Welcome


Download Apk File

ကလေးမြို့ရဲ့ သတင်းတွေကို Android ဖုန်းထဲကနေ ကြည့်လို့ရတဲ့ Apk file လေးပါ ..။အောက်က လင့်လေးမှာ Down လို့ရပါတယ် ...။ အခုထိတော့ Link မသေသေးပါဘူး ...။
http://www.sendspace.com/file/yud6dl

Wednesday, January 7, 2015

လေသာတောင်ရေနံမှော် စာသင်ကျောင်းသို့ အလှုတစ်ခေါက် ။ ကိုဆူး ( ချင်းတောင်ခြေ )


လေသာတောင်ရေနံမှော်စာသင်ကျောင်းသို့ အလှုတစ်ခေါက်
++++++++++++++++++++++++++++++++++++++++++

ကျနော်တို့ မြို့လေး မှာ ပရဟိတ အဖွဲ့တွေ အများအပြားရှိပါတယ် ။ ကိုယ်နဲ့ စိတ်တူကိုယ်တူ တွေ စုပြီး ကိုယ်အားသန်တဲ့ ပရဟိတအလုပ်တွေကို လုပ်ကိုင်ကြလေ့ရှိပါတယ် ။ ကျနော်တို့ သူငယ်ချင်းတွေ စုပြီး လမ်းပမ်းဆက်သွယ်ရေးခက်ခဲပြီး လူသူလေးပါး အရောက်အပေါက် နည်းပါးတဲ့ နေရာ က စာသင်ကျောင်းလေးတွေ ဆီကို စာရေးကိရိယာတွေ လှုဒါန်းကြပါတယ် ။ အနယ်နယ် အရပ်ရပ်က သူငယ်ချင်းမိတ်ဆွေ အလှုရှင်တွေ ရဲ့ လှုဒါန်းမှုတွေ နဲ့ “ မ ” တည်ပြီး “ တွဲလက်များပရဟိတ ” အဖွဲ့ဆို တဲ့ အမည်နဲ့ ကျနော်တို့ က ကိုယ့်စရိတ် ကိုယ်စားစနစ် နဲ့ သွားရောက် လှုဒါန်းပေးပါတယ် ။


 ကျနော်တို့ သွားရတဲ့နေရာတွေက မြို့နယ်ရဲ့ အစွန်အဖျားတွေ တချို့ဒေသတွေက နာမယ်တောင်မကြားဖူးတဲ့ဒေသ အရပ်တွေပေါ့ ။ ကျောင်းတော်တော်မျာများက စာသင်ကျောင်းဆိုလို့ မယ်ကာမတ်တပ် ရှိပြီး ကလေးငယ်တွေ စာသင်ကြားဖို့ ဆရာမဆိုတာက လည်း ပြည့်ပြည့်စုံစုံ မရှိတော့ အရပ်ပေးဆိုပြီး ငှားထားရတဲ့ ဆရာ ၊ ဆရာမ တွေ နဲ့ ရပ်တည် ထားရတာ များပါတယ်။ အခုလည်း သွားဖို့ ရည်ရွယ်ထားတာ ကြာပြီဖြစ်ပေမယ့် သွားလာဖို့ အဆင်မပြေသေးတဲ့ နေရာ ဖြစ်တာ ကြောင့် အခုလိုပွင့်လင်းရာသီ ရောက်မှ စာရေးကိရိယာ နဲ့ ကျောင်းဝတ်စုံလေးတွေ လှုဒါန်းဖို့ သွားခဲ့ ရပါတယ် ။

ဒီဇင်ဘာရဲ့ နောက်ဆုံးနေ့ တွေကို နှုတ်ဆက်နေ တဲ့ ဆောင်းရာသီ မနက်ခင်းဟာ နှင်းစက်တွေ ဖွေးဖွေးလှုပ်မျှ ကျဆင်းနေပြီး ချင်းတောင်ခြေ က ကလေးမြို့ ကို အအေးဓါတ်တွေ လွှမ်းခြုံပေးထားပါတယ် ။

 ကျနော်တို့ ထွက်လာချိန် အထိ နှင်းမှုံနှင်းစက်တွေက ရှိနေသေး ။ ကလေး - ဂန့်ဂေါ လမ်းအတိုင်း ဆိုင်ကယ်ကိုယ်စီနဲ့ စီးလာပြီးတော့ နည်းပညာတက္ကသိုလ် အနီးက ထိုမာရွာ လမ်းခွဲထဲကို ၀င်ခဲ့ ကြပါတယ်။ ထိုမာရွာက တဆင့် တောလမ်း အတိုင်း ပေါက်တောရွာကို သွားရမှာပါ ။ ထိုမာကျေးရွာကနေ ထွက်တော့ မြေလမ်းဖြစ်သွားပါပြီ ။ ရွာရဲ့ အရှေ့ဖက်မှာ တော့ ပဲခင်းတွေ စိမ်းညို့လို့ တမျှော်တခေါ် ရှိနေပါတယ်။ လမ်းဘေးဝဲယာမှာ တော့ စားတော်ပဲခင်းတွေ တော်တော် များတယ်လို့ သိရပါတယ်။


ပဲခင်းအချို့မှာ ပေါင်းနှုတ်လိုက်နေတဲ့ဒေသခံ အချို့ကို တွေ့နေရပါသေးတယ် ။ ကလေးမြို့နယ် ရဲ့ ဒေသအစားအစာ ဖြစ်တဲ့ စားတော်ပဲသီစိမ်းတွေ ထွက်တဲ့ အခင်းတွေ ပေါ့ ။ အခြားသောဒေသကလူတွေက စားတော်ပဲသီးစိမ်းဆိုတာ နားလည် မယ်မထင်ပါဘူး ။ စားတော်ပဲပြုတ် စားတဲ့ ရင့်မှဲ့တဲ့ အဆင့် မရောက်ခင် စားတော်ပဲကို အစိမ်းသီး အတိုင်း ကျော်ပြီး စားကြတဲ့ဓလေ့က ကလေးမြို့နယ် ၀န်းကျင်မှာ သာတွေ့ရပါတယ်။ ဖုန်တထောင်းထောင်း နဲ့ မြေလမ်းကို ဖြတ်သန်းရင်း နဲ့ ကျနော်တို့က မြစ်သာမြစ်ဘေးကို ရောက်အောင် ဆိုင်ကယ်စီးခဲ့ရပါတယ် ။


ထိုမာရွာရဲ့ အရှေ့ဖက်မှာ မြစ်ကျိုးအင်းတစ်ခု ရှိတယ် ဆိုတာ လည်း အခုမှ သိရပါတယ် ။ မြစ်သာမြစ်ကို ကွေ့ပတ်စီးနင်းရင်း ကတို့ဆိပ်ကို ရောက်ရှိခဲ့ပါတယ် ။
မြစ်သာမြစ်ရဲ့ ကတို့ ဆိပ်မှာတော့ တစ်ဖက်ကျေးရွာကလာတဲ့ သီးနှံအိတ်တွေ နဲ့ အုတ်တွေကို တင်ချ နေတာ တွေ့ရပါတယ်။ မြစ်သာမြစ်ရဲ့ ရေနည်းကာလ မှာ ဆိုရင်တော့ မြစ်ကို တံတားထိုးပြီးတော့ ကူးကြပါတယ်။ အခုတော့ တံတားက ထိုးလက်စ တန်းလန်းဖြစ်နေတော့ ဆိုင်ကယ် ဖြတ်လို့ မရသေးပါဘူး ။


 ဆိုင်ကယ်တွေကို စက်လှေငယ် နဲ့ တင်ပြီး ကျနော်တို့ ခရီးဆက်ရမှာ ဖြစ်ပါတယ် ။ စက်လှေပေါ်ကို ဆိုင်ကယ် တင်ပြီး ဆိုင်ကယ်ပေါ်ကို လူက ခွထိုင်ထားရပါတယ်။ ဒါမှ ဆိုင်ကယ်ပါငြိမ်ပြီး မြစ်ကို ကူးလို့ ဖြစ်မှာ ဖြစ်ပါတယ်။ ကျနော်ကတော့ ဆိုင်ကယ်ပေါ် မထိုင်ရဲပါဘူး ။ ကလေး - ကလေးဝ လမ်းရေကြီးလို့ ရေတွေ ကျော်နေတော့ အဲလို လိုက်ဖူးရင်း လှေက စောင်းပြီး ရေထဲ ပြုတ်ကျဖူးပါတယ်။
 ရေနက်နက်မဟုတ်လို့ တော်သေးတာပေါ့ ။ အဲလို ဆိုတော့ ဒီလို ကူးဖြတ်ဖို့ အတွက် ကျနော်မ၀ံရဲပါဘူး ။ကျန်တဲ့သူငယ်ချင်းတွေက တစ်စီးပြီးတစ်စီး စက်လှေပေါ်ကို ဆိုင်ကယ်တင်ပြီး မြစ်သာမြစ်ကို ဖြတ်ကြပါတယ်။



ကျနော်ကတော့ သစ်လုံးလေးတွေသာ ခင်းထားတဲ့ မပြီးသေးတဲ့ မြစ်ကူးတံတားပေါ့် ကနေပဲ ဖြတ်ခဲ့တော့ပါတယ်။ မြစ်တစ်ဖက်ကမ်းက နေပြီးတော့ မိနစ် အနည်းငယ်ကြာ အောင်ဆိုင်ကယ် စီးလိုက်တော့ ပေါက်တော ဆိုတဲ့ ကျေးရွာကို ရောက်ခဲ့ပါတယ်။ ပေါက်တော ကျေးရွာက တဆင့် လေသာတောင်ရေနံမှော်ကို ဆက်လက်သွားရမှာ ဖြစ်ပါတယ် ။
ပေါက်တောကျေးရွာက ထွက်တယ်ဆိုရင်ပဲ လူတစ်ယောက်သွားဖို့ အကျယ်ရှိတဲ့လမ်း ကို ဆိုင်ကယ်စီးခဲ့ရပါတယ်။ ဆိုင်ကယ် နှစ်စင်း ရှောင်ဖို့ တောင်ခက်ခဲလှတဲ့ လမ်းတွေ ဖြစ်ပြီး ချောင်းတွေကို ဖြတ်ရသလို အတင်အဆင်းကြီးတဲ့ နေရာတွေ ရှိပါတယ်။ တောင်ကမ်းပါးယံကို ဆိုင်ကယ်တစ်စီးသွားရရုံ လမ်းဖောက်ထားတဲ့ နေရာတွေကို ကို ဖြတ်သန်းခဲ့ရသလို ပဲ ချိုင့်ကျင်းတွေကိုတော့ စာဖွဲ့လို့ မနေ တော့ပါဘူး ။ လမ်းတစ်ဝက်မှာပဲ ကောင်မလေး နှစ်ယောက်စီးလာတဲ့ စူပါကပ်ကို ကျနော်က ပြောင်းစီးပြီး သူတို့ ကို ဆိုင်ကယ်စီးကျွမ်းကျင်တဲ့ ယောကျာင်္းလေးတွေ နောက်ကို လိုက်ပါစေပါတယ်။ ဒေသခံအချို့ က ဆိုင်ကယ် နဲ့လာကြိုပေးလို့ သာ အဆင်ပြေပါတယ်။ ဒါ့ကြောင့်လည်း မိုးတွင်းဆိုရင် ဆိုင်ကယ်လမ်းမပေါက်လို့ မလာကြပါနဲ့အုန်းလို့ ပြောကြတာ ဖြစ်မှာပေါ့ ။ မိုးတွင်းဆိုရင်တော့ ဆိုင်ကယ်နဲ့ သွားဖို့ မဖြစ်တော့သလို ခြေလျင်လမ်းကို တော်တော် သွားယူရမှာပါ ။မိုးများတယ်ဆိုရင်တော့ ကျနော်တို့ ဖြတ်ခဲ့ ရတဲ့ ချောင်းတွေ မြောင်းတွေကို သူတို့ ဖြတ်ဖို့ လွယ်မှာမဟုတ်ဘူးလေ ။ ဒါပေမယ့်လည်း သူ့အရပ် နဲ့ သူ့ဇတ်ဆိုသလိုပေါ့ သွားသွားလာလာတော့ ရှိနေကြတယ်လို့ သိရပါတယ် ။








လေသာတောင်မှော် နဲ့ ပေါက်တောကျေးရွာက သိပ်ကြီး အဝေးကြီးမဟုတ်လှပါဘူး ။ နာရီဝက် ၊ ၄၅ မိနစ်လောက် ဆိုင်ကယ်နဲ့ သွားလိုက်တယ်ဆိုရင်ပဲ ရောက်ပါတယ်။ ခြေလျင်ဆိုရင်တော့ ဒီ့ထက်ပိုကြာမှာပေါ့ ။ လမ်းမှာတော့ ရေနံစိမ်းသယ်ယူကြတဲ့ ဆိုင်ကယ် အနည်းငယ်တွေ့ခဲ့ရပါတယ် ။ လေသာတောင်ရေနံမှော် က အရင်တုန်းက စည်းကားခဲ့တုန်းက တော့ သွားသွားလာလာ များခဲ့ကြမယ်ထင်ပါတယ် ။ ကျနော်တို့ မှော်ကို ရောက်တဲ့ အချိန်မှာ တော့ တဲ လေးတစ်တဲ ရှေ့ကနေပြီး ကျနော်တို့ အဖွဲ့သားတွေကို စောင့်နေပါတယ် ။ မှော်က ခြောက်နေပါပြီ ။ စည်ကားမှုမရှိတော့ပါဘူး ။ ရေနံမှော်မှာ အနေ ကြာတဲ့ တဲလေးတွေက တော့ ဟိုနားတစ်ချို့ဒီနားတစ်ချို့ပေါ့ ။ အခု သူတို့ စာသင်ကျောင်းလုပ်ထားတဲ့နေရာကလည်း မှော်ထဲက ဓမ္မာရုံအနေ နဲ့ လုပ်ထားတဲ့နေရာ မှာ စာသင်ကျောင်းလေး လုပ်ထားတာပါ ။ ကျောင်းသားကလည်း အယောက် ၃၀ လောက်ပဲရှိပါတယ် ။ “ ကျနော်တို့ ရောက်ခါစာက ဒီမှာက ကလေးတွေက သူတို့မိဘတွေ က မှော်မှာ အလုပ်လာလုပ်ကြရင်းနဲ့ ဆိုတော့ စာမသင်နိုင်ဘူး ။ စာမသင်နိုင်ကြတော့ အပြောအဆိုက အစ ရိုင်းစိုင်းကြတယ်။ မနက်မိုးလင်းကတည်းက မိဘက အလုပ်သွားကြတော့ သူတို့ကလည်း ငါးရှာဖားရှာ နဲ့ နေကြပြီး ဘယ်သွားသွား ဓါးတလွယ်လွယ် ၊ ထစ်ကနဲရှိ ဓါးနဲ့ခုတ် လိုက်ကြတာပဲ ။ ဒါဟာ ကလေးတွေက ပညာမသင်ကြရလို့ မယဉ်ကျေးကြတာ သူတို့ကို စာသင်ပေးမယ်ဆိုရင်တော့ အနည်းငယ်ယဉ်ကျေးလာကောင်းရဲ့ ဆိုပြီး စိတ်ကူးကြရင်း နဲ့ ကျောင်းလေး ဖြစ်လာတာပါ ။ ”

လို့ လေသာတောင်ရေနံမှော်ကျောင်း ကို စတင်ခဲ့ သူ ကိုတူး မှ ပြောကြားခဲ့ပါတယ် ။
ကျနော်တို့ အလှုနေ့မှာပဲ ကျောင်းတက်လာတဲ့ ကလေးတွေကို ကြက်သားဆန်ပြုတ်အလှုဒါနပြုပါတယ်။ မူကြိုကနေ စတုတ္ထတန်းအထိ ရှိတဲ့ ကျောင်းလေး မှာ စည်စည်ကားကားပေါ့လေ ။ ကျနော်တို့ က လှုစရာစာရေးကိရိယာတွေ နဲ့ ကျောင်းဝတ်စုံလေးတွေကို ကလေးတွေ လက်ထဲ အရောက် ပေးအပ်ကြပါတယ် ။ “ အရင်ကတော့ တဲပေါင်းထောင်နဲ့ ချီပြီး ရှိတဲ့ မှော်ကြီးပေါ့ ။ ဆီ ( ရေနံစိမ်း ) ကလည်း တော်တော်ရကြတယ် အဲဒီတုန်းကတော့ တာဝန်ယူတယ်ဆို တဲ့ ကုမ္မဏီတွေ ရှိခဲ့တယ် ။ မှော်ဥက္ကဌ ဆိုတာတွေ ရှိခဲ့တယ် ။ အားလုံးက ဆီ( ရေနံစိမ်း) ရဖို့ အတွက်လုံးပမ်းကြရင်း ဒီရေနံမှော်က ပြန်လည်းခြောက်ကပ်သွားသည်အထိ မှော်မှာ ရှိတဲ့လူတွေ အတွက်ဘာမှ ဖြစ်မလာခဲ့ပါဘူး ။ အခုတော့ ကျနော်တို့က စာသင်ကျောင်း ရအောင်ဆောင်ရွက်ပေးထားတယ်။ ဘာသာရေးနဲ့ ဆိုတရားပွဲတွေ ကျင်းပပေးတယ် ။ ကျမ္မာရေး နဲ့ပတ်သက်ရင် ဆရာဝန်ကြီးတွေကနေ ဆေးမှုးတွေ အထိ ဆေးလာစစ်ပေးဖို့ ဖိတ်ကြားပေးခဲ့တယ် ။ အခုဆိုရင် စာကြည့်တိုက်လေး တစ်ခု တည်ဆောက်နေပါတယ် ။ ဒီအနီးအနားမှာ ရှိတဲ့ ကျေးရွာက ဒေသခံတွေ နဲ့ ဆရာတော်တွေက ကလည်း ထောက်ပံ့ပေးကြပါတယ်။ ကျနော်တို့ နေတဲ့ နေရာလေးကို ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် အားလုံးက လည်း ၀ိုင်းဝန်းပြီးအလှုငွေ ထည့်ဝင်ကြပါတယ် ။ ” ဟု လေသာတောင်ရေနံမှော်မှ ဦးဖိုးငို မှ ပြောကြားခဲ့ပါတယ် ။ စာကြည့်တိုက် တစ်ခု ပေါ်ပေါက်လာတယ်ဆိုရင်တော့ ထောင်တံခါး တစ်ချပ်ပိတ်တာပဲ လို့ အဆိုရှိခဲ့လေတော့ ဒီလိုမှော်တွေ မှာ စာကြည့်တိုက်လေး ပေါ်ပေါက်လာမယ် ဆိုတော့ အကောင်းဖက်ကို ဦးတည်ရွေ့လျားလာတယ်လို့ ပြောရမှာပေါ့ ။
ဒီရေနံမှော် ကလည်း သက်တမ်းကြာလာတော့ ပြောင်းကြရွှေ့ကြနဲ့ အမြဲနေကြတဲ့ အိမ်ခြေ ၈၀ ၀န်းကျင်လောက် တော့ ရှိပါသေးတယ်။ သူတို့က လည်း ဒီမှော်မှာ ကျန်တဲ့ ရေနံစိမ်းတွင်းလေးတွေကို ခပ်ယူရင်း ဒီဒေသခံ ဖြစ်နေကြတဲ့ သူတွေပေါ့ ။ သူတို့ သားသမီးတွေ အတွက် ပညာရေး အတွက် ဆိုတာကလည်း အနီးအနားရွာ မှာ သွားထားဖို့ကလည်း မလွယ်တဲ့နေရာ ။ မှော်ဆိုတာကလည်း ဘယ်မှော်မဆို မကောင်းမှု ပေါင်းစုံ စုစည်းရာဒေသလို့ အမည်ထွက်နေသလို ဖြစ်နေတယ်။ ဒါပေမယ့် ကျနော်တို့ တွေ့မြင်ခဲ့ရတဲ့ လေသာတောင်ရေနံမှော်လေးက တော့ အကောင်းဖက်တွေ ဆီကို ကြိုးစားရွေ့လျားနေတာ တွေ့ရပါတယ် ။ ကောင်းမှု လုပ်နိုင်ဖို့ ဆိုတာ လွယ်ကူတဲ့ ကိစ္စ မဟုတ်လေတော့ ဒီလိုမှော်ဒေသတွေ မှာ ကောင်းကျိုးတွေကို သယ်ပိုးနိုင်တဲ့ လူတွေ ဦးဆောင်လာကြတာ ၀မ်းသာစရာပါ ။ ဒီရေနံမှော်ထဲမှာ ရှိတဲ့ ကျောင်လေးထဲက ကလေးငယ်လေးတွေ ထဲမှာ လည်း ပညာတတ် လူကောင်းလူမွန်တွေ ဘယ်လောက်များထွက်ပေါ်လာမယ်ဆိုတဲ့ ကျနော်တို့ ရဲ့ မျှော်လင့်ချက်တွေက ဟိုးတောင်ပေါ်ရိုးပေါ်က ပေါ်ထွက်လာတဲ့ နေခြည်တွေလို နွေးထွေးစွာမျှော်လင့် ရင်းဖြင့် ။


ကိုဆူး ( ချင်းတောင်ခြေ ) ။။။။ ကိုဆူး(ချင်းတောင်ခြေ)

ဆက်လက်ဖတ်လိုလျှင် ....>>

Sunday, January 4, 2015

ကလေးမြို့ ( ၆ရ )ကြိမ်မြောက်လွပ်လပ်ရေးနေ့အထိမ်းအမှတ်

ကလေးမြို့ ( ၆ရ )ကြိမ်မြောက်လွပ်လပ်ရေးနေ့အထိမ်းအမှတ် အဖြစ် အားကစား ပြိုင်းပွဲ (၁ရ) မျိုးကို ကလေးမြို့ ပြည်သူ့ အားကစားကွင် ကျင်းပ ပြုလုပ်လျှက် ရှိပြီး ဆုပေးပွဲ အခမ်း အနားကို (၄-၁-၂၀၁၅) ရက်နေ့တွင် ကျင်းပ ပြုလုပ်မည်ဟု သိရှိရပါသည်။
ဓါတ်ပုံ - Win Soe, Kms Swe














ဆက်လက်ဖတ်လိုလျှင် ....>>

Contact

Image Hosting by imagefra.me ဆက်သွယ်ဝေဖန်အကြံပေးနိုင်ပါသည်။