုရားကြီး၏ တမူးမြို့အထူးတရားပွဲ ခရီးစဉ်တွင် ကလေးမြို့တွင်လည်း အထူးတရားပွဲကျင်းပနိုင်ရန်အတွက် ကလေးမြို့ ဟိန္ဒူဘုရားကျောင်း(ရေဆန်ကျွန်းဘုရား) ဂေါပကအဖွဲ့မှ ၂၀၀၂-ခုနှစ် ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် အစည်းအဝေးခေါ်ယူ၍ တရားပွဲဖြစ်မြောက်ရေးကော်မတီဖွဲ့စည်း စီစဉ်ခဲ့ရာ ( ၂၇-၂-၂၀၀၂ )နေ့တွင် သီတဂူဆရာတော်ကြီး၏ ပထမအကြိမ် အထူးတရားပွဲကြီး ခြိမ့်ခြိမ့်သဲအောင်မြင်စွာ ပြီးစီးခဲ့လေသည်။
ရေဆန်ကျွန်းမြတ်ဗောဓိသတ်ရုပ်ပွားတစ်ထောင်စေတီ၏ ပထမ အကြိမ် ဗုဒ္ဓပူဇနိယ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် မဟာစည်ရိပ်သာမှ အကျိုးဆောင်များ ယောဂီဝတ်အသင်းများ ပါဝင်အားဖြည့်ပေးရန် ဟိန္ဒူဘုရားကျောင်း(ရေဆန်ကျွန်းဘုရား) ဂေါပက ဦးဝင်းစိန်နှင့် ဦးဌေးအောင်တို့၏ မေတ္တာရပ်ခံချက်ဖြင့် မဟာစည်ရိပ်သာ အကျိုးဆောင်အတွင်းရေးမှူး ဦးစိုးကြီး၏ စီစဉ်ကူညီပံ့ပိုးမှုကြောင့် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည်မှ အစပြုကာ သာသရေးဆိုင်ရာ ကိစ္စများတွင် ၀ါသနာတူများ လက်တွဲမိကြသည်။ ၂၀၀၂-ခုနှစ် ကုန်ဆုံး၍ ၂၀၀၃-ခုနှစ်တွင် ဒုတိယအကြိမ် သီတဂူဆရာတော်ကြီး၏ အထူးတရားပွဲအချိန် နီးကပ်လာခဲ့ရာ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ကြရင်း ကလေးမြို့တွင် လစ်ဟာနေသော သာသနာပြုလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်ရမည့် သာသနာရေး ကိစ္စများကို တိုင်ပင်ဆွေးနွေးခဲ့ကြရာ ဦးစိုးကြီးက ဆွမ်းလောင်းအသင်းဖွဲ့ရန်ကိစ္စ ဖွင့်ဟလာလေသည်။ မြို့ပေါ်တွင် တပိုင်တနိုင် သူ့ရပ်ကွက်၊ ကိုယ့်ရပ်ကွက်၊ သူ့ကျောင်း၊ ကိုယ့်ကျောင်းအလိုက် ဆွမ်းလောင်းဆွမ်းကပ်အဖွဲ့များ ရှိကြသော်လည်း တစ်မြို့နယ်လုံးဆိုင်ရာ ဆွမ်းလောင်းအသင်းဟူ၍ မရှိသေးသဖြင့် ထိုကိစ္စဆောင်ရွက်နိုင်လျှင် ကလေးမြို့သာသနာတော်အတွက် အကျိုးများမည်ကို မျှော်ရည်မိကြလေသည်။ သို့နှင့် ဦးဌေးအောင်၊ ဦးစိုးကြီး၊ ဦးဝင်းစိန်၊ ဦးစိုးဝင်း၊ ဦးဘောက်သီး၊ ဦးမော်ဟန်း၊ ဦးကြည်စိုးဦး စသော ၀ါသနာ၊ စေတနာတူ ပုဂ္ဂိုလ်များစုစည်း၍ ကျယ်ကျယ်ပြန့်ပြန့်တိုင်ပင် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ခဲ့ကြလေသည်။
ထိုသို့ဖြင့် (၂၂-၅-၂၀၀၃)နေ့တွင် ဒုတိယအကြိမ် အထူးတရားပွဲကြီးသို့ တရားချီးမြင့်ရန် ကြွရောက်လာစဉ် ဆရာတော်ခေတ္တသီတင်းသုံးရာ စကားလှ ဓမ္မာရုံကျောင်းတွင် သီတဂူဆရာတော်ကြီးထံ ချဉ်းကပ်၍ ဆွမ်းလောင်းအသင်းကိစ္စ လျှောက်ထားအမည်တောင်းခံခဲ့ကြရာ ဆရာတော်ကြီးက ၀မ်းပမ်းတသာ ထောက်ခံကြိုဆိုအားပေး၍ သဒ္ဓမ္မပါလသံဃဒါနဆွမ်းလောင်းအသင်းဟူသော အမည်ကမ္ဗည်းမော်ကွန်း တွင်စေကာ သြ၀ါဒစကားမြွက်ကြားတော်မူခဲ့လေသည်။ (၂၂-၅-၂၀၀၃)မှ (၂၃-၅-၂၀၀၃)အထိ ဒုတိယအကြိမ် သီတဂူအထူးတရားပွဲကြီးကို တက်ညီလက်ညီ ကြိုးစားအားထုတ်ကြ၍ ပိုမိုအောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့ကြလေသည်။
ဒုတိယအကြိမ် အထူးတရားပွဲအပြီးတွင် သီတဂူဆရာတော်ဘုရားကြီး၏ သြ၀ါဒစကားကို ခံယူ၍ ဆွမ်းလောင်းအသင်းဖွဲ့စည်းရေးကိစ္စကို ဆောင်ရွက်ကြရာ (၂၇-၅-၂၀၀၃)နေ့တွင် မြို့မဈေးကော်မတီဥက္ကဋ္ဌ ဦးဌေးအောင်၏စီစဉ်ပေးမှုဖြင့် ဈေးမိဈေးဖကိုယ်စားလှယ်များနှင့် မြို့မဈေးရုံးခန်းတွင် တွေ့ဆုံဆွေးနွေးခဲ့ရာ ဦးစိုးကြီးမှ ဆွမ်းလောင်းအသင်းဖြစ်မြောက်ရေးနှင့်ပတ်သက်၍ တင်ပြရာဆွေးနွေးခဲ့ရာ အထူးပင်အောင်မြင်ခဲ့လေသည်။ တဆက်တည်းမှာပင် (၆-၆-၂၀၀၃)နေ့နှင့် (၁၄-၆ ၂၀၀၃)နေ့များတွင် ဟိန္ဒူဘုရားကျောင်း(ရေဆန်ကျွန်း) ဓမ္မာရုံတွင် မြို့မိမြို့ဖများနှင့် ၀ါသနာတူများ စုပေါင်းတွေ့ဆုံဆွေးနွေးခဲ့ကြရာ - သြ၀ါဒစရိယဆရာတော်များ ရွေးချယ်ရေး၊ နာယကပုဂ္ဂိုလ်များရွေးချယ်ရေးနှင့် အလုပ်အမှုဆောင်များ ရွေးချယ်ရေးတို့ကို လျာထားသတ်မှတ်ကြပြီး ရှေ့လုပ်ငန်းစဉ်များကို ညှိနှိုင်းတိုင်ပင်ဆွေးနွေးခဲ့ကြပါသည်။
ထိုသို့ဖြင့် ၁၃၆၅-ခုနှစ်၊ ၀ါဆိုလပြည့်ကျော် (၈)ရက်၊ (၂၁-၇-၂၀၀၃)နေ့တွင် သဒ္ဓမ္မပါလသံဃဒါန ဆွမ်းလောင်းအသင်းကြီး၏ ပထမအကြိမ်မြောက် မြို့လုံးကျွတ်ဆွမ်းလောင်းပွဲကြီးကို စတင်ဖွင့်လှစ်နိုင်ခဲ့လေသည်။

ဆက်လက်ဖတ်လိုလျှင် ....>>

Wednesday, July 28, 2010

ရာစုသစ် ဝမ်းစာ

အနားသတ်မျဉ်းမညီတဲ့ ပန်းချီကားတစ်ချပ်လို ဘဝကို စိတ်လိုလက်ရ ခံစားပစ်လိုက်စမ်း။

ငှက်တွေအိပ်တန်းပျံတာကိုကြည့်ဖို့ မြို့ပြင်ထွက်လာခဲ့တယ်။ ဘေးကသူငယ်ချင်းကတော့ ငါ့ကို နားလည်ပေးတဲ့ မျက်ဝန်းတွေနဲ့ကြည့်လို့။ ငှက်တွေပျံလာလိုက်ကြတာ။ ဒီ ကဘော်ကြီးရဲ့ ဟိုဘက်စွန်း တောင်ရိုးမှာနားခိုကြလေမလား ...။ ဟုတ်ပါရဲ့။ လွတ်လပ်တဲ့လေထုမှာ လွတ်လပ်စွာပျံကြ။ အိပ်တန်းနေရာတွေမှာ မိသားတစ်စု စုံစုံလင်လင်နဲ့ စီစီညံနေအောင် အော်ဟစ်မြူးတူးကြဦးမယ်။ တစ်ချို့က လေးကိုင်းလို အုပ်စုဖွဲ့ပျံလို့။ တစ်ချို့က စစ်ဗျူဟာခင်းသလို အထပ်ထပ်ဝန်းရံလို့။ လှလိုက်တဲ့ငှက်တွေ။ ချုပ်စနေခြည်အောက်မှာ ဆေးရောင်စိုနေတဲ့ ကချေသည်တွေလိုပါပဲ။ အော်...။ ဘဝ။ ဘဝ။ ဖြစ်တည်ရာတွေ ဘယ်လိုပဲကွာကွာ အိပ်ပြန်ချိန်တွေကိုတော့ အားလုံးမျှော်ကြမှာပဲ။
သူငယ်ချင်းနှစ်ယောက် ဘာစကားမှမပြောဖြစ်ဘဲ ညနေပိုင်းလေးကုန်သွားတယ်။ ]ပြန်ကြရအောင်ကွာ} တဲ့။ ကိုယ်မပိုင်တဲ့ညတွေ သိပ်များလွန်းလှပြီ။ သိပ်လှတဲ့ညတွေမှာ ကိုယ်တစ်ယောက်တည်းလွတ်လွတ်လပ်လပ် နေပစ်လိုက်ချင်မိပါရဲ့။ လရောင်အောက်မှာ တန်းလျားလေးတစ်လုံးချပြီး ခြေပစ်လက်ပစ်လဲလျောင်းမယ်။ ကြယ်တွေကို ရေတွက်ကြည့်မယ်။ လ ရဲ့ မျက်နှာပြင်ကို စေ့စေ့ကြည့်ရင်း သီချင်းတစ်ပုဒ်ကို တစ်ပိုင်းတစ်စ ညည်းမယ်။ ငြိမ့်ကနဲ တိုက်လာတဲ့ လေညင်းက ကိုယ့်ဘဝအပူတွေကို စုပ်ယူသွားမှာ သေချာတယ်။ ပတ်ဝန်းကျင်ရဲ့ တောတောင်သံ စူးစူးညက်ညက်လေးတွေလည်း သံစုံတီးဝိုင်းကအသံတွေလို နားထောင်နေမယ်။ ကိုယ်ရချင်ခဲ့တာက အဲဒီလိုညတွေလေ။ လူငယ်တစ်ယောက်ပီပီ အဲဒီလိုညတွေကို တစ်ယောက်တည်း စိတ်ရှိသလို သုံးလိုက်ချင်တာ။
အပြန်လမ်းမှာတော့ မြို့ကလေးရဲ့ အနောက်ဘက်တောင်တန်းမှာ နေလုံးပျောက်သွားတာကြာပြီ။ ခေတ်နဲ့အညီ စည်ကားတိုးတက်လာတဲ့ မြို့ကလေးမှာ မီးလုံးတွေ လေထဲမျောလာသလို လမ်းတစ်လျှောက်မီးရောင်စုံ စီးမြောလို့။ အပြန် အသွား၊ အချိုးအကွေ့ ၊ အဖြောင့်၊ အဖြတ်။ ဦးတည်ရာအမျိုးမျိုးနဲ့ ယာဉ်မျိုးစုံ။ အိမ်ပြန်ကြလေသလား။ ဟုတ်မှာပါ။ အိမ်ပြန်ကြတာပဲဖြစ်မယ်ထင်ပါရဲ့။ တစ်ခါတစ်ခါ အိတ်ဇောပေါက်နေတဲ့အသံနဲ့ ဘေးကနေ ပွတ်ကာသီကာ ရှောင်ထွက်သွားတတ်သေးရဲ့။ ဘာအဓိပ္ပာယ်ရှိလို့လဲ။ မမေးနဲ့။ လူငယ်တွေဘဝမှာ အဓိပ္ပာယ်တွေ၊ ဘာတွေနဲ့ သိပ်လေးနက်နေကြမှာမဟုတ်ဘူး။ လူငယ်တွေက လွတ်လပ်တယ်။ တက်ြွကတယ်။ နောက်စိတ်စေရာအတိုင်း ပြုမူတတ်ကြတယ်။ ကိုယ်အားကျတဲ့ လူငယ်ဘဝ။
(သား အိမ်ထောင်မပြုချင်သေးဘူးမေမေ....}လို့ ဟိုးအဝေးကြီးက အမေ့ကို တိုးတိုးလေးလှမ်းပြောမိတယ်။ ဝတ္ထုစာအုပ်တစ်အုပ်လို ဘဝရဲ့အဆုံးသတ်ပိုင်းကို ကျော်ဖတ်ကြည့်လိုက်ရရင်လည်း ကောင်းသား။ လက်ထပ်မယ့်နေ့ရက်ကို ရင်မောစွာစောင့်နေမယ့် ကောင်မလေးလည်း မိဘလယ်ယာမှာ ပင်ပင်ပန်းပန်းကူနေရလောက်ပြီပေါ့။ သူလည်း အတူဆုံရမယ့် ရက်တွေကို စောင့်နေမှာသေချာတယ်။ တကယ်တော့ ကိုယ်က နှစ်ကိုယ်တူဘဝအတွက် ဘာမှ အဆင်သင့်မဖြစ်သေးတဲ့လူ။ အိမ်ပြန်ဖြစ်တိုင်း မျှော်လင့်ချက်တွေနဲ့စောင့်နေတဲ့ သူ့အတွက် ဟန်ဆောင်စကားတွေနဲ့ ကတိပေးရပေါင်းများခဲ့ပြီ။ ဒီတစ်ခါ အသေအချာပဲလို့ တည်တည်တံ့တံ့စကားဆိုချင်နေပါပြီလေ။
ည (၇)နာရီ ထိုးပြီဆိုရင် ကိုယ်က ]ဘုစုခရုတွေ} လို့အပြောခံရရင် စိတ်ဆိုးတတ်တဲ့ ကလေးတွေကြားမှာ။ ]ရှင်းပြပေးပါဦး}ဆိုပြီး စာကူကျက်ခိုင်းတဲ့သူတွေ၊ ညီမျှချင်းရဲ့ တစ်ဘက်က ကိန်းကို အခြားတစ်ဘက်ရောက်အောင် မှန်မှန်မပို့တတ်တဲ့သူတွေ၊ အလေးလံဆုံး ဝန်ထုပ်ကိုပိုက်ပြီး ခပ်တည်တည်နဲ့ ငိုက်နေကြသူတွေ၊ မဟားဒယားခက်လှတဲ့ ပုစ္ဆာကြီးတွေကို ရွေးမေးပြီး ဆရာကို အကဲစမ်းကြတဲ့သူတွေ၊ ပြီတည်တည်နဲ့ မခိုးမခန့်ကြည့်တတ်တဲ့သူတွေ... စတဲ့ စတဲ့ စရိုက်အမျိုးမျိုးနဲ့ ကလေးတွေကြားမှာ။ တစ်ခါတစ်လေတော့ သူတို့ကို ကိုယ်ပြောတတ်သမျှနဲ့ ဆုံးမစကားတွေ ပြောနေမိပြန်ရော။ ]အင်း ကိုယ်ကိုယ်တိုင်ကရော ...... စံထားစရာဘဝ ဟုတ်ရဲ့လား။ ဟုတ်မှာပါလေ}လို့ ရသေ့စိတ်ဖြေ ဖြေရတယ်။
ည (၁၁)နာရီထိုးရင်တော့ ကိုယ့်ရဲ့ အိပ်ယာဝင်ခရီးမှာ ဓာတုဗေဒညီမျှခြင်းတွေ၊ စာကြည့်မီးတောင် ဗဃ.ီဃ မခွဲတတ်သူတွေက မေးလိုက်ကြတဲ့ ခေတ်ပေါ် ရူပဗေဒပစ္စည်းတွေအကြောင်း၊ ဖားခုန်သလို ပုံမှန် ခုန် ခုန်သွားတဲ့ ဗဏ ကိန်းစဉ်တွေအကြောင်း၊ ဟိုအကြောင်း၊ သည်အကြောင်းတွေနဲ့ စိတ်ထဲမှာ မွန်းကြပ်လို့။ ]ဟူး] ဆိုပြီး အိပ်ယာထက်မှာ ဝမ်းထဲကလေပူတွေကို မှုတ်ထုတ်ပစ်မိတယ်။ အိပ်ခန်းလေးရဲ့ အပူငွေ့ထက် ရင်ထဲကအပူငွေ့က ပိုပါတယ်လေ။
ညအိပ်မပျော်ခင်လေးမှာ ကိုယ်တို့ကျောင်းရဲ့ အမှတ်တရထုတ်တဲ့ မဂ္ဂဇင်းကို ဖတ်မိတယ်။ ]ပညာချွန်သူတို့ရဲ့ အမှတ်တရစကားများ}တဲ့။ ဟုတ်တယ်။ ကိုယ့်အတန်းဖော်တွေရဲ့စကားတွေပေါ့။ သူတို့ဓာတ်ပုံတွေနဲ့။ စင်ပေါ်ရောက်နေကြပြီဆိုတော့လည်း ပြောသမျှ တင့်ကြပါပေတယ်။ ကိုယ်ကတော့ သူတို့စကားတွေနဲ့ သူတို့ရဲ့ပုံရိပ်တွေ ထပ်ထပ်မြင်လာလို့ ပြုံးမိပါသေးရဲ့။ ]တော်သဟေ့။ ကြိုးစားကြကွာ} လို့ စိတ်ထဲကနေ မုဒိတာနဲ့ အားပေးမိတယ်။
ကိုယ်မှာတော့ ကိုယ့်မိသားစုလေးရဲ့ ခြောက်ကပ်ကပ် အဆီအနှစ်တွေကို ငဲ့ခဲ့ရ၊ မုဆိုးမ မိခင်အိုကို ငဲ့ခဲ့ရ၊ ညီငယ် ညီမငယ်လေးတွေရဲ့ရှေ့ရေးကို ငဲ့ခဲ့ရ။ ငဲ့ခဲ့ရတာတွေကလည်း အများသားလေ။တက္ကသိုလ်ဝင်ခွင့် အကြောင်းကြားစာတွေ ရောက်လာချိန်က မိသားစုရဲ့ ငိုသံတွေကို ခုထိမမေ့သေး။ အထူးသဖြင့် မုဆိုးမ အမေရဲ့ ငိုသံတွေ။ ]သားရယ် အမေတာဝန်မကျေတော့ဘူး}တဲ့။ ပြောပြောပြီး ငိုတတ်တဲ့အမေ။ သားတစ်ယောက်ကို ပြန်တောင်းပန်တဲ့ အမေ။ ]သူများတွေပို့သလို အဲဒီကျောင်းကြီးကြီးတွေဆီ သားကိုပို့ချင်ခဲ့တာ}တဲ့လေ။ ပြန်တွေးကြည့်ပြန်တော့လည်း ငွေကုန်များမယ့် ကျောင်းကြီးတွေဆီ မတက်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အဲဒီတုန်းက ကိုယ့်ဆုံးဖြတ်ချက်တွေကို အခုထိ ကျေနပ်နေတုန်း။ ]အဝေးသင်တက္ကသိုလ်ဆိုတာလည်း သူ့ဂုဏ်နဲ့သူပါအမေ} လို့ အမေ့ဆီ စိတ်မှန်းပြီး အိမ်ပြန်ချိန်တွေကို တမ်းတမိပြန်ရော။
အခုတော့ ကိုယ့်မှာ ကိုယ်ပို့တဲ့ ရေညှိအားဆေးဗူးလေးတွေကြောင့် ပီတိစွမ်းနဲ့ ကျန်းမာနေတဲ့အမေရယ်၊ ကိုယ့် ရင်ငွေ့နဲ့ ရင်းနှီးခဲ့ရတဲ့ ဘွဲ့တစ်ခုရယ်၊ ကိုယ့်ဝင်ငွေလေးနဲ့ ကျောင်းထားပေးတဲ့ ညီမငယ်လေးရယ်၊ ကိုယ်သင်သမျှကို ]နားလည်တယ်ဗျ}လို့ အားပါးတရအော်တတ်တဲ့ တပည့်တွေရယ်၊ ဒါတွေကိုပဲ ကိုယ့်ဘဝလို့ဆိုစေတော့။ ]အင်း ..ကိုယ့်ကိုယ်ကို ကျေနပ်နေနိုင်ဖို့လိုတယ် } ဆိုပြီး အိပ်စက်ဖို့လုပ်တော့ ည (၁၂)နာရီထိုးနေပြီ။ အဲဒီည အိပ်မက်ထဲမှာတော့ ကိုယ်ဟာ အိမ်ပြန်ခရီးကို စိတ်လိုလက်ရ နှင်လို့။

ကောင်းလူ ( မြ န် မာ စာ )

(၂၀၁၀ခုနှစ်၊ ဇူလိုင်လထုတ်၊ ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်း)




ဆက်လက်ဖတ်လိုလျှင် ....>>

Sunday, July 25, 2010

စိတ်တခု၏ အိုဇုံးလွှာ

ရုန်းကန်ရင် ဖဲ့ယူမိ
စိတ်ရှိတိုင်း ဆွဲခေါ်မိ
တွေ့မိတိုင်း ကူးယူမိ
ဒီလိုနဲ့ သူ ......

မှီတွယ်ခြင်းတွေ ပျောက်ပြီး
တစိမ်းပြင်ပြင်ဖြစ်လို့
လူထဲကလူဆိုပေမယ့်
မရောထွေးနဲ့တဲ့လေ
ဒီလိုနဲ့ သူနဲ့လူ ......

သွားရာလမ်းက မတူညီနိုင်ဘူးတဲ့
သူ့ကလေးတွေ .....
ခေါ်ချင်ပါတယ်
ထွေးပွေ့ချင်ပါတယ်
ဒီမျက်လုံးတွေနဲ့ ကင်းဝေးရာ
ဒါဟာ ကမ္ဘာလို့
ယုယတဲ့လက်တတွေရှိတယ်
ချိုသာတဲ့ စကားလုံးတွေနဲ့
ကြည်လင်တဲ့ အကြည့်လှတွေကြောင့်
သူတို့ပျော်မှာပါလို့ ....

သို့သော်လည်းကွယ်
နေရာတိုင်းမှာ ရုံးကန်ခြင်းတွေနဲ့
သူတို့တွေ အသားကျဖို့တော့ လိုလိမ့်မယ်
ဒုက္ခလည်းရုန်းကန်ခြင်း
ငြိမ်းအေးရာလည်း ရုံးကန်ခြင်းမို့
သူတို့အတွက် ငါတို့တွေရဲ့ အလုပ်
တကယ်ပဲ.....
မြေပြင်ပေါ်မှာ လမ်းလျှောက်ပေးနေပြီလားဆိုတာ
စဉ်စားရင်းစဉ်းစားရင်း
ကြည့်မိ
ထိမိ
ငေးမိ
ဖြုတ်ချမိ
ဆွဲထူမိ
လက်လှမ်းမိ
ဖြေသိမ့်မိ
ပြောနေမိ
ကူညီမိ
ဒီလိုနဲ့
သူတို့နဲ့ငါဟာ ....
အထီးကျန်ခြင်းတွေတော့ တူညီနေပါပြီ

စဉ်းစားရင်း စဉ်းစားရင်း
စိတ်နဲ့ ဘ၀မြုတ်ထားလိုက်ဖို့ဆိုရင်
အခုဆို... ငါ့တစ်ယောက်ထည်းဖြစ်နေခဲ့တော့
ဒီအခန်းကျဉ်းထဲမှာ ....။
ငါ့စာနာခြင်းတွေနဲ့
ငါ့ရဲ့ ကမ္ဘာ .....။

ရွှေသတ္တိ
( ပိတောက်ပွင့်သစ်- အမှတ်-(၃၂)၊ ဇူလိုင်လ၊၂၀၁၀)

ဆက်လက်ဖတ်လိုလျှင် ....>>

သံသယ

စာရွက်တွေကို ဖြန့်လိုက်တာပါပဲ
မှင်အစိုကို ကြိုက်ပေမယ့် ပြဿနာနည်းနည်းတော့ရှိတယ်
ပြတင်းပေါက်မြင်ကွင်းနောက်ကို စကားလုံးတွေက မလိုက်နိုင်
တချို့စကားလုံးနောက်ကိုလည်း မှတ်ဥာဏ်ကမလိုက်နိုင်
ရီဆိုက်ကယ်ဗင်နဲ့ တူတူလာတဲ့ ကျွန်တော်တို့ ဦးနှောက်တွေဟာ
စက်တွေနဲ့ပိုတူလာပြီး စက်တွေက ဦးနှောက်နဲ့ ပိုတူလာတယ်
မူလစိတ်ကူးတွေ စာကြောင်းရေဘယ်လောက်မှာ ပေါက်ချလာမလဲဆိုတာ
လမ်းမှာတွေ့တဲ့ သူငယ်ချင်းဆီက တိုးတိုး တိုးတိုးတွေလည်း စဉ်းစားစရာပဲ
ဝက်တုတ်ကွေးနဲ့ ကြည်ဇော်အေးဂစ်တာထဲက လက်ကျန်တစ်တိုင်းက အစ
တာလီဘန်ကျည်ဆန်နဲ့ လွဲသွားတဲ့ ဗြိတိန်စစ်သားတစ်ယောက်က အလယ်
ခင်ဗျားက ကျားဘက်ကလား ကျွန်တော့်ဘက်ကလား အဆုံး ဆိုပါတော့
ဒီအရေးအသားထဲက ဆီးဖြူသီးတွေနဲ့ စကောထဲ ရောက်နေတဲ့ စကားလုံးများ
များသောအားဖြင့်တော့ အရာရာပြင်ဆင်ထားပြီးဖြစ်ကြောင်းတွေ ချည်းပါပဲ
စားဖွယ်စုံ ခံစစ်ကို စစ်ထုတ်ပစ်လိုက်တဲ့အရည်ကျဲနဲ့ ကျန်နေတဲ့ လက်ကျန်အနယ်အနှစ်
စိုင်းဝင်းမြင့်ရဲ့ ပုဂံထဲကလို ခြေရာ လက်ရာက ပြောတဲ့စကားတွေ သူ့နေရာနဲ့သူ
ထိုးထည့်လိုက်လို့ လျှောခနဲ ၀င်သွားတာတောင် ကွက်တိဆိုတဲ့စကားထွက်ကျလာသေးတယ်
အပေါ်ကရတာနဲ့ အောက်မှာကုနတာနဲ့ ကွက်တိဆိုတဲ့ စာရင်းရှင်းတမ်းမျိုး ကျွန်တော်
သိတ်သဘောကျတာပဲ လက်ထဲမှာဓါးလွတ်ကြီးကိုင်ထားတာက လွဲရင်ပေါ့လေ
ဗိုက်ဆာလာလို့ ညနေမှဆက်ရေးမယ် စိတ်ကူးမိသွားသလားမဖမ်းမိလိုက်ပြန်ဘူး
ကျွန်တော့်စူစမ်းစိတ်ရယ် အစာအိမ်ရယ်နဲ့ ဒီဖြစ်စဉ်ရဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း
ထိစမ်းမိသမျှအရာရာ နူးညံ့သိမ်မွေ့လှပါတယ် ခြေထောက်တွေကလည်း ဘာဆိုလား
ကျွန်တော်မှတ်ဥာဏ်ရဲ့ အလုပ်လုပ်နိုင်စွမ်းကိုလည်း ကျွန်တ်ာသံသယဖြစ်ပါတယ်
ရိုင်ဖယ် မိုင်နှစ်ဆယ် တိုင်မကွယ်နဲ့ ဆိုတာကိုလည်း ကျွန်တော်သံသယဖြစ်ပါတယ်
ကျွန်တော့်ရဲ့ မြင်တွေ့ကြားသိမှု အာရုံနယ်ပယ်က အစ
အခုရေးပြီးသမျှ စာကြောင်းတွေထဲမှာ မူလစိတ်ကူးတွေ ပါမပါအလယ်
ဒီအရေးအသား ဖြစ်စဉ်တစ်ဝက်တစ်ပျက်ဟာ ကဗျာ
ဟုတ်မဟုတ် အဆုံး ……။

ကိုဇော် (ကလေးမြို့)
၂၀၁၀ခုနှစ်၊ ဇူလိုင်လထုတ် ရနံ့သစ် မဂ္ဂဇင်းမှ ကူးယူဖေါ်ပြသည်။

ဆက်လက်ဖတ်လိုလျှင် ....>>

အလင်းစက်များ (၆)

မျက်စိတဆုံးဆိုတာ ပျောက်ကွယ်စက်ရှိတဲ့နေရာ
အလင်းရောင်နဲ့ ထုထည်နဲ့ ထိရှရာ မျဉ်းကြောင်းများ
တစ်ခုခုကိုဆုံးဖြတ်လိုက်တာပဲ သဘာဝကျတယ် မှန်တယ်စသည်ဖြင့်
အကောက်အယူနဲ့ ပတ်သက်သမျှ အလေ့အကျင့်က အန်ချသမျှအရာရာ
လူဆိုတာ အဆင်ပြေအောင် တွေးတတ်ပြီးသား ဒီလိုလား ဒီလိုပဲလား
ထင်ယာင်ထင်မှား ကိစ္စအားလုံးဟာ အလင်းရောင်နဲ့ ဆိုင်ပါတယ် ဆိုရင်
ဝိုးတ၀ါးအလင်း မထင်မရှား ပုံရိပ် မသဲကွဲတဲ့ မြင်သိစိတ် အာရုံများ
အားလုံးမွှေနှောက် တူရာစုပြီး ဖြစ်နိုင်ခြေ လက်ခံနိုင်ခြေနဲ့ ပကတိဖြစ်ရပ်တွေမှာ
အမှန်တရားမပွင့်ဘူး
လမ်းဘေးကထွက်လာနိုင်တာ မျောကေင်တစ်ကောင်ဖြစ်မယ်
မြွှေတစ်ကောင်ဖြစ်ချင်ဖြစ်မယ် မြွေဆိုတာ ကြောက်စရာ ကိုယ်စားပြု့ဆဲ
မြွေဆိုတဲ့ထုထည်အပေါ် အလင်းရောင်ဖြတ်ကျနေပုံသာ ပြောလိုပါတယ်
ခင်ဗျားမျက်လုံးထဲမှာ အကောင်လိုက်ခွေနေတဲ့ ကိစ္စကို မဆုံးဖြတ်နိုင်သရွှေ့
အကြည့်ငေးငေးမှာ အဓိပ္ပါယ်တွေမစွဲလောင်သေးသရွှေ့ ပုံရိပ်တွေမျှသာာ
မျက်စိတစ်ဆုံးမှာ မျက်လုံးထဲမှာ ဟိုအဝေးပျောက်ကွယ်စက်မှာ ရင်ထဲမှာ
အထူးသဖြင့် ခင်ဗျားရဲ့ ဥာဏ်အလင်းနဲ့ ထွန်းလင်းသမျှ အဓိပ္ပါယ်များ
မှတ်ဥာဏ်နဲ့သိစိတ်အစဉ်မှာ တဖျတ်ဖျတ်မီးကူးနေတဲ့
ညီမလေးက သူ့ ပုခက်ခေါင်မိုးက ငှက်ရုပ်လေးတွေကိုကြည့်ပြီး
တခစ်ခစ် ရယ်နေတယ် ဖေဖေ ….။

ကိုဇော်(ကလးမြို့)
၂၀၁၀ခုနှစ်၊ဇူလလိုင် လ ထုတ် ပိတောက်ပွင့်သစ် မဂ္ဂဇင်းမှ ကူးယူဖေါ်ပြသည်။

ဆက်လက်ဖတ်လိုလျှင် ....>>

Tuesday, July 20, 2010

ထန်ဘုရားသမိုင်း

ထန်ဘုရားသည် ကလေးမြို့နယ် အင်းတင်ရွာတွင် တည်ရှိပါသည်။ ကလေးမြို့၏ အနောက်တောင်ဘက် ယွန်းယွန်း(၂၅) မိုင်အကွာတွင် ရှိ၍ သဘာဝအလျှောက်ချွန်ထက် မို့မောက် နေသော ငှက်လင်းတနှင့်တူသော ဂိဇ္ဈကုဋ်တောင်ထက်ပေါ်၌ ရှိသော ထန်ဘုရား တောင်တော်ကို ကလေးမြို့ကပင် မှုန်ပျပျဖူးမြော်နိုင်ပါသည်။ ကလေး-နတ်ချောင်း ကားလမ်းမပေါ်မှဆိုလျှင် ပို၍ထင်ရှားစွာ ဖူးမြင်နိုင်ပါသည်။ထန်ဘုရားသည် အနောက်ဘက် ဝေဘူဝေဘာတောင်(ချင်းတောင်တန်း)ကြီး နှင့် မြစ်သာမြစ် တို့၏ အရှေ့ဘက် ဂိဇ္ဈကုဋ် တောင် တောနက်အတွင်းရှိ အလွန်မြင့်မားမတ်စောက်သော ကျောက်ကမ်းပါးယံကြီးနှင့် လိုဏ်ဂူအတွင်းတွင် အလိုအလျောက် ထူးဆန်းစွာ စံပယ်နေ တော်မူခြင်းဖြစ်သည်။
ရှမ်းဘာသာ စကားနှင့် လိုဏ်ဂူကို“ထန်”ဟုခေါ်၍ ထိုလိုဏ်ဂူရှိသောတောင်ကို ထန်တောင်ဟု ခေါ်သည်။ ထိုတောင်အနီး၌ စီးဆင်းသောချောင်းကို ကား ထန်ချောင်း ဟု ခေါ်ပြီး ယင်းချောင်းအနီးတည်ရှိ၍ လိုဏ်ဂူအတွင်း ဖူးတွေ့ရသောကြောင့် ထန်ဘုရား ဟု လူသိများခဲ့ခြင်းဖြစ်သည်။ လူပေါင်း(၅၀) ခန့်ဆန့်သော လိုဏ်ဂူအတွင်း၌ ဆင်းတုတော်နှင့် ဆင်မင်းတို့သည် ဂူဝကိုကျောပေး၍ အနောက်ဘက်သို့ မျက်နှာမူနေပါသည်။ ဘုရားရှင်၏ နောက်ကျော်မှကပ်၍ ဆင်မင်းသည် ဆင်ချီတိုင်နှင့်အတူ ဘုရားရှင်ကို ဦးခိုက်နေပါသည်။
ဝိနယပိဋကကျမ်းလာ ဖော်ပြချက်အရ ဗုဒ္ဓလက်ထက်တော်က ကောသမ္ဗီပြည်တွင် မပြောပလောက်သည့် ၀ိနည်းကိစ္စဖြင့် သံဃာတို့ကွဲပြားကြရာ ဗုဒ္ဓကိုယ်တိုင် ဆိုဆုံးမ၍ မရနိုင်သဖြင့် ဘုရားရှင်သည် ပါလိလေယျတောသို့ တစ်ပါးတည်း ကြွတော်မူခဲ့သည်။ ထို့အတူ ဆင်ကြီးတစ်ကောင်သည်လည်း ဆင်ငယ်များကို ဆုံးမ၍ မရသည့်ပြင် စားရေး ၊နေရေးပင်ပန်းလှသဖြင့် တစ်ကောင်တည်းပင် ထိုတောသို့ သွားရောက်နေထိုင်ခဲ့သည်။ ထိုတော၌ ဗုဒ္ဓနှင့် ဆင်မင်းတို့တွေ့ကြ၍ ဆင်မင်းက ဗုဒ္ဓကိုတစ်ဝါတွင်းလုံး လုပ်ကျွေးပြုစု ကာ နေထိုင်ခဲ့ကြပါသည်။ကာလအတန်ကြာသောအခါ ကေသမ္ဗီပြည်သားတို့သည် သံဃာ တော်တို့အား အပ၌ဿဒေပဝေနိယကံ ပြုပေးလိုက်ကြသဖြင့် သံဃာတော်မျာ ဆွမ်းဒုက္ခနှင့် ကြုံကြသဖြင့် အရှင်အနန္ဒာ အမှူးထား၍ ဘုရားရှင်ထံ ၀င်ခဲ့ကြပါသည်။ဘုရား ရှင်သည် သံဃာတော်များအပေါ်၌ မဟာဂရုဏာတော်ထားတော်မူကာ ဆင်မင်းကိုစွန့် ခွာ၍ ကောသမ္ဗီပြည်သို့ ပြန်လည်ကြွသွား တော်မူခဲ့သည်။ ထိုအဖြစ်အပျက်ကို အကြောင်း ပြု၍ ဆင်မင်းနှင့်ဘုရားကို ထုထားကိုးကွယ်ခဲ့ကြဟန်ရှိပါသည်။ ဆင်မင်းနှင့်ဘုရားမှာ အောက်ခံ ကျောက်သားပကတိနှင့် တစ်ဆက်တည်း ဖြစ်ပေါ်လျက်ရှိကြရာ မည်သူမည်ဝါ လာရောက်ထွင်းထုထားသည်ကိုကား ယနေ့တိုင် အထောက်အထားပြည့်စုံစွာ ဖော်ပြနိုင် ခြင်း မရှိပါချေ။
ထန်ဘုရားသည် သင်္ကြန်တွင်းကာလတွင် အစည်ကားဆုံးဖြစ်သည်။ ရပ်ဝေးရပ်နီးမှ ဘုရားဖူးများ လာရောက်ဖူး မြှော်ကြပါသည်။ ထန်ဘုရားတွင် အဓိဋ္ဌာန် လာရောက်ဝင်ကြ သော သူတော်စင်ပုဂ္ဂိုလ်ထူးများလည်းမကြာခဏ တွေ့ရှိရသည်ဟု ဆိုပါသည်။ ဘုရားသို့ သွားရာတွင် ကလေးမြို့၏ တောင်ဘက်(၁၅)မိုင်ဝေးသော နတ်ချောင်းမှတစ်ဆင့်၊ နတ်မြောင်းရွာ၊နတ်နန်းရွာ တို့ကို ဖြတ်ကျော်၍ မြစ်သားမြစ်ကို ကားနှင့်ကူးဖြတ်ရသည်။ တစ်ဖက်ကမ်းရှို လှည်းလမ်းကြောင်းအတိုင်း သွားပြီး အင်းတင်ကျေးရွာမှ တစ်ဆင့် ဂိဇ္ဈကုဋ် တောင်ခြေသို့ လှည်း(သို့မဟုတ်)ဂျစ်ကားဖြင့်သွားနိုင်သည်။ အကွေ့ကိုးကွေ့ ရှိသော ထန်ချောင်းကိုဖြတ်ပြီးမှ ထန်ဘုရားတောင်ခြေသို့ ရောက်ရှိပါသည်။ ယခုအခါ ထန်ဘုရားရှိရာ လိုဏ်ဂူ သို့သစ်သားစောင်းတန်းမှ တစ်ဆင့် လွယ်ကူစွာ တက်ရောက်နိုင်ကြပြီး ဖြစ်ပါသည်။

ဆက်လက်ဖတ်လိုလျှင် ....>>

Saturday, July 17, 2010

အင်တာနက်ကို မုန်းတယ်၊ မိန်းမတွေကို မုန်းတယ်၊ ကိုယ့်ကိုယ်ကို အမုန်းဆုံးပဲ...

မှတ်ချက်။ ။ မူရင်း စာရေးသူ မသိပါ။ Forward Mail ထဲမှ ရ၍ ကူးယူ ဖေါ်ပြထားပါသည်။

သန်းခေါင်ယံ ည(၁၂)နာရီတွင် အင်တာနက်ပေါ်သို့ သူတက်အလာကို စောင့်နေတတ်သည်မှာ ကျွန်မအတွက် အကျင့်တစ်ခုလို ဖြစ်နေသည်။အခန်းထဲတွင် မီးများကို ပိတ်ပြီး ကျွန်မတစ်ယောက်တည်း ထိုင်နေမိသည်။ ကွန်ပျူတာ screen ပေါ်မှ ဖြာကျလာသော ပြာလဲ့လဲ့ မီးရောင်မှလွဲ၍ အခန်းတစ်ခုလုံးမှာင်အတိကျနေသည်။ သူ၏ screen name မှာ (midnight)ဖြစ်ပြီး သန်းခေါင်ယံ ည(၁၂)နာရီ တိတိတွင် online ပေါ်သို့ တက်လာတတ်သည်။ကျွန်မမှာ ညတွင်မအိပ်ဘဲ အင်တာနက်ပေါ်တွင် ခြေဆန့်နေတတ်သော ဇီးကွက်တစ်ကောင်ဖြစ်သည်။ ပထမဆုံးအကြိမ် ကျွန်မဆီပို့သော သူ၏ messageမှာ ထိုစာကြောင်းလေးဖြစ်သည်။

"အင်တာနက်ကို မုန်းတယ်.... မိန်းမတွေကို မုန်းတယ်... ကိုယ့်ကိုယ်ကို အမုန်းဆုံးပဲ"

ထိုစာကြောင်းကို ဖတ်ပြီး ကျွန်မစိတ်ဝင်စားသွားမိသည်။ ကျွန်မလည်း ဘာလုပ်ရမှန်းမသိ ပျင်းနေသည့် အချိန်မို့ စာတစ်ကြောင်းရိုက်ပြီး ပို့လိုက်မိသည်။ကျွန်မပို့သော စာကိုဖတ်ပြီး သူပေါက်ကရ ထပ်ပြောတော့မည် မဟုတ်ဟု ကျွန်မတွေးမိသည်။

"ကိုယ့်ကိုယ်ဒီလောက်မုန်းနေရင် သွားသေလိုက်ပါလား"သို့သော် တစ်မိနစ်မျှပင် မကြာလိုက်...."ဟုတ်တယ်.. ကျွန်တော်က အခုသရဲလေ"
"ဟား....သရဲဖြစ်ရတာပျော်လား"
"ကျွန်တော် မပျော်ပါဘူး။ ကိုယ့်ကိုအဆုံးစီရင်မိတဲ့အတွက် ကျွန်တော်မကျွတ်ဘူး"
"ဟား...ဟား.. အချစ်အတွက်ကြောင့်လား"

ဒီလိုနှင့်စာတွေအပြန်အလှန်ပို့ကြရင်း သူနှင့် ကျွန်မ onlineသူငယ်ချင်း ဖြစ်သွားကြသည်။ သူသည် သူ့ကိုယ်သူ တစ္ဆေတစ်ကောင် အဖြင့် သတ်မှတ်ထားသော ယောကျာ်းလေးတစ်ယောက်

ဖြစ်သည်။ သူသည် ညတိုင်း သန်းခေါင်ယံ အချိန်တွင် တိကျစွာonline ပေါ်သို့ ရောက်လာတတ်သည်။ ထိုအပြုအမှုများကြောင့် သူ့ကိုအံ့သြထိန့်လန့်စွာ ကျွန်မပိုစိတ်ဝင်စားမိသည်။ တစ္ဆေသရဲ အင်တာနက် သုံးပါ့မလား... ဒါဟာ တိုက်ဆိုင်တဲ့ နောင်ပြောင်မှု တစ်ခုပဲဖြစ်မည်ဟု ကျွန်မ ဖြေသိမ့်မိသည်။သူသည် အရင်ကတည်းက ကျွန်မ၏ရုပ်ရည်ကို မြင်ဖူးထားသည့်အလား ဘယ်တော့မှ ကျွန်မ၏ ပုံပန်းသဏ္ဍာန်ကို မမေးဖူးခဲ့။ တစ်ခါတရံ သူသည်ကျွန်မဘေးတွင်ရှိနေခဲ့ပြီး ကျွန်မကို ထိုင်ကြည့်နေသည်ဟု ခြောက်တတ်သေးသည်။

"ကျွန်မ အခုဘာလုပ်နေလဲ"တစ်ခါတရံ နောက်ပြောင်ပြီး သူ့ကို ကျွန်မမေးဖူးသည်။ ခဏမျှ သူနှုတ်ဆိတ် နေတတ်ပြီး...
"တော်ပါပြီ... ကျွန်တော် မပြောချင်ဘူး.. ပြောလိုက်ရင် လန့်သွားဦးမယ်"

"ကော်ဖီတွေ သိပ်မသောက်နဲ့လေ"
"ပုံဆိုးပန်းဆိုး ထိုင်မနေနဲ့လေ"တစ်ခါတရံ ကျွန်မ မျှော်လင့်မထားသော စကားများကို သူပြောတတ်သည်။ ထိုစာရသော အချိန်တွင် တိုက်ဆိုင်စွာ ကျွန်မမှာ ကော်ဖီသောက်နေသည့်အချိန်(သို့) ထိုင်ခုံပေါ်တွင် ခြေအစုံကို စုတင်ပြီး ငုတ်တုတ်ထိုင်ကာ ကျွန်ပျူတာကို စိုက်ကြည့်နေသည့် အချိန်ဖြစ်သည်။

ကျွန်မနှင့် chatting လုပ်နေသော အချိန်များတွင် သူ့ဘ၀နောက်ကြောင်းကို ပြောပြတတ်သည်။ သူသည် အသက် (၂၃)နှစ် ဖြစ်ပြီး chat room ထဲမှ 'မေ' ဟုခေါ်သော မိန်းကလေးတစ်ယောက်ကို စွဲအလမ်းကြီးစွာ ချစ်မိခဲ့ကြောင်း၊ မေ"ကြောင့် သူ့ကိုယ်သူ အဆုံးစီရင်မိကြောင်း၊ အင်တာနက်ကို ပထမဦးဆုံးထိတွေ့မိသည့် သူ့အဖို့ chatting ဟုခေါ်သော အင်တာနက် စကားဝိုင်း၏ လှည့်စားမှုကို နားမလည်ခဲ့ကြောင်း၊ 'မေ' ၏ဖော်ရွေသော အပြောအဆိုများပေါ်တွင်သူသာယာမိကြောင်း ကျွန်မကို ပြောပြတတ်သည်။ အင်တာနက်တွက် ဆရာတစ်ဆူလို ဖြစ်နေသော 'မေ' မှာ သူ သိနားမလည်သည်များကို သင်ပြတတ်သည်။ 'မေ' ၏ နွေးထွေးသော အပြောများကြောင့် chatroomထဲ သူအမြဲဝင်ဖြစ်ခဲ့သည်။ chatroom ထဲဝင်တိုင်း 'မေ' မှလွဲ၍ မည်သူနှင့်မျှ သူစကားမပြောပေ။

"ကျွန်တော် မေ့ကို ချစ်တယ်.... ကျွန်တော်ရဲ့ အင်တာနက်ချစ်သူ လုပ်နိုင်မလား"
"အင်တာနက် ချစ်သူအတွက် ဘာကောင်းကျိုးရှိလဲ"
"ကျွန်တော့်မှာ မေကိုပေးဖို့အတွက် အချစ်တွေ အပြည့်ရှိပါတယ်"
"အချစ်... အဟား... မေမှာ ပေါလွန်းလို့ကွယ်"
"ဒါဆို မေလိုချင်တာ ကျွန်တော်အကုန်ပေးမယ်"
"အသက် ယူမယ်ဆိုရင် ပေးနိုင်မလား""ကောင်းပြီလေ",မေ"၏အချစ်ကို ရဖို့အတွက် အရာရာကို သူစွန့်လွတ်ရဲခဲ့သည်။ 'မေ' ၏ စကားလုံး ချိုချိုလေးများကြား သူမိန်းမော သာယာနေခဲ့မိသည်။

ကြာတော့အင်တာနက်ထဲတွင် ပြောရသည်ကို သူအားမရတော့။ 'မေ'ကို အပြင်လောကတွင် သူတွေ့ချင်လာသည်။ လူကိုယ်တိုင် တွေ့ပြီး 'မေ' ကို ပွေ့ဖက်နမ်းရှုပ်ချင်မိသည်။ 'မေ' ကိုအပြင်တွင် တွေ့ရန်၊ ဖုန်းဆက်ခွင့် ပေးရန် သူတောင်းဆိုမိသည်။ 'မေ' က တောင်းဆိုမှုတွေ များလွန်းနေပြီ ဖြစ်ကြောင်း၊ တွေ့ခွင့်မပေးနိုင်ကြောင်း အပြင်းအထန် ငြင်းဆန်ခဲ့သည်။ နောက်ပိုင်းတွင် သူ့အပေါ် 'မေ' ၏ဆက်ဆံမှုများက အေးစက်လာခဲ့သည်။ 'မေ' ပို့လာသော စာကြောင်း များကို ဖတ်ခြင်းဖြင့်သူ့အပေါ်တွင် 'မေ' စိတ်ကုန် လာပြီ ဖြစ်ကြောင်း သိသာနေသည်။

ညတိုင်း သန်းခေါင်ယံအချိန်တွင် သူသည် အချိန်တိကျစွာ onlineပေါ်သို့ ရောက်လာပြီး သူနှင့်မေ"၏ ပုံပြင်ကို ကျွန်မအား ပြောပြတတ်သည်။တစ်ခါတရံ သူ၏လုပ်ရပ်များကို ကျွန်မ မထောက်ခံမိ သော်လည်း ညတိုင်း online တက်ပြီး သူပြောသော ပုံပြင်ကို နားထောင်သည့်အလုပ်မှာ ကျွန်မအတွက်မလုပ်မဖြစ် အလုပ်တစ်ခု ဖြစ်လာခဲ့သည်။

"ဘာဖြစ်လို့ မီးမဖွင့်တာလဲ... အလင်းပြန်နေတာ မျက်စိပျက်မယ်နော်"
"ဘာပြောချင်တာလဲ.. ကျွန်မကို ထိုင်ကြည့်နေပြန်ပြီလို့ ခြောက်လှန့်ချင်တာလား"
"ကျွန်တော် တကယ်ထိုင်ကြည့်နေတယ်လေ... ဘာလဲ မယုံသေးဘူးလား"

ကျွန်မ ဘာပြန်ပြောရမှန်း မသိတော့။ တစ်ခါတလေ ကျွန်မကိုယ်တိုင်ပင် အနားတွင် သူရှိနေသည်ဟု ယုံမှား သံသယ ၀င်မိတတ်သည်။ ၀ိညာဉ်၏သံလိုက်ဓာတ်နှင့် အင်တာနက်၏ သံလိုက်လှိုင်းများ တစ်ခါတရံ ဆွဲငင်တတ်သည်ဟု သူငယ်ချင်းများက ပြောဖူးသော်လည်း ကျွန်မ အယုံအကြည် မရှိခဲ့။ထူးဆန်းသည်မှာ သူ့ကို ကျွန်မနည်းနည်းမှ ကြောက်မနေခြင်း ပင်ဖြစ်သည်။

"ခင်ဗျားက ထူးခြားတယ်"
"ဘာဖြစ်လို့လဲ"
"ခင်ဗျား ကျွန်တော့်ကို မကြောက်လို့ ကျွန်တော်က သရဲဆိုတာ တကယ်မယုံလို့လား"
"ကျွန်မ တစ္ဆေသရဲတွေ အယုံအကြည် မရှိဘူး"သူပြောသမျှကို နားထောင်ပြီး မနက်မိုးလင်းမှ ကျွန်မအိပ်ယာဝင်ဖြစ်သည်။ မနက်ပိုင်းတွင် နေမြင့်မှ ထတတ်သော အကျင့်ကြောင့် ကျွန်မ၏ တန်းချိန်များကိုညနေပိုင်းတွင်သာ ရွေးထားသည်။ ဒီနေ့အတန်းဆင်းချိန်တွင် ကျွန်မခေါင်းတွေ လေးလံပြီး ကိုယ်လက်မအီမသာ ဖြစ်နေသည်။ အိမ်အရောက်ဆေးသောက်ပြီး midnight online ပေါ်သို့ တက်လာချိန်မှ ထတော့မည်ဟု စိတ်ကူးနှင့် ကျွန်မအိပ်လိုက်သည်။

အိပ်ပျော်ပြီး သိပ်မကြာလိုက် စိတ်ထဲတွင် တကယ့်အဖြစ်လိုလို အိပ်မက်လိုလို ယောက်ျားလေးတစ်ယောက် ကျွန်မအခန်း ထဲသို့ ၀င်လာသည်ဟု ခံစားမိသည်။ကျွန်မထထိုင်ဖို့ ကြိုးစားသော်လည်း ဘယ်လိုမှ ထမရခဲ့။ ထိုယောက်ျားလေးမှာ အပြာနုရောင် ည၀တ် အင်္ကျီကို ၀တ်ဆင်ထားသည်။ ရုပ်ရည်မှာ သန့်ပြန့်နေသော်လည်းမျက်နှာမှာ သွေးဆုတ်ပြီး ဖြူရော်နေသည်။ အကြည့်မှာ နူးညံ့ သိမ်မွေ့သည်။ ကျွန်မ ကုတင်နားသို့ ချည်းကပ်လာပြီး ကျွန်မ၏ ဆံပင်များကို ပွတ်သပ်နေသည်။ထို့နောက် ကျွန်မမျက်နှာကို ညင်သာစွာ ပတ်သပ်ပေးပြီး "ကိုယ့်ကိုယ်ကောင်းကောင်း ရုစိုက်လေ" ဟုပြောပြီး ပျောက်ကွယ်သွားသည်။ ကျွန်မမျက်စိကို အားယူဖွင့်လိုက်မိသည်။ နာရီကို ကြည့်လိုက်တော့ ည ၁၂နာရီ ၁၀မိနစ်။ ကျွန်မ ကုတင်ပေါ်မှ ခုန်ဆင်းပြီး ကွန်ပျူတာကို အလျှင်အမြန် ဖွင့်လိုက်သည်။ လိုင်းချိတ်နေချိန်တွင် ထိုအဖြစ်အပျက်မှာ တကယ်လား၊ အိပ်မက်လား ဆိုသည်ကို ကျွန်မ တွေးနေမိသည်။ အိပ်မက်ဖြစ်သည် ထားဦး..ဘာကြောင့် ထိုလူ့ ရုပ်ရှည်ကို ကျွန်မကောင်းကောင်း မှတ်မိနေပါလိမ့်။ ကျွန်မ ဝေခွဲမရဖြစ်နေချိန်တွင် ဖန်သားပြင်ပေါ်တွင် စာတစ်ကြောင်းပေါ်လာသည်။

"ကိုယ့်ကိုယ်ကောင်းကောင်း ဂရုစိုက်လေ"ကျွန်မ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ အိပ်မက်ထဲက စကားနှင့် တစ်ထပ်တည်း ပါလား...စာကြောင်းရေးပို့လိုက်သူမှာ ကျွန်မနှင့် ညတိုင်း chatting လုပ်နေသော သူ့ကိုယ်သူ တစ္ဆေသရဲပါဟု ပြောသော midnight.... ကျွန်မ အသက်ရှူဖို့ ခေတ္တမေ့နေခဲ့ပြီး ကွန်ပျူတာ ဖန်သားပေါ်က စာကိုသာ မျက်တောင်မခတ် ကြည့်နေမိသည်။ သူဟာ ကျွန်မလို လူစင်စစ် တစ်ယောက်ဖြစ်ကြောင်းကျွန်မကိုယ်ကျွန်မ အသိပေးနေမိသည်။

"တစ်ယောက်ထဲနေရင် အစာတွေကို ပုံမှန်စားရမယ်လေ"ကျွန်မ ပြန်မပြောသည်ကို သူသတိထားမိပုံ မရ။ သူပြောချင်တာကို ပြောနေသည်။ "ရှင်အခု ဘယ်မှာလဲ... ကျွန်မ အခန်းထဲမှာပဲလား..

ဟုတ်တယ် မဟုတ်လား" ကျွန်မ ထိန့်လန့်စွာ မေးလိုက်သည်။
"ခင်ဗျား ဘယ်လို အဖြေမျိုးကို လိုချင်လဲ"
"တိကျတဲ့ အဖြေမှန်ကို ကျွန်မလိုချင်တယ်"
"ခင်ဗျား ခရမ်းနုရောင် ည၀တ်အင်္ကျီကို ၀တ်ထားတယ်။ အင်္ကျီအောက်မှာ အိတ်ကပ်လေးနှစ်ခုပါတယ်။ အိတ်ကပ်ပေါ်မှာ လိပ်ပြာပုံ ဖဲပြားလေးပါတယ်။ စားပွဲခုံပေါ်မှာ ခင်ဗျားသောက်နေကျ ကော်ဖီခွက်လေး တင်ထားတယ်။ ဒီညတော့ ခွက်ထဲမှာ ကော်ဖီ ရှိမနေဘူး။ ခင်ဗျား အိပ်ပျော်သွားလို့ ကော်ဖီမဖျော်ရသေးဘူး။ ဖြစ်နိုင်ရင် ကော်ဖီ မသောက်ပါနဲ့လား.... ခင်ဗျား ဖျားနေပြီ"

ဖန်သားပေါ်က ဆက်တိုက်ပေါ်လာသော စာများကို ဖတ်ရင်း ကျွန်မနှလုံးသွေးများပင် ရပ်တန့်သွားပြီလားဟု ထင်မိသည်။ ကျွန်မဘာမှ ပြန်မပြောနိုင်တော့...ကွန်ပျူတာ ပါဝါခလုတ်ကို မြန်ဆုံးပိတ်ပြီး ကုတင်ပေါ်သို့ ခုန်တက်ကာ စောင်ကို ခေါင်းမြီးခြုံထားလိုက်သည်။ ကျွန်မဘေးတွင် သူရှိနေသည်။ ကျွန်မ အခန်းထဲတွင်တကယ်ရှိနေခဲ့လို့လည်း ကျွန်မ၏ ၀တ်စား ဆင်ယင်မှုတွေ၊ ကျွန်မ၏ အကျင့်တွေကို သူသိနေခဲ့ခြင်း ဖြစ်သည်။ ညတိုင်း online ပေါ်သို့ ပုံမှန်တက်ပြီး သူ့ကိုစောင့်နေတတ်သော ကျွန်မ၏ တုံးအအ အပြုအမှုများကို သူအရင်ကတည်းက စောင့်ကြည့်နေပုံရသည်။

သူစောင့်ကြည့်နေသည် ဆိုသည့်အတွေးနှင့်ကြောက်စိတ်ကြောင့် ကျွန်မတစ်ကိုယ်လုံး စောင်ထဲတွင် တုန်နေမိသည်။ မည်မျှကြာကြာ တုန်လှုပ်နေမိသည် မသိ။ ညနေက သောက်ထားသော ဆေးအရှိန်ကြောင့်ကျွန်မ တဖြေးဖြေး အိပ်ပျော်သွားသည်။ မှုန်ဝါးဝါး ကျွန်မ၏ မသိစိတ်ထဲတွင် သူသည် ကုတင်ဘေးတွင် ထိုင်ရင်း ကျွန်မအား ကရုဏာသက်စွာ ကြည့်နေသည်။ နောက်တွင် ကျွန်မ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။

မနက်နိုးလာသည့် အချိန်တွင် ကျွန်မ အပူချိန်တက်နေသည်။ တစ်ကိုယ်လုံး ပျော့ခွေနေပြီး လမ်းလျှောက်ဖို့ရန် အင်အားပင် မရှိတော့။ ညတုန်းကအဖြစ်အပျက်ကို ပြန်စဉ်းစားမိသည်။ သူသည် နေ့ခင်းတွင် ကျွန်မဘေးတွင် ရှိနေမည် မဟုတ်ဟု ထင်မိသည်။ တစ္ဆေသရဲ များသည် အလင်းရောင်ကိုကြောက်ကြသည် မဟုတ်ပါလား..။ ကျွန်မ ကုတင်ပေါ်မှ အားယူ ထလိုက်သည်။ ကော်ဖီဖျော်ရန်

ရေနွေးတည်နေရင်း ညက သူပြောခဲ့သော စကားကို ပြန်သတိရမိသည်။

"ဖြစ်နိုင်ရင် ကော်ဖီ မသောက်ပါနဲ့လား.. ခင်ဗျား ဖျားနေပြီ"ကော်ဖီကို ကျွန်မ ဆက်မဖျော်မိတော့။ ညတုန်းက မြင်ခဲ့ဖူးသော သူ့ပုံရိပ်ကို ကျွန်မမြင်ယောင်မိသည်။ သူသာ တစ္ဆေမဟုတ်ခဲ့လျှင် မိန်းကလေးများဝိုင်းဝိုင်းလည်နေသော ရုပ်ရှည်ရှိသူ ဖြစ်သည်။ သူ၏ ခံစားချက် များကို နားထောင်ပြီး သူ့အပေါ် ကျွန်မ သနားမှုတွေ ပိုသွားပြီလား...သူ့ကို ကျွန်မ ချစ်မိသွားပြီမလား..

တစ္ဆေတစ်ကောင်ကို ကျွန်မချစ်မိသွားပြီလား... ဘယ်လောက် စိတ္တဇဆန်တဲ့ အပြုအမှုလဲနော်...

သူပြောပြဖူးသော သူ့အကြောင်းများကို ကျွန်မပြန်စဉ်းစားမိသည်။ သူ့အပေါ် 'မေ' ဆက်ဆံရေးကျဲလာခဲ့သည် ဆိုသည့်အထိပဲ ကျွန်မသိခဲ့သည်။သူ့လို ရုပ်ရည်ချောမောသည့် လူကို 'မေ' ဘာကြောင့်များ ငြင်းဆန်ခဲ့သလဲ.. ကျွန်မသိချင်လာမိသည်။ သူဘာကြောင့် ကိုယ့်ကိုယ် အဆုံးစီရင်ခဲ့လဲ..."အင်တာနက်ကို မုန်းတယ်.. မိန်းမတွေကိုမုန်းတယ်" ဟုပြောပြီး ဘာကြောင့် ထိုအကြောင်းများကို အင်တာနက် ပေါ်က ကျွန်မအား ပြောပြနေသလဲ..ကျွန်မသိချင်စိတ် ပိုပြင်းပြလာခဲ့သည်။

ညအမှောင်ထု၏ တဖြေးဖြေး ၀င်ရောက်လာမှုက ကျွန်မစိတ်ကို ပိုလှုပ်ရှားစေခဲ့သည်။ သိချင်စိတ်များကြောင့် ည ၁၁နာရီ မိနစ် ၅၀တွင် ကျွန်မ အခန်းမီးများကိုဖွင့်ပြီး ကွန်ပျူတာရှေ့တွင် ထိုင်နေမိသည်။ မည်မျှပင် သတ္တိရှိသည်ထားဦး တစ္ဆေတစ်ကောင်နှင့် အမှောင်ထဲတွင် ကျွန်မ ထိုင်ရဲမည်မဟုတ်။ ကိုယ်ရောင်ဖျောက်ထားသောတစ္ဆေတစ်ကောင်ကို ကျွန်မ မမြင်မတွေ့နိုင်မှန်း သိနေသော်လည်း တံခါး ပေါက်ဘက်သို့ ကျွန်မ မကြာခဏ လှည့်ကြည့်နေမိသည်။ သူ့ကို ကျွန်မစောင့်နေကြောင်းသူ့အား သိစေချင်သေးသည်။

ည ၁၂ နာရီ ၀၁ မိနစ်... နံရံပေါ်တွင် ချိတ်ဆွဲထားသော နာရီလက်တံ၏ တစ်ချောက်ချောက် အသံမှလွဲ၍ တစ်ခန်းလုံး တိတ်ဆိတ် နေသည်။ဒီည သူလာပါဦးမလား...။ မနေ့ညက ကျွန်မ အပြုအမှုကြောင့် ဒီည သူထပ်လာပါ ဦးမလား...

"တစ်ခန်းလုံး မီးတွေ ထိန်နေအောင် ဖွင့်ထားတာ ကျွန်တော့်ကို ကြောက်သွားပြီလား"သူလာပါပြီ.... ကျွန်မ ၀မ်းသာသွားမိသည်။ သူ့ကိုမေးဖို့ မေးခွန်းတွေ ကျွန်မမှာ အများကြီးရှိသေးသည် မဟုတ်ပါလား..။

"နည်းနည်းတော့ ကြောက်မိပါတယ်"ကျွန်မ စာပြန်မရိုက်ဘဲ ပါးစပ်က တိုးတိုးလေး ရေရွတ်လိုက်မိသည်။ သူသာ ကျွန်မအခန်းထဲတွင် ရှိနေခဲ့လျှင် ကျွန်မပြောသမျှ သူကြားနိုင်လိမ့်မည်ဟု ကျွန်မထင်သည်။ယခု အဖြစ်အပျက်မှာ တစ်ယောက်ယောက်က နောက်ပြောင် နေသည်ဟု ကျွန်မ မျှော်လင့်ချင်သေးသည်။

"ခင်ဗျား အရင်က ကျွန်တော့်ကို မကြောက်ပါဘူး။ ကျွန်တော် စိတ်မကောင်းဘူးဗျာ"
"အရင်တုန်းက တစ်ယောက်ယောက်က နောက်ပြောင်နေတယ်လို့ ကျွန်မထင်ခဲ့တယ်လေ။ တကယ့်သရဲဖြစ်မယ်မှန်း တွေးမထား မိဘူး"
"အခု ခင်ဗျား သိပြီလေ။ ကျွန်တော်နဲ့ ဆက်စကားပြောနေဦးမလား"
"အင်း... ပြောမယ်။ ကျွန်မသိချင်တာတွေ မေးရဦးမယ်" ကျွန်မ အသက်ကို ပြင်းပြင်းလေး ရှူသွင်းလိုက်မိသည်။"မေနဲ့ ရှင့်အကြောင်းကို အစအဆုံး ပြောပြနိုင်မလား"

"မေဟာ ကဝေမတစ်ယောက်ပါ။ လှည့်စားတတ်တဲ့ ကဝေမ... ကျွန်တော်နဲ့ချစ်သူတွေ မဖြစ်ခင်ကတည်းက သူ့မှာ လက်ထပ်ရမဲ့ သူရှိပြီးသား..အင်တာနက်မှာ ကျွန်တော်နဲ့ ချစ်တယ်ဆိုတာကလည်း သူ့အတွက် အပျင်းပြေဖို့ သက်သက်ပဲ။ ကျွန်တော့်ကို အရုပ်တစ်ရုပ်လို သူသဘောထားခဲ့တယ်။ကျွန်တော့်ရဲ့ ခံစားချက်ကို သူအမျိုးမျိုး လှည့်စားခဲ့တယ်"

"ရှင် ဘယ်လိုလုပ်သိလိုက်တာလဲ"

"သူနဲ့တွေ့နိုင်ဖို့ ကျွန်တော် အမျိုးမျိုး ကြိုးစားခဲ့တယ်။ အကြိမ်ကြိမ်လည်း တောင်းဆိုခဲ့တယ်။ သူ့ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ကျွန်တော် တွေ့နိုင်အောင် ကြိုးစားမယ်လို့လည်းပောခဲ့တယ်။ ထူးထူးဆန်းဆန်းပဲ ကျွန်တော့်ကို သူတွေ့မယ်လို့ ခွင့်ပြုခဲ့တယ်။ သူနဲ့တွေ့ရမဲ့ရက်မှာ ကျွန်တော်စိတ်အရမ်းလှုပ်ရှားခဲ့တယ်။သူ့ကို တွေ့တာနဲ့ သူမှန်း ကျွန်တော်မှတ်မိနေခဲ့တယ်။ သူအရမ်းလှတယ်။ ဓာတ်ပုံထဲကထက်တောင်
လှတယ်"

ကွန်ပျူတာ ဖန်သားပြင်ပေါ်မှ တက်လာသော စာများကို ဖတ်ရင်း ကျွန်မမျက်တောင်ခတ်ဖို့ မေ့နေခဲ့သည်။

"ခင်ဗျားကြည့်ရတာ သက်သာသေးပုံ မပေါ်ဘူး သွားအိပ်လိုက်ပါလား"

"ဟင့်အင်း... ကျွန်မ မေးဖို့ မေးခွန်းတွေ ကျန်နေသေးတယ်" ကျွန်မ ခေါင်းရမ်းရင်း ပြောလိုက်မိသည်။

"ခင်ဗျားရဲ့ လက်ကို ကျွန်တော် ကိုင်နေတယ်... ခံစားလို့ရလား"မမျှော်လင့်သော စာကြောင်းကြောင့် ကျွန်မယောင်ရမ်းပြီး လက်ကို ကြည့်လိုက်မိသည်။ ကျွန်မ ခံစားလို့ မရခဲ့...သို့သော် နွေးထွေးသော လက်တစ်စုံက ကျွန်မလက်ကို ဆုတ်ကိုင်ထားသည်ဟု ကျွန်မ မြင်ယောင်ကြည့်မိသည်။

"ခင်ဗျား ကြည့်ရတာ အားမရှိဘူးဗျာ။ ကျွန်တော် စိုးရိမ်တယ်။ မေးချင်တဲ့ မေးခွန်းတွေ နောက်ညမှ မေးပါလား... အနားယူ လိုက်နော်"

စာကြောင်းလေး တစ်ကြောင်းသာဖြစ်ခဲ့သော်လည်း ကြင်နာသော သူ့စကားများကို ကျွန်မခံစားမိသည်။

"ကျွန်မ တစ်ခုမေးပြီးရင် သွားအိပ်မှာပါ"ကျွန်မ အရဲစွန့်ပြီး ကျွန်မ အသိချင်ဆုံး မေးခွန်းတစ်ခုကို မေးလိုက်မိသည်။"ဘာဖြစ်လို့ ကျွန်မကိုမှ ရွေးချယ်ခဲ့ရတာလဲ"

"... ကျွန်တော် စောင့်ကြည့်နေတာ ကြာပြီ။ ခင်ဗျားနဲ့ chatting မလုပ်ခင်ကတည်းက ခင်ဗျားအခန်းထဲမှာ ကျွန်တော် ရှိနေခဲ့တယ်"

တစ္ဆေတစ်ကောင် ကျွန်မ အခန်းထဲတွင် အစောကြီးကတည်းက ရှိနေသည်ကို ကျွန်မ မသိခဲ့ပါလား.. ကျွန်မ၏ နေ့စဉ် အပြုအမှုများကို သူစောင့်ကြည့်နေခဲ့ပါလား...။ထိုသို့ တွေးမိလိုက်စဉ် ကျွန်မပါးနှစ်ဘက် အပူကြောင့် ရှိန်းခနဲ ဖြစ်သွားသည်။

"ဟား...ဟား.. ခင်ဗျား ဘာတွေးနေလဲ ကျွန်တော်သိတယ်။ ကျွန်တော် အဲဒီလောက် အောက်တန်း မကျပါဘူးဗျာ"

ကျွန်မပါးနှစ်ဘက် နီမြန်းသွားသည်ကို ကြည့်ပြီး ကျွန်မ၏အတွေးကို သူသိနေခဲ့သည်။"တစ်ခြားလူမသိအောင် စောင့်ကြည့်တဲ့ အပြုအမှု တွေဟာ မတရားဘူးဆိုတာ ရှင်မသိဘူးလား"

"တရားတယ်၊ မတရားဘူးဆိုတာ ကျွန်တော် မသိဘူး။ ကျွန်တော်တို့ ၀ိညာဉ်တွေက ဒီလိုပဲ လျှောက်သွားနေတတ်တယ်လေ။ ခင်ဗျားနဲ့ ခင်ပြီးတဲ့နောက်ပိုင်း ကျွန်တော်အချိန်သတ်မှတ်ပြီး လာခဲ့တယ်။

တစ်ချိန်လုံး ကျွန်တော်စောင့်ကြည့် မနေတော့ပါဘူး"

"နေပါဦး..... နေ့လည်အချိန်တွေမှာ ရှင်ဘာလုပ်နေလဲ"

"နေ့လည်.. နေ့လည်ဆိုရင် လေးထောင့်အခန်းထဲမှာ ထားထားတဲ့ ခန္ဓာကိုယ်ထဲ ကျွန်တော်ဝင်နေရတယ်လေ။ ညအချိန်လို လွတ်လွတ် လပ်လပ် ထွက်လာခွင့်မရဘူး"

ကျွန်မ မျက်လုံးများ ပြူးသွားမိသည်။လေးထောင့်အခန်း......... ခန္ဓာကိုယ်....

"နေ.. နေပါဦး... လူတွေက ရှင့်ကို မသင်္ဂြိုလ်ကြသေးဘူးလား"
"ကျွန်တော်ရဲ့ ခန္ဓာကိုယ်က ဆေးရုံမှာပဲ ရှိနေသေးတယ်။ မေ့မြောနေဆဲမို့ သူတို့က လက်မလွတ်ချင်ကြသေးဘူးနဲ့ တူတယ်"

သူ...သူ... အသက်ရှင်နေဆဲပါလား..။ ၀ိညာဉ်ကသာ လျှောက်သွားနေခြင်းဖြစ်သည်။ ဆေးရုံတွင် လဲလျောင်းနေသော ခန္ဓာကိုယ်မှာ ၀ိညာဉ်မဲ့သောခန္ဓာကိုယ်ဖြစ်မည်။

"ရှင်ဘာဖြစ်လို့ ကိုယ့်ခန္ဓာကိုယ်ထဲ မပြန်တာလဲ... လူလုပ်ရမှာ တော်တော်စိတ်ကုန်သွားပြီလား"

"ကျွန်တော် ပြန်သွားရင် ခင်ဗျားကို ကျွန်တော် မမြင်ရတော့ဘူး။ ကျွန်တော့်ကို မေ့သွားမှာ စိုးတယ်"

သူ့စကားကို ကြားပြီး ကျွန်မ စိတ်မကောင်းဖြစ်သွားမိသည်။ သူ၏ စိတ်ထဲတွင် ကျွန်မ ရှိနေခဲ့ပြီလား... လူသားတစ်ယောက် အနေနှင့် သူ၏ပိုက်ထွေးမှုကိုကျွန်မခံယူချင်သေးသည်။ လူတစ်ဖန်ပြန်လုပ်ဖို့ သူ့မှာ အခွင့်အရေးတွေ ရှိနေသေးသည်။ ကျွန်မကို မြင်နိုင်ဖို့အတွက် ထိုအခွင့်အရေးကို သူ လက်လွတ်တော့မလား။ကျွန်မ မျက်စိထောင့်စွန်းက မျက်ရည်များ အတားအဆီးမဲ့ စီးကျ လာသည်။

"မငို.. မငိုပါနဲ့။ ကျွန်တော် ဘာအမှားများ ပြောမိပါလိမ့် (ကျွန်တော်မျက်ရည်တွေကို သုတ်ဖို့ ကြိုးစားနေတယ်)"

ထိုစာကြောင်းကို ကြည့်ပြီး ကျွန်မ အသံထွက် ရယ်လိုက်မိသည်။ တစ္ဆေတစ်ကောင်က ကျွန်မကို နှစ်သိမ့်နေပါလား..။ စီးကျလာသော မျက်ရည်များကို ကပျာကယာသုတ်ပေးနေသည့် သူ့ကို ကျွန်မမြင်ယောင်ကြည့်မိသည်။

"ရှင်ရဲ့ ပွေ့ဖက်မှုကို ကျွန်မ ခံယူချင်သေးတယ်။ ဒါပေမဲ့ အခုမဟုတ်သေးဘူး။ တကယ့် လူတစ်ယောက်အဖြင့်နဲ့ ပွေ့ဖက်မှုကို ကျွန်မ ခံယူချင်တယ်"

"ကျွန်တော်ရဲ့ ခန္ဓာကိုယ်ထဲ ပြန်ဝင်ဖို့ ပြောနေတာလား"
"ဟုတ်တယ်"

"၀င်သွားပြီးနောက်ပိုင်း ခင်ဗျားနဲ့ ပတ်သက်သမျှ ကျွန်တော် သတိမရတော့မှာကို မကြောက်ဘူးလား"
"ဒီလိုပဲ ဖြစ်တတ်သလား..ကျွန်မကို မေ့သွားမှာလား" ကျွန်မစိတ်ပူစွာ ပြောလိုက်မိသည်။

"အသေအချာတော့ မသိဘူး။ တစ်ချို့မေ့တတ်တယ်။ တစ်ချို့ မမေ့တတ်ဘူး။ ခံနိုင်ရည်အားကို ကြည့်ရဦးမယ်လေ" ပြန်သွားပြီး သူ သတိမရခဲ့လို့ ကျွန်မကို လာမရှာနိုင်ချင်နေပါစေ။ ကျွန်မကြောင့် သူသည် ခိုကိုးရာမဲ့ ၀ိညာဉ်တစ်ကောင်တော့ မဖြစ်စေချင်ပါ။

"ပြန်သွားပါ။ ရှင် ကျွန်မကို မမေ့ဘူးလို့ ကျွန်မ ယုံကြည်တယ်။ လူစင်စစ်တစ်ယောက်အဖြင့်နဲ့ ကျွန်မရှေ့မှာ ထိုင်ပြီး ရှင်နဲ့ မေအကြောင်းပြောပြတာကိုကျွန်မ ကြားချင်သေးတယ်"

မျက်စိကိုမှိတ် သူ့ပုံရိပ်ကို မြင်ယောင် ခံစားရင်း ကျွန်မ ပြောလိုက်သည်။

"ခင်ဗျား စကားကို ကျွန်တော် နားထောင်မယ်။ ကျွန်တော့် ခန္ဓာကိုယ်ထဲ ပြန်ဝင်မယ်။ ကျွန်တော့် ပြန်အလာကို စောင့်နေမလား"

"ကျွန်မ စောင့်နေမယ်။ တစ်သက်လုံး စောင့်နေမယ်။ ကျွန်မကို မေ့ခဲ့မယ်ဆိုရင်တောင် ရှင်သတိရပြီး ကျွန်မကို ပြန်မှတ်မိ လာတဲ့အထိ စောင့်နေမယ်"

ကျွန်မပြောရင်း ရင်နင့်မိသည်။ မျက်ရည်များက အတားအဆီးမဲ့စွာ စီးဆင်းလာပြန်သည်။ သူ ကျွန်မအနားက ပျောက်ကွယ် သွားတော့မယ် ဆိုတာ ရာခိုင်နှုန်းတစ်ဝက်က သေချာနေပြီ။ ရင်ထဲ စူးနေအောင် နာကျင်လာမိသည်။

"ခင်ဗျားပါးကို ကျွန်တော် နမ်းလိုက်တယ်။ ကိုယ့်ကိုယ် ကောင်းကောင်း ဂရုစိုက်နော်။ ကျွန်တော်သွားပြီ။ ကျွန်တော့် ပြန်အလာကို စောင့်နေပါနော်"

နာရီလက်တံများ တစ်စက္ကန့်ပြီး တစ်စက္ကန့် ရွေ့နေသည်။ ကွန်ပျူတာ ဖန်သားပြင်ပေါ်တွင် သူ၏ စာများ ထပ်ပေါ်မလာတော့။ ကျွန်မ ထိုင်ခုံပေါ်တွင် ထိုင်ရင်းအားရပါးရ ငိုလိုက်မိသည်။ အိပ်မက်ထဲက သူ့ပုံရိပ်ကို စွဲစွဲမြဲမြဲ မှတ်ထားရန် ကိုယ့်ကိုယ် သတိပေးလိုက်မိသည်။ သူသည် အချိန်မရွေး ကျွန်မရှေ့တွင် ပေါ်လာနိုင်သည်။ ထိုအချိန်ရောက်လျှင် အလှပဆုံးပြုံးလျှက် သူ့ကို နွေးထွေးစွာ

ကျွန်မကြိုမည်။ သူမလာမှန်း သိနေလျှက်နှင့် ညသန်းခေါင် ၁၂နာရီရောက်တိုင်းကျွန်မ online ပေါ်သို့ တက်ပြီး သူ့ကိုရှာမြဲ... သူ၏ message များကို မျှော်နေမြဲပင်။ ကျွန်မ၏ အပြုအမှုများသည် စိတ္တဇဆန်ကောင်း ဆန်နေလိမ့်မည်။

၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀

ပြက္ခဒိန် စာရွက်များ တစ်ရွက်ပြီးတစ်ရွက် ကြွေကျကုန်သည်။ လူသွားလူလာများကြားတွင် သူ့ကို ကျွန်မ လိုက်ရှာနေမိသည်။ ကျွန်မကိုတွေ့လျှင် ကျွန်မနှင့်ပတ်သက်ခဲ့ဖူးသမျှ သူမှတ်မိနေမည် ဆိုသည်ကို ကျွန်မ ယုံကြည်နေမိသည်။ ကျောင်းဝင်းထဲရှိ သစ်ရွက်များပင် နွေဦးလေနှင့်အတူ မြူးတူးပျော်ပါးနေကြကုန်ပြီ။မကြာမီ နွေရာသီ ကျောင်းပိတ်ရက် ရောက်တော့မည်။

လေရှုးတစ်ချက်အဝှေ့ ကျွန်မလက်ထဲက စာရွက်များ ပြန့်ကျဲကုန်သည်။ ထိုစာရွက်စာတမ်းများ မရှိလျှင်စာမေးပွဲတွင် ကျွန်မ ဒုက္ခ လှလှလေး တွေ့ဦးမည်။ စာရွက်များကို ကျွန်မ ကပျာကယာ

လိုက်ကောက်လိုက်သည်။ ကျွန်မနှင့်အတူ စာရွက်များကို လိုက်ကောက်နေသောအရိပ်တစ်ခုကို တွေ့လိုက်မိသည်။ စာရွက်များကို ကောက်ရင်း ကျွန်မ ဘေးနားတွင် ခြေအစုံကို ရပ်လိုက်သည်။

"ကိုယ့်ကိုယ် ကောင်းကောင်း ဂရုစိုက်လေ"

ကျွန်မရင် ဒိန်းခနဲ ခုန်သွားမိသည်။ ခပ်သြသြနှင့် နူးညံ့သော ထိုအသံမှာ ကျွန်မနှင့် မရင်းနှီးပေမယ့် ထိုလူပြောလိုက်သော စကားမှာ midnight ပြောတတ်သောစကားနှင့် တစ်ထပ်တည်း။ ကျွန်မ အထိတ်အလန့် မော့ကြည့်လိုက်မိသည်။

သူ... သူပါလား... အိပ်မက်ထဲက ရုပ်ပုံလွှာလေး... အသားအနည်းငယ် ညိုသည်မှလွဲ၍ ကျွန်မ အသိစိတ်ထဲက ရုပ်ပုံလေး၊ ကျွန်မနှင့် ရင်းနှီးသော ရုပ်ပုံလေး။ခန္ဓာကိုယ် အနည်းငယ် ဖွံ့ဖြိုးသည်ကလွဲ၍

အိပ်မက်ထဲက ရုပ်ပုံနှင့် တစ်ထပ်တည်း။ ကျွန်မရှေ့တွင် သူထိုင်ချလိုက်သည်။

"ဆောရီးပဲနော်.. တော်တော်လေး ကျန်းမာဖို့အတွက် အချိန်ယူနေရလို့ပါ။ လုံးဝ နေကောင်းသွားပြီဆိုမှ ကျွန်တော် လာတွေ့ရဲတယ်လေ"

ကျွန်မ အံ့သြ၀မ်းသာပြီး ဘာပြန်ပြောရမှန်း မသိတော့။ မျက်လုံးအိမ်ထဲတွင် မျက်ရည်များဖြင့် ပြည့်လျှံနေခဲ့သည်။ ကျွန်မကိုယ်ကို ထောင်မတ်ပေးရင်း ကျွန်မမပါးကိုညင်သာစွာ သူပွတ်သပ်လိုက်သည်။

"ကျွန်တော် ထင်တဲ့အတိုင်းပဲ ပါးပြင်တွေက နူးညံ့နေတယ်"
"ကျွန်တော့်ကိုယ့်ကျွန်တော် ပြန်မိတ်ဆက်ပေးပါရစေ"

သူရယ်ရင်း လက်ကို ကမ်းပေးသည်။ ရယ်နေပုံက အပြစ်ကင်းသော ကလေးလေးတစ်ယောက်နှင့် တူနေသည်။

"ကျွန်တော့်နာမည် နေဒွေးဇော်ပါ။ တွေ့ရတာ ၀မ်းသာပါတယ်""တွေ့ရတာ ၀မ်းသာပါတယ်။ ကျွန်မ မိဆိုးပါ"

ကျွန်မပြန်ကမ်းလိုက်သော လက်ကို ကြင်နာစွာ သူဆုတ်ကိုင်ထားလိုက်သည်။"မိဆိုး ကျွန်တော်နဲ့ တစ်သက်လုံး လက်တွဲ သွားနိုင်မလား"ကျွန်မ ခေါင်းကို သွင်သွင်ငုံ့လိုက်မိသည်။ နွေဦး၏ လေရူးနှင့်အတူ ကျွန်မရှေ့သို့ သူ ရောက်လာခဲ့သည်။ ရွက်ကြွေများ ဖြန့်ခင်းထားသော အ၀ါရောင်လမ်းလေးပေါ်တွင် သူနှင့်ကျွန်မ ပထမဆုံး အကြိမ် တွေ့ဆုံကြသည်။

ပြီးပါပြီ။

ဆက်လက်ဖတ်လိုလျှင် ....>>

Tuesday, July 13, 2010

ကလေးက မိုးကြိုး

စစ်ကိုင်းတိုင်း၊ကလေးမြို့ ချမ်းမြေအောင်စည်ရပ်ကွက် မီးကွင်းဘုရား အနီးတွင် ၁၁.၇.၂၀၁၀ ရက်နေ့ နေ့လည် ပိုင်း မိုးကြိုးပစ်ရာ လူတစ်ဦး သေဆုံးပြီး၊ နှစ်ဦး မှာ ဒဏ်ရာရရှိပြီး ကလေးမြို့ ပြည်သူ့ ဆေးရုံတွင် တက်ရောက် ကုသနေကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်လိုလျှင် ....>>

Contact

Image Hosting by imagefra.me ဆက်သွယ်ဝေဖန်အကြံပေးနိုင်ပါသည်။