မြလင်းနဲ့ နန်းကျင်းဆောင်ရွာတွေဆီက အသစ် အဟောင်းနဲ့ ပြောင်း မပြောင်း ပြဿနာတွေ
==================
`` ရွာဟောင်းမှာ မနေရဲတော့ဘူးလေ၊ ရေတွေတက်လာလိုက်တာ ကစောက်ကဇက်ပဲ၊
ဆည်ရေကြောက်ရ၊ ချောင်းရေ ကြောက်ရနဲ့´´ လို့ မြလင်းရွာသစ်မှာ အိမ်ဆောက်နေတဲ့
အိမ်ရှင်မတစ်ဦးကပြောပါတယ်။ မြလင်းရွာ ဆိုတာ
ကလေးမြို့အနောက်မြောက်ပိုင်း ကလေး - လက်ပံချောင်း - အောင်ရွာ - မြစိမ်း -
မြလင်း - နန်းကျင်းဆောင်- ရာဇဂြိုဟ် ဆိုတဲ့
လမ်းမှာရှိပါတယ်။
မြွေတောင်ဖားတောင်ခြေရင်းကရွာတွေပေါ့။ လမ်းက မူလကတည်းက တောလမ်းဆိုတော့
အခုလိုမိုးသည်းပြီး တောင်ကျရေတွေ ကျတဲ့အချိန်မှာတော့ သဲနုန်းတွေ
ဖုံးလွှမ်းကုန်ပါပြီ။ လယ်မြေများစွာပျက်စီးခဲ့ရပါပြီ။ သစ်တိုသစ်စတွေက သဲဖုံးလယ်မြေတွေမှာ တစ်မျှော်တစ်ခေါ်ပါပဲ။
ရွာကို နတ်မြောင်းချောင်းလို့ခေါ်တဲ့ တောင်ကျချောင်းက ဦးတိုက်ထိုးဆင်းပြီး
သဲနုန်းတစ်ချို့ဖုံးသွားတဲ့အတွက် မြလင်းရွာသား ၃ ပုံ ၂ ပုံကျော်ဟာ
ရွာသစ်ကိုပြောင်းကြပါပြီ။ ရွာသစ်ဆိုတာ
မူလရွာဟောင်းရဲ့ တောင်ဘက် ၎
မိုင်ကျော်ကျော်လောက်၊ ရှုခင်းရွာတောင်ဘက် ၊ မြွေတောင်ခြေက
အင်ဒိုင်းခုံမှာပါ။ လက်ရှိအချိန်ထိ မိသားစုပေါင်း ၂၀၀ နီးပါး
ပြောင်းပြီလို့
ရွာသားတစ်ဦးကခန့်မှန်းပါတယ်။ အိမ်အများစုက
မိုးကာမိုးယာယီတဲလေးတွေပါ။ တစ်ချို့လည်း သွပ်မိုးကြပြီ။ တစ်ချို့လည်း
အိမ်ဝန်းရာမှာ အိမ်ဆောက်ဖို့ တိုင်ထူထားတဲ့အခြေအနေပါပဲ။
ရွာထဲလမ်းလို့လည်း မပေါ်သေးသလို ရွာကွင်းရွာကွက်တောင် မပေါ်သေးတဲ့အနေအထားပါ။
ရေဘုံဘိုင်တွင်း ၃ တွင်းတော့ တူးပြီးပြီလို့ သိရပါတယ်။ နေပွင့်လို့
လမ်းသားဖန့်သွားချိန်
မှာ ရွာဟောင်းကနေ ပစ္စည်းတွေ နိုင်သလောက် ကဲ့သယ်နေကြပါပြီ။
`` မူလက တပ်မြေဆိုတော့ ခင်ဗျားတို့ကို အစိုးရက
အိမ်ဝန်းရာချပေးပြီးပြီလား´´ ဆိုတဲ့အမေးကိုတော့ တပ်ကို
ခွင့်ပြုချက်တောင်းပြီးဖြစ်ကြောင်း၊ မဲစနစ်နဲ့ အိမ်ဝန်းရာချထားပြီး
ဖြစ်ကြောင်း ရွာသစ်ရဲ့တာဝန်ရှိသူတစ်ဦးက ပြန်ရှင်းပြပါတယ်။ တစ်ချို့ကလည်း
တပ်က ခွင့်ပြုချက်မရသေးဘူးလို့ ဆိုတဲ့သူက ဆိုနေဆဲဖြစ်ပါတယ်။
``
သမီးလေးက ၇ တန်းကျောင်းသူပါ။ ဒီနှစ် ရွာဟောင်းကျောင်းမှာ သွားပြီး
ကျောင်းတက်ဖို့ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး။ ဒါကြောင့်
တစ်နှစ်အောက်ချင်အောက်လို့ သဘောထား
ရတော့မှာပဲ´´ လို့
ကျောင်းသားမိဘတစ်ဦးက ဆိုပါတယ်။ သမီးဖြစ်သူနဲ့
သူတို့ရဲ့အဖော်အပေါင်းတစ်ချို့ကတော့ ရွာရဲ့တစ်ခုတည်းသော လမ်းပေါ်ကို
ပြေးတက်ပြီး ဆော့ကစား
နေကြပါပြီ။
မြလင်းရွာဟောင်းရဲ့
မျက်မြင်အနေအထားအရဆိုရင် အိမ်ခြေရင်း ၂ ပေကျော်လောက်အထိ
သဲဖုံးနေတာတွေ့ရပြီး အိမ်အများစုက နေလို့ဖြစ်တဲ့ အနေအထားပါပဲ။
အိမ်သာတွေပျက်စီး
ကြပေမယ့် ရေဘုံဘိုင်တွေတော့
အကောင်းအတိုင်းကျန်ရစ်ပါတယ်။ ရွံ့နွံမဟုတ်ဘဲ သဲနုန်းမို့ လမ်းတွေ၊
ဝန်းတွေဟာ ညစ်ပတ်နံစော်နေရစ်တဲ့အခြေအနေမျိုးမဟုတ်ပါဘူး။ နန်းစောင်းပုနဲ့
အောင်ချမ်းသာ (သဲကုန်းတန်း)ရွာတွေထက် အခြေအနေကောင်းပါတယ်။
`` ဖြစ်နိုင်ရင် မပြောင်းကြစေချင်ဘူး။ ရွာကို တက်ညီလက်ညီနဲ့
ပြန်တည်ဆောက်စေချင်တယ် ၊ ဘုန်းဘုန်းတော့ စိတ်မကောင်းဖြစ်မိတယ်။ အားလည်း
မရဘူး´´လို့ မြလင်းရွာ
ဘကကျောင်းဆရာတော်က လူသူတိတ်နေတဲ့ ရွာကိုကြည့်ရင်း တွေးတွေးဆဆ မိန့်ကြားပါတယ်။
`` ကလေးတွေ ရွာသစ်မှာ ကျောင်းမရှိရင် ဥုးဇင်းက ကျောင်းမှာကျွေးထားမယ်။
ခုလည်း ကျောင်းမှာ ကျောင်းသား (၅၀)လောက်ကျွေးထားတာရှိတယ်။
သူတို့ကျောင်းပြန်တက်စေ
ချင်တယ်။ ´´ လို့လည်း ဆရာတော်က ဆက်မိန့်ပါတယ်။
မြလင်းဘကကျောင်းဟာ ဆရာတော်လက်ထက်မှာ တော်တော်တိုးတက်နေပြီး ကျောင်းသား ၁၈၀
လောက်ရှိတယ်လို့သိရပါတယ်။ ကျောင်းရဲ့တစ်နေရာမှာ ထော်လာဂျီတစ်စီး
ဘီးအထိ သဲနစ်နေပြီး ကျောင်းထဲမှာလည်း သဲနုန်းအချို့ ပြည့်နေဆဲဖြစ်ပါတယ်။
တနင်္လာနေ့ ( ၂၄-၈-၁၅) မှာ ကျောင်းပြန်ဖွင့်မယ်လို့ ဆရာတော်က ဆိုပါတယ်။
အလှူရှင်အချို့ရောက်လာပြီး လှူဒါန်းထားတဲ့ ဆန်အိတ်အချို့၊
စာအုပ်အချို့နဲ့ ဘက ကျောင်းလေးဟာ ရာသီသစ်ကို ပြန်စဖို့အားယူနေပါပြီ။
အလှူရှင်တွေက ရွာသစ်ပဲရောက်ကြပြီး
ရွာဟောင်းကို ရောက်တာနည်းတယ်လို့လည်း
သိရပါတယ်။ လမ်းပန်းဆက်သွယ်ရေးက အလွန်ခက်ခဲနေပြီး ရာဇဂြိုဟ်ဘက်က
လှည့်ဝင်ရင် ၁ မိုင်ကျော်ကျော် ၂ မိုင်နီးနီး ခြေလျင်ထမ်းပိုး
ရမယ့်ခရီးဖြစ်သလို တောင်ပိုင်းလမ်းကလာမယ်ဆိုရင်လည်း နတ်တံခါးချောင်းနဲ့
ဆည်ကြီးချောင်းတွေကို နှစ်ကန့်စီ ထမ်းသယ်လို့ အဆင့်ဆင့်
ခရီးဆက်ကြရတာဖြစ်ပါတယ်။ ရွာသစ်က
လူတွေကလည်း ရွာဟောင်းမှာလှူတာ ကျုပ်တို့ရွာသစ်ဘက် မပေးဘူးလို့ အသံထွက်နေပါတယ်။
တကယ်တော့ ဒီလို ရွာသစ် ရွာဟောင်း အားပြိုင်မှုတွေက မြလင်းရွာတင်မဟုတ်ပါဘူး။
အနီးအနားက နန်းကျင်းဆောင်မှာလည်း ဒီလိုပါပဲ။
ရွာရဲ့တစ်ဝက်ကျော်ကျော်ပြောင်းသွားပြီလို့
သိရပါတယ်။
အိမ်ကြီးအိမ်ကောင်းတွေဟာ လူသူမရှိ တိတ်ဆိတ်လို့ကျန်ရစ်ပါတယ်။
ရာဇဂြိုဟ်ရွာအနီးက ကုန်းမြင့်တစ်နေရာမှာ ရွက်ဖျင်တဲတွေနဲ့ ဘ၀သစ်စနေပါပြီ။
နတ်မြောင်း
ချောင်းကို လှည်းနဲ့ဖြတ်ပြီး ပစ္စည်းတွေရသလောက်
သယ်နေကြပါပြီ။ တစ်ချို့အိမ်တွေကတော့ မပြောင်းချင်ကြကြောင်း၊ ကိုယ့်အိမ်
ကိုယ့်ရွာမှာပဲ နေချင်ကြောင်း၊ အိမ်တစ်လုံး ဆောက်ဖို့
တောင်
မလွယ်တဲ့ခေတ်မို့ ပြောင်းရွှေ့ဖို့ အားမသန်ကြောင်း၊ ချောင်းရိုးကို
တမံတုတ်ပေးပြီး ဘေးကင်းစေတဲ့ အစီအမံတွေကို အစိုးရက
ဆောင်ရွက်ပေးစေချင်ကြောင်း စကားဆိုကြပါတယ်။
`` မနေရဲပါဘူးတော်။
အထက်ကချောင်း၊ အောက်ကချောင်း ၊ ညှပ်ပြီး ပိတ်မိနေတာ၊ တစ်သက်နဲ့တစ်ကိုယ်
ဒီလို တစ်ခါမှ မကြုံဖူးဘူး။ ဖြစ်နိုင်ရင်တော့ ကိုယ့်ရွာကိုယ် နေချင်တာပေါ့။
ဒါပေမယ့် အသက်ထက် ဘာမှ အရေးမကြီးဘူး။ ´´ လို့ လယ်သူမကြီးက
အားပေါင်အာရင်းသန်သန်နဲ့ အော်ပြောပါတယ်။ အစိုးရက ဆောင်ရွက်ပေးမယ့်
တမံတုတ်ပေးမှာတို့၊ ချောင်းရိုး
ဖြောင့်ပေးမှာတို့အတွက်လည်း မယုံကြည်ရဲဘူးလို့ သူက ဆက်ဆိုပါတယ်။
ကလေးမြို့ရေဘေးဟာ အချိန် တစ်လကျော်ခဲ့ပါပြီ။ အခုချိန်အထိ အတွေ့အကြုံသစ်တွေ
၊ စိန်ခေါ်မှုအသစ်တွေက နေ့စဉ် ဖြစ်ပေါ်နေဆဲပါပဲ။ အရပ်ဘက်အဖွဲ့အစည်းတွေက
နိုင်သလောက်
ကြိုးစားဆောင်ရွက်ပေးနေကြပေမယ့် အစိုးရရဲ့ဆောင်ရွက်မှုတွေက
အောက်ခြေရွာတွေအထိ မထိရောက်သေးပါဘူး။ တနည်းအားဖြင့်
အောက်ခြေကရေဘေးသင့်ပြည်သူတွေမှာ
အစိုးရရဲ့အစီအမံတွေအပေါ်
မယုံကြည်ကြသေးသလို အလွန်အမင်းလည်း မျှော်လင့်မထားကြတာကို တွေ့ရပါတယ်။
အချိန်တန်ရင် ကိုယ့်အားကို ကိုးပြီး ခရီးဆက်ရမှာလို့ ပြတ်ပြတ်သားသား
ခံယူထားကြပါတယ်။
ချင်းတောင်တန်းပေါ်မှာ မိုးက မကြာမကြာညို့ညို့လာပါတယ်။
ရေဘေးသင့်ပြည်သူတွေရဲ့သောကတွေလည်း မိုးနဲ့အတူ မစဲနိုင်သေးပါဘူး။
နေရာအနှံ့မှာ ချိန်းဆောသံတွေ ဆူညံနေသလို
သစ်လုံးတွေ၊ နွံဖုံး၊
သဲဖုံးလယ်မြေတွေကလည်း ဒီအတိုင်းရှိနေဆဲပါ။ အီလည်လည် စို့တို့တို့
အနှံ့တစ်မျိုးလည်း လေနဲ့အတူ မကြာမကြာလွင့်မျောနေဆဲဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ်
ဒေသခံတွေကတော့ ကိုယ်ရုန်းလို့ရနိုင်သလောက်
ကြိုးစားပြီး ရုန်းနေကြပါပြီ။ အစိုးရ တာဝန်ရှိသူတွေအနေနဲ့လည်း ကလေးနယ်ရဲ့
ရေဘေးသမိုင်းမှာ ဘယ်လိုအခန်းမျိုး ရေးသွားမလဲ
ဆိုတာတော့ စိတ်ဝင်စားစရာစောင့်ကြည့်ကြဖို့ပဲဖြစ်ပါတယ်။
အောင်ဆန်းလင်း (မြန်မာစာ)
Download Apk File
http://www.sendspace.com/file/yud6dl
Monday, August 24, 2015
မြလင်းနဲ့ နန်းကျင်းဆောင်ရွာတွေဆီက အသစ် အဟောင်းနဲ့ ပြောင်း မပြောင်း ပြဿနာတွေ
Thursday, September 4, 2014
တွဲလက်များဖြင့် ကူညီမည် ””
““ တွဲလက်များဖြင့် ကူညီမည် ””
==========================
(မြတ်-ကလေး)
စာသင်ကျောင်းဟုခေါ်သော်လည်း လူနေအိမ်ကို အသွင်ပြောင်းထားခြင်းသာ ဖြစ်သည်။ ကျောင်းရှေ့တွင် အလံတိုင်တစ်ခုရှိသော်လည်း ကျောင်းပိတ်ရက်မို့ အလံလွှင့်ထူထားခြင်းမရှိ။ သို့သော် ထိုကျောင်းငယ်လေးမှ စာသင်ကြားနေသော အသံများ ထွက်ပေါ်လာသည်။
“ အပင်တွေကို သက်ရှိများလို့ ခေါ်ရင် မှန်လား၊ မှားလား(မှန်)၊ လူသည် တိရိစ္ဆာန်လို့ ခေါ်သည် ဆိုရင် မှန်လား မှားလား(မှန်) ” ဟု ကလေးများက ပြိုင်တူ အော်လိုက်ကြသော အခါ စာသင်ကြားပေးနေသူမှာ ပထမကြောင်အမ်းအမ်းဖြစ်သွားပြီးနောက် မျက်နှာက ပြုံးစိစိဖြစ်သွားလေသည်။
ယင်းမှာ ကလေးမြို့နယ်၊ ရွာစည်ရွာသာအုပ်စု၊ ကဗျင်းချောက်ကျေးရွာရှိ မူလတန်းကျောင်း၏ ပစ္စက္ခ အခြေအနေဖြစ်ပါသည်။ ကျောင်းသားများမှာ တကယ့်အစစ်ကျောင်းသားများ ဖြစ်ကြသော်လည်း သင်ပေးနေသော ဆရာကတော့ အစစ်မဟုတ်။
ကလေးမြို့အခြေစိုက် တွဲလက်များ ပရဟိတအဖွဲ့ဝင် အစိုးရ၀န်ထမ်း တစ်ဦးဖြစ်ပြီး ကလေးငယ်များအတွက် စာရေးကိရိယာများနှင့် အဟာရဒါန (ကြက်သား ဆန်ပြုတ်) လာရောက်လှူဒါန်းစဉ်တွင် ကလေးများနှင့် ရင်းနှီးမှုရှိစေရန် စာသင်ကြားပေးနေခြင်း ဖြစ်သည်။
ကဗျင်းချောက်ကျေးရွာမှာ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းရှိ ဝေဘူလကြိုးဝိုင်းအတွင်း တည်ရှိသော်လည်း လမ်းပန်းဆက်သွယ်ရေးမှာ ကလေးမြို့နှင့် ပိုနီးသဖြင့် ကလေးမြို့နယ်အတွင်းသို့ ရောက်ရှိနေခြင်းဖြစ်ပြီး ခွာလ်ဆင်း ချင်းတိုင်းရင်းသားများနေထိုင်သော ကျေးရွာဖြစ်သည်။
၁၉၁၆ ခုနှစ်ကစတင်ရွာတည်နေထိုင်ခဲ့ကြပြီး လက်ရှိတွင် အိမ်ခြေ ၃၃ အိမ်၊ လူဦးရေ ၁၄၀ ဦးရှိကြောင်း၊ မူတန်းကျောင်းအား ၁၉၉၀ ခုနှစ်တွင် စတင်ဖွင့်လှစ်နိုင်ခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထန်းပြန်းက ပြောပြသည်။
ထူးခြားသည်က ရွာရှိကျောင်းမှာ မူလတန်းကျောင်းဖြစ်သော်လည်း အတန်းစုံသင်ကြားပေးရခြင်းမျိုးမဟုတ်။ ယခုနှစ်တွင် သူငယ်တန်း၊ ပထမတန်းနှင့် တတိယတန်းကိုသာ သင်ကြားရပြီး ကျောင်းသားမရှိခြင်းကြောင့် ဖြစ်ကြောင်း ယင်းကျောင်းမှ ကျောင်းဆရာ ဦးငွန်ဟဲရ်က ပြောဆိုသည်။
“ ကလေးတွေကို သင်ပေးရတာ မြန်မာစာပိုခက်တယ်။ ကျန်တဲ့ဘာသာတွေလည်း အခက်အခဲရှိပါတယ်၊ မြန်မာစကားရယ်၊ ချင်းစကားရယ်၊ ကျွန်တော်တို့ ခွာလ်ဆင်းစကားရယ် အဲဒီသုံးမျိုး ရောပြီးကာမှ သင်ပေးနေရတာ ” ဟု ၄င်းက ကလေးများကို ကြည့်ရင်း ပြောပြသည်။
ယခုနှစ်တွင် ကျောင်းအုပ်ဆရာမကြီးအပါအ၀င် ၀န်ထမ်းအင်အား သုံးဦးရှိပြီး ကလေးငယ် ၁၅ ဦးကို စာသင်ကြားပေးရကြောင်း၊ သူငယ်တန်း ရှစ်ဦး၊ ပထမတန်း နှစ်ဦးနှင့် တတိယတန်း ငါးဦးဖြစ်ကြောင်း၊ ကျောင်းနှင့် ပတ်သက်၍ မြို့နယ်ပညာရေးမှူးရုံးမှ မည်သည့်ထောက်ပံ့မှုမျိုးမှ မရရှိခဲ့ကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။
လက်ရှိ ကဗျင်းချောက်ကျေးရွာအနေဖြင့် တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ၂ ဦးရှိပြီး ကလေးတက္ကသိုလ်တွင် ပညာသင်ကြားနေဆဲဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထန်းပြန်းက ပြောဆိုသည်။
တွဲလက်များ ပရိဟိတအဖွဲ့အား ကလေးမြို့ရှိ Online သုံးစွဲသော စာပေ၀ါသနာရှင်များ၊ သတင်းထောက်များဖြင့် ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့တွင် ပညာသင်ကြားရန်ခက်ခဲချို့တဲ့သော ကျောင်းသားကျောင်းသူများ ပညာသင်ကြားနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးရန် ရည်ရွယ်ချက်ဖြင့် စတင်ဖွဲ့စည်းခဲ့ကြောင်း တွဲလက်များ အဖွဲ့ဝင် ဦးမျိုးသက်နိုင်က ပြောဆိုသည်။
“ ကလေးတွေရဲ့ ပညာရေးနဲ့ ကျန်းမာရေးကို အဓိက ကူညီချင်တာ။ လက်ရှိမှာတော့ ချို့တဲ့တဲ့ကျောင်းတွေကို စာရေးကိရိယာတွေ လှူဒါန်းတာပဲ လုပ်နိုင်သေးတယ် ” ဟု ၄င်းက ဆက်လက်ပြောဆိုသည်။
၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှ စတင်ကာ သာစည်မိဘမဲ့ပရဟိတကျောင်း၊ အောင်ရွာဘုန်းတော်ကြီးသင် ပညာရေးကျောင်း(နှစ်ကြိမ်)၊ ကျွန်းတောရေရှင်ကျေးရွာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(နှစ်ကြိမ်)၊ မြလင်းကျေးရွာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ အေးရိပ်မွန် အမျိုးသမီး မိဘမဲ့ဂေဟာ၊ ဖောင်ကူးကျေးရွာ မူလတန်းကျောင်း၊ အိုးမြေထူးကျေးရွာ မူလတန်းကျောင်း၊ ကဗျင်းချောက်ကျေးရွာ မူလတန်းကျောင်းများသို့ စာရေးကိရိယာများ လှူဒါန်းနိုင်ခဲ့ပြီး လက်ရှိအချိန်ထိ လှူဒါန်းမှုပေါင်း ၁၀ ကျောင်း၊ လှူဒါန်းငွေပေါင်း ၂၆ သိန်းခန့်ရှိပြီဖြစ်ကြောင်း၊ အွန်လိုင်းအလှူအဖြစ် စင်ကာပူရောက် ကလေးမြို့သူမြို့သားများ၊ ကိုရီးယားရောက် ကလေးမြို့သူမြို့သားများနှင့် မူဆယ်မြို့စသော ဒေသများမှ လှူဒါန်းမှုများ ရှိခဲ့ကြောင်း တွဲလက်များ၏ မှတ်တမ်းများအရ သိရသည်။
တွဲလက်များ ပရဟိတအဖွဲ့(ကလေးမြို့)သို့ ဆက်သွယ်လှူဒါန်းလိုလျှင် ဦးမျိုးသက်နိုင်(၀၉၄၇၀၇၂၁၂၃)၊ ဦးအောင်ဆန်းလင်း (၀၉၄၀၀၄၆၅၁၁၁)နှင့် ကမ္ဘောဇ ဘဏ် အကောင့်နံပါတ် KBZ Bank Account No. 0481120000644 သို့ ဆက်သွယ်နိုင်ကြောင်း ယင်းအဖွဲ့က ဆိုသည်။
မြတ်(ကလေး)
The Voice Weekly
Wednesday, July 28, 2010
ရာစုသစ် ဝမ်းစာ
အနားသတ်မျဉ်းမညီတဲ့ ပန်းချီကားတစ်ချပ်လို ဘဝကို စိတ်လိုလက်ရ ခံစားပစ်လိုက်စမ်း။
ငှက်တွေအိပ်တန်းပျံတာကိုကြည့်ဖို့ မြို့ပြင်ထွက်လာခဲ့တယ်။ ဘေးကသူငယ်ချင်းကတော့ ငါ့ကို နားလည်ပေးတဲ့ မျက်ဝန်းတွေနဲ့ကြည့်လို့။ ငှက်တွေပျံလာလိုက်ကြတာ။ ဒီ ကဘော်ကြီးရဲ့ ဟိုဘက်စွန်း တောင်ရိုးမှာနားခိုကြလေမလား ...။ ဟုတ်ပါရဲ့။ လွတ်လပ်တဲ့လေထုမှာ လွတ်လပ်စွာပျံကြ။ အိပ်တန်းနေရာတွေမှာ မိသားတစ်စု စုံစုံလင်လင်နဲ့ စီစီညံနေအောင် အော်ဟစ်မြူးတူးကြဦးမယ်။ တစ်ချို့က လေးကိုင်းလို အုပ်စုဖွဲ့ပျံလို့။ တစ်ချို့က စစ်ဗျူဟာခင်းသလို အထပ်ထပ်ဝန်းရံလို့။ လှလိုက်တဲ့ငှက်တွေ။ ချုပ်စနေခြည်အောက်မှာ ဆေးရောင်စိုနေတဲ့ ကချေသည်တွေလိုပါပဲ။ အော်...။ ဘဝ။ ဘဝ။ ဖြစ်တည်ရာတွေ ဘယ်လိုပဲကွာကွာ အိပ်ပြန်ချိန်တွေကိုတော့ အားလုံးမျှော်ကြမှာပဲ။
သူငယ်ချင်းနှစ်ယောက် ဘာစကားမှမပြောဖြစ်ဘဲ ညနေပိုင်းလေးကုန်သွားတယ်။ ]ပြန်ကြရအောင်ကွာ} တဲ့။ ကိုယ်မပိုင်တဲ့ညတွေ သိပ်များလွန်းလှပြီ။ သိပ်လှတဲ့ညတွေမှာ ကိုယ်တစ်ယောက်တည်းလွတ်လွတ်လပ်လပ် နေပစ်လိုက်ချင်မိပါရဲ့။ လရောင်အောက်မှာ တန်းလျားလေးတစ်လုံးချပြီး ခြေပစ်လက်ပစ်လဲလျောင်းမယ်။ ကြယ်တွေကို ရေတွက်ကြည့်မယ်။ လ ရဲ့ မျက်နှာပြင်ကို စေ့စေ့ကြည့်ရင်း သီချင်းတစ်ပုဒ်ကို တစ်ပိုင်းတစ်စ ညည်းမယ်။ ငြိမ့်ကနဲ တိုက်လာတဲ့ လေညင်းက ကိုယ့်ဘဝအပူတွေကို စုပ်ယူသွားမှာ သေချာတယ်။ ပတ်ဝန်းကျင်ရဲ့ တောတောင်သံ စူးစူးညက်ညက်လေးတွေလည်း သံစုံတီးဝိုင်းကအသံတွေလို နားထောင်နေမယ်။ ကိုယ်ရချင်ခဲ့တာက အဲဒီလိုညတွေလေ။ လူငယ်တစ်ယောက်ပီပီ အဲဒီလိုညတွေကို တစ်ယောက်တည်း စိတ်ရှိသလို သုံးလိုက်ချင်တာ။
အပြန်လမ်းမှာတော့ မြို့ကလေးရဲ့ အနောက်ဘက်တောင်တန်းမှာ နေလုံးပျောက်သွားတာကြာပြီ။ ခေတ်နဲ့အညီ စည်ကားတိုးတက်လာတဲ့ မြို့ကလေးမှာ မီးလုံးတွေ လေထဲမျောလာသလို လမ်းတစ်လျှောက်မီးရောင်စုံ စီးမြောလို့။ အပြန် အသွား၊ အချိုးအကွေ့ ၊ အဖြောင့်၊ အဖြတ်။ ဦးတည်ရာအမျိုးမျိုးနဲ့ ယာဉ်မျိုးစုံ။ အိမ်ပြန်ကြလေသလား။ ဟုတ်မှာပါ။ အိမ်ပြန်ကြတာပဲဖြစ်မယ်ထင်ပါရဲ့။ တစ်ခါတစ်ခါ အိတ်ဇောပေါက်နေတဲ့အသံနဲ့ ဘေးကနေ ပွတ်ကာသီကာ ရှောင်ထွက်သွားတတ်သေးရဲ့။ ဘာအဓိပ္ပာယ်ရှိလို့လဲ။ မမေးနဲ့။ လူငယ်တွေဘဝမှာ အဓိပ္ပာယ်တွေ၊ ဘာတွေနဲ့ သိပ်လေးနက်နေကြမှာမဟုတ်ဘူး။ လူငယ်တွေက လွတ်လပ်တယ်။ တက်ြွကတယ်။ နောက်စိတ်စေရာအတိုင်း ပြုမူတတ်ကြတယ်။ ကိုယ်အားကျတဲ့ လူငယ်ဘဝ။
(သား အိမ်ထောင်မပြုချင်သေးဘူးမေမေ....}လို့ ဟိုးအဝေးကြီးက အမေ့ကို တိုးတိုးလေးလှမ်းပြောမိတယ်။ ဝတ္ထုစာအုပ်တစ်အုပ်လို ဘဝရဲ့အဆုံးသတ်ပိုင်းကို ကျော်ဖတ်ကြည့်လိုက်ရရင်လည်း ကောင်းသား။ လက်ထပ်မယ့်နေ့ရက်ကို ရင်မောစွာစောင့်နေမယ့် ကောင်မလေးလည်း မိဘလယ်ယာမှာ ပင်ပင်ပန်းပန်းကူနေရလောက်ပြီပေါ့။ သူလည်း အတူဆုံရမယ့် ရက်တွေကို စောင့်နေမှာသေချာတယ်။ တကယ်တော့ ကိုယ်က နှစ်ကိုယ်တူဘဝအတွက် ဘာမှ အဆင်သင့်မဖြစ်သေးတဲ့လူ။ အိမ်ပြန်ဖြစ်တိုင်း မျှော်လင့်ချက်တွေနဲ့စောင့်နေတဲ့ သူ့အတွက် ဟန်ဆောင်စကားတွေနဲ့ ကတိပေးရပေါင်းများခဲ့ပြီ။ ဒီတစ်ခါ အသေအချာပဲလို့ တည်တည်တံ့တံ့စကားဆိုချင်နေပါပြီလေ။
ည (၇)နာရီ ထိုးပြီဆိုရင် ကိုယ်က ]ဘုစုခရုတွေ} လို့အပြောခံရရင် စိတ်ဆိုးတတ်တဲ့ ကလေးတွေကြားမှာ။ ]ရှင်းပြပေးပါဦး}ဆိုပြီး စာကူကျက်ခိုင်းတဲ့သူတွေ၊ ညီမျှချင်းရဲ့ တစ်ဘက်က ကိန်းကို အခြားတစ်ဘက်ရောက်အောင် မှန်မှန်မပို့တတ်တဲ့သူတွေ၊ အလေးလံဆုံး ဝန်ထုပ်ကိုပိုက်ပြီး ခပ်တည်တည်နဲ့ ငိုက်နေကြသူတွေ၊ မဟားဒယားခက်လှတဲ့ ပုစ္ဆာကြီးတွေကို ရွေးမေးပြီး ဆရာကို အကဲစမ်းကြတဲ့သူတွေ၊ ပြီတည်တည်နဲ့ မခိုးမခန့်ကြည့်တတ်တဲ့သူတွေ... စတဲ့ စတဲ့ စရိုက်အမျိုးမျိုးနဲ့ ကလေးတွေကြားမှာ။ တစ်ခါတစ်လေတော့ သူတို့ကို ကိုယ်ပြောတတ်သမျှနဲ့ ဆုံးမစကားတွေ ပြောနေမိပြန်ရော။ ]အင်း ကိုယ်ကိုယ်တိုင်ကရော ...... စံထားစရာဘဝ ဟုတ်ရဲ့လား။ ဟုတ်မှာပါလေ}လို့ ရသေ့စိတ်ဖြေ ဖြေရတယ်။
ည (၁၁)နာရီထိုးရင်တော့ ကိုယ့်ရဲ့ အိပ်ယာဝင်ခရီးမှာ ဓာတုဗေဒညီမျှခြင်းတွေ၊ စာကြည့်မီးတောင် ဗဃ.ီဃ မခွဲတတ်သူတွေက မေးလိုက်ကြတဲ့ ခေတ်ပေါ် ရူပဗေဒပစ္စည်းတွေအကြောင်း၊ ဖားခုန်သလို ပုံမှန် ခုန် ခုန်သွားတဲ့ ဗဏ ကိန်းစဉ်တွေအကြောင်း၊ ဟိုအကြောင်း၊ သည်အကြောင်းတွေနဲ့ စိတ်ထဲမှာ မွန်းကြပ်လို့။ ]ဟူး] ဆိုပြီး အိပ်ယာထက်မှာ ဝမ်းထဲကလေပူတွေကို မှုတ်ထုတ်ပစ်မိတယ်။ အိပ်ခန်းလေးရဲ့ အပူငွေ့ထက် ရင်ထဲကအပူငွေ့က ပိုပါတယ်လေ။
ညအိပ်မပျော်ခင်လေးမှာ ကိုယ်တို့ကျောင်းရဲ့ အမှတ်တရထုတ်တဲ့ မဂ္ဂဇင်းကို ဖတ်မိတယ်။ ]ပညာချွန်သူတို့ရဲ့ အမှတ်တရစကားများ}တဲ့။ ဟုတ်တယ်။ ကိုယ့်အတန်းဖော်တွေရဲ့စကားတွေပေါ့။ သူတို့ဓာတ်ပုံတွေနဲ့။ စင်ပေါ်ရောက်နေကြပြီဆိုတော့လည်း ပြောသမျှ တင့်ကြပါပေတယ်။ ကိုယ်ကတော့ သူတို့စကားတွေနဲ့ သူတို့ရဲ့ပုံရိပ်တွေ ထပ်ထပ်မြင်လာလို့ ပြုံးမိပါသေးရဲ့။ ]တော်သဟေ့။ ကြိုးစားကြကွာ} လို့ စိတ်ထဲကနေ မုဒိတာနဲ့ အားပေးမိတယ်။
ကိုယ်မှာတော့ ကိုယ့်မိသားစုလေးရဲ့ ခြောက်ကပ်ကပ် အဆီအနှစ်တွေကို ငဲ့ခဲ့ရ၊ မုဆိုးမ မိခင်အိုကို ငဲ့ခဲ့ရ၊ ညီငယ် ညီမငယ်လေးတွေရဲ့ရှေ့ရေးကို ငဲ့ခဲ့ရ။ ငဲ့ခဲ့ရတာတွေကလည်း အများသားလေ။တက္ကသိုလ်ဝင်ခွင့် အကြောင်းကြားစာတွေ ရောက်လာချိန်က မိသားစုရဲ့ ငိုသံတွေကို ခုထိမမေ့သေး။ အထူးသဖြင့် မုဆိုးမ အမေရဲ့ ငိုသံတွေ။ ]သားရယ် အမေတာဝန်မကျေတော့ဘူး}တဲ့။ ပြောပြောပြီး ငိုတတ်တဲ့အမေ။ သားတစ်ယောက်ကို ပြန်တောင်းပန်တဲ့ အမေ။ ]သူများတွေပို့သလို အဲဒီကျောင်းကြီးကြီးတွေဆီ သားကိုပို့ချင်ခဲ့တာ}တဲ့လေ။ ပြန်တွေးကြည့်ပြန်တော့လည်း ငွေကုန်များမယ့် ကျောင်းကြီးတွေဆီ မတက်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အဲဒီတုန်းက ကိုယ့်ဆုံးဖြတ်ချက်တွေကို အခုထိ ကျေနပ်နေတုန်း။ ]အဝေးသင်တက္ကသိုလ်ဆိုတာလည်း သူ့ဂုဏ်နဲ့သူပါအမေ} လို့ အမေ့ဆီ စိတ်မှန်းပြီး အိမ်ပြန်ချိန်တွေကို တမ်းတမိပြန်ရော။
အခုတော့ ကိုယ့်မှာ ကိုယ်ပို့တဲ့ ရေညှိအားဆေးဗူးလေးတွေကြောင့် ပီတိစွမ်းနဲ့ ကျန်းမာနေတဲ့အမေရယ်၊ ကိုယ့် ရင်ငွေ့နဲ့ ရင်းနှီးခဲ့ရတဲ့ ဘွဲ့တစ်ခုရယ်၊ ကိုယ့်ဝင်ငွေလေးနဲ့ ကျောင်းထားပေးတဲ့ ညီမငယ်လေးရယ်၊ ကိုယ်သင်သမျှကို ]နားလည်တယ်ဗျ}လို့ အားပါးတရအော်တတ်တဲ့ တပည့်တွေရယ်၊ ဒါတွေကိုပဲ ကိုယ့်ဘဝလို့ဆိုစေတော့။ ]အင်း ..ကိုယ့်ကိုယ်ကို ကျေနပ်နေနိုင်ဖို့လိုတယ် } ဆိုပြီး အိပ်စက်ဖို့လုပ်တော့ ည (၁၂)နာရီထိုးနေပြီ။ အဲဒီည အိပ်မက်ထဲမှာတော့ ကိုယ်ဟာ အိမ်ပြန်ခရီးကို စိတ်လိုလက်ရ နှင်လို့။
ကောင်းလူ ( မြ န် မာ စာ )
(၂၀၁၀ခုနှစ်၊ ဇူလိုင်လထုတ်၊ ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်း)
Saturday, April 24, 2010
ကလေးသင်္ကြန်ကို လည်ကြည့် ကြသူများ
ခြောက်လေအဝေ့မှာ မိုးသစ်ရနံ့တွေက ကျွန်တော် ထိုင်နေတဲ့ အိမ်ရှေ့ ပိတောက်ပင်အောက်က ခုံတန်းလျားနဲ့ ပတ်ဝန်းကျင်ကို နုပြို ဆင်းကျဲပြန့် နေရာယူကြသည်။ တန်ခူးလေ ဆိုတာရော ပိတောက်တွေ ရဲရဲ ပွင့်ဖို့ ရေကြည်ဆွတ်ဖျန်းမယ့် သင်္ကြန်ကြိုတဲ့ မိုးသက်တွေ ကြွေကာ ဖျန်းတော့မယ်ဆိုတာရော စိတ်က အလိုလို သိပြီး ဖြစ်တယ်။
နှစ်ဟောင်းကုန်လို့ နှစ်သစ်ရောက်ခဲ့ပြီ …။ ပြီးခဲ့တဲ့ အတိတ်တွေကို ချန်ထား ရစ်ခဲ့ လို့ ….. စိတ်ကူးသစ် အိပ်မက် သစ်တွေနဲ့ ဘ၀ကို ဖြတ်သန်းဖို့ စဉ်းစားနေတုန်း သူငယ်ချင်း ရွှေလင်းထန် ရောက်လာပြီး “သင်္ကြန် ဘာ အစီအစဉ် ရှိတုန်းတဲ့” ကျွန်တော်ကလဲ တစ်ကိုယ်တည်း သမားဆိုတော့ “ဘာအစီအစဉ်မှ မရှိဘူး” “သင်္ကြန်တွင်း ဖွင့်မယ့် လဖက်ရည်ဆိုင် လိုက်ရှာနေတယ်……..အဲ့ဒီမှာထိုင်ပြီး သင်္ကြန်လည်မယ့် အလန်းမ လေးတွေ ကြည့်ဖို့ ချောင်းနေတယ်လို့ ပြောတော့ ” “ ငါကအကျနေ့ ကျရင် လက်ဆေးကန်သွားမှာ” ဆိုပြီး အစီအစဉ်တွေ ပြောပြနေတယ် “ လိုက်တော့ဘူးလို့” အားနာနာနဲ့ ငြင်းမိတယ်………
ညနေပိုင်းရောက်တော့ ရည်းစားက “သင်္ကြန်အတူ လိုက်လည် မပေးနိုင်ဘူး ” ဆိုလို့ အသည်းကွဲနေတဲ့ ညီမ မီးမီးက မနက်ဖြန် “ သင်္ကြန်လည်ရအောင်” ဆိုပြီး ဖုန်းဆက်တော့ လည်ဖြစ်ရင် ခေါ်ပါ့မယ်လို့ မတင်မကျ စကား ဂတိ ကိုပြောထားလိုက်တယ်…… လဖက်ရည်ဆိုင်ရောက်တော့ လွမ်းဆက်နွယ်ဆိုတဲ့ အသက် လေးဆယ်ကျော် လူပျိုကြီးက သူလည်း သင်္ကြန်လည်ချင်ပါသ တဲ့ ……… မိန်းမကြောက်ရတဲ့ ကဗျာဆရာ သစ်မှိုင်းလွင်ကလဲ ထိုမာသင်္ကြန်ကို တစ်ခါမှ မရောက်ဖူးဘူးတဲ့…. သူငယ်ချင်း ကိုဂျာနယ်လစ်ကြီးကလည်း “ထိုမာ သင်္ကြန် ဓါတ်ပုံရိုက်ချင်တယ်တဲ့” မနက်ဖြန်လိုက်ခဲ့ပါဆိုပြီး ဖုန်းဆက်ပြီးခေါ်ပါလေရော…..ဒါဆို ငါမနက်ဖြန် အတွက်အစီအစဉ် ဆွဲပါ့မယ်လို့……………..
အကြတ်နေ့ အိပ်ယာနိုးနိုးချင်းပဲ………. ညီမလေးဆီ အရင်ဆုံး ဖုန်းဆက်ရတော့တယ် (ဂေါ်မစွံ၏ ကြော်ငြာကဏ္ဍ) သင်္ကြန်မလည်ဘူးလို့ ကတိ ပေးထားတာဆိုတော့ ထုံးစံအတိုင်းပေါ့ “သူငယ်ချင်းတွေ အတင်းခေါ်လို့ လိုက်ရမှာဆိုပြီး” ပြောရတော့တာ ညီမလေးကော လိုက်မလားမေးတော့ “မလိုက်တော့ဘူး ဘုန်းကြီးကျောင်း သွားမယ် ပြောတော့” ရင်တစ်ဝက် အေးသွားတယ်…… စိတ်ထဲမှာတော့ အလန်းလေး တွေကြည့် လိုက်အုန်းမယ်ပေါ့…….
ပထမဆုံး ရွှေလင်းထန် အိမ်ကိုသွား သူကလဲ ၀ိရီယ ကောင်းစွာနဲ့ ကျွန်တော်ကိုစောင့်နေတယ်….. ကလေးသင်္ကြန် တစ်ခါမှ မလည်ဖူးဘူးတဲ့၊ ရင်ခုန်သလိုလိုပဲတဲ့ အရေးထဲနှလုံးသားက နုနေလိုက်သေးတယ်……. လူပျိုကြီးတို့ထုံးစံအတိုင်း …… သွားရအောင်လို့ လောဆော်ပြီး မီးမီး ကိုအရင်သွားခေါ်မယ်ဆိုပြီး ထွက်လာခဲ့တယ်….. ဒီနောက်ဂျာနယ်လစ်စီ သွားတော့ ဘိုတိုးရယ် ဂျာနယ်လစ်ရဲ့ အမျိုးသမီးရယ် ကလေးတွေရယ် အရံသင့်စောင့်နေတော့ ကားပေါ်တစ်ခါတည်း တင်ပြီး အသက်လေးဆယ်ကျော် လူပျိုကြီး လွမ်းဆက်နွယ်က တီရှပ်ပန်းကြား နဲ့ ဘောင်းဘီတိုနဲ့ နုပျိုနေလိုက်တာ ကားရှေ့ ဘောနပ်ပေါ်တက်ထိုင်ပါလေရော ……… အသက်ကြီး လို့ရှေ့ခန်းမှာစီးပါဆို တာတောင် မရတော့ဘူး……သစ်မှိုင်းလွင် အိမ်ရောက်တော့ ဘုန်းကြီးကျောင်းက မပြန်သေးလို့ စောင့်နေရသေးတယ် …….. မိန်းမကို ဘယ်လို ဘတ်ပြီးတော့ လိုက်ခဲ့လဲတော့မသိဘူး အင်္ကျီဖြူ လက်ရှည်နဲ့ ထမင်းစားပုဆိုးကြီး ၀တ်ပြီး လိုက်ခဲ့တော့တာပါပဲ……. သူငယ်ချင်းတွေ အားလုံးက ဂေါပကလည်း သင်္ကြန်လည်တာပဲလို့ စနေကြ တာ အဲ့ဒီဂေါပက ပေါ့ အလန်းလေး နှစ်ယောက် ထပ်ပြီး တင်လာခဲ့သေးတယ်…….
သတိရလို့ ပြောလိုက်အုန်းမယ် ….. မီးမီးကလည်း ဘောင်းဘီတိုအင်္ကျီအကြပ် ၀တ်လာခဲ့လို့ ဒီပုံနဲ့တော့မဖြစ်ဘူး ထင်တယ်ဆိုပြီး ပါလာတဲ့ တဘက်ကို မချွတ်တမ်းခြုံထားပါဆိုပြီး ပြောရသေးတယ် ……. ဒီလိုနဲ့ အဆီအငေါ်မတည့်တဲ့ ကျွန်တော်တို့အဖွဲ့ ထိုမာသင်္ကြန်ဆီ ချီတက်လာခဲ့တယ် ……. ထိုမာရွာအ၀င်မဏ္ဍပ် လည်းရောက်တော့ ကားတန်းကြီး ကိုစတွေ့ရတော့တယ်……… လမ်းအပြည့် လူတွေကလည်း ကွေးညွတ်နေအောင် ကလို့ ကိုရွှေဂျာနယ်လစ်ကြီး ကတော့ ကားပေါ်က အပြေးတပိုင်း ဆင်းပြီး ပါလာတဲ့ ကင်မရာကိုထုတ် တဖျောက်ဖျောက် နဲ့ပေါ့ ……… ရွှေလင်းထန်ကတော့ ကားထဲကို စိတ်ထဲ့ပြီး မောင်းနေရတော့ မအီမလည်မျက်နှာကြီးနဲ့ ….. အသက်လေးဆယ်ကျော် လူပျိုကြီးကတော့ ဘောနပ်ဖုံးပေါ်မှာ စည်ချက်နဲ့အညီ ခြေမြှောက်မြှောက် လက်မြှောက်မြှာက်နဲ့ ပေါ့.. ဗိုက်က ပူပူ ဘောင်းဘီ ပွင့်ကြားကြီးနဲ့ ဖြစ်နေလိုက်ပုံများ မြင်ကြည့်လိုက်စမ်းပါ။ ဘေးနားက ကားပေါ်က ကောင်မလေးတွေ က တော့ ဦးတိပွားကြီး ကနေ တယ်တယ်တဲ့ …။ ဦးတိပွားရဲ့ ကဲပုံများ ဂျာနယ်လစ်ကြီးရဲ့ နဖူးအတိုင်းပဲ …။ ကျွန်တော်လဲ အညံ့ ဘယ်ခံမလဲ … ကားပေါ်က ဆင်းပြီး အလန်းလေးတွေ ရေလိုက်လောင်းဖို့ ချောင်းနေတာပေါ့ … ကားဆီ ပြန်ကြည့်လိုက်တော့ ဂေါပက လူကြီးက ကားရှေ့ခန်းမှာ သမာဓိ ပိုးကြီးနဲ့ ပြုံးပြုံးကြီးပေါ့ … အသဲကွဲတဲ့ မီးမီး ကလည်း ဘဲဘဲ ကို သတိရပြီး ငိုပါလေရော …။ သင်္ကြန်ရေနဲ့ မျက်ရည်တွေ ရောလို့ပေါ့ … သူငယ်ချင်း ဘိုတိုးကြီးကလည်း ဗိုက်ဆာလို့ ဆိုပြီး ပါလာတဲ့ ကွမ်းယာတွေ တစ်ယာပြီးတစ်ယာ စားစားနေ တော့တယ်……။
ဒုတိယ မဏ္ဍပ်ရှေ့ ရောက်တော့ ကျွန်တော်တို့ ကားကို ရေ သိတ်မပက်ကြတာ “ရှေ့မှာ ဦးတိပွားကြီး ထိုင်နေလို့” တဲ့ ဆိုပြီး ကားပေါ် ပါလာတဲ့ ကောင်မလေးတွေက ပြောနေကြတယ်။ တတိယ မဏ္ဍပ်ရှေ့ ရောက်တော့ လူပျို အသိုးကြီးက ကျွန်တော်နဲ့ သစ်မှိုင်းလွင်ကို ဆွဲခေါ်ပြီး ရှေ့မဏ္ဍပ်က ပိုစည်တယ် …။ လမ်းလျှောက်ပြီး အရင် သွားနှင့်အောင်တဲ့ ကျွန်တော်လည်း ယောင်ပေပေနဲ့ ပါသွားပါလေရော …။ သွားရင်း လာရင်း ကားတွေ ရေကြည့်ခဲ့တာ အစင်း (၅၀) တောင် ကျော်နေပြီ ..။ ရှေ့မှာလည်း အများကြီး ပါပဲ၊ အောက်က ရေကလည်း ဒူးဆစ်လောက်ရှိတယ်။ ဂေါပက ကတော့ ဖိနပ်ကြီး ခါးကြားထိုးလို့ ပုံပျက် ပန်းပျက်.. အိမ်အပြန် ဖိနပ်မပါရင် မိန်းမက ရိုက်မှာတဲ့၊ လူပျို အသိုးကြီးရဲ့ လက်ထဲ မှာတော့ ရယ်ဒီမိတ် တစ်ပက်ပါတဲ့ ၀ီစကီ ဘူးလေးတွေနဲ့။ အရှိန်တော့ ရနေတဲ့ ပုံပါပဲ …။ မဏ္ဍပ်မှာလဲ သူချည်းခဲ ကဲ ပြီးတော့ အမြင့် ပေ နှစ်ဆယ်လောက်ရှိတဲ့ ရေပက်စင်ပေါ်က ကောင်မလေးတွေ ဆီ သွားချင်တယ် လုပ်ပါလေရော …။ ဂျာနယ်လစ်က ဘယ်ကနေ ဘယ်လို ရောက်လာမှန်း မသိဘူး အမိအရ မှတ်တမ်း တင်နေတယ် …။ ဒီလိုနဲ့ ဆယ်တစ်ခု မြောက် မဏ္ဍပ်ရှေ့ ရောက်တော့ ရွှေလင်းထန် မနေနိုင်တော့ ဘူး … ကားကို လမ်းဘေး ထိုးပြီး အပြေးအလွှား ခုန်ဆင်း မဏ္ဍပ်ရှေ့မှာ ကပါလေရော ..။ ဂျာနယ်လစ်ကြီး ကလဲ ကျွန်တော့်ကို ကင်မရာ ပေးပြီး သူပါ ရောသမ လေရဲ့ ။ ကျွန်တော်လည်း လက်ထဲ ရှိတဲ့ ကင်မရာနဲ့ အမိအရပေါ့ ။ ကျွန်တော့် လက်ကိုဆွဲပြီး အဓမ္မ ခေါ်လေတော့ က ရတော့တာပေါ့ ။(ညီမလေးများ သိများ သိရင် အပြောခံနေရအုန်းမှာ လို့ စိတ်ထဲ တွေးမိတယ်။)
နေ့ခင်း နှစ်နာရီထိုးတော့ ထိုမာရွာက ပြန်ထွက်ခဲ့ကြတယ် နေ့လည်စာ စားဖို့ စားသောက်ဆိုင်မှာ နားရင်း ဂျာနယ်လစ်ကြိးရဲ့ ကင်မရာကိုကြည့်တော့ သတင်းဓါတ်ပုံထက် အလန်းလေးတွေရဲ့ခပ်ရဲရဲ ခပ်ကဲကဲ ပုံတွေက များနေတယ်…… အိမ်ပြန်ရောက်ရင် ဗိုက်ခေါက်ကို မိန်းမက လိမ်ဆွဲတာ ခံရမှာကို မြင်ယောင် မိသေးတယ်…. သင်္ကြန်လည်လို့ ဥပုဒ်ကျိုးတာချင်း အတူတူ ဆိုပြီး ဂေါပက က ဘီယာသောက်မယ်တဲ့…. လူပျိုကြီးဆီကို သူကြိုက်တဲ့ ကောင်မလေးဆီက ဖုန်းလာတာကို မီးမီးကမပြောလို့ ဆိုပြီး စိတ်ကောက်လိုက်သေးတယ်(အရွယ်ကြီးနဲ့ မလိုက်အောင်ပေါ့) …..ဘိုတိုးကြီးကတော လိမ်မာ နေလိုက်တာ…. သူမသောက်တာ ကြာပြီတဲ့….. စိတ်ထောင်းလို့ကိုယ်ကြေ ဖြစ်နေတဲ့ မီးမီးက ဘီယာတစ်ခွက်ဆိုပြီး သောက်တော့…….. မူးပြီး ကြမ်းမှာကို ကျွန်တော်က လန့်လာတယ်………… ရွှေလင်းထန်က သွားရင်းလာရင်း နှစ်ပက်ကစ်လာတော့ အရှိန်လေးနဲ့ပေါ့………. ဒီလိုနဲ့ ကိုးမိုင်ချောင်းကို ရောက်တော့ ကလေးမြို့ရဲ့ ချောင်းသာလို့တောင်ပြောရ မယ်ထင်တယ်………..လူတွေအရမ်းများလွန်းလို့ ကျွန်တော်တို့အတွက် နေရာတောင် အတော် ရှာယူခဲ့ရတယ် ……… ရွှေလင်းထန်နဲ့ ဂေါပကရယ် အလန်းမလေး နှစ်ယောက်က တစ်နေရာ…….. ဂျာနယ်လစ်မိသားစုက တစ်နေရာ လူပျိုသိုးကြီးရယ် ကျွန်တော်ရယ် မီးမီးရယ်က တစ်နေရာ ………အသီးသီးရေစိမ်ကြတာပေါ့ ……….. ဂျာနယ်လစ်က ပါလာတဲ့ ကင်မရာနဲ့ အလုပ်ရှုပ်(အရှုပ်တွ လုပ်) လို့ ပေါ့ ……………. ကျွန်တော်လည်း မီးမီးကို “ အပျိုပိန်ပိန် ရေစိမ်တော့……..” လို့ လိုက်စနေမိသေး တယ် …။
မြင်ကွင်းကတော့ လန်းတယ်ဗျာ။ ချောင်းရဲ့ တစ်မိုင်ကျော်ကျော် အရှည်မှာ လူတွေ ပြွတ်ခဲ သိပ်လို့။ တစ်ချို့လဲ ပုလင်းတွေနဲ့ ၀ိုင်းဖွဲ့၊ တစ်ချို့လည်း အလန်တွေ နဲ့ ၀ိုင်းဖွဲ့၊ ကိုယ်စီကိုယ်စီပေါ့ ..။ လူပျိုကြီးတွေ ဇတ်လမ်း က စ ပြီ ..။ လွမ်းဆက်နွယ်က မိန်းမ တစ်ယောက်ရဲ့ အလှဆုံး အချိန်ဟာ ရေချိုးချိန်တဲ့၊ ဘိုတိုးကလည်း ရေချိုးပြီးစ အချိန်တဲ့ မယုံရင် ကြည့်နေပါတဲ့။ ဂေါပက ကတော့ အတူတူပါပဲတဲ့။ တရား သဘောတောင် ပါလိုက်သေး ..။ ကျွန်တော်က လက်ရှိ ကိုပဲ စိတ်ဝင်စားသူဆိုတော့ အရှိအတိုင်းပဲ နေလိုက်တယ်..။ နှစ်နာရီ ကျော်ကျော်လောက် ရေစိမ်ပြီး အပြန်ခရီးကို ဆက်ခဲ့ကြတယ် ..။ ကားပေါ်ရောက်မှ အသဲကွဲတဲ့ မီးမီး ရဲ့ လက်ကိုကြည့်လိုက်တော့ ပဲကြီးကို ရေစိမ်ထားတဲ့ အတိုင်းပါပဲ..။ “ နင်တော့ အခြေအနေ မကောင်းဘူး ” လို့တောင် ပြောမိသေးတယ် ..။ ကိုးမိုင် ရွာ အ၀င်ရောက်တော့ ချင်းအမျိုးသား အဖိုးကြီးက ကားရှေ့မှာ ရပ်ပြီး ကားကို တားကာ “ ရေလောင်းရင် နေကောင်းတယ်နော်” ဟု ဆိုကာ ကားပေါ်ပါသူ အားလုံးကို ရွှဲ စိုအောင် လောင်းလေတော့တယ် …။ ဗဟို မဏ္ဍပ်ရှေ့ ရောက်တော့ စတိတ်ရှိုး စင်ပေါ်က ဘောင်းဘီတိုတို အင်္ကျီ ကြပ်ကြပ် နဲ့ ဆိုနေတဲ့ ကောင်မလေးကို မြင်တော့ ထိန်းမရ သိမ်းမရနဲ့ ကားကြီးကို ပုခက်လွှဲထား တဲ့ အတိုင်း လှုပ်ရမ်းလို့ ..။ အချိန်က နေရောင် ပျောက်ပြီ ဆိုတော့ အားလုံးကို လမ်းခွဲ ဖို့ အတင်းပြောရတော့တယ် ..။
ညပိုင်းရောက်တော့ ညီမလေးဆီ အပြေးအလွှား သွားရသေးတယ်။ သူက ဥပုဒ် ယူထားတာဆိုတော့ သိတ်တော့ မပြောပါဘူး။ နေ့လည်က ရန်ကုန် X2O သင်္ကြန်မဏ္ဍပ်ရှေ့မှာ ဗုံးပေါက်တယ်တဲ့၊ နောက်ရက်ကို သင်္ကြန် မလည်စေချင် ဘူးတဲ့။ “အခု တရားနာ သွားမှာ လိုက်ခဲ့ပါလားတဲ့” ကျွန်တော်လည်း နေ့လည်က သင်္ကြန် လည်ထားတာဆိုတော့ မလိုက်ချင်ဘူး လို့ ..။
အတက်နေ့ မနက်ခင်းမှာတော့ ထိုင်နေကျ လဖက်ရည်ဆိုင်မှာ လူပျို အသိုးကြီးကို တွေ့ပါတယ်။ မနေ့က ရေပက်တဲ့ အကြောင်းတွေ စားမြုံ့ ပြန်ရင်း ရေမပက်ပဲ လေ ပက်တဲ့ အကြောင်းကို ကျွန်တော်တို့ မြို့ ရဲ့ အသက်ကြီးဆုံး လူငယ် စာရေးဆရာ နဲ့ ပြောနေတော့တယ်..။ လတ်တလော ကလေးမြို့မှာ နာမည်ကြီးနေတဲ့ ကဗျာဆရာရဲ့ ရန်ကုန်ခရီး ကြွားလုံးတွေကို ကျုရှင်ဆရာနဲ့ ပေါင်းပြီး လေပက်ခံရတဲ့ အကြောင်း ပြောနေကြတယ်။ လူပျို အသိုးကြီးက “ သူမှ ရန်ကုန်မရောက်ဖူးတာ သူတို့ ပြောသမျှခံရတာပေါ့” တဲ့ …။ အဲ့ဒီအချိန်မှာပဲ သူငယ်ချင်း ရွှေလင်းထန် ရောက်လာပြီး သွားရအောင် ဆိုလို့ ကျွန်တော်ရယ်၊ လူပျို အသိုးကြီးရယ်၊ မီးမီးရယ် ပေါ့..။ ဘယ်သွားမှာလဲ မေးတော့ “ထိုမာ” တဲ့ ..။ ရွှေလင်းထန်က မနေ့က မကျေပွဲ နွဲချင်သေးတာ တဲ့ ..။ နှစ်ခါ မညှိ လိုက်ရပါဘူး။ ထိုမာ ရောက်လာခဲ့တော့ တာပါပဲ ..။ အဲ့ဒီ ရောက်မှ သင်္ကြန် မိုးက သဲကြီးမဲကြီး ရွာပါတော့တယ်..။ မိုးရေနဲ့ သင်္ကြန်ရေ အောက်မှာ နောက်ဆုံးရက် ဆိုပြီး လူတွေ ပိုကဲ နေသလား ထင်ရတယ် ..။ ထိုမာ ရွာက ပြန်တော့ …..
နေ့လည်စာ စားဖို့ မြစ်သာ ရှု့ခင်းဆီ ရောက်လာခဲ့တယ်..။ အသဲကွဲတဲ့ မီးမီးက ဖရဲသီး စားချင်တယ် ဆိုလို့ ကျီကုန်းမှာ သွားဝယ်တော့ ဖရဲသီး မရပဲ စာကလေး ကြော် နှစ်ကောင်နဲ့ ပြန်ရောက်ခဲ့တယ် ..။ “ ဒီနား ရောက်မှတော့ မထူးတော့ ပါဘူး ” ဆိုပြီး ရေဆန်ကျွန်း ဘုရားကို တက်ဖူးကြတယ် ။ ဘုရားရင်ပြင်မှာတော့ ဘုရားဖူးတွေနဲ့ပေါ့ ..။ မီးမီးကို ကြည့်လိုက်တော့ မျက်နှာက မကောင်းဘူး။ ဒါနဲ့ ကျော်ကြည့်လိုက်တော့ ခုံတန်းလေးတွေ ပေါ်မှာ “ ကြားလေသွေးရင် တောင် ဝေးမှာ စိုးတယ် ” ပုံစံနဲ့ ထိုင်နေတဲ့ အတွဲတွေ ရှိတာကို …။ ဘဲဘဲ ကြီးကို သတိရနေပြန်ပြီ ထင်တယ်..။ ရွှေလင်းထန်က သူ “အဲ့ဒီခုံမှာ ထိုင်ဖူးတယ်” တဲ့ ၊ အကြွားခံရမှာ စိုးလို့ မသိသလိုပဲ နေလိုက်တယ် ..။ စိတ်ထဲ မှာ တော့ အဲ့ဒီနေရာကို အသေမှတ်၊ အဆင်ပြေရင် ညီမလေးနဲ့ လာထိုင်းအုန်းမယ် ဆိုတဲ့ အတွေးနဲ့ပေါ့ …။
ဘုရားမှာ ခဏ နားပြီး၊ ဇီးချောင်း ခရီးကို ရိက္ခာ အပြည့် အစုံနဲ့ပေါ့ ..။ ထူးကြီးဆည်ကို ရောက်တော့ နေ့လည် (၃) နာရီ ထိုးနေပြီ ..။ ချင်းတွင်းမြစ် ဘေးမှာ မွေးခဲ့တဲ့ မီးမီး ရေမကူးတတ်တော့ ရေ အနက်ဟာ ကျွန်တော့်ရဲ့ နိုင်ကွက် ဖြစ်လာတယ်…။ ဂျာနယ်လစ် ကြီးက ကျွန်တော်တို့ လည်တာ သတင်းရပြီး “သူ့ မခေါ်လို့ တွေ့မယ်တဲ့” ဆိုပြီး ဖုန်းဆက်ကာ ခြိမ်းချောက်နေတယ် ..။ ညီမလေးက လည်း “ဓါတ်ပုံတွေ ပြန်ပေးရမယ်” တဲ့။ ကျွန်တော်တော့ မနက်ဖြန် ဘယ်လို ရင်ဆိုင်ရမယ်ဆိုတာ သတ္တိတွေ မွေးရအုန်းမယ် ..။
တစ်ချို့က တစ်နှစ်တာရဲ့ ညစ်နွမ်းနေတဲ့ စိတ်တွေကို သင်္ကြန်ရေနဲ့ လျှော်ဖွတ်ကြတယ်..။ ဥပုသ် သီလတွေ ဆောက်တည်လို့ ဘာဝနာ ရေစီးကို ရှည်စေတယ် ..။ နှစ်သစ်ဦးမှာ ကောင်းမှုတွေ ပွားစည်း တိုးဝေ စေတယ်..။ တစ်ချို့က သေရည်နဲ့ လွှမ်းရုံပြီး ကုသိုလ်ရှေ့က အ အက္ခရာကို ရှေ့တန်းတင်ပြီး အကုသိုလ်ကြတယ် ..။
ကဲ … အားလုံးပဲဗျာ … ခင်ဗျားတို့ကော ဘာတွေ မြင်ကြလဲ ..။ ကျွန်တော်တော့ စာတစ်ဖောင်၊ ပေတစ်ရွက်နဲ့ ရေးခဲ့ပြီ…။ လွန်တာတွေ ရှိရင်လည်း အားလုံး….အားလုံး….၀ိန္ဒာမိ ပါ….
ယွန်းအိမ်
www.rezarmyomyo.co.cc မှ ကူးယူဖေါ်ပြသည်။
Monday, December 21, 2009
ညီမလေး (၅)
ရေးသူ - ယွန်းအိမ်
ညီမလေးရေ …..မနာကျည်းခဲ့ပါဘူး၊မဖြစ်နိုင်မှန်း သိရက်နဲ့ စမိခဲ့တဲ့ ကိုယ့်ရဲ့အချစ်တွေ ကို ဘယ်တေ
ာ့မှရုတ်သိမ်းဖြစ်မှာ မဟုတ်ပါဘူး၊တို့နှစ်ယောက် အတူလျှောက်ခဲ့တဲ့ အချိန် တွေရယ် မညားခဲ့တဲ့ စိတ်တွေနဲ့၊ညားခဲ့တဲ့ စိတ်တို့နဲ့အတူ လောကဓံရဲ့ နိမ့်တုံ မြင့်တုံ ကြားမှာ ဖြတ်သန်း ခဲ့ပေါ့…….
ကံကြမ္မာရဲ့ ဒဏ်ချက်အောက်မှာ လူးလွန့် ခံစားရင်း နတ်ဘုရားတွေရဲ့ ဖန်ဆင်းမှုကြောင့် ရင်းနှီးဆုံစည်းခဲ့တဲ့ အချိန်တွေ “အမေ့အိမ်” သီချင်းနဲ့ အသံချိုလေးများ၊ မိုင်တွေချီ ဝေးကွာခဲ့၊ အကြင်နာတွေဟာ နွေးထွေးခဲ့……..“တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ” ဆိုတဲ့ သီချင်းကို မခံစားနိုင်တဲ့ ညီမလေးရေ…..ကိုယ့်ရဲ့ တစ်ဦးတည်းသော ပရိတ်သတ်လေးအတွက် သံစဉ်တွေက လှပခဲ့၊ ရာသီများ စွာကုန်လွန်ခဲ့ နာရီတွေ လည်နေတုန်းမှာ အိပ်မက်တစ်ခုကို အဆုံးသတ် မသွားစေချင်ဘူး…..
ညီမလေးက သံသရာ တစ်ခုလုံးအတွက် လက်တွဲခေါ် တစ်ဘ၀စာလေး အဖြစ် လက်တွဲမခေါ်၊ အကောင်းဆုံး အဖေါ်အဖြစ် ကျေနပ်စွာ ခံယူရင်း၊ဖြစ်ခြင်း၊ ပျက်ခြင်း ၊တရားတွေနဲ့ ဘ၀ကို ဆွေးနွေး၊လောကီ လောကုတ္တရာ ကျိုးကြောင်း ဆက်နွယ်မှုတွေ၊အ၀ိဇ္ဇာ၊ တဏှာရဲ့ ဒုက္ခဖြစ်တည်မှု တွေကိုရှင်း ဘ၀ကိုအလင်းပေးတဲ့ လမ်းပြကြယ်ဟာ ညီမလေးပါ……
ညီမလေးရေ…..မင့်အဝေး တစ်နေရာကို ရောက်နေချိန်တုန်းက စိုးရိမ်စိတ်တွေနဲ့ ပူပန်တတ်ခဲ့ အလွမ်းတွေကို ဖြေဖျောက်ဖို့ ဖုန်းကလေးကို သက်သေအဖြစ်နဲ့ပြော၊ သူငယ်ချင်းတွေရဲ့ အကြောင်းကိုပြော၊ အလောင်းအစားနဲ့ ရင်းနှီးခဲ့တဲ့ သံယောဇဉ်လေး တွေပြော၊အစောဆုံးကိုယ့်စီလာခဲ့ပါ ညီမလေးရေ……
လွမ်းဆွတ်ခြင်းတွေနဲ့ ဘူတာရုံလေးရယ်…..ညီမလေးတို့ မွေးရပ်မြေကို ရောက်ခဲ့တုန်း က မျှော်စင်မြင့်မြင့် ကြီးရယ် ရထားထွက်ချိန် နှုတ်ဆက် အလွမ်းလေးရယ်….မင့်ရဲ့အသံချိုချို လေးတွေ ကိုယ်ကြားယောင်ဆဲပေါ့…တို့နှစ်ယောက် အလွမ်းတွေ စီးဆင်းတဲ့နေ့ကို ပြန်အောက် မေ့ဆဲပါ။
အပြောင်းအလည်းတွေက ပြောင်းလဲခဲ့၊ ဘ၀က အနိမ့်ပျံ ငှက်တစ်ကောင် ဖြစ်သွား၊ အရာရာကို ရင်ဆိုင်ဖို့ အဝေးကို လွင့်ထွက်သွားတဲ့ စိတ်တွေ၊ အပေအတေ ဒဏ်ရာတွေနဲ့ ဒုက္ခတွေကို မြိုသိပ်ရင်း သတိရခြင်း စိတ်တွေကို ဒဏ်ရာအဖြစ် နဲ့ပြောင်းလဲ၊ ကိုယ်ပဲခံစားပါ ရစေ ညီမလေးရေ……
အရာရာကို ဇွတ်ဖန်တီးလို့ မရနိုင်မှန်း သိစိတ်က သိခဲ့ပေမယ့်၊ မသိစိတ်က မျှော်လင့်ခဲ့မိတာ အပြစ်လား….ညီမလေးရေ……ကံကြမ္မာကို မပြောင်းလဲနိုင်၊ အချိန်တွေကိုလည်း ငါမတားနိုင်၊ ငါ့ကိုယ်ငါ အလင်းရောင်း တွေရှာဖွေနေတုန်း၊ ချစ်ခြင်းမေတ္တာတရား တွေဟာ တိမ်ဆိုင်တစ်ခုလို ဖြစ်သွားမလား ငါစဉ်းစားခဲ့ဖူးတယ်……
ညီမလေးရေ…..စေတနာတွေဟာ အတ္တတဲ့လား အဖြူထည်လေးကို မစွန်းထင်းစေချင်လို့ပါ။ ငါကိုယ်တိုင်ဟာ ပေးဆက်သူ သက်သက်ဖြစ်ချင်ခဲ့…… မြင့်မြတ်တဲ့လမ်း တစ်ခုကို လျှောက်စေချင်တဲ့သူ၊ ဒဏ်ရာတွေ မရဖို့၊ ဟို……အရင်ချိန်က အိပ်မက် အဟောင်းများ ထားရစ်ခဲ့ပါ။ ကိုယ်ဟာ လွန်ခဲ့သူ တစ်ယောက်ဖြစ်ရင် အမှန်အတွက် နဲ့ မှားခဲ့သူပါ။
ညီမလေးရေ…..မင့်ပျော်မယ်ဆို ကိုယ့်နှလုံးသားကို စတေး၊ ရင်ခုန်သံတွေ သေဆုံးသွားပါစေ…..အဝေးက မေတ္တာတရားတွေနဲ့ ပြည့်စုံ အောင်မြင်ခြင်းတွေ ရရှိနိုင်ပါ စေလို့ ….။သစ္စာတိုင်အချစ်ဟာ မယိုင်လဲပါဘူး ညီမလေး။
ယွန်းအိမ်










