Welcome


Download Apk File

ကလေးမြို့ရဲ့ သတင်းတွေကို Android ဖုန်းထဲကနေ ကြည့်လို့ရတဲ့ Apk file လေးပါ ..။အောက်က လင့်လေးမှာ Down လို့ရပါတယ် ...။ အခုထိတော့ Link မသေသေးပါဘူး ...။
http://www.sendspace.com/file/yud6dl

Thursday, December 31, 2009

မေမေ

ရေးသူ ယွန်းအိမ်

မေမေ ….
အနှိုင်းမဲ့ခြင်းတွေနဲ့
မလုံလောက်တဲ့ စကားလုံးတစ်ချို့
အတိုင်းဆမဲ့ မေတ္တာတွေကို
ဦးညွှတ် တမ်းတဆဲပါ ….
မေမေ …

အို…. အို …
(လူလေးရေ အိပ်ပါတော့
လမင်းကြီးလည်း သာရော့ပေါ့ )
သားချော့တေးတွေ သီဆိုနေရင်း
အိပ်စက်ခြင်းတို့ အမေ့နို့စို့ကာ
မေတ္တာရိပ်ထဲ ပုခက်လွဲရင်း
နူးညံခြင်းနဲ့ သိပ်ခဲ့ ချိန်ခါ
ကြင်နာမှုတွေ ရေလို အေးမြ
သိကမကြွယ် ရင်ဝယ်ပိုက်တွေး
တိုက်ကျွေးချော့ကာ ဂရုဏာဆင်
ကျေးဇူးရှင် မေမေ ….

ဖေဖေမေမေ သင်ပေးစဉ်က
မပိကလာ တီတာတာနဲ့
ကြည်ကာရွှင်ပြ အလှမျက်နှာ
လမင်းသာသို့ ၀င်းလို့ထိန်ထိန်
တည်ငြိမ်အပြုံး နှောင်ထုံးဖွဲလေ
ပျော်နေခဲ့တဲ့ မေမေ …

မေမေ …
ဟို … အရင် အချိန်တွေတုန်းက
နူနယ်တဲ့ အသိတွေကို
အိပ်ယာဝင် ပုံပြင်တွေနဲ့
အမေ့ရှေးစကားတွေက
သတ္တူရည်သွန်းလောင်း
အားသစ်ပေါင်း၍
ပြောပြခဲ့တာ ``မေမေ´´ ပါ

ကလေး အရွယ် ငယ်စဉ်ဘဝ
ကျောင်းစပို့တော့
စာသင်ပျော်အောင်
သိမှု တတ်မှု ပညာတွေစုံအောင်
အနာဂါတ်ရဲ့ လမ်းမတွေမှာ
ဝင့်ထည်ဝါ၀ါ လျှောက်လှမ်းနိုင်ဖို့
ကျောင်းပျင်းတဲ့ ကျွန်တော်
အဖေါ်တွေနဲ့ ပျော်နေအောင်လို့
ကျောင်းလိုက်ပို့တဲ့ မေမေ ..

သက္ကရာဇ်တွေ ဖြတ်သန်း
အတန်းစဉ် ကျော်လွှားလို့
အားမာန်တွေနဲ့ ခုတ်မောင်း
အဟောင်းဟောင်းတွေ ချန်ရစ်
တရိပ်ရိပ်နဲ့ တိုက်စားသွား
ကုန်လွန်ခဲ့ နာရီများ
ပြောင်းလည်းခဲ့ အိပ်မက်တွေနဲ့
ထားရစ်ခဲ့ နေ့စွဲတွေ
ပျော်ရွင်မှုတွေ အပြည့်နဲ့ အားပေးခဲ့တဲ့
မေမေ …..

ဆယ်စုနှစ်တွေ စွန်းထင်းခဲ့တော့
ဘ၀ရဲ့ လှိုင်းတပိုးတွေကြားမှာ
ဖြတ်သန်းရင်းနဲ့
မေမေ့ရဲ့ မေတ္တာတရားတွေ
ဝါသနာတွေနဲ့ ဘ၀ကို မြှုပ်နှံ
စိုက်ပျိုးခဲ့ ပျိုးပင်တွေ အတွက်
လမ်းပြကြယ်ဟာ မေမေပါ
ထုဆစ်ခဲ့ လက်တွေဟာ
မွန်မြတ်သန့်စင်စွာပဲ မေမေ ….

နှစ်ဆယ်နှစ်နားနီးတော့
မေမေ့သား ကျောင်းလစ်တတ်ပေါ့ ..
ရာဘင်ဒ္ဒြာနတ်တဂိုးကို အားကျ
ယောနသံဇင်ယောကို အားကျ
မိုးနေရဲ့ ခေတ်တွေဆီ လျှောက်သွား
နေကြာပန်းခင်းတွေကို သဘောကျ
ဂေါကီရဲ့ အမေကို မက်မော
သား အတွက်တော့ မေမေဟာ
အတောက်ပဆုံးသော အလင်းရောင်တွေနဲ့ …..

အသွားအပြန် အလျှားအနံ ဆိုတဲ့
စကားလုံးတွေ
သူငယ်ချင်းတွေရဲ့ မြှောက်ပင့်ပေးမှု
ကူညီခြင်း ဆိုတာတွေနဲ့
သမုခရတနာ ကိုလည်း
ချစ်ခဲ့ဘူးပါတယ် ….
သင်္ချာဗေဒအရ
ကိန်းဂဏန်း တန်ဖိုးတွေ
ကြီးမာခဲ့ပေမယ့်
မေမေ့ မေတ္တာလောက်
မအေးမြခဲ့ပါဘူး မေမေ …

မေမေ …
တကယ်တော့ ရူးသွပ်ခြင်းတွေနဲ့
ရင်ခုန်သံ လှိုင်းတပိုးတွေက
ရိုက်ခိုက်ခြင်း ကျောက်ဆိုင်ကျောက်သား
တ၀ုန်းဝုန်း တောက်လောင်နေတဲ့
အနာဂါတ် ခရီးကြမ်းတွေမှာ
အသဲကွဲ လမ်းမပေါ် လျှောက်ဆဲ
တစ်ယောက်တည်းပါ မေမေ ….

နှင်းဆီပန်းနဲ့ သေနတ်အဖွဲ့ကို ရင်ခုန်
သူရဲကောင်းလေတွေ အားကျ
ဘီတဲလ် သီချင်းတွေ ယစ်မူး
ကျေးလက်သီချင်းတွေနဲ့ ကြီးပြင်း
ကိုယ်ပွား သံစဉ်တွေနဲ့ နေသားကျ
လောကကြီးက ပြောတယ်
ဟစ်ဟော့တွေ မခံစားတတ်ရင်
နှစ်ဆယ့်တစ် ရာစု လူသား မဟုတ်ဘူးတဲ့ ….
မေမေ့သားတော့
ကျောက်ခေတ်လူသား ဖြစ်နေပြီ ထင်ရဲ့ …

ဟို … အဝေး တစ်နေရာ
ဘ၀ရဲ့ ရွက်တိုင်တွေ ၀ယ်ယူ
တည်ဆောက် တပ်ဆင်ချိန်တုန်းက
မေမေ့ရဲ့ မေတ္တာတွေကို လွမ်းတယ်
မေမေ့ရဲ့ လက်ရာတွေကို လွမ်းတယ်
မေမေ့ရဲ့ ဂရုဏာတွေကို လွမ်း
မမောမပန်းနဲ့ ဖြတ်သန်း
တစ်ခန်းရပ် ဇတ်လမ်းတွေ ရပ်လို့
ကြယ်တာရာတွေရဲ့ အလင်းတန်းအောက်မှာ
အိပ်ယာဝင် ပုံပြင်တွေကိုလွမ်း
ကျေးလက်တောတန်းလေးနဲ့
အမေ့ရဲ့ အိမ်ကိုလွမ်း
မြစိမ်းရောင် လယ်ကွင်းကြီးနဲ့
ရွာဦးက စေတီလေးကို လွမ်း
ရိုးပြတ်တောတွေနဲ့
အမေ့ရဲ့ ယာခင်းလေးကိုလွမ်း
ညီမလေးနဲ့ မနက်ခင်းကို လွမ်း
ကွက်လပ် များစွာကို ဖြည့်ပေးတဲ့
မေမေ …
ဦးခိုက် တမ်းတဆဲပါ …

အနုပညာတွေကို မက်မောရင်း
ကာရန်လွတ် ၀ါကျ အချို့
လေးသုံးနှစ် ပုံသေနည်းတွေ
ထိကွာ လွတ်လပ်မှုတွေနဲ့
အပေါင်းအသင်းကြားမှာ
ကဗျာရေးတဲ့ ကျွန်တော့်ကို
နားလည်မှု အပြုံးတွေနဲ့
အားပေးတဲ့ မေမေ …..
ခေတ်ပြိုင် ခံစားမှုတွေကို ကူးခတ်ရင်း
နိုင်ငံတကာ မော်ဒန်ခံစားမှုတွေ
ပိုစ့်မော်ဒန် ပါဖေါင့်မင့်တွေက
အသွေးအသားထဲကို စီးဝင်
ပြင်းပြတဲ့ နမိတ်ပုံ ဖန်တီးမှု
အနားမရှိတဲ့ သံစဉ်တွေကြားက
မေမေ့ရဲ့သား ကျွန်တော်
ပျော်ရွင်ခြင်းတွေနဲ့ ….။

မေမေ …
ဘ၀ဟာ ရိုးသားနေတုန်း
အတ္တရဲ့ ရိုက်ခိုက်ချက်တွေ အောက်မှာ
ယုံကြည်ရာကို မရောင်းချရဲခဲ့
မိုက်မဲစွာ သန့်စင်နေခဲ့တော့
အဆင်မပြေမှုတွေက ရစ်ပတ်
ကံကြမ္မာကို ပုံချ အပြစ်တင်ရင်း
အချည်းအနှီး အင်အားများ
ကိုယ်ခံအား နည်းနည်း အလင်းမဲ့
အနှစ်မဲ့ ၀တ်ရုံတွေကို
တပ်မက်ခြင်း ကင်းစွာနဲ့
ထွက်ပေါက်တွေကို ရှာဖွေနေတုန်း
ပိုးစုံးကြူး အလင်းရောင် အချို့က
ရပ်တည်ခြင်းတွေကို နားမလည်ခဲ့ ….

အိုင်တီ ဆိုတဲ့နည်းပညာခေတ်ကြီးမှာ
ကမ္ဘာဟာ ရွာလေး တစ်ခုဆိုရင်
သားဟာ ပုရွက်ဆိတ် တစ်ကောင် ဖြစ်သွား
မြေကြောတွေ ရှုံ့နေတဲ့ ခေတ်ကြီးမှာ
ကွန်ပျုတာလေး တစ်လုံးနဲ့
အိပ်မက်လှလှ မက်ချင်သေးတယ် …
အင်တာနက်ရဲ့ စွမ်းအားတွေအောက်မှာ
ညီမလေးရဲ့ ကုဒ်နံပါတ်ကို သိချင်ခဲ့
ပါ့စ၀ါဒ်တွေ ခဏခဏမှားနှိပ်မိလို့
ပြစ်ဒဏ် မကျူးလွန်ပဲ
ကွင်းထဲကထုတ်ခံရတဲ့ ဘောလုံးသမားရဲ့
အဖြစ်မျိုး ကြုံခဲ့ရသူဟာလည်း
မေမေ့ရဲ့သားပါ …….။

ရာစု အသစ်ရဲ့ နေထိုင်မှု စနစ်
ခမ်းနားကြီးကျယ်မှု နိဗ္ဗာန်
လိုက်လျှောညီထွေဖြစ်မှု
အင်နားရှားများ ယုတ်လျှော့မှု
မော်လီးကျူးတို့၏ အရေးပါခြင်း
အိပ်မက်များကို ဖျက်ဆီးပိုင်ခွင့်
ဘုံသုံးစနစ်၏ အရေးပါခြင်း
အင်္ကျီဝတ် ယဉ်ကျေးမှုတွေ အောက်မှာ
အံချော်နေခဲ့တဲ့ မေမေရဲ့သား
တံခါးတချပ်မှ မဖွင့်နိုင်ခဲ့ …..

မေမေ
တာဝန်ဆိုတဲ့ စကားလုံးဘောင်ခတ်မှု
ခြေနှစ်ခုရဲ့ မားမတ်မှုတွေ
စက်တပ်ပစ္စည်းများရဲ့
ယဉ်ကျေးမှုတွေ အောက်မှာ
လူးလွန့်ကူးခတ် ကြိုးစားရင်း
ဇရာရဲ့ စွန်းထင်းခဲ့ ပြယုဂ်များ
တစ်သတ်မတ် ဖြစ်တည်မှုတစ်ခု
သေဆုံးခြင်း အိမ်မက်နံရံတို့
ဝေးကွာခဲ့ မျော်လင့်ချက်တွေနဲ့
ဘ၀မှာ
တောကျီးကန်း တို့အာနေခဲ့…….။
မေတ္တာ ဖယောင်းပန်းနှင်းစက်လက်
ကလေးဘ၀ အရောင်းမဲ့ မိုးကောင်းကင်
ပင်လယ်ချို မြင့်မိုရ်တောင် ရာသီဦး
တောင်ပြန်အလင်းတန်း လမင်းငိုသံ
ကျေးလက်သီချင်း အပြုံးနုနု ပြက္ခဒိန်
အသဲကွဲ ကံကြမ္မာ နှင်းဆီပန်း
ဖြတ်သန်းပုံဆောင်ခဲ ဇာတ်လမ်းမရှိ
ထုဆစ်ခြင်း ပန်းပွင့်ဟောင်း မာယာ
ညနက်နက် အကာမဲ့ တစ်တောလုံး
ရာစုသစ်မှတ်တမ်း သွေးဆာခြင်း
ညီမလေး အိုင်ကျူ နာရီ သံပတ်ကုန်း
မိုးအမည်း ရှင်သန်ခြင်း ဂျစ်ပစီများ
လေလွင့်ခြင်း ယဉ်ကျေးမှု အဟောင်းအမြှင်း
စိတ်ကူးများ အေးစက်စက် ငွေကြေး
သေဆုံးခဲ့မှု တယ်လီဖုန်း အသံများ
မော်လီကျူး တာဝန် စက္ကူအပိုင်းအစ
ပြယုဂ် ကိုယ်ခံအား ထွက်ပေါက်
မီးလျှံများ လင်းလက်ခဲ့……….။

မေမေ
မတည်မြဲခြင်းတွေက ထိုးထိုးထောင်ထောင်
ပြောင်းလဲခဲ့ မြစ်ရေ အလျှင်း
သေခြင်းတွေကို နားလည်ခဲ့တော့
သစ္စာလေးပါး တရားတွေကို ရိုက်သွင်း
ဂုဏ်တော် ပုတီးတွေ အထပ်ထပ်စိပ်
တတ်သမျှ မှတ်သမျှ ဂါထာတွေ
ရွက်ဆိုရင်း
သံသရာ စက်ဝိုင်းကြီးကို ကြောက်နေခဲ့……….။

မေမေ
အနှိုင်းမဲ့ခြင်းတွေနဲ့
မလုံလောက်တဲ့ စကားလုံးအချို့
အတိုင်းအဆမဲ့ မေတ္တာတွေကို
ဦးညွတ်တမ်းတဆဲပါ …..။

ယွန်းအိမ်
၂၃-၉-၂၀၀၂

(ပြာသိုလပြည့်နေ့ အမေနေ့ အမှတ်တရ)


ဆက်လက်ဖတ်လိုလျှင် ....>>

Wednesday, December 30, 2009

လွင့်ပြယ်ခဲ့သော ဒိုင်ယာရီ

ရေးသူ ရွှေလင်းထန်

တဆောင်းသစ်ခဲ့ပြန်ပြီလေ။ ဒီနေ့တော့ တလောကလုံး နှင်းတွေပိတ်ဖုံးလို့။ အနောက် ဖက်ချင်းတောင်တန်း ကြီးတွေက နှင်းတိမ်တိုက် ရဲ့ရင်ခွင်ထဲမှာ ခေါင်းဝင် တိုးတိတ်လို့ နေပြန်တယ်.......။ လွမ်းတယ် ဒီဇင်ဘာရယ်......။ ဒီအချိန်ဆို တို့ တက်ခဲ့တဲ့ အ ထ က (၁) ကျောင်းဝင်းကြီးထဲမှာ စပါးပင်တွေလည်း မှဲ့ဝင်းညွက်ကိုင်း နေရောမယ်။
မှတ်မိ သေးရဲ့လား ဒီဇင်ဘာ.... ဆယ်စုနှစ်တွေ ကျော်လွန်ခဲ့ပြီပေါ့။ ကိုယ့်ရင်ထဲမှာတော့ ကမ္ဘာတစ်ခုလုံး သုညနာရီထဲမှာ ရပ်တန့်နေခဲ့တယ်။ အကယ်လို့များ မှန်းဆလို့ မြင်တတ် သေးခဲ့ရင် လှမ်းကြည့်လိုက်ပါ ဒီဇင်ဘာ....၊။ ကိုယ်တို့စတင် သိကျွမ်းခဲ့ရတဲ့ အ ထ က (၁) ကျောင်းတော်ကြီး ကဖြင့် ရွှေရတုနှစ်ကိုတောင် ဖြတ်သန်းပွဲဝင်လို့....။ ကိုယ်တို့ရဲ့ ဘ၀နှစ်ခု ကတော့ ကျောင်တော်ကြီးရဲ့ အတိအကျ မသိရတဲ့ နေရာတခုမှာ သိုသိပ်စွာပဲ အမြူတေ ဖြစ်ကျန်ခဲ့ပြီ။
ဒီဇင်ဘာလမှာ မွှေးခဲ့လို့ ဒီဇင်ဘာ လို့မှဲ့ခေါ်ခဲ့တဲ့ ကောင်မလေးဟာ တကယ်တော့ တစ်ကျောင်းလုံးရဲ့ နှစ်လုံးသား စာတိုက်ပုံးလေး ဖြစ်ခဲ့တယ်။ အေးချမ်းတဲ့ မျက်နှာဟာ ရှင်မတောင် စစ်စစ်ပါ.... သူမရဲ့ နွဲ့နှောင်းပုံဟာ ဂန္တ၀င်ပါလို့ ကျောင်းတော်သား တွေရဲ့ နှုတ်က တဖွဖွဖြစ်ရအောင် ဒီဇင်ဘာဟာ လှပလွန်းပါတယ်။ ဒီဇင်ဘာ မသိမ်းဆည်း ဖြစ်လိုက်တဲ့ စာစောင် ပေဖွဲ့တွေဟာ တိတ်တဆိတ် ငိုမြည်တမ်းတ သွားရကြတာ ကိုယ်လဲ အသိဆုံးပဲမို့... စာမဖွဲ့ခဲ့ပါဘူးလေ...။ ဒါပေမယ့် ဒီဇင်ဘာရယ်....။ ဒီလွင်ပြင်ကြီးထဲကို ကြည့်လိုက်စမ်းပါ။ မြက်ရိုင်းတွေ ဘယ်ကာလက စလို့ တောထ နေတယ်မသိဘူး။ ဒီလွင်ပြင်ထဲမှာ ကိုယ့်ဘ၀ ကိုယ့််ဝိဥာဉ်တွေ အပြီးတိုင် လွှင့်မျောနေခဲ့တယ်။ အခုထိ ။ ကိုယ်မှာ တစ်ရေးနိုး အိပ်မက်တွေထိ တွန်းတိုက်ပဲ့ပါလို့...။ ကောက်သင်းရနံ့ တွေ့ရတိုင်း မင်းကို တမ်းတ မိပါတယ်...။
၁၉၉၇-၉၈ ပညာသင်နှစ်မှာ ငယ်သူငယ်ချင်း တွေနဲ့အတူ ဆယ်တန်း ကျောင်းသား ဘ၀ကို ရောက်လာခဲ့တယ်။ ဆယ်တန်း (ခ) မှာကိုယ်ရယ် ဒီဇင်ဘာရယ် ကိုယ့် သူငယ်ချင်း တော်တော်များများ နဲ့ အတူ တစ်တန်းတည်း တက်ဖြစ်ကြတယ် ....။ အဲဒီအချိန်တုန်းက ကိုယ့်ရင်ထဲမှာ ဘာမှန်းမသိ ပုလဲဥထားရတဲ့ မုတ်ကောင် တစ်ကောင် လိုခိုးလိုးခုလုနဲ့။ လပ်လော့တာပဲ။ အမျိုးအမည် တပ်မရတဲ့ ခံစားမှုအရာ တခုကို ညွတ်နှုးဆွတ်ပျံ့ နေမိတယ်။ လွမ်းဆွတ်တဲ့ စိတ်ဟာ ဦးတည်ရာ မဲ့နေသလို ဘာကို ဆိုတာလဲ မသိခဲ့ပြန်ဘူး။ အချိန်ရရင် ကဗျာစာတို ပေစလေးတွေပဲ ရေးနေမိတယ်.။ အတန်းထဲက ခပ်အေးအေး နေတတ်တဲ့ ကိုယ့်ကို ဒီဇင်ဘာ သတိထား မိနေတယ် ဆိုတာ နောက်မှ သိခဲ့တယ်။ သူငယ်ချင်းတွေ အားလုံးလောက် နီးနီးက ပေါကြောင် လေးတွေပါ။ ဒီအထဲမှာ ကိုယ်က ကျော်စိုးလင်းနဲ့ အတွဲဖြစ်ဆုံးပါ။ အခင်ရဆုံး လည်းဟုတ်တယ် ငယ်သူငယ်ချင်း လည်းဖြစ်နေပြန်တယ်။ ကျော်စိုးလင်းကို ငလောင်လို့ခေါ်ကြရဲ့။ class တွေထဲက လှပဂေးတွေရဲ့ အကြောင်းကို ဖိုင်ဖွင့်ထားကြသူတွေ ထဲမှာ အတော်ဆုံးမို့ နောက်ပိုး ထိပ်သီး ဘွဲ့ရသူပါ။ အမည်၊ အတန်း၊ မွှေးသက္ကရဇ်၊ အဘအမည်၊ အလုပ်အကိုင် ကစလို့ body structure အတိုင်းအတာ အထိ မှတ်တမ်း မှတ်ရာ စုံတယ်။ အပ်ချုပ်ဆိုင်တွေကနေ ကိုယ် အတိုင်းအထွာ ကို မရမက မေးမြန်း မှတ်သား လာတတ်သူမို့ စိုးလင်းရဲ့ဖိုင်ကို အတော် ပြည့်စုံ မှန်ကန်တယ်လို့ ဆိုကြရဲ့။ အမှတ်ပေး ဇယားမှာတော့ အသားအရောင်၊ အပြစ် အနာအဆာ အပြင် ရည်းစားထား ဖူးခြင်း ရှိ မရှိအထိ စုံစမ်းပြိးမှ အမှတ်(၁၀၀) ပေးတတ်တဲ့ သူပါ။ သူ့ဖိုင်ထဲမှာ အမှတ်(၈၀) ရတဲ့ ကောင်မလေးဟာ အတော်ကိုလှပြီး ၀တ်နိုင် စားနိုင်သူပါ...။
တနေ့ မှာ ပေါ့ ဒီဇင်ဘာ....။ ဆယ်တန်းတွေ ကျောင်းစတက်တဲ့နေ့က သူ တနေ့လုံး ပျောက်နေတယ်။ နောက်ရက်ကျတော့ ဖိုင်အသစ် တခုနဲ့ ရောက်လာတယ်။ နာမည်က ဒီဇင်ဘာ...။ အမှတ်ပေးဇယားမှာ အမှတ်က (၁၅၀) ကျော်နေလို့ ကိုယ့်မှာ အံ့သြ တကြီးဖြစ်လို့...။

““တကယ်ရှယ်ပဲကွ“ “မင်းမြင်ရင်ကြွေသွားမယ်“

စိုးလင်း တကယ်ပဲ ညွန်းပါတယ်..။ ဒီအချိန်ထိ ဒီဇင်ဘာကို မမြင်ဖူးသေးပါ။ အဲဒီနေ့က ဒီဇင်ဘာ အစောကြီး အတန်း ဆင်းသွားတယ်။ ကျောင်းခေါ်ချိန် နှစ်လ ကျော်လာတော့ ကိုယ်ရယ် စိုးလင်းရယ် ဒီဇင်ဘာရယ် သူငယ်ချင်းတွေအဖြစ် ခင်မင် ရင်နှီး လာခဲ့ကြပါတယ်။
ဒီဇင်ဘာရယ်.... မင်း မျက်ဝန်းနဲ့ ဆုံးခိုက်မှာ လှိုက်မော ရတဲ့ရက်တွေ မင်းရဲ့ အပြုံးနဲ့ ကြုံတိုင်း တဒင်္ဂ မေ့လျှော့ ပျော်ဝင်နေ တတ်တာတွေ.... တိတ်တခိုး ဆိုတာ အခန်းတခုထဲ ကိုယ့်ဘာသာ ပိတ်လှောင် ထားတာထက် ပိုလို့ မွန်းကျပ် ပါလှတယ်။ သူငယ်ချင်း သံယောဇဉ် တွေကြားမှာ သက်တန့်လေး တခု မေွးဖွားလာတာ ဘယ်လို အသိ ပေးရက်ပါ့မလဲ.....။
စိုးလင်း ကတော့ ဒီလိုမဟုတ်ခဲ့ဘူး ။ ဒီဇင်ဘာ အပေါ် မရိုးသားတဲ့ အပြုအမူ တွေရှိနေတယ်။ ၀မ်းသာ ပျော်ရွှင်ပါစေလို့ ဆုတောင်း ပေးနေရုံ က ဘာများ တတ်နိုင် ပါအုန်းမလဲ..။ ကိုယ့်ရဲ့ ပင့်သက် မောတွေ တန်ဘိုးကြီး သွားရတာ ဘယ်သူ့မှ မပြောခဲ့တော့ဘူး။ အတန်းရှေ့ ကော်ရိတ်တာမှာ ခြေအေး ၀မ်းယောင်တွေ ကျောင်းတက် ခေါင်းလောင်း မထိုးမချင်း ခြေချင်းလိမ်လို့....။ နောက်ကောက် ကျမှာစိုးတဲ့ စိုးလင်းရဲ့ မရမက ပူဆာမှုနဲ့ တစ်နေ့တော့ စာပို့သမား တယောက် ဖြစ်မှန်းမသိ ဖြစ်လာခဲ့ရတယ်...။ ဒီဇင်ဘာ ဆီကို တိုက်ရိုက် စာ မပေးရဲကြတဲ့ ကျောင်းတော်သား တွေက ကိုယ့်ဆီ ကိုသာ အားကိုးတကြီးနဲ့ အတင်း ပူဆာကြပြန်တယ်..။

အ ထ က (၁) ရဲ့ နှလုံးသား စာတိုက် ပုံးလေးဆီကိုပါ...။ စာတစ်စောင် ပုံးထဲ ထဲ့မိတိုင်း ကိုယ့်ရဲ့ ဘ၀ဟာ မြေကြီး ထဲကို တစ်ဆက်ချင်း ကျွံကျနေသလို ခံစားနေရတယ်။ ကိုယ့် အလိုဆန္ဒ မပါပါဘဲ ကျောင်းတော်သား တချိုရဲ့ စာပို့သမား ဖြစ်နေရတာ ဘာကြောင့် များပါလိမ့်.. .မိမိကိုယ်ကို မကျေမနပ်ဖြစ်နေရပေမယ့် ......။
ဒီဇင်ဘာ ဆီကို စာတစ်စောင် ကမ်းပေး လိုက်တိုင်း သူမကလည်း ပြုံးပြလို့ လှမ်းယူစမြဲ။ တနေ့ တစ်စောင် ထက်တော့ ပိုလို့တော့ မပေးရဲခဲ့ပါ....။ ကိုယ့်ရင်ထဲမှာလဲ ကိုယ်ပိုင်စာမူနဲ့ စာပေတိုက်ကြီး တစ်ခုဖြစ်တည် နေတာ သူမှ သိပါလေစကွယ်...။
ဆယ်တန်း တွေ first term ပြီးခဲ့ချိန် ရိုးပြတ်တွေ တမျှော်တခေါ် ကြားထဲမှာ ကျောင်းသားတွေ ဟိုနားတစု ဒီနားတစု နေစာလှုံ ထိုင်နေကြချိန်... ဒီဇင်ဘာ ကိုယ့်ကို နေစာလှုံဖို့ ခေါ်လာပါတယ်..။

““နင့်ကိုပြောစရာရှိတယ်.........လယ်ကွင် ဘက်သွားရအောင်နော်.......´´

ရင်တွေ ထိန်းမနိုင် သိမ်းမရ ခုန်နေတဲ့ ကြားက ကိုယ်ထ လိုက်လာခဲ့တယ်။ ကျောင်းရှေ့က ရိုးပြတ် တွေကြားမှာ ကိုယ်တို့ နှစ်ယောက် ထိုင်မိကြတယ်။ တော်တော်နဲ့ စကား မပြောဖြစ်ကြဘူး။ ဒီဇင်ဘာ သက်ပြင်းတွေ အခါခါချနေတာ ဘယ်နှကြိမ် မှန်းတောင် မသိတော့ဘူး။ အကြည့်တွေ ဆုံကြတိုင်း ဒီဇင်ဘာရဲ့ စူးစမ်းတဲ့ အသိ အငွေ့ကို ခံစားနေရတယ်။

“ငါ့ကိုပေးဖို့စာပါသေးလား..“

ကိုယ်မ၀ံ့မရဲ တွန့်ဆုတ်နေမိတယ်..။ နှင်းတွေက သိပ်သည်းလို့ ကျဆင်း လာကြပြန်တယ်။ ကျောင်းတက် ခေါင်းလောင်းထိုးသံ ကြားရမှ..

“ပါသေးတယ်...ဒီဇင်ဘာ...ဒီမှာ.“

တုန်ယင်နေတဲ့ ကိုယ့်လက်ထဲမှာ အပြာရောင်အသည်းပုံ စာအိတ် လှလှ တစ်ခုက လှောင်ပြောင် ကဲ့ရဲ့လို့.....။

“နင်မမောသေးဘူးလားဟာ...”

ဒီဇင်ဘာရဲ့ စိတ်ပျက်နေတဲ့ အသံနဲ့ မျက်နှာကို မြင်ရကြားရရင်ပဲ ကြိုးမိန့်ကျတဲ့ တရားခံလို တုန်လှုပ် စိုးထိတ်လို့။

“ငါ့ကိုခွင့်လွှတ်ပါ ဒီဇင်ဘာ.....”
“ ဘာ...! ခွင့်လွှတ်ရမယ် ဟုတ်လား.. ..ငါနင့်ကိုခင်လို့၊ နင့်ကို အားနာလို့ ဒီစာတွေကို ယူနေတာသိရဲ့လား... အားအားရှိ ရေးနေကြတဲ့စာကို ဖတ်လဲမဖတ်ဘူး သိမ်းလည်း မသိမ်းဘူး သိလား....”

”ဒီဇင်ဘာရယ်”....... “ ဒါဆို နင်တကယ် ဖတ်မနေဘူးပေါ့ တစ်စောင်မှ မဖတ်ဘူးဟုတ်လား”

အံသြတကြီးနဲ့ မေးမိခဲ့ပါတယ်...။ ဒီဇင်ဘာ ငိုနေတယ်လေ...။ တကယ့်ကို ကြေကွဲဖို့ ကောင်းပါတယ် ...သနားလိုက်တာ ဒီဇင်ဘာရယ်...။
အငိုမျက်ရည်ကို ကိုယ့်လက်နဲ သုတ်ပေးမိတော့ သူမ မငြင်းပြန်ဘူး.....။ မျက်ရည်စတွေက ပူနွေးရှိန်မြလို့..။

“ ငါ့ ကိုအဲဒီစာတွေပေးရလို့ နင်ဘာရလဲ အဖိုးအခအနေနဲ့ပေါ့...“
“ ဒီဇင်ဘာရယ်.. ငါကလေ အဖိုးအခ လို့ချင်လို့ နင့်ကို စာပေးနေတယ်လို့ ထင်လား.... ဟာ...“
“ဒါဆို ဘာကြောင့်လဲ ထန်ရယ်....“
“ ကျောင်းတက်နေပြီ.. သွားရအောင်နော်...“
ငါမသွားချင်သေးဘူးဟာ.. ငါမေးချင်သေးတယ်... နင် ဘာမှမရရင် တနေ့တစ်စောင် ဘာလို့ ပေးနေရတာလဲ....´´

ဒီဇင်ဘာ သိချင်နေပါသည်။ ဆွံ့အ တုံ့ဆိုင်း သွားတဲ့ ကိုယ့်စကားတွေ ကို သူမ စောင့်မျှော်ငံ့လင့်နေရဲ့...။
ဒေါသတွေ ပြေလျှော့ သွားပေမယ့် ခပ်တင်းတင်း မျက်ဝန်းတစ်စုံဟာ သက်ဝင် လှုပ်ရှား နေပြန်တယ်...။

“ ပြောလေ...“

အကြောင်းပြချက်လား ဒီဇင်ဘာ..... အကြောင်းပြချက် မဟုတ်ဘူး... မဟုတ် ခဲ့ပါဘူးလေ...။ ကိုယ် အဝေးကို လှမ်းမျှော်ကြည့်တော့ ရိုးပြတ်တွေကြားမှာ ဘယ်သူမှ ရှိမနေကြတော့ဘူး... နှင်းစ နှင်းမှုန်တွေက ခပ်ပါးပါးရယ်...။

“ ဒီဇင်ဘာ....“

ကိုယ် သူမနာမည်ကို အလေးအနက် ခေါ်ယူတော့ ကိုယ့်ကို စေ့စေ့ကြည့်တယ်..။
”အစကတော့ ငါ့သူငယ်ချင်း စိုးလင်းက ပေးခိုင်းလို့ ..နောက်တော့ တခြား အတန်းက သူတွေပါ ပါလာတယ်...။ သူတို့ကို ငါအားနာတယ်ဟာ...။
“နင်ဟာလေ....“
“နေအုန်းဟာ ငါပြီး အောင်ပြောပါရစေ... ငါလဲ တစ်ခါတည်း ကူညီမလို့ပါပဲ....။ ဒါပေမယ့်ဟာ စာအိတ်တွေက ငါ့ လွယ်အိပ်ထဲ အလိုလို လာထည့်ကြတယ်....။ ငါလဲ ဘာလုပ်ရမလဲ မသိတော့ဘူး...။ မပေးပဲ ဆုတ်လိုက်ရင်လည်း သူများစာကို အဲလိုလုပ်ရမှာ စိတ် မသန့်ဘူးဟာ...။ ငါ ပေးနေရတာလဲ စိတ်မပါဘူး... ‘”’

``ဒါပေမယ့် နင်ကလဲ ယူထား လိုက်တယ်ဆိုတော့ ငါလည်း ပေးဖြစ်သွားတာပါ..“
“ တော်ပြီထန် တော်တော့....“
“ ဒီမှာထန်... ငါပြောပြချင်တယ်.... “
“ပြောပါ ဒီဇင်ဘာ....နင်ငါ့ကို စိတ်မဆိုး တော့ဘူးနော်.....“
“စိတ်တော့ မဆိုးပါဘူး စိတ်မကောင်း ဖြစ်မိတာပါ...။ ဒါပေမယ့်ဟာ.. .နင်က ပေးလိုက် တခြား ကောင်လေးတွေက လမ်းက လိုက်ပေးလိုက်နဲ့ တစ်နေ့တနေ့ အိမ်ပြန်ရတာ ငါ ဘာနဲ့တူသလဲ -ထန်... စဉ်းစားကြည့်စမ်းပါ... ငါ့မှာလေ ကျောင်းတက်ရတာ နေ့တိုင်း စိတ်ဆင်းရဲ နေရတယ်...။ အိမ်ကသိတော့.. ငါ့ကိုစိတ်မချဘူး...။ တချို့ကောင်တွေက အိမ်ရှေ့ထိ လိုက်လိုက်လာကြတယ်... ဘယ်လိုမှ မောင်းထုတ်လို့မရဘူး....“

ပြောရင်း ဆို့တက်လာတဲ့ မျက်ရည်တွေကြားမှာ ကိုယ် စာနာစွာနဲ့ နားလည် လိုက်ရပါတယ်...။

“ငါ နောက်ကို နင် စိတ်ဆင်းရဲအောင် မလုပ်တော့ဘူးနော်....“
ကိုယ် ရဲရဲတောက် ၀န်ခံပေမယ့် ဒီဇင်ဘာ မပျော်ရွှင်ခဲ့ဘူး.....။
“နောက်ကျပြီ ထန်ရယ်.....“
“ ဘာ... ဘာကြောင့်လဲ ဒီဇင်ဘာ......“

ကိုယ့်မှာ အလန်တကြားနဲ့ ။ဒီဇင်ဘာ ရှိုက်လို့ ငိုနေပြန်ပါသည်..။ ပတ်ဝန်းကျင်မှာ နှင်းတွေကွဲစပြုလို့ ပူနွေးတဲ့ နေခြည်အောက်မှာ သူမအတွက် ပိုလို့ ပူစေခဲ့ပြန်တယ်..။

“ ငါ…ဒီတစ်နှစ် အောက်လို့က်တော့မယ်.... နောက်တစ်နှစ်မှာ အပြင်ကနေ ဖြေတော့မယ်... ထန်...´´
“ အဲလိုတော့မလုပ်နဲ့ ဒီဇင်ဘာရယ်...ပြသာနာက ပြီးတော့မှာပဲဟာ.....“
“မဟုတ်ဘူး ထန် .. ငါလေ အိမ်က သဘောတူတဲ့ သူနဲ့ မနက်ဖြန်မှာ စေ့စပ်တော့မယ်... ဆယ်တန်း အောင်ရင် ငါ လက်ထပ်ရတော့မှာ.....´´

ကိုယ့်ရင် ကိုယ့် အသွေးတွေ ပွက်ပွက်ဆူ လို့ ဆောက်တည်ရာ မရတဲ့ စိတ်ထဲမှာ ဘာကို မကျေနပ် မိမှန်းမသိဘူး....။ တခုခု ပြောချင်ပေမယ့် ပြောမထွက်ပြန်ဘူး..။ ရိုးပြတ်တွေ ကြားမှာ ပုဇဉ်းလေးတွေက ဟို ဒီ ပျံသန်းလို့.... ကိုယ် ဆုံးရှုံး ရပြီလား ဒီဇင်ဘာရယ်....။
အခြေအနေတွေက ဒီလောက်အထိ ဖြစ်လာလိမ့်မယ်လို့ ဘယ်လိုမှ မတွေးတတ်ခဲ့ဘူး..။ ဘာကြောင့်များ ဒီလို အလန့်တကြား ကိစ္စတွေကို ဒီဇင်ဘာ ကြုံရတာလဲ-။ သူမ အရမ်းချောနေ လှနေလို့လား...။ ဒီဇင်ဘာ တစ်ခါကတော့ ပြောခဲ့ဘူးပါသည်။
“ ငါကဆုတောင်းမှားခဲ့တဲ့သူပါ.“. တဲ့....။

သူမ ဒီလိုပြေတော့ ကိုယ် ဘာမှနားမလည်ခဲ့....။ မိန်ကလေး တယောက်ကို အများက စိတ်ဝင်တစား ချစ်ခင် နှစ်သက်နေကြတာ..... ရင်ခုန်နေကြတာ... ဆုတောင်း မှားတာတော့ မဟုတ်နိုင်လို့ လွယ်လွယ် တွေးထင်ထားခဲ့သည်..။ ဒီဇင်ဘာက ကိုယ့်ထက်တော့ တစ်နှစ် ပိုကြီးခဲ့ပါသည်..။ ဘာပဲဖြစ်ဖြစ် အချိန်တွေ အရမ်းစောလွန်း နေခဲ့တာတော့ သေချာသည်။ ဆယ့်ရှစ်နှစ် ဆိုတာ မပွင့်သေးတဲ့ ပန်း ဖူးငုံလေး ရယ်ပါ.....။

“နင့်ကိုဘယ်သူနဲ့စေ့စပ်ပေးမှာလဲ ဒီဇင်ဘာ....“
“ နင်မသိချင်ပါနဲ့တော့ ထန်ရယ်... ငါလဲမလုံခြုံတဲ့ဘ၀ကိုကြုံရတာ စိတ်ညစ်လှပါပြီ....“

သူမ တကယ် ပြောနေပါလားလို့ ကိုယ် အံ့သြစွာ နားထောင် နေလိုက်ရတယ်။ ကိုယ့်မှာ တားဆီးခွင့် ရှိရင်တောင် ဘာများ ပြောထွက်အုန်း မှာလဲ...။

“နင်မစဉ်းစားတော့ဘူးလား....ဒီဇင်ဘာရယ်.....“
“ငါလက်ခံလိုက်ပြီ ထန်ရယ်....နောက်နေ့သူတို့လာကြတော့မယ်...

ဒီဇင်ဘာရဲ့ ကြားဖြတ် ပြောလိုက်တဲ့ အသံမှာ တုန်ယင်မှုတွေနဲ့ ရောစွက် နေတော့တယ်..။

“ ငါ ဆယ်တန်း ကိုတော့ အောင် အောင်ဖြေမှာပါ... နင်လည်း စာကြိုးစားနော်....
ထမင်း စားချိန်တောင်ရောက်တော့မယ်... ပြန်ရအောင်နော် ထန်....“

အဲဒီ နေ့ကစလို့ ကိုယ့်ဘ၀ ကိုယ့် မျှော်လင့်ချက်တွေ မှောင်မဲ တိတ်ဆိတ်လို့ သာနေတော့တယ်..။ တဖက်သတ် ခုန်မင်ခြင်းရဲ့ ဒဏ်ဟာ မာကျောနာကျင်လို့...။ ကြယ်တွေ ရာထောင် ကြွေသွားကြပြီလား..။
ကိုယ့်မှာတော့ ရိုးပြတ်တွေကြားမှာ ယနေ့တိုင် လမ်းလျှောက်လို့..။
ကျောင်းတော် ကတော့ ခေါင်းလောင်းသံ လွင်မြနေဆဲ....။ ထိုနှစ် စာမေးပွဲမှာတော့ သူမရော ကိုယ်ပါ ကျခဲ့ကြတယ်..။ နောက်နှစ် ပညာသင်နှစ်ဝက် လောက်မှာ ဖိတ်စာကဒ် လှလှလေး တစ်စောင်ရယ်၊ ကိုယ့်ဆီက ငှားထားပြီး ပြန်မယူဖြစ်တဲ့ ခဲတံနီလေး တစ်ချောင်းရယ်ကို လက်ခံရရှိခဲ့ပါတယ်..။
အဲဒီနေ့မှာပဲ သူမအတွက် နောက်ဆုံး ကဗျာတစ်ပုဒ်ကို ကုန်ဆုံးသွားတဲ့ အပြာရောင် ကျောဖုံးအတွင်းမှာ နှလုံးသွေးနဲ့ တိတ်တခိုး ချရေးခဲ့ပါတယ်..။ ဒီကဗျာလေးကို တနေ့နေ့မှာ တိုက်ဆိုင်လို့ပဲ ဖြစ်ဖြစ် နင်ဖတ်မိပါစေ။ ငါ့ရင်ထဲမှာ နင်အမြဲရှိနေမှာပါ ဒီဇင်ဘာရယ်....။
- မင်းရင်မှာ
နေ့တဓူဝ
ငါခံစားရတဲ့အကြောင်း
ကဗျာပေါင်းများစွာ
သိုမှီးသိမ်းဆည်းထားခဲ့တယ်.....
- မင့်ရင်မှာ
ညတိုင်းခိုဝင်
ညနက်ချင်နက်
အိပ်ပျက်ချင်ပျက်
နေ့ရက်များစွာ
ငါလာခဲံ့တယ်...
- မင့်ရင်မှာ
အားကိုးရာမဲ့
ချည့်နဲ့မျက်ရည်
သွန်းပန်းချီချယ်
ငါငိုခဲ့တယ်......
- မင့်ရင်မှာ
ချစ်ရသူငါ
မေတ္တာသီကြူး
သွပ်သွပ်ခါခါ ရူးခဲ့ပါတယ်....
အခုတော့
ဟောင်းခဲ့ရှာပြီ
ဒိုင်ယာရီရယ်
ပြယ်လွင့်ပါးပါး
ကမ္ဗည်းစာသားတို့
နှစ်ချို့ရက်ကြာ
စာအုပ်ပြာရဲ့ ရာဇ၀င်....။

ရွှေလင်းထန် ( ကလေးမြို့ ၊ အ ထ က (၁) ရွှေရတု မဂ္ဂဇင်း--၂၀၀၃ )



ဆက်လက်ဖတ်လိုလျှင် ....>>

Sunday, December 27, 2009

ကလေးမြို့ အထက (၁) အာစရိယ ပူဇော်ပွဲ




၂၀၀၉ ခုနှစ် အထက (၁) ကလေးမြို့ ၏ အာစရိယ ပူဇော်ပွဲ ကို ဒီဇင်ဘာ လ (၂၆) ရက် နေ့တွင် ကျင်းပ ပြီးစီး ပြီ ဖြစ်ပါသည်။ ကန်တော့ခံ ဆရာ / ဆရာမ (၄၂) ဦးကို ကျပ်ငွေ ငါးသောင်း ၊ဆန် တစ်အိတ် နှင့် အခြား ပစ္စည်းများ တန်ဖိုးငွေ ခုနှစ်သောင်း ခန့် စီ ကန်တော့ ကြပါသည်။ ရွှေရတု ကျောင်းသားဟောင်းများမှ ကံစမ်းမဲ အစီစဉ်ဖြင့် ကန်တော့ ပစ္စည်းများ ပေးအပ်ခဲ့ကြပါသည်။ ကလေးမြို့ နယ်အသင်း (ရန်ကုန်) မှ ကျပ်တစ်သိန်းရှစ်သောင်း ကို လှူဒါန်း ပေးအပ်ခဲ့ပါသည်။ ကျောင်းသား ကျောင်းသူ ဟောင်းများမှ စတိတ်ရှိုး ကဏ္ဍဖြင့် ဖျော်ဖြေ တင်ဆက်ကြောင်း သိရှိရပါသည်။

ဓါတ်ပုံများကို ကြည့်ရှု လိုပါက ဒီမှာ သွားပြီး ကြည့်ရှုနိုင်ပါတယ် ။


ဆက်လက်ဖတ်လိုလျှင် ....>>

ကလေးမြို့နယ်အသင်း (ရန်ကုန်)

ရန်ကုန်မြို့တွင် ကလေးမြို့ နယ်အသင်း (ရန်ကုန်) ကို ဖွဲ့စည်းခဲ့ကြပါသည်။ တရားဝင် အသင်း အဖွဲ့ ဖြစ်ရန် စီစဉ် ဆောင်ရွက် နေ ကြာင်း သိရှိရပါသည်။ အသင်း၏ တည်နေရာကို လည်း အတိအကျ မသတ်မှတ်ရ သေးကြောင်း သိရှိရပါသည်။ ကလေးမြို့မှ ရန်ကုန်မြို့ သို့ လာရောက်ကြသူ များအား အလွယ်တကူ တည်းခိုနိုင်ရန် စီစဉ်မည်ဟု သိရှိရပါသည်။ အသေး စိတ် အချက် အလက်များကို သိရှိရပါက ဆက်လက် ဖေါ်ပြ ပေးသွားပါမည်။

ဆက်လက်ဖတ်လိုလျှင် ....>>

Thursday, December 24, 2009

စာရေးဆရာတွေရဲ့ပွဲ

ဒီဇင်ဘာလ (၂၅) ရက်နေ့ ခရစ္စမတ်နေ့မှာ ကလေးမြို့ ရှိ စာရေးဆရာများနှင့် စာရေးဆရာ ဒါရိုက်တာ မောင်ဝဏ္ဏ့၊ ကံထွန်းသစ် တို့ နှင့် တွေ့ဆုံပွဲကို နေ့လည် (၂) နာရီတွင် ဟောင်ကောင် (III) လက်ဖက်ရည် ဆိုင်တွင် ပြုလုပ်မည် ဖြစ်ကြောင်း နှင့် စိတ်ဝင်စားသူများ တက်ရောက် ဆွေးနွေး မေးမြန်နိုင်ပါသည် ဟု သိရှိရပါသည်။
နေသာပညာဒါန၏ ယဉ်ကျေးလိမ္မာ သင်တန်းကို တောင်ဖီလာ တောရကျောင်းတွင် (၃) ညအိပ် (၄) ရက် ခရီး စတင်နေပြီဟု သိရှိရပါသည်။ ကလေးမြို့သီတဂူ စက္ခု ဒါန ဆေးရုံးသစ်ကြီးတွင်လည်း မျက်စိ ဝေဒနာရှင်များကို (၂၃-၁၂-၀၉ ) ရက်နေ့မှ စ၍ အခမဲ့ စမ်းသပ် ကုသ ပေးနေပြီ ဖြစ်ကြောင်း သိရှိရပါသည်။


ဆက်လက်ဖတ်လိုလျှင် ....>>

ကလေးမြို့ ရဲ့ ဒီဇင်ဘာ ညများ

ကလေးမြို့ ရဲ့ ဒီဇင်ဘာ ညများမှာတော့ ခရစ္စမတ် ဓမ္မတေးတွေနဲ့ ဖုံးလွမ်း နေပါတယ်။ ခရစ်တော်ရဲ့ မွေးနေ့ အကြို ဆုတောင်းပွဲများ ပြုလုပ်ပြီး ကယ်လိုဆင်း အဖွဲ့များ ရဲ့ ဓမ္မ သီးချင်းတွေက ဆောင်းညများကို အန်တုပြီး ပျံလွင့်နေ သည်။ ကယ်လို အဆင်း အဖွဲ့မှ ရရှိသော အလှူငွေများကို မရှိဆင်းရဲသားများအား ပြန်လည်ပေးဝေငှသည်ဟု သိရှိရပါသည်။
ချင်းတို့၏ ဓလေ့ရိုးရာနှင့် ခရစ္စမတ်ပွဲ နှစ်သစ်ကို ကြိုဆိုခြင်းတို့ဖြင့် စည်ကားမြိုင် ဆိုင်လှပါသည်။

ဆက်လက်ဖတ်လိုလျှင် ....>>

Tuesday, December 22, 2009

ရယ်စရာနောက်မှာ မောစရာ ပါသတဲ့

ရေးသူ - သခင်နွယ်

ကျွန်မ အလွန်အလုပ် များနေတဲ့ မနက်ခင်းတစ်ခုရဲ့ ရှစ်နာရီခွဲ အချိန်လောက်ပေါ့။ ကျွန်မနဲ့ အသက် အရွယ်တူ လူကြီးလူကောင်း တစ်ယောက် ကျွန်မရဲ့ ဆေးခန်းလေးကို ရေးကြီး သုတ်ပျာ နဲ့ရောက်လာခဲ့ပါတယ်။ ရောက်မဆိုက်ဆိုရင်ပဲ သူရဲ့ လက်က အနာ ချုပ်ရိုးကို ဖြေပေးဖို့ ပြောလာပါတယ်။ သူမှာ ဒီမနက် ကိုးနာရီလောက် အရေးကြီးကိစ္စတစ်ခု ချိန်းထားတာ ရှိလို့ပါ ဆိုပြီးလည်း ထပ်ပြောလိုက်ပါသေးတယ်။
တစ်စုံတရာကိစ္စအတွက် သူသိပ်ကိုအလျင်စလို ဖြစ်နေတယ်ဆိုတာကို ကျွန်မသတိ ထားမိ ပါတယ်။ ဒါပေမယ့် သူချိန်းဆိုထား တယ်ဆိုတဲ့ အချိန်အတွင်းမှာ သူရဲ့လက်က အနာချုပ်ရိုး ဖြေရမယ့်ကိစ္စ ပြန်ပြီး ဆေးထည့်ရအုံးမယ့့် ကိစ္စ စတာတွေ ပြီးနိုင်ဖို့ဆိုတာက မဖြစ်နိုင်ဘူးလေ။ ဒါကြောင့် ကျွန်မ သူကို ခဏလောက် ထိုင်ပါအုံးဆိုပြီး အစောင့်ခိုင်း ထားလိုက်ပါတယ်။
ကျွန်မခိုင်းတဲ့အတိုင်း ကိုယ်တော်ချောကြီးခမြာ ထိုင်ခုံမှာထိုင်စောင့်နေရင်း သူရဲ့ လက်ကနာရီကို တကြည့်ကြည့်နဲ့ ဖြစ်နေပါလေရော။ ဒါကြောင့် အခြားလူနာတွေ သိပ်များမလာခင် သူရဲ့ အနာကို ကြည့်ဖို့ ကျွန်မအနေနဲ့ ပြင်ဆင်ရ ပါတော့တယ်။
သူရဲ့ လက်ကဒဏ်ရာ အခြေအနေကို ကြည့်လိုက်တော့ အနာက ကျက်နေပြီပဲ၊ ဒါနဲ့ ဆရာဝန်တယောက်ကို အကူအညီခေါ်ပြီး ချုပ်ရိုးဖြေဖို့ စီစဉ်လိုက်ပါတယ်။ တချိန်တည်းမှာပဲ ကျွန်မ သူကို မေးလိုက်ပါတယ် ရှင် ဒီလောက် အရေးတကြီး ဖြစ်နေရအောင် ရှင့်မှာ ဒီမနက် အခြား အချိန်းအချက် လုပ်ထားတဲ့ ဆရာဝန် တစ်ယောက် တစ်လေများ ရှိနေသေးလား လို့ ဆိုတော့ သူက မရှိပါဘူးတဲ့ ပြန်ဖြေပါတယ်။ ဒါပေမယ့် သူမှာ ဒီမနက် သူမိန်းမနှင့် ဘိုးဘွားရိပ်သာမှာ နံနက်စာ သွားစားဖို့ အစီးစဉ်လုပ် ထားတာရှိတယ် လို့ ပြန်ဖြေပါတယ်။
ဒါနဲ့ ရှင့်မိန်းမရဲ့ ကျန်းမာရေးအခြေအနေက ဘယ်လိုလဲလို့ မေးတော့ သူမိန်းမက ဦးနှောက် ပုံမှန် အလုပ်မလုပ်တော့တဲ့ ရောဂါနဲ့ ဘိုးဘွားရိပ်သာမှာ ရောက်နေတာ အတော်ကြာသွားပြီ တဲ့လေ။
ဒါနဲ့ ကျွန်မက ဆက်ပြီးမေး လိုက်ပါသေးတယ်၊ ဒီလိုဆိုရင် ရှင် နဲနဲ အရောက် နောက်ကျတာနဲ့ ရှင့်မိန်းမက ရှင့်ကို စိတ်မကောက်ဘူးလား လို့ဆိုတော့ သူပြန်ဖြေတာက “ကျွန်တော့မိန်းမက ကျွန်တော်ကို ဘယ်သူ ဘယ်ဝါဖြစ်တယ် ဆိုတာကိုတောင် မသိတော့ဘူးလေ၊ ကျွန်တော့ကို သူယောင်္ကျားလို့ အသိအမှတ်မပြုခဲ့တာ အခုဆိုရင် ငါးနှစ်တိုင်ရှိသွားခဲ့ပြီ “ တဲ့။
ကျွန်မ အတော်ကို အံအားသင့် သွားမိလိုက်ပါတယ်၊ ဒါနဲ့ သူကို ဆက်မေးမိပါတော့တယ်၊ ဒါနဲ့ ရှင့်မိန်းမက ရှင့်ကို ဘယ်သူ ဘယ်ဝါမှန်းတိုင် မသိတော့တဲ့ အခြေအနေမျိုးမှာ ရှင်က နေ့စဉ် မနက်တိုင်း အခုလိုပဲ သွားနေတုန်းပဲလား လို့ ဆိုတော့ သူက ရှက်ပြီးပြုံးတဲ့ အမူအရာကြီးနဲ့ ကျွန်မလက်ကို ပုတ်ပြီး ယခုလိုပြန်ဖြေပါတယ်၊ ဟုတ်တယ် သူက ကျွန်တော့ကို ဘယ်သူလဲဆိုတာကို မသိတော့ပေမယ့် ကျွန်တော်က သူကို ဘယ်သူဆိုတာ သိနေသေး တယ်လေ တဲ့။
ဒီလိုနဲ့ သူရဲ့ ဒဏ်ရာချုပ်ရိုး ဖြေတဲ့ကိစ္စပြီးလို့ ကိုယ်တော်ချောကြီး တစ်ယောက် ဆေးခန်းက ထွက်ခွါသွားပြီး ချိန်မှာတော့ ကျွန်မကိုယ် ကျွန်မ မျက်ရည်မကျအောင် အတော်လေးကို ထိန်းထားရ ပါတော့တယ်။ တစ်ချိန်တည်းမှာပဲ ကျွန်မရဲ့ဘ၀မှာ အလိုချင်ဆုံးအရာဖြစ်တဲ့ အချစ်ဆိုတာ ဒါမျိုးဖြစ်မှာပဲ ဆိုတဲ့ အတွေးသစ်လေးတစ်ခုကလည်း ၀င်ရောက်လို့ လာခဲ့ပါတော့တယ် ၊ အဲဒီအတွေးတွေ ကြောင့်ပဲလားမသိပါဘူး၊ ကျွန်မရဲ့ လက်မောင်းတွေမှာ ကြက်သီး မွှေးညှင်းတွေတိုင် ထလာခဲ့တယ်လေ။
တကယ်တော့ အချစ်စစ် အချစ်မှန်ဆိုတာ အပေါ်ယံ အပြင်ပန်းဖြစ်တဲ့ ရူပါရုံ အလှအပ လောက်ကိုသာ ချစ်ခင် မြတ်နိုး တွယ်တာ နေရုံမျှမဟုတ်သလို စိတ်ကူးယဉ် အိမ်မက် သက်သက် မျှနဲ့လည်း မလုံလောက်ပါဘူး။ ဖြစ်ပျက် တွေ့ကြုံလာသမျှ အခြေအနေ အားလုံး အပေါ်မှာ တစ်ဦးပေါ်တစ်ဦး နားလည် သည်းခံ ခွင့်လွှတ်နိုင်ကြမှ သာလျှင် အချစ်စစ် အချစ်မှန်ရဲ့ အဓိပ္ပါယ်လေးနက်မှု ဆိုတာ ပေါ်ထွက်လာမှာပါ။
တကယ့်လက်တွေ့မှာလည်း စည်းစိမ်ဥစ္စာပြည့်စုံ ကြွယ်ဝမှုတစ်ခုတည်းက စစ်မှန်တဲ့ စိတ်ချမ်း သာမူကို မဖော်ဆောင် နိုင်ပါဘူး။ ကိုယ် ကိုယ်တိုင်က စိတ်ချမ်းသာ မှုဖြစ်အောင် အကောင်းဆုံး ဖန်တီးပြီး ယူတတ်ကြမှ သာလျှင် စိတ်ချမ်းသာမှု အသီးအပွင့်ဆိုတာဟာ ရရှိ ခံစား လို့လာနိုင်မှာပါ။
ပြင်းထန်တဲ့ ဘ၀မုန်တိုင်းတွေ ကြားထဲမှာ ဘယ်လို ရှင်သန်နေရမလဲ ဆိုတာထက် ဘယ်လို လွန်မြောက်အောင် ရုန်းကန်ပြီး ကျော်လွှားမလဲ ဆိုတာက လက်တွေ့ဘ၀မှာ ပိုပြီး အပြု သဘော ဆောင်ပါလိမ့်မယ်။

(သခင်နွယ် စုစည်းတင်ပြသည်)


ဆက်လက်ဖတ်လိုလျှင် ....>>

ကျွန်တော်ချစ်သော မြို့လေးတစ်မြို့အကြောင်း

ရေးသူ - ရေခဲပန်း


မြန်မာနိုင်ငံမှာ ကျွန်တော်ချစ်သော မြို့လေးတစ်မြို့ရှိပါတယ်။ အဲဒီမြို့လေးမှာပဲ ကျွန်တော်ရဲ့ဘ၀ ကြီးပြင်းလာ ခဲ့ရတာလဲဖြစ်ပါတယ်။ အဆိုပါမြို့လေးကတော့ ကလေးမြို့လို့ ခေါ်တဲ့ မြို့လေးပဲဖြစ်ပါတယ်။ ၄င်းမြို့လေးဟာ မြန်မာနိုင်ငံရဲ့ အနောက် မြောက်ဖက် ချင်းပြည်နယ်နဲ့ အနီးဆုံးမှာ တည်ရှိပါတယ်။ လူအများစုကတော့ မြန်မာနိုင်ငံရဲ့ ဒေသအနှဲ့အပြားမှ ပြောင်းရွှေ့နေထိုင်လာ ကြသူတွေဖြစ်ကြပြီး လယ်ယာစိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြသူတွေလည်း ဖြစ်ပါတယ်။ ရိုးသားပွင့်လင်းမှု တစ်ဦးနှင့်တစ်ဦး ရင်းနှီးဖော်ရွေ တတ်မှုများဟာ ၄င်းမြို့သူ / သားများရဲ့ ချစ်စရာကောင်းတဲ့ ပင်ကိုယ် စရိုက်လက္ခဏာ တရပ်လည်းဖြစ်ပါတယ်။
၎င်း မြို့လေးကို ရှေးယခင်က ကာလေးမြို့လို့ခေါ်တွင်ခဲ့ပါတယ်။ အကြောင်းကတော့ အဆိုပါမြို့လေးကို လေးဖက်လေးတန်က အရံမြို့လေး လေးမြို့နဲ့ ၀န်းရံပြီး တည်ထောင်ထားတာကြောင့်လို့ ပြောစမတ် ပြုကြပါတယ်။ အဲဒီအရံမြို့ လေးတွေကတော့ အရှေ့မြောက်ထောင့်အရပ်မှာ ရွှေတောင်မြို့၊ အရှေ့တောင်ထောင့်အရပ်မှာ စဥ့်တုံမြို့ ၊အနောက်တောင်ထောင့် အရပ်မှာ မံလုံမြို့ နှင့် အနောက်မြောက် ထောင့်အရပ်မှာ ခမ်းပတ်မြို့ တို့ပဲဖြစ်ကြပါတယ်။
ကလေးမြို့ကို မြန်မာသက္ကရာဇ် (၃၂၈) ခုနှစ် တပို့တွဲလပြည့်ကျော်(၅)ရက် တနင်္ဂနွေနေ့မှာ မဟာစောလုန်ကြီးရဲ့ သမက်တော် ကျေးတောင်ညိုကို စော်ဘွားအရာထားပြီး တည်ထောင်ခဲ့တယ်လို့ အချို့သမိုင်းများအဆိုအရ သိရပါတယ်။
ကလေးမြို့ကို စော်ဘွားစောရွှေက သက္ကရာဇ် (၉၉၉) ခုနှစ်တွင်အသစ် ပြန်လည်ပြုပြင်ပြီး နောက်ပိုင်း သက္ကရာဇ် (၁၁၂၃)ခုနှစ်တွင် စော်ဘွားစောခန်းကယ်မှ၎င်း သက္ကရာဇ် (၁၂၅၁)ခုနှစ်တွင် စော်ဘွားမောင်ဖာကြီးမှ ၄င်း ပြုပြင်ခဲ့ကြသည် ဟုသိရပါတယ်။စော်ဘွား မောင်ဖာကြီးအုပ်ချုပ်စဉ် ကာလအတွင်း အရံမြို့ငယ်များကို အသစ်ဖြစ်တဲ့ နာမည်နှင့် အစားထိုးခဲ့သည် ဟုဆိုပါတယ်။ ထိုအစားထိုး မြို့ငယ်များကတော့ အရှေ့မြောက်ဘက်တွင် တိန်းငြင်းမြို့ ၊အရှေ့တောင်ဘက်တွင် တင်သားမြို့၊ အနောက်တောင်ဘက်တွင် မံလုံမြို့၊ အနောက်မြောက်ဘက်တွင် အိပ်စွတ်မြို့တို့ဖြစ်ပါသည် ဟုသိရပါတယ်။ ကလေးမြို့ကို ပဌမတည်ထောင်ခဲ့စဉ်က အရံမြို့လေးများဖြစ်ခဲ့ကြသော ရွှေတောင်မြို့ စဥ့်တုံ၊ ခမ်းပတ်မြို့နှင့်စတုတ္ထအကြိမ်မြောက် မြို့ကိုပြန်လည်မွမ်းရာတွင် အရံမြို့ထဲတွင်တစ်မြို့ အပါဝင်ဖြစ်ခဲ့သော တိန်းငြင်းမြို့ တို့ကတော့ ယခုအချိန်မှာ တောကြီးအဖြစ် သို့ရောက်ရှိလိုသာ နေပါတော့တယ်။
ကလေးမြို့သည် တတိယမြောက်မြို့တည်နှစ်မှ အမှတ်အသား ပြုမည်ဆိုပါက နှစ်ပေါင်း(၁၂၀) တိုင်ခဲ့ပြီး ပထမမြောက်မြို့ တည်နှစ်မှ အမှတ်အသားပြု မည်ဆိုပါက နှစ်ပေါင်း(၁၀၄၃)တိုင် ခဲ့ပြီဖြစ်ပါတယ်။ ထို့ကြောင့် ကလေးမြို့သည် ရှေးကျ သောမြို့လေး တစ်မြို့ဟု ဆိုနိုင်ပါတယ်။ မြန်မာနိုင်ငံရှိ ရှေး ဟောင်းမြို့ လေးတစ်မြို့ဖြစ်သော တကောင်းမြို့နှင့် ခေတ်ပြိုင်မြို့ တစ်မြို့ဟု လည်ုးဆိုနိုင်ပါတယ်။
ကျွန်တော်ချစ်တဲ့ ကလေးမြို့ကလေးဟာ သေးငယ်တဲ့ မြို့လေးတစ်မြို့ ဖြစ်သလို လူဦးရေအနနဲ့ကလည်း နည်းပါးတဲ့ မြို့လေးတစ်မြို့ သာဖြစ်ပါတယ်။ သို့သော်လည်း ၄င်းမြို့လေးကို မြို့သူ မြို့သားတို့ရဲ့ ရိုးသားပွင့်လင်းမှု ရင်းနှီးဖော် ရွေတတ်မှုတွေနှင့် တန်းဆာဆင်ထားတာကြောင့် မွေ့လျော်ဖွယ်ကောင်းတဲ့ မြို့လေးတစ်မြို့သာ ဖြစ်လို့နေပါတယ်။ စာရေးသူရဲ့ အမြင်ကို အမှန်အတိုင်း တင်ပြရပါရင် နိုင်ငံတစ်နိုင်ငံ ဒါမှမဟုတ် မြို့လေးတစ်မြို့ရဲ့ ကောင်းမြတ်တဲ့ တန်ဖိုးဟာ အဆိုပါနိုင်ငံ သို့တည်းမဟုတ် မြို့လေးရဲ့ အရွယ်ပမာဏ အပေါ်မှာ အဓိက မူမတည်ပါဘူး။ တနည်းအားဖြင့် ပြောရရင် နိုင်ငံတစ်နိုင်ငံ သို့တည်းမဟုတ် မြို့တစ်မြို့ရဲ့ ကောင်းသတင်း ကျော်ဇောချင်း ဂုဏ်သတင်းတန်ဖိုးတွေဟာ နိုင်ငံ မြို့တို့ အကြီးအသေး ပမာဏအပေါ်မှာ အခြေမခံပါဘူး။ ၄င်းနိုင်ငံ သို့မဟုတ် ၄င်းမြို့မှာ နေထိုင်ကြသူတွေရဲ့ ကိုယ်ကျင့် စရိုက် လက္ခဏာ တွေအ ပေါ် မှာသာ အခြေခံပါတယ်။ ဒါကြောင့်မို့လည်း အထက်မှာ ပြောပြခဲ့တဲ့ ရိုးသားပွင့်လင်းမှုဂုဏ် ရင်းနှီးဖော်ရွေတတ်တဲ့ ဂုဏ်တွေနဲ့ ပြည့်ဝတဲ့ကလေးမြို့လေးမြို့လေးဟာ ချစ်စရာကောင်းတဲ့ မြို့လေး နေထိုင်သင့် နေထိုင်ထိုက်တဲ့ မြို့ကလေးရယ်လို့ စာရေးသူ တင်ပြလိုက်ရခြင်းဖြစ်ပါတယ်။

ရေခဲပန်း


Turn to English

ဆက်လက်ဖတ်လိုလျှင် ....>>

Monday, December 21, 2009

ညီမလေး (၅)

ရေးသူ - ယွန်းအိမ်

ညီမလေးရေ …..မနာကျည်းခဲ့ပါဘူး၊မဖြစ်နိုင်မှန်း သိရက်နဲ့ စမိခဲ့တဲ့ ကိုယ့်ရဲ့အချစ်တွေ ကို ဘယ်တော့မှရုတ်သိမ်းဖြစ်မှာ မဟုတ်ပါဘူး၊တို့နှစ်ယောက် အတူလျှောက်ခဲ့တဲ့ အချိန် တွေရယ် မညားခဲ့တဲ့ စိတ်တွေနဲ့၊ညားခဲ့တဲ့ စိတ်တို့နဲ့အတူ လောကဓံရဲ့ နိမ့်တုံ မြင့်တုံ ကြားမှာ ဖြတ်သန်း ခဲ့ပေါ့…….
ကံကြမ
္မာရဲ့ ဒဏ်ချက်အောက်မှာ လူးလွန့် ခံစားရင်း နတ်ဘုရားတွေရဲ့ ဖန်ဆင်းမှုကြောင့် ရင်းနှီးဆုံစည်းခဲ့တဲ့ အချိန်တွေ “အမေ့အိမ်” သီချင်းနဲ့ အသံချိုလေးများ၊ မိုင်တွေချီ ဝေးကွာခဲ့၊ အကြင်နာတွေဟာ နွေးထွေးခဲ့……..“တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ” ဆိုတဲ့ သီချင်းကို မခံစားနိုင်တဲ့ ညီမလေးရေ…..ကိုယ့်ရဲ့ တစ်ဦးတည်းသော ပရိတ်သတ်လေးအတွက် သံစဉ်တွေက လှပခဲ့၊ ရာသီများ စွာကုန်လွန်ခဲ့ နာရီတွေ လည်နေတုန်းမှာ အိပ်မက်တစ်ခုကို အဆုံးသတ် မသွားစေချင်ဘူး…..
ညီမလေးက သံသရာ တစ်ခုလုံးအတွက် လက်တွဲခေါ် တစ်ဘ၀စာလေး အဖြစ် လက်တွဲမခေါ်၊ အကောင်းဆုံး အဖေါ်အဖြစ် ကျေနပ်စွာ ခံယူရင်း၊ဖြစ်ခြင်း၊ ပျက်ခြင်း ၊တရားတွေနဲ့ ဘ၀ကို ဆွေးနွေး၊လောကီ လောကုတ္တရာ ကျိုးကြောင်း ဆက်နွယ်မှုတွေ၊အ၀ိဇ္ဇာ၊ တဏှာရဲ့ ဒုက္ခဖြစ်တည်မှု တွေကိုရှင်း ဘ၀ကိုအလင်းပေးတဲ့ လမ်းပြကြယ်ဟာ ညီမလေးပါ……
ညီမလေးရေ…..မင့်အဝေး တစ်နေရာကို ရောက်နေချိန်တုန်းက စိုးရိမ်စိတ်တွေနဲ့ ပူပန်တတ်ခဲ့ အလွမ်းတွေကို ဖြေဖျောက်ဖို့ ဖုန်းကလေးကို သက်သေအဖြစ်နဲ့ပြော၊ သူငယ်ချင်းတွေရဲ့ အကြောင်းကိုပြော၊ အလောင်းအစားနဲ့ ရင်းနှီးခဲ့တဲ့ သံယောဇဉ်လေး တွေပြော၊အစောဆုံးကိုယ့်စီလာခဲ့ပါ ညီမလေးရေ……
လွမ်းဆွတ်ခြင်းတွေနဲ့ ဘူတာရုံလေးရယ်…..ညီမလေးတို့ မွေးရပ်မြေကို ရောက်ခဲ့တုန်း က မျှော်စင်မြင့်မြင့် ကြီးရယ် ရထားထွက်ချိန် နှုတ်ဆက် အလွမ်းလေးရယ်….မင့်ရဲ့အသံချိုချို လေးတွေ ကိုယ်ကြားယောင်ဆဲပေါ့…တို့နှစ်ယောက် အလွမ်းတွေ စီးဆင်းတဲ့နေ့ကို ပြန်အောက် မေ့ဆဲပါ။
အပြောင်းအလည်းတွေက ပြောင်းလဲခဲ့၊ ဘ၀က အနိမ့်ပျံ ငှက်တစ်ကောင် ဖြစ်သွား၊ အရာရာကို ရင်ဆိုင်ဖို့ အဝေးကို လွင့်ထွက်သွားတဲ့ စိတ်တွေ၊ အပေအတေ ဒဏ်ရာတွေနဲ့ ဒုက္ခတွေကို မြိုသိပ်ရင်း သတိရခြင်း စိတ်တွေကို ဒဏ်ရာအဖြစ် နဲ့ပြောင်းလဲ၊ ကိုယ်ပဲခံစားပါ ရစေ ညီမလေးရေ……
အရာရာကို ဇွတ်ဖန်တီးလို့ မရနိုင်မှန်း သိစိတ်က သိခဲ့ပေမယ့်၊ မသိစိတ်က မျှော်လင့်ခဲ့မိတာ အပြစ်လား….ညီမလေးရေ……ကံကြမ္မာကို မပြောင်းလဲနိုင်၊ အချိန်တွေကိုလည်း ငါမတားနိုင်၊ ငါ့ကိုယ်ငါ အလင်းရောင်း တွေရှာဖွေနေတုန်း၊ ချစ်ခြင်းမေတ္တာတရား တွေဟာ တိမ်ဆိုင်တစ်ခုလို ဖြစ်သွားမလား ငါစဉ်းစားခဲ့ဖူးတယ်……
ညီမလေးရေ…..စေတနာတွေဟာ အတ္တတဲ့လား အဖြူထည်လေးကို မစွန်းထင်းစေချင်လို့ပါ။ ငါကိုယ်တိုင်ဟာ ပေးဆက်သူ သက်သက်ဖြစ်ချင်ခဲ့…… မြင့်မြတ်တဲ့လမ်း တစ်ခုကို လျှောက်စေချင်တဲ့သူ၊ ဒဏ်ရာတွေ မရဖို့၊ ဟို……အရင်ချိန်က အိပ်မက် အဟောင်းများ ထားရစ်ခဲ့ပါ။ ကိုယ်ဟာ လွန်ခဲ့သူ တစ်ယောက်ဖြစ်ရင် အမှန်အတွက် နဲ့ မှားခဲ့သူပါ။
ညီမလေးရေ…..မင့်ပျော်မယ်ဆို ကိုယ့်နှလုံးသားကို စတေး၊ ရင်ခုန်သံတွေ သေဆုံးသွားပါစေ…..အဝေးက မေတ္တာတရားတွေနဲ့ ပြည့်စုံ အောင်မြင်ခြင်းတွေ ရရှိနိုင်ပါ စေလို့ ….။သစ္စာတိုင်အချစ်ဟာ မယိုင်လဲပါဘူး ညီမလေး။


ယွန်းအိမ်

ဆက်လက်ဖတ်လိုလျှင် ....>>

Saturday, December 19, 2009

သမီးလေးရေ -------

ရေးသူ- သခင်နွယ်


သမီးလေးရေ -------
သမီး မေမေရဲ့ ကြင်နာမှု၊ ယုယပိုက်ထွေးမှု၊ သင်ကြားပြသမှု တွေကမှတဆင့် အမေဆိုတဲ့ အသိစိတ် ၊ အသိမှတ်ပြုမှုတွေနဲ့ မ, မမ်မ, မမ် , အန်မ, အမေ ရယ်လို့ သမီးလေးရဲ့ အသက်အရွယ်အလိုက် ခေါ်ဝေါ်သုံးစွဲမှု ဆင့်ကဲဖြစ်စဉ် လေးတွေနဲ့ ခေါ်ဝေါ်ပြီး သုံးစွဲလာခဲ့ရတဲ့ သမီးလေးရဲ့ မေမေ----၊ တခါတစ်ရံမှာ သမီးလေး တစ်ခုခု အလိုမကျလို့ပဲဖြစ်ဖြစ် ဗိုက်ဆာလို့ပဲဖြစ်ဖြစ် ငိုတဲ့အခါတိုင်းမှာ သမီးလေးရဲ့အလိုဆန္ဒ တွေကိုဖြည့်ဆည်းပေးရင်း သမီးလေးရဲ့ နံဘေးမှာ အမြဲလိုရှိနေတတ်သူဟာ သမီးလေးရဲ့ မွေးမေမေပါပဲ သမီးလေးရေ။
သမီးလေး လမ်းလျှောက်သင်စ အရွယ်ရောက် ပြန်တော့လည်း နူးညံ့လှတဲ့ ခြေထောက်လေး တစ်စုံကို မှီပြီး ဟိုယိုင် သည်ယိုင်နဲ့ လမ်းလျှောက်ပြနေတဲ့ သမီးလေးကို ကြည့်ရင်း မျက်နှာမှာ ပီတိတွေ လွှမ်းနေခဲ့တာ ဟာလည်း အဲဒီ သမီးလေးရဲ့ မေမေပါပဲလေ။
ငယ်ရွယ်နုပျိုလှတဲ့ သမီးငယ်လေးတစ်ယောက် အနေနဲ့ ဘာကိုမှ နားမလည်နိုင်ရှာ တတ်သေးပေမယ့် ချစ်သမီးလေးအတွက် ဆိုကာ မွေးနေ့ပွဲလေးတွေကိုလည်း အကြိမ်ကြိမ် ကျင်းပပေးခဲ့ဖူးတယ်လေ၊ ကျောင်းနေရမယ့် အရွယ်ရောက်လာပြန်တော့ သမီးလေးရဲ့ ပညာရေးအတွက် သကြားလုံးလေးတွေကျွေး ချော့မော့ရင်းကနေ နေ့စဉ်နေ့တိုင်း ကျောင်းလိုက်ပို့ပေး ခဲ့တာဟာလည်း သမီးလေးရဲ့ မေမေပါပဲ။
သူငယ်ချင်း အပေါင်းအသင်းတွေ ရဲ့အလယ်မှာ အ၀တ်စားသစ် လှလှလေးတွေနဲ့ ကြွားကြွားဝါ၀ါနေတတ်တဲ့ အရွယ်ရောက်လာပြန်တော့လည်း မိမိအတွက် အ၀တ်စားသစ်မ၀တ်ရင် နေပါစေ သူရဲ့သမီးလေး လူတကာ အလယ်မှာ တောက်တောက် ပြောင်ပြောင် မြင်နေရရင် ကျေနပ်ပါပြီ ဆိုတဲ့ မေတ္တာ ကရုဏာ မုဒိတာစိတ်တွေကို အခြေခံကာ အ၀တ်စားသစ် လေးတွေနဲ့ ဆင်မြန်းပေးခဲ့ သူဟာလည်း သမီးရဲ့မေမေပါပဲ။ ဒီကြားထဲ တစ်ခါတစ်ရံ သမီးလေး ကျန်းမာရေးမကောင်းလို့ ဆရာဝန်ထံ လိုက်ပို့ခဲ့တာတွေ အနီးကပ်ပြုစုစောင့် ရှောက်ခဲ့တာတွေကို သမီးလေး ယခုချိန်ထိ အမှတ်ရ နေလိမ့်အုံးမယ်လို့ ယုံကြည်ပါတယ်။
သမီးရဲ့ မေမေဟာလေ သူသမီးလေနဲ့ပတ်သက်လာရင် နှစ်ပေါင်းများစွာ ရင်းနှီးအကျွမ်းဝင်လာခဲ့တဲ့ မိတ်ဆွေ များကိုတိုင် အဆက်အသွယ် ဖြတ်ရဲ တဲ့သူတစ်ယောက်ပါ။ ဥပမာအားဖြင့် ငယ်ရွယ်သူတို့ရဲ့ သဘာဝ ခိုက်ရန် ဖြစ်ကြတဲ့အခါမျိုးတွေမှာ ငါ့သမီးလေးဖက်က မှန်တယ်ဆိုတဲ့ အသိနဲ့ သမီးဖက်က အမြဲရပ်တည် ကာကွယ် ပေးပြီး လူကြီးချင်း မျက်နှာပျက်ရမယ့် ကိစ္စမျိုး တွေကိုတိုင် အရေးမစိုက်လေ့ မရှိတတ်တဲ့ မိခင်မျိုးပါ သမီးရယ်။
သမီးလေးက အများနည်းတူ စက်ဘီးလေး စီးချင်လှပါတယ်ဆိုပြီး ပူဆာလာပြန်တော့လည်း သမီးလေးရဲ့ အမေခမျာမှာ ရှိစု မဲ့စု နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့ရတဲ့ သူရဲ့ စုဗူးလေးထဲက ပိုက်ဆံလေးနဲ့ စက်ဘီး သက်လေးတစ်စီး ၀ယ်ပေးခဲ့တာကိုလည်း သမီးလေး အမှတ်ရ နေအုံးမယ်လို့ မျှော်လင့်ပါတယ် သမီးရယ်။
သမီေးလး ပညာတွေစုံလို့ ဘွဲ့တွေရပြီးတဲ့ နောက်မှာတော့ သမီးလေးက လုပ်ငန်းခွင် ၀င်တော့မယ်တဲ့လေ။ တကယ်တော့ သမီးမေမေရဲ့ မျက်စိထဲမှာ သမီးလေးဟာ ကလေးသူငယ်လေး တစ်ယောက်လို့သာ ထင်မှတ်နေဆဲပါ သမီးရယ်။ လုပ်ငန်းခွင်ထဲမှာ သူသမီးလေး ပင်ပင်ပန်ပန်း လုပ်ကိုင်နေရရှာမှာကို တွေးပြီး ပူပန်နေမိမှာကတော့ သံသယဖြစ်စရာမလိုပါဘူးနော်။ ဒါပေမယ့်လည်း ယနေ့ခေတ်ကြီးမှာ လူတိုင်း အလုပ်မလုပ်ပဲ နေလို့ရတဲ့ ခေတ်ကြီးမဟုတ်ဘူး ဆိုတာကို သမီးလေးရဲ့ မေမေ နားလည်ပါတယ် သမီးရယ်။ ဒီတော့လည်း သမီးလေး လုပ်ငန်းခွင်မသွားခင် နံနက်စာ အဆာပြေစားပါတော့လို့ သမီးလေးကြိုက် နှက်သက်တတ်တဲ့ အစားအစာ လေးတွေကို မနက်စောစော သမီးလေး အိပ်ယာမထခင်ကတဲက ကြိုတင်ပြင်ဆင်ပေးခဲ့တာပေါ့။ သမီးရဲ့ မေမေက သူသမီးလေး ကြိုက်တတ်တဲ့ အစားအစာတွေကို ကြိုတင်ပြင်ဆင် ပေးခဲ့တယ် ဆိုပေမယ့်လည်း အမေရဲ့လက်ရာ ကောင်း မကောင်းဆိုတဲ့ သမီးလေး စိတ်ထဲက ရေရွတ်သံကိုတော့ သမီးလေး ပြန်ပြောင်း သတိရနိုင်သေးတယ်ဆိုရင် သမီးလေးသာ အသိဆုံးဖြစ်မှာပါနော်။
သမီးလေး လုပ်ငန်းခွင်ဝင်ခဲ့တာ တစ်လပြီးမြောက်လို့ ပဌမဦးဆုံးလစာထုတ်တဲ့ ရက်မှာတော့ သမီးလေးရဲ့ မေမေက သူသမီးလေးရဲ့ အိမ်ပြန်လာချိန်ကို အိမ်တံခါးဝက စောင့်ကြိုနေခဲ့တယ်လေ။ အတွေးတော့ မမှားလိုက်ပါနဲ့ သမီးရယ်၊ သမီးအမေ အခုလို့ အိမ်တံခါးဝက စောင့်ကြိုနေခဲ့တာဟာ သမီးလေးရဲ့ လစာကိုမျှော်လင့်ရင်း စောင့်ကြို နေခဲ့တာမဟုတ်ပါဘူး။ သမီးလေးရဲ့ လုပ်အားတန်ဖိုးကို အသိအမှတ်ပြုတဲ့အနေနဲ့ ကောင်းချီးပေးချင်လို့ အိမ်တံခါးဝကိုထွက်ပြီး စောင့်ကြိုနေခဲ့ရှာတာပါ။ တစ်ချိန်တည်းမှာပဲ သမီးလေးကတော့ မိမိရဲ့ မဌမဆုံးးရတဲ့ လစာဆိုတော့ အထိမ်းအမှတ်လေး ဖြစ်သွားအောင်ဆိုပြီး သမီလေးရဲ့ သူငယ်ချင်း တွေနဲ့ ပျော်ပွဲစားလေးတစ်ခုတိုင် လုပ်လို့ ပြီးသွားခဲ့ပြီလေ။
တနေ့ သမီးလေး အချိန်တန် အရွယ်ရောက်လို့ ချစ်သူနောက် ကောက်ကောက်ပါ လိုက်သွားခဲ့ပြီး သမီးချစ်သူနဲ့အတူ အိမ်ပြန်ရောက်လာတော့လည်း ဒီလင် ဒီမယား သက်ဆုံးတိုင် ချစ်ချစ်ခင်ခင်နဲ့ ပေါင်းဖက နိုင်ကြပါစေရယ်လို့ ပဌမဆုံး တောင်းဆုတွေ ခြွေပေးနေခဲ့ သူဟာလည်း သမီးလေးရဲ့ မေမေပါပဲလေ။ သမီးလေးက သမီးလေးရဲ့ မေတ္တာတစ်ဝက်ကို သူစိမ်း တစ်ယောက်ထံ ခွဲဝေပေးလိုက်ပေမယ့် သမီးလေးရဲ့ အပေါ်မှာ ထားတဲ့ သမီးမေမေရဲ့ မေတ္တာတွေ ကတော့ အရင်လိုပဲ မပြောင်းမလဲ သမီးရဲ့ အပေါ်မှာ စုပြုံနေဆဲဆိုတာ သမီးလေး ခံစားလာတတ်တဲ့ တစ်နေ့မှာ နားလည်လာမှာပါနော်။
ယခုချိန်မှာတော့ သမီးရဲ့ မေမေဟာ အသက်အရွယ် ကလည်း အိုမင်းရင့်ရော် လာခဲ့ပြီ ဖြစ်သလို တစ်န့ တစ်နေ့ အိမ်မှာ တစ်ယောက် တည်းနေရင်း အထီးကျန်ဆန်လွန်းလှတဲ့ ဝေဒနာမျိုးကိုလည်း ခံစားနေရမယ်ဆိုတာ တွေးကြည့် ရင်သိနိုင်ပါတယ် သမီးရယ်။ ဒါပေမယ့်လည်း သမီးလေးနဲ့ ပတ်သက်လာရင်တော့ သမီးမေမေရဲ့ ခေါင်းထဲမှာ အမြဲပဲ လန်းဆန်းတက်ကြွနေဆဲပါ။ သမီးလေးရဲ့ မေမေဟာ သမီးလေးအတွက် သူရဲ့သက်တမ်း တစ်လျှောက်လုံးမှာ ခက်ခဲမှုပေါင်း များစွာတွေကို ဘယ်လိုကျော်ဖြတ်ခဲ့ရသလဲ ဘယ်လိုစွန့်လွှတ်မှု မျိုးတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရသလဲ ဆိုတာတွေကတော့ သမီးလေး ပြန်စဉ်းစားရင်တိုင် အကုန်သိနိုင်လိမ့်မယ်လို့ မထင် ပါဘူး သမီးရယ်။
ဒါကြောင့်မို့ သမီးမေမေရဲ့ သက်တမ်း တစ်လျှောက်လုံးနဲ့ ဘ၀ရဲ့တစ်စိတ် တစ်ပိုင်းဟာ သမီးအတွက် ဖြစ်ခဲ့ရသလို သမီးလေး ဖက်ကလည်း မေမေအတွက် သမီးအလိမ္မာလေး ဖြစ်အောင် အချိန်လေး တစ်ချိန်ပေးပြီး နွေးထွေးမှု မေတ္တာတွေကို ကာယကံမြောက် ပေးဆပ်ဖြစ်အောင် ပေးဆပ်လိုက်ပါလို့ တိုက်တွန်းပါရစေ သမီးရယ်။ အချိန်တွေကုန်လွန်သွားပြီးခါမှ နောင်တရ ရတဲ့အဖြစ်မျိုးနဲ့ မတွေ့ကြုံပါစေနဲ့နော်။ တကယ်တော့ သမီးလေးထံက သမီးလေးရဲ့ မေမေ အရချင်ဆုံးအရာဟာ သမီးလေးရဲ့ နွေးထွေးမှုမေတ္တာနဲ့ ပြုစုစောင့်ရှောက်မှုပဲဖြစ်တယ်ဆိုတာ သမီးလေးရဲ့ ရင်ထဲ နှလုံးသားထဲမှာ စွဲမြဲအောင် မှတ်သားထားနော်။ ။ မေမေအတွက် သမီးအလိမ္မာလေးများ ဖြစ်နိုင်ကြပါစေ------



(သခင်နွယ် စုစည်း တင်ပြထားသည်)


ဆက်လက်ဖတ်လိုလျှင် ....>>

Friday, December 18, 2009

ဒီဘဝ ဒီခန္ဓာမှာ

ရေးသူ- ကိုဇော်(ကလေးမြို့)

ယဉ်ကျေးမချင်း တိုးတိုက်မိတာ မီးမပွင့်ဘူး ဒါပေမယ့်
အလင်းပွင့်တယ် ရသမျှယူပါ အနုပညာ မျိုးနွယ်စုတစ်ခုရဲ့
အဆီအနှစ် အတွင်းသားဆိုတာ နှလုံးသားမှာမီးနဲ့ပျိုး
မှတ်ဥာဏ်သိစိတ်အစဉ်မှာ တဖျတ်ဖျတ် ခုန်ကူးနေတဲ့
အလွမ်းနဲ့ဖေါက်တဲ့ နှစ်ချို့ဝိုင် တစ်ခါမြည်းစမ်းကြည့်ရုံနဲ့
ရေမြေတောတောင်အမှန်ကို မသိနိုင်ဘူး မျိုးချစ်စိတ်ဆိုတာ
ယဉ်ကျေးမှုမှာ မြစ်ဖျားခံပြီး တငွေ့ငွေ့လောင်တဲ့ ပန်းပဲ
ဒါပေမယ့် ရာသီစုံဝတ်မှုန်ကူးတဲ့ မြန်နှုန်းမြင့် ဝဋ်နာကံနာ
ဒီဘဝ ဒီခန္ဓာမှာ ဒီယဉ်ကျေးမှုနဲ့ အသက်ကြီးပြီး နောက်ဘဝ
နောက်ခန္ဓာမှာ ဘယ်လိုယဉ်ကျေးမှုနဲ့ အသက်ငယ်ရဦးမယ်ဆိုတာ
ယဉ်ကျေးမှုချင်း တိုးတိုက်မိတာ မျိုးနွယ်စုတစ်ခုရဲ့ အဆီအနှစ်
အတွင်းသားအစဉ်မှာ တစ်ခါမြည်းစမ်းကြည့်ရုံနဲ့ ရေမြေတောတောင်
တငွေ့ငွေ့လောင်တဲ့ ပန်းပဲ ဒါပေမယ့် ရာသီစုံဝတ်မှုကူးတဲ့
ဒီယဉ်ကျေးမှုနဲ့ အသက်ကြီးပြီး ဘယ်လိုယဉ်ကျေးမှုနဲ့ မီးမပွင့်ဘူး
ရသမျှယူပါအနုပညာ ဆိုတာ နှလုံးသားမီးနဲ့ပျိုး တဖျပ်ဖျပ်
ခုန်ကူးတဲ့ နှစ်ချို့ဝိုင်မျိုးချစ်စိတ်ဆိုတာ ယဉ်ကျေးမှုမှာ
မြစ်ဖျားခံပြီး မြန်နှုန်းမြင့် နောက်ဘဝ နောက်ခန္ဓာမှာ အသက်
ငယ်ရဦးမယ်ဆိုတာ ဒါပေမယ့် အလင်းပွင့်တယ် မှတ်ဥာဏ်
သိစိတ်အလွမ်းနဲ့ဖေါက်တဲ့ အမှန်ကို မသိနိုင်ဘူး ဝဋ်နာကံနာ
ဒီဘဝ ဒီခန္ဓာမှာ .........။

ကိုဇော်(ကလေးမြို့)
၂၀ဝ၉-ခုနှစ်၊စက်တင်ဘာလထုတ် ဖက်ရှင် မဂ္ဂဇင်းမှ ကူးယူဖေါ်ပြသည်။

ဆက်လက်ဖတ်လိုလျှင် ....>>

Thursday, December 17, 2009

ဟာသ(၁)

ကလေးမြို့ပေါ်ရှိ စာအုပ် အငှားဆိုင်များတွင် ယခု ရက်ပိုင်းအတွင်း အငှားရ အကောင်းဆုံး စာအုပ်များမှာ စာရေးဆရာ မောင်ဝဏ္ဏ နှင့် ကံထွန်းသစ် တို့၏ စာအုပ်များ ဖြစ်ကြောင်း သိရှိရပါသည်။ ယင်းစာအုပ်ကို ငှားရမ်းသူတို့မှာ ကလေးမြို့ရှိ စာပေ၀ါသနာရှင်များ၊ စာရေးဆရာမျာ၊ ဂျာနယ်လစ်များ ဖြစ်ပါသည်။ စာပေအဖွဲ့နှင့် နီးစပ်သူ တစ်ဦးမှ ယခု ရက်ပိုင်း အတွင်း ``အကြိုက်ဆုံး စာရေးဆရာမှာ ဆရာ မောင်ဝဏ္ဏ ဟု´´ စာပေ အဖွဲ့ မှ ပြောနေကြောင်း သိခဲ့ပါသည်။ စိတ်သည် အချိန်နှင့် အမျှ ပြောင်းလည်းနေသောကြောင့် အကြိုက် သည်လည်း အပြောင်းအလဲ ရှိနိုင်ပါသည်။

ဆက်လက်ဖတ်လိုလျှင် ....>>

Wednesday, December 16, 2009

အာစရိယ ပူဇော်ပွဲ ရက်ပြောင်းရွှေ့

ကလေးမြို့ အထက (၁) ကျောင်းသား/ကျောင်းသူ ဟောင်းများ၏ အစရိယ ပူဇော်ပွဲ အခမ်းအနားကို (၂၇-၁၂-၀၉ ) ရက်နေ့မှ (၂၆-၁၂- ၀၉ ) ရက်နေ့ စနေနေ့သို့ ပြောင်းရွှေ့ ကျင်းပမည် ဖြစ်ကြောင်း သိရှိရပါသည်။
၂၇-၁၂-၀၉ ရက်နေ့တွင် သီတဂူ ဆရာတော် ဥူးဥာဏ္ဏိသရ မှ သီတဂူ စက္ခု ဒါန ဆေးရုံ ဖွင့်ပွဲ နှင့် ရေစက်ချ တရားပွဲ ကို နေ့လည် (၁) နာရီတွင် ပြုလုပ်မည်ဖြစ်ပါ၍ ရေစက်ချ တရားနာယူရန် ဖိတ်ကြားအပ်ပါသည်။

ဆက်လက်ဖတ်လိုလျှင် ....>>

နေသာ ယဉ်ကျေးလိမ္မာ သင်တန်း


နှစ်စဉ် ပြုလုပ်မြဲ ဖြစ်သော နေသာ ပညာဒါန ယခုနှစ် ယဉ်ကျေးလိမ္မာ သင်တန်းကို ( 23-12-09 ) ရက်နေ့မှ ( 25-12-09 ) ရက်နေ့အထိ တောင်ဖီလာ တောကျောင်းတွင် နေသာကျောင်း ဆရာတော် ဥူးဓမ္မိက ဦးစီ၍ ကျင်ပပြုလုပ်မည် ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါ ယဉ်ကျေး လိမ္မာ သင်တန်းသို့ ရန်ကုန်မြို့မှ စာရေးဆရာ ဒါရိုက်တာ မောင်ဝဏ္ဏ နှင့် စာရေးဆရာ ကံထွန်းသစ် တို့မှ လည်း လာရောက် ဟောပြော ပို့ချပေးမည်ဟု သိရှိရပါသည်။ ယဉ်ကျေးလိမ္မာ သင်တန်းတွင် ကလေးများအား တရားထိုင်ခြင်း၊ဂိမ်းကစားခြင်း၊ ယဉ်စည်းကမ်းနှင့် အန္တရယ် အကြောင်း ဆွေးနွေးခြင်း၊ စာတမ်းဖတ်ခြင်းတို့ ပြုလုပ်မည်ဖြစ်ကြောင်း နေသာကျောင်း ဆရာ ကျော်ကျော်မှ ပြောပါသည်။

ဆက်လက်ဖတ်လိုလျှင် ....>>

Tuesday, December 15, 2009

သူငယ်ချင်းနဲ့ရန်ဖြစ်တုန်းက


ည(၁၀)နာရီ ထိုးသည်အထိ ကျွန်မ အိပ်မပျော်ခဲ့ပါ။ ဒီနေ့ ဖြစ်ခဲ့တဲ့ အကြောင်းတွေအပေါ် “ငါမှားသွားပြီလား” ဟုတွေးရင်း အိပ်မပျော်ခဲ့ ရခြင်းဖြစ်သည်။ ဖြစ်ခဲ့ တာတွေက ဒီလိုပါ။ကျွန်မနှင့် သူငယ်ချင်းတစ်စု တို့သည် ထုပ်စီးတိုး တန်း ကစားကြပါသည်။ ထိုအထဲတွင် ကျွန်မ အရမ်းခင်မင်တဲ့ သူငယ်ချင်း ပုလဲ နှင့် စံပယ် တို့လည်း ပါပါသည်။ ပုလဲ နှင့်ကျွန်မ က တစ်ဖက် စံပယ်နှင့် ကျန်တဲ့ သူငယ်ချင်းများက တစ်ဖက် ဆော့က စားကြပါသည်။ ပုလဲ နှင့် ကျွန်မ တစ်ဖက်ထဲ ရှိနေသည်ကို စံပယ်က မကျေမနပ်ဖြစ်နေသည် ဟု ကျွန်မ ထင်မိသည်။
ရွှီ..........ဟု ခရာစမှုတ်တဲ့ အချိန်မှာ စတင် ကစားပါတော့သည်။ ကျွန်မ သည် စည်းများကို အတန်တန်ဖြတ်ကျော်ပြီး နောက်ဆုံး စံပယ်၏ နောက်ဆုံးစည်း အနားသို့ ရောက်ရှိလာပါသည်.။ ပုလဲက လည်း ကျွန်မနှင့် အတူ ရောက်လာခဲ့ပါသည်။ ခေါင်သူကြီး ကလည်း ပိတ်ထားပါသည်။ ထို့ကြောင့် ကျွန်မက စံပယ်ရဲ့ ဖက်က နေ ၀င်ရန်အတွက် အကွက်ချောင်းနေမိပါသည်။ ဖြစ်ချင်တော့ နောက်ဆုံး စည်းရဲ့ နဲနဲ ကျဉ်း တဲ့ဘက်မျာ ကျွန်မတို့ နှစ်ယောက်ပိတ်မိနေပါတော့သည်။ စည်းတား တဲ့ သူက စည်းကို မညီပဲ တားထားလိုက်တာကိုး....။
ကျွန်မ တိုပဆော့ကစားနေတာကို ဘေးမှာ ကျောင်းသားကျောင်းသူများ ၀န်းရံလျှက်စိတ်ဝင်တစား ကြည့်နေကြပါသည်။ ကျွန်မက စံပယ် တားနေသော စည်းနေရာမှာ ပိတ်မိနေချိန်တွင် စံပယ်က “ဟေ့ သူငယ်ချင်း ထမင်းရည်ပူစည်းကျော်မိလို့ မင်းတို့ ရှုံး ပြီ၊ ငါတို့ထိုး တဲ့ အလှည့် ရောက်ပြီနော”ဟု ကျွန်မ ကိုသူမက လှမ်း အော်၍ ပြောပါသည်။ ပုလဲက “စံပယ် သူ စည်း မကျော်သေးပါဘူး ဟယ်” ဟုပြောပါသည်။ ထို့ကြောင့် ငြင်း ကြ၊ခုံကြရင်း နှင့် ရန်ဖြစ် မည့် အဆင့် အထိ ရောက်ရှိလာပါသည်။ ပုလဲကလည်း ယဉ်ယဉ်ကျေးကျေး လေး နှင့် “သူ စည်းကိုမကျော် ရသေးပါဘူး၊ ငါလည်းမြင်နေတဲ့ဟာ ကို”ဟု ငြင်း ပါသည်။ ထိုအခါ စံပယ်က ကျွန်မဖက်လှည့်လာ ပြီး “ဟေ့ နင် နင်းမိတာ သိလို့ ငြိမ်နေတာ မဟုတ်လား” ဟု ပြောလာပါသည်။
ကျွန်မ သည် စံပယ်နှင့်ရန်မဖြစ်ချင်ပါ၊ မေမေကပြောပါသည်။ “ရန်ဖြစ်ခြင်းဟာ၊ နှုတ်အမူအရာ ရိုင်းစိုင်းခြင်း ဖြစ်တယ်၊စကားဆိုတာ ပြောသင့်သလောက်ပဲ ပြောရတယ်။ စကား စကားပြောပါများ ၊စကားထဲက ဇာတိပြတဲ့၊ အဲဒီလိုမျိုး မဖြစ်စေနဲ့ သမီး ကိုယ့်စိတ်ကိုထိမ်း ပါကွယ်။ ”ဟု ဆုံးမ ခဲ့ပါသည်။ မေမေပြောသော စကားများကိုလည်း ပြန်လည် ကြားယောင်နေမိပါသည်။ ထို့ကြောင့် ကျွန်မ စကားမများလိုခြင်း ဖြစ်ပါသည်။ ထို့ အကြောင်းကို သူငယ်ချင်း စံပယ်က မသိ။ ကျွန်မက လည်း “ငါမကျော်သေးပါဘူး၊စံပယ်ရယ်၊ စည်းအနားမှာဘဲ ရှိသေး တာပါ ” လို့ ရိုးရိုး သာ ပြန်ဖြေ လိုက်ပါသည်။ တကယ်လည်း ကျွန်မ စည်းမကျော်မိသေး ပါ။
ဘေးက ကြည့်နေသော ကျောင်းသား ကျောင်းသူ ပရိတ်သတ်များ ကလည်း “ဟုတ်တယ်၊ အဲဒီ အစ်မ က စည်းမကျော်သေးဘူး ”ဟု ၀ိုင်းပြောကြပါသည်။ ထိုသို့ ပြောဆိုသော်လည်း စံပယ်က လက်မခံပါ၊ ကျွန်မကို ဘယ်အငြိုး နှင့် ရန်လာရှာ နေခြင်း ဖြစ်သည်ကို ကျွန်မ မစဉ်း စားတတ်တော့ပါ။ ငြင်းကြရင်း စံပယ်ကလည်းမလျော့၊ ပုလဲ ကလည်း မဟုတ်လျှင် မခံတတ်သည့်စိတ်ဓါတ်ရှိသူမို့ သူ့ဖက်ကအလျော့ ပေးဖို့ လုံးဝမစဉ်းစား၊ ထိုသို့ ငြင်းခုံ နေကြရင်း “ဒေါင်.......ဒေါင်........ဒေါင်.” ဟုကျောင်းတက်ခေါင်းလောင်းထိုးသွား ပါတော့ သည်။ ကျွန်မ ဆက်မငြင်းနိုင်ဘဲ ကျောင်းခန်း ထဲ ရောက်အောင် အပြေး ၀င်သွားပါတော့သည်။ ထိုသို့ ပြေးသွားနေတဲ့ ကြားမှာ ပုလဲ နှင့်ကျွန်မ ကိုစံပယ်က တမင်တကာတွန်း သွားပါသည်။
ကျွန်မနှင့် ပုလဲ ဟာ လဲကျသွားပြီး ပုလဲက တံတောင်ဆစ်တွေပွန်း သွားကာ ကျွန်မ ကဒူးနှင့်လက်ဖ၀ါး တွေပွန်းကုန်ပါသည်။ ပုလဲကအရမ်းဒေါသ တွေထွက်သွားပြီး စံပယ်တိုးဝင်သွား သည့်နောက်ကို ဒေါနှင့်မော နှင့် လိုက်သွားပါတော့သည်။ ကျွန်မက လှမ်းပြီး တားတော့ ပုလဲက “ဒါ..ငါတို့ကို တမင်သက်သက်တွန်းသွားတာ ငါခွင့်မလွှတ်နိုင်ဘူး ”လို့ပြောသွားပါသည်။ သူမ ကထိုသို့ ပြောသွားပြီး ကျွန်မ တားထားသည့် လက်ကိုအသာအယာဖယ်ကာ ပင်ထသွားပါတော့သည်။ ကျွန်မသူငယ်ချင်း နီလာသူ က ကျွန်မကိုလာ၍ ထူမပေးပါသည်။နီလာ့ကို ကျေးဇူးတင်ကြောင်း ပြောပြီး ကျွန်မက ပုလဲနောက် သို့ အပြေး လိုက်သွားမိ ပါတော့သည်။
အတန်းထဲ ရောက်တော့ ပုလဲက စံပယ်ကို မေးနေသည်ကိုကျွန်မတွေ့ ရသည်။ပုလဲက စံပယ်ကို “မင်းဘာလို့ ငါ့တို့ကို တွန်းသွားရတာလဲ၊..အေး...စုံစုံက ခွင့်လွှတ်ပေမယ့် ငါက ခွင့်မလွှတ်ဘူးနော၊ ဘယ်နယ့်အေ ..ငါတို့ကို နင်ကတမင်သက်သက် တွန်းလို့ လဲသွား တာကို ကြည့်ပြီး နင်က ကျေနပ်နေတယ်ပေါ့.. ဟုတ်လားစံပယ်။” စံပယ်ကလည်း “ငါတွန်းတာမဟုတ်ပါဘူး။ နင်တို့ ကို တိုက်မိသွားလို့ ပါ...ငါက ဆောရီး ..လို့တောင်ပြောခဲ့သေးတာဘဲ ”လို့ ပြောပါသည်။ ကျွန်မ အံ့သြ သွားသည်။ စံပယ်ပြောတာ တစ်ခုမှ မဟုတ်ပါ။ သူမက နောက်ကနေလက်နှစ်ဖက်နှင့် ကျွန်မတို့ နှစ်ယောက်၏ နောက်ကျော ပြင်ကိုတွန်းပစ်လိုက်တဲ့ ဟာကို ကျွန်မတို့ နှစ်ယောက်မသိပဲ နေပါ့မလား။ ပုလဲရဲ့ မျက်နှာက ဒေသတွေနှင့် ထိမ်းသိမ်မရ အောင်နီရဲလို့ နေပါတော့သည်။ ထိုအချိန်တွင် ပုလဲရဲ့ မျက်နှာက ကျွန်မ ဖက်ကို လှည့်ပြီး “ဟေ့သူငယ်ချင်း ငါသူ့လို လိမ်တတ်တဲ့ သူ နဲ့ သူငယ်ချင်းမလုပ်ချင်တော့ဘူး။ စကားလည်း မပြောချင်တော့ဘူး ”ဆိုပြီး ထွက်သွားပါတော့သည်။
ကျွန်မ ကို စံပယ်က “ဟင်း..ဟင်း ဘာတတ်နိုင်သေးလို့လဲ...ငါလုပ်ချင်တာလုပ်မယ်..”ဆိုတဲ့ အကြည့်မျိုးနှင့် ကျွန်မကို ကြည့်နေတော့ပါသည်။ ကျွန်မကလည်း “ငါ နင့်လိုလိမ်ညာ နေတဲ့ သူငယ်ချင်းကို အရင်းနှီးဆုံး သူငယ်ချင်းဆိုတဲ့ သူတွေထဲ မှာစာရင်းဖျောက်လိုက်ပြီ စံပယ်၊ နင့်ရဲ့ စရိုက်က ဘယ်လိုအချိုးဆိုတာလည်း ငါသိသွားပါပြီ ”လို့ ပြောပြီး ၊ ကျွန်မနေရာမှာ ပြန်ထိုင်ပြီး သူမ ရှိတဲ့ ဖက်ကို လုံဝလှည့်မကြည့်တော့ပါ။ ကျွန်မလည်း ဆရာမ ပေးထားခဲ့သော သင်ခန်းစာများ ကိုပဲ ဂရုစိုက်ပြုလုပ်နေပါတော့သည်။
၃း၃၀ ဆိုသော အချိန်ကိုရောက်လာတော့ ကျွန်မတို့ ကျောင်းဆင်းခဲ့ပါသည်။ ပုလဲနှင့် ကျွန်မ စက်ဘီးတစ်စီး ဆီနှင့်ပျော်ရွှင်စွာ ပြောကြဆိုကြ နှင့် ရယ်ရယ်မောမော ဖြစ်နေသည်ကိုကြည့်နေသော စံပယ့်၏ မျက်နှာကြီးမှာ “ခရမ်းချဉ်သီးပုပ်ကြီးကို ကြွက်ကိုက်ထားသလို ” ဖြစ်နေသည်ကိုတွေ့ နေရပါသည်။ အိမ်ရောက်တော့ လဲသွားတုန်းက ရခဲ့သော ဒဏ်ရာကိုဆေးထည့်ပြီး ၊ထမင်းစား၊ရေချိုး ရင်း ဖြင့် ညဖက်ကို ရောက်ခဲ့ ပါသည်။
“ ဟဲ့..သမီး မျက်လုံးကြီး ပြူး ပြီး ဘာလုပ်နေတာလဲ မအိမ်သေးဘူးလား၊ အိမ်တော့၊ မနက်ကြရင်စောစော ထရအုန်းမယ်” ဆိုတဲ့ မေမေရဲ့ အသံကြားလိုက်ရမှ အိုး...ငါ အတွေး လွန်နေတာပါလား ဆိုတာ သတိပြန်ဝင်လာပါသည်။ ဘယ်လိုပဲ ဖြစ်ဖြစ် သူငယ်ချင်းဆိုတာ အနစ်နာခံပြီး ပေါင်းသင်း ရတာပဲလေ၊ဘာမဟုတ်တဲ့ ကိစ္စ လေးနဲ့ ဒီလိုသူငယ်ချင်းတွေ အချင်းချင်း စိတ်ဝမ်းကွဲ မသွားသင့်ဘူးလေ။ “ ကဲပါလေ”ဆိုတဲ့ စကားနဲ့ ပဲ စိတ်ကိုဖြေလျော့လိုက်ပါသည်။ မနက်ဖြန်မနက် ကြရင် ပုလဲ ကိုလည်း အကျိုး အကြောင်း ပြောပြပြီး “ ငါတို့ စံပယ်ကို ခွင့်လွှတ်လိုက်ကြရအောင်နော သူငယ်ချင်း ”လို့ ပြောကြည့်ပါမည်။ ပုလဲကလည်း ခွင့်လွှတ်မည်ဟု မျှော်လင့်ပါသည်။
သူငယ်ချင်းစံပယ် တစ်ယောက်လည်း ဒီလိုကိစ္စလေးတွေနဲ့ ထပ်မကြုံ ရအောင်လည်း ပြောပြရပါမည်။ ကျွန်မ၏ မျှော်လင့်စိတ်ကူးများ ဖြင့် ည ၁၁း၃၀ လောက်မှာတော့ ကျွန်မ ရဲ့ အတွေး စိတ်ကူးများ ဖြင့် လှပသော အိမ်မက်များကိုဖြတ်သန်းလိုက်ပါတော့သည်။


မခင်ပြည့်စုံထွန်း

(သတ္တမတန်းကျောင်းသူ ခင်ပြည့်စုံထွန်း၏ စိတ်ကူးအရေးဖြစ်ပါသည်။)


ဆက်လက်ဖတ်လိုလျှင် ....>>

Monday, December 14, 2009

ကျွန်တော့်ရဲ့ အက်ဆေး

ရေးသူ ရွှေလင်းထန်

ခင်ဗျားဘာလုပ်နေလဲ
ဒီလိုမတွေ့တာကြာသူနဲ့တွေ့တော့
အရင်လိုပါဘဲ တလမ်းမောင်းစကားနဲ့
လာဗျာ တွေ့တုန်းလက်ဖက်ရည်သောက်ရအောင်
လမ်းဆုံလမ်းခွကို လူတိုင်းရောက်ဖူးသလို ဧည့်ခံစိတ်ကူးများ
အလာပသလာပအချိန်ကန့်သတ်မထားတဲ့တွေ့ဆုံပွဲမှာ
အမှတ်တရတွေက ကျွှန်တော်တို့လမ်းမကြီးက ဆိုင်ကယ်တွေလို ဝေါကနဲ
ခင်ဗျားအကြောင်တော့ာကြားပါတယ် --- ရင်မှာထိတ်ကနဲ -----
မိုးရာသီမှာ မိုးတော့ရွာမယ်ပေါ့လေ
ကျွှန်တော်ပြောတော့ ယဉ်ထိန်းရဲကိုတွေ့လိုက်သလိုမျက်လုံးနဲ့
ဘာဆက်လုပ်မလဲ -----
လောကဓံမှာ မီးပွိုင့်မရှိပါဘူးဗျာ ကျွှန်တော်ဒီမြို့ မှာနေတာကြာပြီပဲ
အဲလို မိတ်ဆွေတလှဲ့ ကိုယ်တလှဲ့
ဘုံလုံတလှဲ့ ဖျန်တလှဲ့ ဆိုတာကို ကျွှန်တော် လက်မခံဘူးဗျ
ကျွှန်တော်တို့ဆီမှာ ဘာလမ်းညွှန်မှမထားဘူး အဆေင်ပြေသလိုပေါ့
ကျွှန်တော့မိတ်ဆွေ ဆွံ့အသွားလိုက်ပုံများတိတ်ဆိတ်လို့နေတယ်
ဒဏ်ငွေလေးဆောင်လိုက်ယုံနဲ့ ခင်ဗျားလမ်းကကျယ်မသွားပါဘူးဗျာ ----
ဘေးဝိုင်းက ဒသာနဆရာတွေထဲမှာ ကျောင်းနေဖက်ကိုတွေ့လိုက်ရ
သူကမမှတ်မိဘူးဖြစ်နေတယ်
ခက်တယ် ကျွှန်တော်က ဘာနံပါတ်ပြားအတုမှတတ်မမောင်းဘူး
မရှိတော့လဲ ဟာလာဟင်းလင်းပဲထားလိုက်တယ်
အသံတချို့ က ဒီဖက်ထိလွှင့်လာတယ်
မင်းသိင်္ခ ရဲ့  ဖြစ်ချင်ရာဖြစ်မောင်ဘချစ် စာအုပ်ကိုဖတ်ဖို့ မိတ်ဆွေက တိုက်တွန်းတယ်
အေးဗျာ --- ကျွှန်တော်တို့မြို့အကြောင်း ဒေသအကြောင်းသိဖို့
အောင်သူထွန်း(ကလေး)ရဲ့ သတင်းကိုဖတ်ယုံနဲ့လုံလောက်နေတဲ့အဖြစ် - --
တိုးတိုးတိတ်တိတ်ကိစ္စတွေကတိကျနေကြပြန်ရော
အေးစက်နေတဲ့ ကော်ဖီကိုတခါထဲမော့သောက်
ခါးနေတာက မျိုချပြီးရင်ပြီးရောမလား -----
ကမ္ဘာကြီးပူချင်ပူမပူချင်နေ အကောင်းမမြင်နိုင်ကြတာလား အမျှော်အမြင်ကြီးတာလား
ရေခဲတွေအရည်ပျော်မြန်တာ ကြာကြာခဲမထားလို့ပါ
ဂျာလင်းလောက်ကောင်းတာမရှိဘူးဆိုသူတွေ
နောက်ပေါ်တွေ ခဏခဏပြောင်းစီးနေကြတယ်
အရောင်းအ၀ယ်ဟာ စာချုပ်လောက်နဲ့တင် မဖြစ်တော့ဘူးတဲ့
ယဉ်တိုက်မှုတွေများလာတာ စည်ကမ်းထက် စာရိတ္တတွေမကောင်းလို့တဲ့
မားကက်တင်း စီးပွါံးရေးမှာ မာကက်တာတွေကိုယ်တိုင် ရင်းနှီးမြှုတ်နှံမှုပုံသဏ္ဌန်အသစ် ဖြစ်လာနေတယ်ဆိုပဲ
ကျွှန်တော်တို့ ၀ိုင်းက တခါတခါ စာနာခွင့်ရ
တခါတခါ ငတေက မာတယ်
ရံဖန်ရံခါ မျက်နှာလွှဲခဲပစ် ---- အခါခါသက်ပြင်းချ -----
ဒသာနခြေထိုးပွဲက ၀ိုင်းမသိမ်းခင်
ကဲ့ ပြန်ကြအောင်ဗျာ နောက်တွေ့သေးတာပေါ့
ခင်ဗျားလဲ သင့်တော်တဲ့လှေကားတွေ့ရင် တက်တာတက်တဲ့
ကျွှန်တော်က ဟိ(heat)ငါးချက်တိုက်မှနိုးတဲ့ကားပေါ်တက်လာခဲ့တယ်။

ရွှေလင်းထန်

ဆက်လက်ဖတ်လိုလျှင် ....>>

Saturday, December 12, 2009

ကလေးမြို့ သီတဂူစက္ခု ဒါနဆေးရုံ

ချင်းတွင်းအထက်ပိုင်း၊ချင်းတောင်ဒေသ၊ချင်းတောင်ခြေဒေသနဲ့ ယောဒေသ၊ ကဘော်ဒေသတွေမှာ အမှောင် ကိုခွင်း အလင်းကိုဆောင်နိုင်တော့မယ် သီတဂူ စက္ခု ဒါန ဆေးရုံကြီး ပေါ်ထွက်လာတော့မယ်လို့ သိရပါတယ်။ အဲဒီဆေးရုံ ကြီးဟာ အခုဆိုရင် ရာနှုန်းပြည့်နီး ပါး ပြီးစီးလု ပြီလို့ သိရပါတယ်။ ဖွင့်ပွဲ ကိုလည်း ဒီလ (ဒီဇင်ဘာလ ) ထဲမှာ လုပ်မယ်လို့ သိရပါတယ်။ ခေတ်မှီတဲ့ စက်တွေ၊ခေတ်မှီ ဆေးဝါးတွေနဲ့ နိုင်ငံခြားက ဆရာဝန် တွေကိုယ်တိုင်ဦးစီး ပြီး မျက်စိဝေ ဒနာရှင်တွေကို ကုသပေးတော့မှာပါ။ စစ်ကိုင်းမြို့ ကသီတဂူ ဆေးရုံကြီး က မျက်စိဆရာဝန်ကြီး တွေကောပါမယ်လို့ သိရပါတယ်။ ဒီဒေသ မှာရှိတဲ့ မျက်စိဝေဒနာရှင်တွေ အမှောင်ကိုခွင်း ပြီး အလင်းရတော့မှာ မို့ ကလေးဒေသခံ များကလည်းကုသိုလ်ရေးကို တက်ကြွ စွာပါဝင်လုပ်ဆောင်နေကြပါတယ်။ လက်ရှိအချိန်မှာဆို နေ့ဆိုင်းညဆိုင်းတွေပါခွဲ ပြီး ဆေးရုံသစ်ကြီး ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ဆောင် နေကြပါတယ်။ သီတဂူစက္ခုဒါန ဆေးရုံ (ကလေးမြို့ )ဟာ ကလေးမြို့ အောင်သစ္စာ ရပ်ကွက် မဟာသန္တာရုံ ဘုန်းတော်ကြီး ကျောင်းနဲ့ မျက်နှာချင်းဆိုင်မှာတည်ရှိပါတယ်။ ဆေးရုံသစ်ဖွင့်ပွဲမှာ သီတဂူဆရာတော်ကြီး ဒေါက်တာ အရှင်ဥာဏ်ဏိသရ ရဲ့ တရား ပွဲကို ပါထည့်သွင်း ကျင်းပမှာမို့ ကလေးဒေသခံတွေအနေနဲ့ အထူးတရားပွဲကြီး တစ်ပွဲကို ပါနာယူကြရမှာပါ။

*****ဆက်သွယ်လှုဒါန်းလိုလျှင်*****

မဟာသန္တာရုံဆရာတော်---ဖုန်း --၀၇၃-၂၁၁၃၀
နေသာပညာဒါန ဆရာတော်---ဖုန်း---၀၇၃--၂၂၆၄၄
ကိုဆက်သွယ်လှုဒါန်နိုင်ပါသည်။

ဆက်လက်ဖတ်လိုလျှင် ....>>

Sunday, December 6, 2009

ကလေးမြို့၊အထက(၁) အာစရိယ ပူဇော်ပွဲ ဖိတ်ကြားလွှာ

အာစရိယ ပူဇော်ပွဲ ဖိတ်ကြားလွှာ

သို့
------------------

ကလေးမြို့၊အထက(၁) တွင် ပညာသင်ကြားခဲ့ကြသော ကျောင်းသား/ ကျောင်းသူဟောင်း များမှ အသက်(၆၀) ပြည့် အငြိမ်းစားယူပြီး ကလေးမြို့ တွင် အခြေချ နေထိုင်လျှက်ရှိသော ဆရာကြီး/ဆရာမကြီးများကို အစဉ်အလာမပျက် နှစ်စဉ် ကန်တော့ခဲ့ကြပါသည်။
ယခုနှစ်တွင်လည်း (၁၃) ကြိမ်မြောက် အာစရိယ ပူဇော်ပွဲကို (၂၇-၁၂-၂၀၀၉) တနင်္ဂနွေနေ့တွင် ကျင်းပ ပြုလုပ်မည် ဖြစ်ပါ၍ ၁၉၆၅ မှ ၂၀၀၉ ပညာသင်နှစ်အထိ အထက(၁) တွင် ပညာသင်ကြားခဲ့ကြသော ကျောင်းသားကျောင်းသူ ဟောင်းများ အားလုံး ကန်တော့ပွဲ သို့ ပါဝင်ဆင်နွဲကြရန် ဖိတ်ကြားအပ်ပါသည်။
အပူဇော်ခံမည့် ဆရာ / ဆရာမ ကြီးများ

၁။ ဦးစန်းလှိုင် ၂။ ဦးအရှိန် ၃။ ဦးတင်ဝင်း ၄။ ဒေါ်ခင်ခင်သိန်း
၅။ ဦးမြင့်သိန်း ၆။ ဦးသန်းမောင် ရ။ ဦးမြဖေ ၈။ ဦးမောင်မောင်သန်း
၉။ ဦးမြသိန်း ၁၀။ ဦးမြင့်ဦး ၁၁။ ဒေါ်သိန်းသိန်းစိုး ၁၂။ ဒေါ်ခင်မမ
၁၃။ ဦးသောင်းရွှေ ၁၄။ ဒေါ်မြစော ၁၅။ ဒေါ်စန်းကြည် (၁) ၁၆။ ဦးသန်း
၁၇။ ဦးသန်းရွှေ ၁၈။ ဦးချစ်မောင် ၁၉။ ဒေါ်အုန်းရီ ၂၀။ ဒေါ်ဖွားလုံ
၂၁။ ဒေါ်ရင်မေ ၂၂။ ဒေါ်ခင်မွှေး ၂၃။ ဒေါ်ခင်ဆွေ ၂၄။ ဦးကြင်မောင်
၂၅။ ဒေါ်ခင်နှင်း ၂၆။ ဒေါ်ခင်စန်းနိုင် ၂၇။ ဦးဖိုးနီ ၂၈။ ဦးခင်မောင်ညွှန့်
၂၉။ ဦးသန်းထွန်း ၃၀။ ဒေါ်ခင်သန်းလှိုင် ၃၁။ ဦးချစ် ၃၂။ ဒေါ်ရဲမြင့်လွင်
၃၃။ ဦးရဲမြင့် ၃၄။ ဒေါ်တင်လုံ ၃၅။ ဒေါ်အမာကြည် ၃၆။ ဦးထုတ်လျန်
၃၇။ ဒေါ်ခင်ဆွေဦး ၃၈။ ဒေါ်ကျော်မေ ၃၉။ ဒေါ်ပူးစ်ပါးဒေ၀ီ ၄၀။ ဒေါ်မြင့်မြင့်သန်း
၄၁။ ဒေါ်စန်းကြည် (၂)

အာစရိယ ပူဇော် ဖြစ်မြောက်ရေးအဖွဲ
(ဆရာကျေးဇူး ဂုဏ်အထူးကို မေ့ဘူး ဘယ်ခါ သတိဖြာ၍ ရင်မှာပေးဆပ်နိုင်ပါစေ)

နေရာ။ ။ အထက(၁) ရွှေရတုခန်းမ
ရက်စွဲ။ ။၂၇-၁၂-၂၀၀၉ (တနင်္ဂနွေ)
အချိန်။ ။ မွန်းလွဲ (၁၂း၃၀) နာရီ

အထူးအစီအစဉ်

ကျောင်းသား ကျောင်းသူဟောင်းများမှ စင်တင် တေးဂီတဖြင့် ဖျော်ဖြေပါမည်။
သီဆို ဖျော်ဖြေလိုသူများ
ဦးသန့်စင်ဝင်း၊ သရ၀ဏ် ပညာရေးလမ်းညွှန်၊ ဗိုလ်ချုပ်လမ်း၊မြို့မဈေး အနီး
ဖုန်း- 073-21165

ဆက်လက်ဖတ်လိုလျှင် ....>>

Contact

Image Hosting by imagefra.me ဆက်သွယ်ဝေဖန်အကြံပေးနိုင်ပါသည်။