Welcome


Download Apk File

ကလေးမြို့ရဲ့ သတင်းတွေကို Android ဖုန်းထဲကနေ ကြည့်လို့ရတဲ့ Apk file လေးပါ ..။အောက်က လင့်လေးမှာ Down လို့ရပါတယ် ...။ အခုထိတော့ Link မသေသေးပါဘူး ...။
http://www.sendspace.com/file/yud6dl

Wednesday, July 29, 2015

ကလေးမြို့ ရေက တိုးဆဲပါ





ကလေးမြို့ ရေက တိုးဆဲပါ ... စံချိန်တင် ရေကြီးမှု ဖြစ်နေပါပြီ .. နောက်ထပ် တိုးနိုင်သညိ့ အနေ အထားသို့ ရောက်ရှိနေပါသည် ... ဖြစ်ပေါ်နေသော မုန်တိုင်းမှာ လည်း မြောက် အနောက်မြောက် သို့ ရွှေလျှားမည်ဟု ခန့်မှန်း ထားပါသဖြင့် မိုး ဆက်လက် ရွာ နိုင်ပါသည် ။

ဆက်လက်ဖတ်လိုလျှင် ....>>

ကလေးမြို့ ရေဘေးသင့်သူများ စာရင်း။

ကလေးမြို့ ရေဘေးသင့်သူများ စာရင်း။ 
++++++++++++++++++++++++++++++
အမက၅ - ၇၈၀ယောက်
အမက ၃ - ၁၀၀၀ခန့်
အထက ၃ - ၁၆၀၀ယောက်
စကားလှကျောင်း - ၃၅၀ယောက်
ကြောင်ပန်းကျောင်း - ၂၇ယောက်
သဒ္ဓမပါလဆွမ်းလောင်းအသင်း - ၁၀၀ခန့်
အလက၂(ထ၆)တွင်လည်း ရေဘေးဒုက္ခသည်များ စတင်ရောက်ရှိ……
‪#‎နေ့လည်၁၂နာရီအထိ‬ ဖြစ်ပါတယ်… လူဦးရေ ထပ်မံတိုးနေတာလဲ မြင်တွေ့ခဲ့ရပါတယ်……
အထက၃နှင့် အမက၃မှာ KBZက ထမင်းထုတ်များ တာဝန်ယူထားပါတယ်… ကျန်းမာရေးအတွက် သက်ဆိုင်ရာက တာဝန်ယူထားတယ်လို့လဲ ပြောပြပါတယ်…
ဒုက္ခသည်စခန်းတွေအတွက် ထမင်းဘူးများ ဝေနေတဲ့ အဖွဲ့တွေလဲ ရှိနေပါတယ်……
\

(လွင်မိုးအောင်)
2:30 (PM) WED

ဆက်လက်ဖတ်လိုလျှင် ....>>

Tuesday, July 28, 2015

ရေကြီး သတင်း Update ...

ကလေးမြို့ပေါ်ရောက်တော့မယ့် ရှော်တယ် ဆိပ်...
စိုက်ပျိုးရေးဝန်းကျော်လာပါပြီ...မိုးဆက်ရွာရင်ဖြင့် မြို့တော်ခမ်းမ ရောက်ပါတော့မယ်...
Kms Swe (2:15)

ပြင်သာရွာကို စက်လှေများ ကယ်ဆယ်ရေး လွှတ်ပေးကြပါ
၁း၁၁ နာရီ
Kyaw Thu Soe

ကလေး - ကျီကုန်း လမ်း ဘေး သစ် ပင် ပေါ်မှာ လူ သုံး ယောက် ရှိ နေ တယ်
အရေးပေါ် အ ကူညီ လို အပ် နေလပါ တယ်
ဖောင် ကူး တံတား လဲ ရေကျော် ဖို့ ၁ ပေ ခွဲ သာသာ ပဲ လို တော့ တယ်
Bosco Lian (2:00)

ဆက်လက်ဖတ်လိုလျှင် ....>>

ကလေးမြို့ ရေလျှံ မြင်ကွင်းများ ......... (၂၈-၇-၂၀၁၅)

ကလေးမြို့ ရေလျှံ မြင်ကွင်းများ ......... (၂၈-၇-၂၀၁၅)

Photo- Facebook User












































ဆက်လက်ဖတ်လိုလျှင် ....>>

Monday, July 6, 2015

မြို့ကလေးရဲ့ ရေနုတ်မြောင်းပုံပြင်

မြို့ကလေးရဲ့ ရေနုတ်မြောင်းပုံပြင်
=====================


``ကလေးမြို့မှာ လမ်းတွေပြင်တယ်။ ခင်းတယ်။ ရေနုတ်မြောင်းတော့ ဖော်တာမမြင်။ ဒီတော့ မိုးသည်းရင် ဗိုလ်ချုပ်လမ်းကနေ ဗိုလ်ချုပ်ချောင်းဖြစ်ရော´´လို့ မိတ်ဆွေတစ်ဦးက လူမှုကွန်ယက်မှာ ရေးဖူးပါတယ်။ ဒီလူနှယ် ... မြင်တတ်လိုက်တာလို့ ကျွန်တော်
ချီးကျူးမိတယ်။ အမှန်တကယ်လည်း ကျွန်တော်တို့မြို့ကလေးရဲ့ ရေနုတ်မြောင်းစနစ်က အားရစရာလုံးဝမရှိတာ ငြင်းလို့မရ။
အားသာချက်တွေရှိတဲ့မြို့
ချင်းတောင်ခြေကနေ မြစ်သာမြစ်အထိ တဖြည်းဖြည်းချင်းနိမ့်ဆင်းလာတဲ့ မြေပြင်အနေအထားကြောင့် ကျွန်တော်တို့မြို့ကလေးက ရေဆင်းကောင်းချင်စရာ ပထ၀ီအနေအထားမျိုးပိုင်ဆိုင်ထားပါတယ်။ မြို့လယ်မှာလည်း ထွက်သမျှရေတွေကို အကုန်သယ်ယူသွားမယ့်
ဥပုသ်ချောင်းကအသင့်ပါပဲ။ ရပ်ကွက်အသီးသီးကနေထွက်လာတဲ့ မိုးရေတွေကို ဥပုသ်ချောင်းဆီစီးဆင်းအောင် ပြုပြင်မယ်ဆိုရင် မခက်ခဲလောက်တဲ့အနေအထားမျိုးဖြစ်ပါတယ်။ ဒါ့အပြင် မြို့တောင်ဘက်ပိုင်းမှာ နန်းဇလိန်ချောင်း၊ မြို့မြောက်ပိုင်းမှာ
သံတံတားချောင်းတွေရှိနေပါသေးတယ်။ ဒီလို ပထ၀ီအနေအထားအားသာချက်တွေရှိနေပါလျက် ရေနုတ်မြောင်းစနစ်မကောင်းတာ၊ မိုးရွာရင်လမ်းတွေပေါ်ရေပြည့်နေတာတွေဟာ ဘာတွေလိုအပ်နေလို့လဲဆိုတာ မြို့သူမြို့သားများ စဉ်းစားသုံးသပ်ကြရမှာဖြစ်ပါတယ်။
လမ်းကနေ ချောင်းဖြစ်တဲ့နေရာတွေ
မိုးလေးနည်းနည်းသည်းလိုက်တာနဲ့ တာဟန်းရပ်ကွက်မှာရှိတဲ့ ဗိုလ်ချုပ်လမ်းတစ်လျှောက် ရေတွေပြည့်လာတာပါပဲ။ အထူးသဖြင့် တောင်ဖီလာလမ်းချိုးနေရာ၊ တာဟန်းဈေးလမ်းချိုးနေရာတွေမှာ အိုင်ထွန်းသွားတတ်ပါတယ်။ ဒီနေရာတွေဟာ ရေဆင်းကောင်းတဲ့နေရာတွေ
ဖြစ်ပြီး လမ်းဘေးရေနုတ်မြောင်းလည်း ရှိနေပါတယ်။ ဒါဆိုဘာဖြစ်လို့ ရေတွေ လမ်းပေါ်တက်စီးရတာလဲဆိုရင် မြောင်းတွေပိတ်နေလို့ပါပဲ။ စည်ပင်သာယာရဲ့အမှိုက်သိမ်းစနစ်အားနည်းနေသေးတာ၊ လူတွေရဲ့ တစ်ဦးချင်းအသိအားနည်းနေသေးတာတွေကြောင့် မြောင်းတွေ
ဟာ အမှိုက်တောင်းအလုပ်၊ အမှိုက်ကန်အလုပ်ကို လုပ်နေရတာတွေ့ရပါတယ်။ ပိတ်ဆို့နေလို့ တုတ်တွေနဲ့ထိုးကော်ရင် ပလက်စတစ်အမှိုက်တွေ၊ မုံလာဖက်တွေ၊ မီးဖိုချောင်စွန့်ပစ်အမှိုက်တွေကို အဓိကတွေ့ရမှာပါ။ တာဟန်းရပ်ကွက်က ဗိုလ်ချုပ်လမ်းဘေး
ရေနုတ်မြောင်းဟာ အမှိုက်တွေပြည့်နေတာ ဘယ်သူတွေမှာတာဝန်ရှိသလဲ။ စည်ပင်နဲ့အစိုးရ မနိုင်မနင်းဖြစ်နေချိန်မှာ မြို့သူမြို့သားတွေရဲ့တစ်ဦးချင်းအသိနဲ့ တာဝန်ယူမှုကလည်း အရေးပါနေပါတယ်။
တာဟန်းရပ်ကွက်ကနေဆင်းလာရင် နောက်ထပ်တွေ့ရမယ့် ရေအိုင်နေရာကတော့ ယခင်အစိုးရဓာတ်ဆီဆိုင်ရှေ့၊ စိန့်မေရီဘုရားရှိခိုးကျောင်းရဲ့အနောက်ဘက်လမ်းကြားထိပ်၊ ပုဂ္ဂလိကဘဏ်ရှေ့က ဗိုလ်ချုပ်လမ်းပေါ်ပဲဖြစ်ပါတယ်။ ဒီနေရာမှာတော့ ရေနုတ်မြောင်းရဲ့
အရွယ်အစားကိုက ရေဆင်းအားကို မနိုင်တာဖြစ်ပါတယ်။ မြေပြင်အနေအထားအရ တောင်ဘက်ဖြစ်စေ၊ မြောက်ဘက်ဖြစ်စေ မြောင်းသွယ်ရင် ရေဆင်းကောင်းတဲ့အနေအထားဖြစ်ပါတယ်။ စိန့်မေရီဘုရားကျောင်းအနောက်ဘက်လမ်းကြားကနေ ဥပုသ်ချောင်းဆီအထိ
ရေနုတ်မြောင်းသွယ်လိုက်ရင်ပြေလည်နိုင်စရာရှိပါတယ်။ ဒါပေမယ့် ခုတော့ မြို့သူမြို့သားများ မြင်ကြတဲ့အတိုင်းပါပဲ။
နောက် တစ်နေရာကတော့ ရိုးမဘဏ်၊ ပန်းသဇင်စာရေးကိရိယာဆိုင်၊ ကမ္ဘောဇဘဏ် စတဲ့ နေရာတွေရဲ့ ရှေ့ပဲဖြစ်ပါတယ်။ ဒီနေရာဟာ ကုန်းဆင်းအနေအထားမျိုးဖြစ်ပြီး ရေဆင်းကောင်းတဲ့ မြေပြင်အနေအထားရှိပါလျက် မဆိုစလောက် မိုးသည်းရင်ကို
ရေတွေအိုင်လာတာကို တွေ့ရမှာပါ။ ဒီဝန်းကျင်မှာ လမ်းဘေးဝဲယာရေနုတ်မြောင်းတွေ ရှိနေပါသေးရဲ့လားဆိုတာ မသေချာတော့ပါ။ ရှိရင်လည်း ရေဆင်းအားကို လုံးဝမနိုင်တဲ့အနေအထားပါပဲ။ ဘာတွေကြောင့် ဒီလိုဖြစ်နေရတာလဲ။
အဲဒီကနေ ဆင်းလာရင် လမ်းဆုံအထိ ဗိုလ်ချုပ်လမ်းတစ်လျှောက် ရေပြည့်နေပါပြီ။ အဆိုးဆုံးကတော့ လမ်းဆုံပါပဲ။ အချက်အချာကျပြီး ယာဉ်ကြောအထပ်ဆုံးနေရာဟာ မိုးကလေးသည်းလိုက်တာနဲ့ လမ်းဆုံရေအိုင်ကြီးကို ဖြစ်လို့ပါပဲ။ ဘေးပတ်လည်
ရေနုတ်မြောင်းတွေက ပြုပြင်ထိန်းသိမ်းမှု၊ အဆင့်မြှင့်တင်မှုမရှိတဲ့အတွက် လမ်းကို ချောင်းလိုစီးလာတဲ့ရေတွေအကုန်လုံးက လမ်းဆုံမှာ စုဆုံတော့တာပါပဲ။ ဘုရင့်နောင်လမ်းဘက်ကို သွယ်ထားတဲ့ မြောင်းဟာ သင့်တင့်တဲ့ ရေနုတ်နိုင်စွမ်းရှိနေနိုင်ပါသေးလျက် ပြုပြင်မှုနည်း
တာ၊ ပလက်ဖောင်းတွေမှာ ရေနုတ်ပေါက်တွေ မပါတော့တာ၊ တစ်ချို့ပိတ်ကုန်တာတွေကြောင့် မိုးရွာပြီးလို့ နာရီဝက်၊ တစ်နာရီလောက်ကြာသည်အထိ ရေတွေ အိုင်ထွန်းနေရခြင်းဖြစ်ပါတယ်။ လမ်းဆုံရဲ့ လက်ရှိ ရေနုတ်မြောင်းတွေ အနေအထားဟာ ကျွန်တော်တို့ မြို့သားများ
မြင်တွေ့ကြတဲ့အတိုင်းပါပဲ။
နောက် ဆက်ပြီး ... အရှေ့ကိုလာမယ်ဆိုရင် မြို့မဈေးအရှေ့ထိပ်၊ သြဘာလမ်းထိပ်၊ အဲဒီကနေ အရှေ့ကိုဆက်ရင် ရုပ်ရှင်ရုံလမ်း-ဘုရားသုံးဆူလမ်းနဲ့ဗိုလ်ချုပ်လမ်းဆုံတဲ့နေရာ စတဲ့ နေရာတွေမှာ ဗိုလ်ချုပ်တမံ၊ ဗိုလ်ချုပ်ကန်တွေကို ဆက်တွေ့ရမှာဖြစ်ပါတယ်။
ဒါတွေက လူသိအများဆုံးနေရာတွေမို့ ထုတ်နုတ်တင်ပြရခြင်းဖြစ်ပါတယ်။ မြို့ရဲ့ အခြားလမ်းတွေမှာလည်း ရေနုတ်မြောင်းတွေ သေနေတာ ကြာခဲ့ပါပြီ။ ဘယ်အချိန်ပြုပြင်မလဲဆိုတာ မသိနိုင်ဘဲ ကျွန်တော်တို့ မြို့ကလေးကတော့ သည်းခံလက်စနဲ့
ဆက်သည်းခံနေကြရဆဲဖြစ်ပါတယ်။
လူမှုရေး၊ ကျန်းမာရေး အကုန်ထိခိုက်
မိုးရွာတာနဲ့ လမ်းပေါ်ရောက်လာတဲ့ ရေတွေဟာ မိုးတိတ်တာနဲ့အကုန်လျှောဆင်းပြီး ပျောက်သွားရမယ့်အစား လမ်းကိုအိမ်ပြုပြီး ဗိုလ်ချုပ်လမ်းကနေ ဗိုလ်ချုပ်ချောင်း၊ ဗိုလ်ချုပ်တမံ၊ ဗိုလ်ချုပ်ကန်တွေဖြစ်နေတာဟာ ဘယ်ရှုထောင့်ကကြည့်ကြည့် မကောင်းပါ။
ရေနုတ်မြောင်းတွေဟာ ခြင်နဲ့အခြားရောဂါပိုးမွှားများပေါက်ဖွားရာ ဘူမိနက်သန်နေရာကြီးများဖြစ်လို့နေပါတယ်။ ကားတွေက လမ်းပေါ်အရှိန်နဲ့ဖြတ်မောင်းကြတဲ့အခါ ကျောင်းသားလူငယ်များ၊ နိုင်ငံ့ဝန်ထမ်းများနဲ့တကွ မြို့သူမြို့သားများစွာဟာ
ရွှံ့ရေစဉ်လို့ ထိခိုက်ကြရပါတယ်။ လမ်းဘေးဆိုင်များ၊ အိမ်များရဲ့ သာယာမှုကို ထိခိုက်စေပါတယ်။ မြို့ရဲ့ပုံရိပ်ကိုပါ ထိခိုက်စေပါတယ်။ ရေနုတ်မြောင်းမကောင်းခြင်းရဲ့ ဆိုးကျိုးတွေက ဒါတွေပဲလားဆိုတော့ မဟုတ်သေးပါဘူး။ အဓိကကတော့ ငွေ သန်းချီတန်တဲ့
လမ်းတွေ ပျက်စီးကြရတာပဲဖြစ်ပါတယ်။
ရေနုတ်မြောင်းမကောင်းရင် လမ်းလည်းကတ္တရာမခင်းသင့်
ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ (ပြည်သူတွေရဲ့ငွေ)တွေ သိန်းထောင်ချီသုံးပြီး လမ်းတွေကို ကတ္တရာတွေခင်းခင်းနေတာ အကြိမ်ကြိမ်ပါပဲ။ ဒါပေမယ့် လမ်းရေရှည်ခံဖို့ အသက်ပမာအရေးကြီးတဲ့ ရေနုတ်မြောင်းစနစ်ကိုတော့ ထည့်သွင်းပြုပြင်တာ အလွန်နည်းလှပါတယ်။
လူပြိန်းတွေးနဲ့တွေးကြည့်ရင်တောင် လမ်းပျက်ခြင်းရဲ့အဓိကတရားခံက ရေတွေ လမ်းပေါ်တက်နေပြီး ကတ္တရာပေါက်ထွက်တာကြောင့်၊ အဲသလို ပေါက်ရာကနေ လမ်းရဲ့အမာသားဖြစ်နေရမယ့် အောက်ခံမြေသားထဲ ရေတွေစိမ့်ဝင်နေတာကြောင့် လမ်းမြေသားလွှာတွေ
အိကျနိမ့်ဝင်ပြီး လမ်းတွေပျက်ကြတာပဲဆိုတာသိသာလွယ်ပါတယ်။ ဆိုင်ရာဌာနတွေမှာ အင်ဂျင်နီယာ လူတော်တွေ တစ်ပုံကြီးပါ။ သူတို့လို ပညာရှင်မျက်စိက ကျွန်တော်တို့ထက် ပိုမြင်တတ်ပါတယ်။ ပိုမျှော်မြင်နိုင်ပါတယ်။ ဒါဆို ဘာလိုအပ်နေတာလဲ။
အဓိကက စေတနာ
တာဝန်ရှိသူများမှာ နည်းပညာအခက်အခဲ၊ ရန်ပုံငွေအခက်အခဲတွေ ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမယ့် ဒါဟာ အဓိက အားနည်းချက်မဟုတ်ပါဘူး။ ဆန္ဒရှိရင် ကြံလို့ရနိုင်ပါတယ်။ အဓိကလိုအပ်နေတာက ကိုယ့်မြို့ရဲ့ရေရှည်အကျိုးကို တကယ်လိုလားတဲ့၊
တကယ်လည်း ကိုယ်ကျိုးအတွက် မကြည့်လွန်းတဲ့ မြို့အပေါ် စေတနာရှိတဲ့ `` တာဝန်ရှိသူ´´ ပါ။ ကျွန်တော်တို့မြို့ကလေးဟာ ဘယ်လိုလူတွေနဲ့ခရီးဆက်နေကြသလဲ။
နောက်တစ်ခုက ကိုယ့်မြို့ကို သာယာစေချင်တဲ့ ၊ နိုင်ငံကြီးသားပီသတဲ့ မြို့သူမြို့သားတွေရဲ့ တိုက်တွန်းလှုံဆော်မှု စေတနာအားလည်း လိုအပ်နေတာ အမှန်ပါပဲ။ တစ်ဦးချင်းစီရဲ့တာဝန်ယူမှုကနေ စုဖွဲ့ပြီးလူမှုအဖွဲ့အစည်းလိုက်အထိ ကျွန်တော်တို့ နိုင်ငံကြီးသား
ပီသကြရပါမယ်။ ကိုယ့်အိမ်လေးတစ်အိမ်လောက် အဆင်ပြေသာယာစေမှုပဲကြည့်ပြီး ရေနုတ်မြောင်းစနစ်တွေကို ဖျက်ဆီးပစ်တာ၊ ကိုယ့်အိမ်ကထွက်တဲ့အမှိုက်ကို တာဝန်မဲ့ စွန့်ပစ်တာ ဒါမျိုးတွေ ရှောင်ရှားသင့်ပါတယ်။ ပြီးတော့ အုပ်ချုပ်ရေးအဖွဲ့ကိုလည်း
ကျွန်တော်တို့ရဲ့ မြို့မိမြို့ဖတွေက လိုအပ်သလို ဖြစ်သင့်ဖြစ်ထိုက်သလို စောင့်ကြည့်ဝေဖန် တွန်းအားပေးနေသင့်ပါတယ်။
မီဒီယာတွေလိုအပ်
မြို့ရဲ့လိုအပ်ချက်၊ မြို့ရဲ့အနာ၊ မြို့ရဲ့အထာတွေကို သိဖို့ ၊ ဖော်ထုတ်ပေးဖို့ မြို့မျက်နှာစာလို့တင်စားရမယ့် မြို့ခံမီဒီယာများလိုအပ်ပါတယ်။ မီဒီယာမှာ ပုံနှိပ်မီဒီယာက ပိုလို့တာသွားပြီး ထိရောက်စေပါတယ်။ ကျွန်တော်တို့ရဲ့အသံတွေကို လွှင့်ထုတ်ပေးနိုင်မှ
အုပ်ချုပ်ရေးအဖွဲ့ကိုလည်း ထိန်းညှိပေးနိုင်မှာဖြစ်ပါတယ်။ ၀မ်းနည်းစရာကောင်းတာက ဖွံ့ဖြိုးမှုမြန်တဲ့ မြို့ကလေးဖြစ်ပေမယ့် မြို့ခံမီဒီယာဖွံ့ဖြိုးမှုက အားရစရာမရှိသေးပါ။ ဒီလိုအပ်ချက်ကို ဖြည့်ပေးဖို့ကြိုးစားလာကြတဲ့ မီဒီယာများကို ကြိုဆိုပါတယ်။ ခုတော့
လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ facebook ပေါ်မှာ မြို့သားတစ်ဦးတင်ထားတဲ့ လမ်းပုံပြင်လေးကို ပြန်လည်မျှဝေရင်း နိဂုံးချုပ်ချင်ပါတယ်။
``မြောင်းပုံပြင်´´
တံတားအောက်က မြောင်းပိတ်နေလို့ တံတားကိုဖောက်ပြီး မြောင်းရှင်းလိုက်တယ်။ အဲ ..... အခု မြောင်းလည်း အဆင်မပြေသေး၊ တံတားလည်း ပျက်သွားရှာပြီ။ အဟဲ ..... ။ တံတားက အလယ်ကပေါက်ပြီး ပျက်သွားတာမို့ ကုန်ကားကြီးတွေ မ၀င်နိုင်တော့ဘူး။
ဒီတော့ကား ....... ရပ်ကွက်ကလေးက ကြိတ်ပြီး ၀မ်းသာနေကြပြန်သတဲ့ ... ။
( မှတ်ချက်။ ။ ပုံပြင်ကို အပြည့်အစုံနားလည်လိုသူများအနေနဲ့ ဗိုလ်ချုပ်လမ်းနဲ့ ရုပ်ရှင်ရုံလမ်းထောင့်ကိုသာ ပြေးကြည့်ကြပေတော့လို့ ...... )


 အောင်ဆန်းလင်း(မြန်မာစာ)

ကလေးမြို့အခြေစိုက် မောရိယဂျာနယ် မှ ..............

ဆက်လက်ဖတ်လိုလျှင် ....>>

Wednesday, July 1, 2015

အိုးမြေထူးဆိုတဲ့ တောတိုက်ကအပြန်

အိုးမြေထူးဆိုတဲ့ တောတိုက်ကအပြန်


အိုးမြေထူးဆိုတဲ့ နာမည်လေးကို ပထမဆုံး ရှင်းပြရမှာပေါ့လေ ။
 
အိုးမြေအတွက် လာတူးကြရင်းနဲ့ အဲဒီနားမှာ “ထူး”ကြီးတစ်ခုဖြစ်လာလို့ အိုးမြေထူးလို့ ခေါ်ကြတယ်လို့ ဒေသခံတွေက ပြောပြကြပါတယ်။
 
အဲဒီနေရာလေးက တောတိုက်လေးပါ။ “တောတိုက်”ဆိုတဲ့ စကားကိုပြန်ရှင်းပြဖို့ လိုတာပေါ့လေ။ အိုးမြေထူးတောတိုက်လို့ ခေါ်လိုက်တာက ရွာမဟုတ်လို့ပါ။ အဲဒီနေရာက ထန်တောင်ခြေမှာရှိတဲ့ နေရာလေးပါ ။ နတ်ချောင်းကျေးရွာ၊ နတ်မြောင်းကျေးရွာတွေကနေ လယ်လုပ်၊ အခင်းလုပ်ကြဖို့ တောထဲမှာနေကြရင်း ဟိုနားတစ်အိမ် ဒီနားတစ်အိမ်နဲ့ ဖြစ်လာတာပါ ။
 
တချို့က အဲဒီနေရာမှာ အခြေကျပြီးတော့ ရွာမှာတောင် ပြန်မနေတော့ပါဘူး။ ဟိုနားမှာ နှစ်အိမ်၊ သုံးအိမ် လယ်ထဲမှာ အိမ်ဆောက်နေကြတာ အိမ်ခြေ ၃၀၊ ၄၀ လောက်ရှိပါ့မယ်။ ဒါ့ကြောင့် အဲဒီနေရာလေးကို ရွာအဖြစ် ပီပီပြင်ပြင် မဖြစ်သေးတော့ “တောတိုက်”လို့ပဲ ခေါ်ကြတာ။ အဲဒီနေရာကို ကျွန်တော်ရောက်ခဲ့တာ သုံးခေါက်ရှိပါပြီ။ အဲဒီနေရာလေးမှာ ကျွန်တော့် မိတ်ဆွေတစ်ယောက်ရဲ့ ကြီးပြင်းရာအရပ်ဖြစ်သလို သူ့ဆွေမျိုးသားချင်းတွေလည်း ရှိနေတော့ အလည်လိုက်သွားဖြစ်တာရယ်၊ တွဲလက်များ ပရဟိတအဖွဲ့နဲ့ အဲဒီတောတိုက်လေးမှာရှိတဲ့ ကျောင်းလေးကို စာရေးကိရိယာ လှူကြရင်းနဲ့ ရောက်ဖြစ်တာပေါ့ ။
 
ကျွန်တော် ပထမဆုံးအကြိမ်ရောက်တုန်းက အဲဒီတောတိုက်လေးဟာ ကိုယ်ထူကိုယ်ထ ကျောင်းတစ်ကျောင်းဖြစ်ပေမယ့်  အခုတော့ အမက ကျောင်းခွဲအဖြစ်နဲ့တော့ ရှိလာကြပါပြီ။ အခု တစ်ခေါက်လည်း အဲဒီနေရာကို တွဲလက်များ ပရဟိတအဖွဲ့နဲ့ ကျောင်းသားကျောင်းသူတွေအတွက် စာရေးကိရိယာတွေ လှူဒါန်းဖို့အတွက် ရောက်ဖြစ်ခဲ့ပြန်ပါပြီ ။
 
 
အိုးမြေထူးကိုသွားဖို့ ကလေးမြို့ပေါ်က လက်ဖက်ရည်ဆိုင်မှာ သူငယ်ချင်းတွေ ချိန်းပြီး မိတ်ဆွေတွေရဲ့ကားနဲ့ နတ်ချောင်းကို သွားရပါတယ်။ ကလေးမြို့နဲ့ နတ်ချောင်းက ၁၄ မိုင်လောက်ဝေးတယ်။  ကလေး ဂန့်ဂေါ လမ်းဘေးဖြစ်တာကြောင့် လမ်းမှာ ကုန်တင်ကာကြီးတွေကို မကြာခဏ တိမ်းရှောင်ရပါတယ်။ လမ်းတွေကကျဉ်းပြီး ကားနှစ်စီးရှောင်ဖို့အတွက် ကားတစ်စီးက လမ်းပခုံးပေါ်အထိ ဆင်းပေးရပါတယ်။ ဒါပေမဲ့ လမ်းပခုံးနေရာအချို့က တော်တော်ဆိုးရွားပါတယ်။ ကလေးမြို့ဘက်မှာတော့ လမ်းသားတွေချဲ့ပြီး လမ်းပခုံးတွေပါ ချဲ့နေပေမယ့် လိုအပ်တဲ့နေရာတွေတော့ ရှိနေဆဲပါ။ နတ်ချောင်းကျေးရွာကိုရောက်တော့ မြစ်သာဆိပ်ကမ်းကို ဆက်သွားရပါတယ် ။
 
ကျွန်တော်တို့မှာပါလာတာက ဂျစ်ကားတစ်စီးနဲ့ အေဒီဗင်ကားတစ်စီးဆိုတော့ ကားတစ်စီးကို နတ်ချောင်းကျေးရွာထဲက မိတ်ဆွေတွေအိမ်ထားပြီး ကျွန်တော်တို့က ပစ္စည်းတွေကို ဂျစ်ကားပေါ်တင်ပြီး  နတ်ချောင်းရွာကနေ မြစ်သာဆိပ်ကမ်းရောက်သည်အထိ သွားရပါတယ်။ လူ ၁၀ ယောက်ကျော်ဆိုတော့ ဂျစ်ကားနှစ်ခေါက်ပြန်ရတာပေါ့ ။
 
မြစ်သာဆိပ်ကမ်း ကတို့ရောက်တော့ နေပူ၊ မိုးရွာ အဟန့်အတားလေးရရုံလောက် တဲလေးအတွင်းမှာ စက်လှေကို စောင့်ရပါတယ်။  ဒီနေရာတွေက နွေရာသီဆိုရင်တော့ ယာယီတံတား လုပ်ကူးကြပြီး အခုလို မိုးရာသီရောက်တာနဲ့ စက်လှေနဲ့ ကူးရပါတယ်။ ဒေသခံတွေ၊ မြစ်သာမြစ်တစ်ဖက်ကမ်းကို လယ်လုပ်ယာလုပ် သွားကြတဲ့သူတွေ၊ ထန်တောင်က ရေနံမှော်တွေမှာ ရေနံစိမ်းအရောင်းအ၀ယ်လုပ်တဲ့သူတွေ ကူးလူးသွားလာနေတဲ့ စက်လှေဆိပ်ပေါ့။ တဲဖြစ်ရုံလေးဆောက်ထားတဲ့ ကတို့ဆိပ်လေးက လေတဖြူးဖြူးနဲ့ နေလို့ကောင်းလှပါတယ်။ 
 
စက်လှေလည်း ရောက်လာ၊ လူတွေလည်း စုံပြီဆိုတော့ မြစ်သာမြစ်တစ်ဖက်ကမ်းကို ကူးဖို့ပြင်ဆင်ရပါတယ်။ မြစ်သာမြစ် ရေက တိုးလာပြီး မြစ်ကြောင်းက နှစ်မြွှာပေါက်နေတယ်ဆိုတော့ မြစ်အလယ်ကသောင်ခုံကို ပတ်ပြီး စက်လှေစီးကြပါတယ်။ အရင်တုန်းကတော့ မြစ်သာမြစ်ကို မောရိယမြစ်လို့ အမည်တွင်ပါတယ်။ ဒေါင်းတွေနေတဲ့ချောင်းပေါ့လေ။
 
တစ်ဖက်ကမ်းမှာတော့ ထွန်စက်တစ်စီး ရှိပါတယ်။ ကျွန်တော်တို့ပစ္စည်းတွေ သယ်ဖို့ပေါ့။ လူတွေအားလုံးကတော့ ခြေကျင်လျှောက်ကြရုံပေါ့။ အိုးမြေထူး တောတိုက်နဲ့ နတ်ချောင်းကျေးရွာက ကိုယ့်အတွက်တော့ တဖွဲ့တနွဲ့ ရေးသားနေရတာပါ။ ဒေသခံတွေအတွက်တော့ ဒီလမ်းဒီခရီးက ထမင်းစားရေသောက်လောက်တောင် မထူးဆန်းဘူး။ တောသူတောင်သားတွေအတွက်တော့ နှစ်တိုင်၊ သုံးတိုင်ခရီးလောက်တော့ နေ့စဉ်သွားနေလာနေကျကိုး။  ( တစ်တိုင်= နှစ်မိုင်)
 
 
မြစ်တစ်ဖက်ကမ်းမှာ ပစ္စည်းတွေ ထွန်စက်ပေါ်တင်ပြီးလမ်းလျှောက်ရပါတယ်။ မိုးရာသီဆိုတော့ မိုးရွာမှာကိုပဲ တွေးပူတာပါ။
 
မိုးရွာတော့ ရွှံ့တော၊ ဗွက်တောလမ်းကို ကျွန်တော်တို့ လမ်းမလျှောက်တတ်ဖူးလေ။ နေပူလာတော့  ရွှံ့တွေ၊ ဗွက်တွေ ခပ်ဖန့်ဖန့် ရှိတဲ့ မြေသားလမ်းဘေးဝဲယာမှာ အပင်ကြီးတွေ မရှိပါဘူး။ မြစ်ချောင် ကမ်းပါးဘေးဆိုတော့ ရှိသမျှအပင်ကြီးတွေကလည်း မြစ်ကပဲ စားသလား၊ စားတဲ့သူကပဲစားသလားတော့ကျွန်တော်လည်း သေသေချာချာမသိ။ တကယ်တော့ ထန်တောင်ဘက်မှာကို တောတွေသိပ်မကျန်တော့။ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က သွားခဲ့ဖူးတဲ့ ထန်တောင်ဟာ လက်ရှိကာလ  ရေနံမှော်တွေပေါ်လာပြီးနောက်ပိုင်းမှာ တောတွေ မကျန်တော့တာပါ။ အိမ်သုံးနဲ့ ဒေသသုံးအတွက်လောက် သစ်ထုတ်တဲ့ဒေသခံတွေကို လက်ညှိုးထိုးဖို့တော့ မသင့်လျော်ပါ။ 
 
တန်သိန်းနဲ့ချီပြီး သစ်ထုတ်ခဲ့တဲ့ ကုမ္ပဏီတွေကြောင့် အထက်ချင်းတွင်းနဲ့ ကလေး၊ ကဘော်ဒေသမှာ သစ်တွေ အများဆုံးကုန်ခဲ့တာပါ။ လမ်းလျှောက်ရင် နေပူလာလေလေ ကျွန်တော့်အတွေးတွေက ဒီဘက်ကိုပဲ တ၀ဲလည်လည် စဉ်းစားမိလေပါ။ မိုးမရွာတော့ ရှောင်ကွင်းသွားလာလို့ ရပေမယ့် လမ်းတစ်ဝက်မှာတော့ မိုးရွာလာပါတယ်။ အဲဒီအချိန်မှာ လမ်းက တော်တော် ချော်ထွက်နေပါပြီ ။ လမ်းလျှောက်နည်းပြီး ဒီလိုလမ်းတွေနဲ့ အထိအတွေ့ နည်းလှတဲ့ ကျွန်တော်တို့အတွက်တော့ ခြေထောက်နှစ်ဖက် ညီညီညာညာလှမ်းဖို့ကို အတော်အားထုတ်ယူရပါတယ် ။
 
စိမ်းညို့ညို့စိုက်ခင်းတွေကို ဖြတ်သန်းရင်း ကျောင်းသို့ဆိုတဲ့ ဆိုင်းဘုတ်လေးတွေ့ လိုက်ပါတယ်။ ကျွန်တော်တို့ လှမ်းမြင်လိုက်ရတဲ့ ကျောင်းလေးက လွန်ခဲ့တဲ့နှစ်တွေက ရောက်ခဲ့တဲ့ ကျောင်းပုံစံမဟုတ်တော့ ပြင်ဆောက်ထားတယ်လို့ ပြောပါတယ်။ သွပ်မိုးတွေကို မိုးထားတဲ့ ကျောင်းကိုမြင်ရပေမယ့် ရွှံ့တွေ၊ ဗွက်တွေနဲ့အပြင် မိုးကလည်း ရွာချ လိုက်တော့မလဲအောင် အတော်ဂရုစိုက်ပြီး သွားရပါတယ်။ ကျောင်းရှေ့က ဘုံပိုင်ရေတွင်းလေးမှာ ခြေထောက်တွေ ဆေးလိုက်ပြီး ကျောင်းပေါ်တက်လိုက်တော့ ကျောင်းသား၊ ကျောင်းသူတွေက မင်္ဂလာပါဆိုပြီး ပြိုင်တူနှုတ်ဆက်လိုက်ပါတယ်။ ကျွန်တော်တို့ကျောင်းပေါ်ကို ရောက်လိုက်တယ်ဆိုရင်ပဲ အငြိုးတကြီးနဲ့ရွာချလိုက်တဲ့ မိုးတွေက သဲသဲမဲမဲပေါ့ ။
 
ဒီဒေသက လူတွေတော်တော်များများက မြန်မာနိုင်ငံအလယ်ပိုင်းက လာတဲ့သူတွေရှိသလို ကလေးမြို့နယ်အတွင်းက ရွှေ့ပြောင်းနေထိုင်ကြတဲ့သူတွေလည်း ရှိတယ်လို့ သိရပါတယ်။ အရင်က ကလေးတွေ ကျောင်းတက်မယ်ဆိုရင် နတ်ချောင်းကျေးရွာကို သွားထားရတယ်လို့ သိရတယ်။ နတ်ချောင်းရွာမှာ ဆွေမျိုးရှိတဲ့သူအတွက် အဆင်ပြေပေမယ့် မရှိတဲ့သူတွေအတွက် ကလေးတွေက ကျောင်းမနေရတော့ဘူးပေါ့။ ဒီလိုနဲ့ ဒီနေရာလေးမှာ ကျောင်းခွဲလေးတစ်ခု ကိုယ်ထူကိုယ်ထအနေနဲ့ စတင်ခဲ့ပါတယ်။ အခုတော့ အ.မ က ကျောင်းခွဲလေးအဖြစ် အစိုးရက သတ်မှတ်ပေးပါတယ်။ ဒါပေမဲ့လည်း ကျောင်းဆရာတွေကိုတော့ အပြင်ကပဲ ငှားနေရသေးတယ်လို့ သိရပါတယ် ။
 
မိဘတွေကလည်း ဒီတောထဲမှာ အလုပ်လုပ်ကြ ဒီတောထဲမှာ အိမ်ထောင်ကျကြ။ ကလေးတွေရလာကြတော့ သူတို့ရဲ့ကလေးတွေကို သူတို့လို ကျောင်းမနေကြရတဲ့သူတွေ  မဖြစ်စေချင်လွန်းလို့ ကျောင်းလေးဖြစ်အောင် တည်ထောင်ခဲ့တယ်လို့ သိရပါတယ်။ 
ဟိုတစ်ချိန်ကတော့ လူကြီးတွေက လယ်ယာအလုပ်နဲ့ အလုပ်လုပ်ကြတော့ ကလေးငယ်တွေကို အိမ်မှာ ဒီအတိုင်းပစ်ထားခဲ့တော့ ငါးရှာ၊ ဖားရှာ သစ်ပင်တက်၊ ဘတ်တစ်စင်း နဲ့ ကြီးပြင်းလာရတဲ့ ကလေးတွေ အခုတော့ သူတို့ စာသင်နိုင်လေပြီ။
 
 
တကယ်တော့ ကျောင်းလို့သာ ဆိုရတာပါ။ လယ်ကွင်းပြင်ထဲက အဆောက်အအုံ တစ်ခုပါ။ အရင်က ယိုင်နဲ့နဲ့ အဆောက်အအုံလေးကနေ အခုတော့ ခိုင်ခိုင်ခံ့ခံ့အ ဆောက်အအုံဖြစ်ပေမယ့် အကာအရံတွေကတော့ ကျိုးတိုးကျဲတဲပါ။ ကျောင်းဆိုင်းဘုတ်တောင် မရှိသေးလို့ ကျွန်တော်တို့ဆီကို ဗီနိုင်းထုတ်ပေးဖို့မှာလိုက်လို့ ကျွန်တော်တို့ကပဲ စိုက်ထုတ်လှူလိုက်ပါတယ်။ နိုင်ငံတော်အလံမရှိဘူးဆိုလို့လည်း မြို့ပေါ်က၀ယ်ပြီး လှူခဲ့ပါသေးတယ်။ ဒီလို မပြည့်မစုံနဲ့ ကျောင်းလေးတွေက ကျွန်တော်တို့ ကလေးဒေသဘက်မှာကို တော်တော်များများရှိနေပြီး မြန်မာတစ်နိုင်ငံလုံးဆိုရင်တော့ တော်တော်လေး များမယ်ထင်ပါတယ်။ နေခြည်မှာ ရွှေရည်မလောင်းနိုင်သေးတဲ့ ကျောင်းလေးတွေကို လေ့လာစုံစမ်းပြီး ကိုယ်တတ်နိုင်သလောက် ပရဟိတအဖွဲ့တွေကနေပြီး လှူဒါန်းပေးနေကြတာကိုလည်း သတင်းတွေမှာ ဖတ်နေရပါတယ်။ ကလေးတွေရဲ့ ပညာရေးကောင်းအောင် လုပ်မပေးနိုင်ခဲ့တော့လည်း ကြီးလာတော့ လူကြီးကောင်းတွေ ရှားလာတာ ဘာဆန်းတာမှတ်လို့။ ကိုယ်စာသင်မယ့် စာအုပ်၊ ဘောပင်၊ ခဲတံ၊ ခဲဖျက်၊ ကွန်ပါဘူးတောင် အတော်ကျဲပြီးထားရတဲ့ မိဘတွေအဖို့ ကလေးတွေအတွက် ပြင်ပစာပေဆိုတာ သူတို့မကြားဖူးတဲ့ ဝေါဟာရတစ်လုံးဖြစ်မှာပါ ။ ကျွန်တော်တို့အဖွဲ့အနေနဲ့ ကလေးတွေအတွက် ယဉ်ကျေးလိမ္မာစာစောင်နဲ့ ရွှေသွေး စာစောင်လေးတွေပါ ထည့်သွင်းလှူဒါန်းခဲ့ပါတယ်။ အိုးမြေထူး မူလတန်းကျောင်းခွဲမှာတော့ ကျောင်းသားကျောင်းသူဦးရေ ၄၈ ယောက်ရှိတယ်လို့ သိရပါတယ်။
 
ခေတ်မီဖွံ့ဖြိုးတိုးတက်ပါသည်ဆိုသော ကျွန်တော်တို့နိုင်ငံမှာ လိုအပ်ချက်တွေ များစွာရှိပါသေးတယ်။ အဓိကအခြေခံပညာကို ကောင်းစွာသင်ကြားမှုမပြုရဘဲ အသက်တွေကြီးလာတဲ့ လူတွေကလည်း ကျွန်တော်တို့ နိုင်ငံမှာ ဒုနဲ့ဒေးပါ။ လူတွေရဲ့ အတွေးအခေါ်တွေ မြင့်မားဖို့ဆိုတာက ကျောင်းတွေရှိဖို့ လိုပါတယ်။ ဒါမှသာ ကိုယ်တိုင်ပညာတတ်ပြီး စာဖတ်မှသာလျှင် စဉ်းစားဉာဏ်နဲ့ ယှဉ်တွဲဆင်ခြင် အသင်ရှင်နေထိုင်နိုင်မှာဖြစ်ပါတယ် ။
 
ပညာရေးအရည်အသွေးဆိုပြီး ပညာရေး အရည်အသွေးမြင့်ဖို့ နေနေသာသာ ခပ်နိမ့်နိမ့်ပညာရေးကိုတောင် သင်ကြားနိုင်ဖို့ မလွယ်ကူတဲ့သူတွေ အများကြီးရှိနေပါသေးတယ်။  ဒီလိုဆိုတော့လည်း လူတွေမှာ ကိုယ့်ရပိုင်ခွင့်ဆိုတာ နားမလည်။ 
အစိုးရဆိုတာ တင်မြှောက်လို့ရတယ်ဆိုတာထက် ဒူးထောက်ရမယ်ဆိုတဲ့အတွေးတွေ၊ အသိတွေပဲ  စွဲမြဲနေတော့တာပေါ့။ အိုးမြေထူးက အပြန်မှာတော့ ကျွန်တော်တို့ရဲ့ ခြေလှမ်းတွေက လယ်ကွင်းတွေကို ဖြတ်ကျော်ရင်း လယ်ယာစိုက်ပျိုးရေးကို အဓိကထားပါတယ်ဆိုတဲ့ လယ်သမားတွေ အသိဉာဏ်တိုးပွားရေး၊ ပညာဉာဏ်မြင့်မားရေးဆိုတာ ကျွန်တော်တို့ရဲ့ မဲတစ်ပြားနဲ့ ဘယ်လိုပြောင်းလဲရမလဲဆိုတာ တွေးတောမိနေပါတော့တယ်။
Writer: 
ကိုဆူး (ချင်းတောင်ခြေ)

ဆက်လက်ဖတ်လိုလျှင် ....>>

Contact

Image Hosting by imagefra.me ဆက်သွယ်ဝေဖန်အကြံပေးနိုင်ပါသည်။