(၃၁၈)ကြိမ်မြောက် ဆွမ်းလောင်းရေစက်ချပြီးစီးခြင်း
ကလေးမြို့ကျက်သရေဆောင်သဒ္ဓမ္မပါလသံဃဒါန ဆွမ်းလောင်းအသင်းကြီး၏ (၃၁၈)ကြိမ်မြောက် စုပေါင်းဆွမ်းလောင်းပွဲကြီး ယနေ့ (၁၉-၇-၂၀၁၀)တွင် အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။ မြို့ပေါ်ကျောင်းတိုက်များမှ ဆွမ်းခံသံဃာတော်ပေါင်း (၆၇၅)ပါးရှိပြီး ဓမ္မရက္ခိတ သုခ၀တီစာသင်တိုက်မှ ဘဒ္ဒန္တ ဥတ္တမ က ဆွမ်းရေစက်ချတရား ဟောကြားချီးမြင့်ခဲ့ပါတယ် ..။
အသင်းကြီးတည်ထောင်ခဲ့ပုံနှင့် လုပ်ဆောင်ချက်အကျဉ်း
ကလေးမြို့သည် သဘာဝပတ်ဝန်းကျင်တောတာင်များနှင့် ၀န်းရံလျက် ရေမြေ ရာသီဥတု ကောင်းမွန်ခြင်း၊ စိုက်ပျိုးသီးနှံများ ဖြစ်ထွန်းအောင်မြင်ခြင်း၊ နယ်မြေဒေသ တည်ငြိမ်အေးချမ်း၍ ခရီးလမ်းဆက်သွယ်ရေး ကောင်းမွန်ခြင်းတို့ကြောင့် လူနေထူထပ်ပြီး စီးပွားရေး ဖွံ့ဖြိုးသော မြို့တစ်မြို့ဖြစ်ပါသည်။ စီးပွားရေးဖွံ့ဖြိုးမှု၏ အကျိုးဆက်အနေဖြင့် ဘာသာ သာသနာသည်လည်း ထွန်းကားပြန့်ပွား၍ သာသနာရောင်ဝါ ထွန်းလင်း တောက်ပ လာလေသည်။ မြို့နယ်တစ်ခွင်တွင် မြန်မာနှင့် ချင်းတိုင်းရင်းသားအများစုတို့ နေထိုင်ကြသကဲ့သို့ လူမျိုးခြား၊ ဘာသာခြားများလည်း ရှိကြပြီး ဘာသာကြီး လေးခုဖြစ်သော ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာနှင့် အစ္စလာမ်ဘာသာဝင်တို့သည် မိမိတို့ ယုံကြည်သက်ဝင်မှုအလျောက် လွပ်လပ်စွာ ကိုးကွယ်လျက်ရှိကြပြီး အေးချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ကြသော ဒေသဖြစ်ပါသည်။
ဗုဒ္ဓဘာသာနှင့်ပတ်သက်၍ ပရိယတ္တိစာသင်တိုက်ကြီး (၉)တိုက်၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ ပဋိပတ္တိဝိပဿနာတရားပြဌာနရိပ်သာများ အပါအ၀င် ဘုန်းတော်ကြီးကျောင်းပေါင်း (၃၅)ကျောင်း၊ သီလရှင်စာသင်တိုက် (၁)တိုက်၊ သီလရှင်ကျောင်း (၅)ကျောင်းတို့ တည်ရှိပြီး ရဟန်းသံဃာသူတော်စင်ယောဂီနှင့် သီလရှင်စုစုပေါင်း (၁၀၀၀)ကျော်တို့ သီတင်းသံကလေးမြို့ကျက်သရေဆောင်ုးလျက် သာသနာပြုကြသဖြင့် သာသနာရောင်ဝါ ထွန်းလင်းတောက်ပသော မြို့ကလေးတစ်မြို့အဖြစ် ရှိနေပါသည်။ သာသနာ့ကိစ္စများတွင် ဆရာ+ဒကာ တာဝန်များရှိရာ ရဟန်းတော်များဖက်မှ တာဝန်ကျေကြသကဲ့သို့ မြို့သူမြို့သား နယ်သူနယ်သား ဒကာ+ဒကာမများဖက်မှလည်း စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် သာသနာတော်မြတ်ကြီးအတွက် လိုအပ်သော ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးဟူသော ပစ္စည်းလေးပါးကို မပြတ်မလပ်ရအောင် ဖြည့်ဆည်းလှူဒါန်း ထောက်ပံ့ကြသည်ကို တွေ့ရပါသည်။
ဒါယကာ+ဒါယိကာမများအနေဖြင့် မိမိတို့၏ ဘာသာရေးဆိုင်ရာ ကိစ္စများဆောင်ရွက်ရာတွင် ဒါနအမှု၊ သီလအမှု၊ ဘာဝနာအမှုများကို တရားဟော တရားပြဌာန(ရိပ်သာ)များတွင်သာ အများအားဖြင့် ပြုလုပ်ရသည်ဖြစ်ရာ အရောက် အပေါက်များသည့်အတွက် ထိုကျောင်းများတွင် လိုအပ်သော ပစ္စည်းလေးပါးကို သိသည့်အလျောက် လှူဒါန်းမှုတို့ကိုလည်း ပြုလုပ်ဖြစ်ကြလေသည်။ ဒကာ+ဒကာမများနှင့် အထိအတွေ့နည်းပြီး မိမိတို့ ပရိယတ္တိစာပေကိုသာ တစိုက် မတ်မတ်ကြိုးကုတ်အားထုတ်နေကြရသော ပရိယတ္တိ၀န်ဆောင် စာသင်တိုက်များမှာမူ ဒကာ+ဒကာမများ အရောက်အပေါက်နည်းသည့်အလျောက် သတိမမူမိသဖြင့် လိုအပ်သော ပစ္စည်းလေးပါး လှူဒါန်းထောက်ပံ့မှု နည်းနေသည်ကို သဘာဝကျစွာ လေ့လာတွေ့ရှိရပါသည်။ အချို့စာသင်တိုက်တို့တွင် ဆွမ်းကွမ်းကိစ္စချို့တဲ့သည့်အတွက် သင့်တင့်မျှတအောင် ချွေတာသုံးဆောင်မှီဝဲရင်း သာသနာ့တာဝန်ကို ကြိုးစားထမ်းဆောင်နေရသည်ကို တွေ့ရှိရပါသည်။
သို့အတွက် သင့်တင့်မျှတသော ကျောင်းများတွင်လည်း ပြည့်စုံကုံလုံလာစေရန် ချို့တဲ့သောကျောင်းများတွင်လည်း အဆင်ပြေချော့မွေ့၍ ပြည့်စုံသည်အထိ ဖြစ်လာ စေရန်ဟူသော ရည်ရွယ်ချက်ဖြင့် ပုဂ္ဂိုလ်စွဲ၊ ကျောင်းစွဲ၊ ဂိုဏ်းဂဏစွဲမထားဘဲ သာသနာတော်အတွက်သာဟူသော မူကိုချမှတ်၍ မိမိတို့တတ်စွမ်းသမျှ တစ်ပိုင်းတကဏ္ဍမှ တာဝန်ယူကြရန်ဟူသော စိတ်ဆန္ဒသည် သဒ္ဓမ္မပါလသံဃဒါန ဆွမ်းလောင်းအသင်းကြီး ပေါ်ပေါက်လာရခြင်း၏ အကြောင်းအရင်းဟုဆိုလျှင် မှားအံ့မထင်ပေ။
အသင်းကြီးပေါ်ပေါက်လာပုံ
ဟိန္ဒူဘုရားကျောင်းဝင်းအတွင်း နာဂလှိုင်ဂူဆရာတော်ဘုရားကြီး ကမကထပြု၍ တည်ထားကိုးကွယ်တော်မူသော ရေဆန်ကျွန်းမြတ် ဗောဓိ သတ်ရုပ်ပွား တစ်ထောင်စေတီတော်မြတ်၏ ပထမအကြိမ် ဗုဒ္ဓပူဇနိယပွဲတါင် အထူးတရားပွဲကိုပါ ထည့်သွင်းကျင်းပရန် ကြိုးပမ်းကြရာမှ စကားလှဓမ္မာရုံဆရာတော်ကြီး ဘဒ္ဒန္တဓမ္မပါလ၏ တိုက်တွန်းနိုးဆော်မှုနှင့် စီစဉ်မှုတို့ကြောင့် နှစ်စဉ်ကြွရောက်မြဲဖြစ်သော စစ်ကိုင်းတောင်ရိုး သီတဂူဆရာတော်ဘုရားကြီး၏ တမူးမြို့အထူးတရားပွဲ ခရီးစဉ်တွင် ကလေးမြို့တွင်လည်း အထူးတရားပွဲကျင်းပနိုင်ရန်အတွက် ကလေးမြို့ ဟိန္ဒူဘုရားကျောင်း(ရေဆန်ကျွန်းဘုရား) ဂေါပကအဖွဲ့မှ ၂၀၀၂-ခုနှစ် ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် အစည်းအဝေးခေါ်ယူ၍ တရားပွဲဖြစ်မြောက်ရေးကော်မတီဖွဲ့စည်း စီစဉ်ခဲ့ရာ ( ၂၇-၂-၂၀၀၂ )နေ့တွင် သီတဂူဆရာတော်ကြီး၏ ပထမအကြိမ် အထူးတရားပွဲကြီး ခြိမ့်ခြိမ့်သဲအောင်မြင်စွာ ပြီးစီးခဲ့လေသည်။
ရေဆန်ကျွန်းမြတ်ဗောဓိသတ်ရုပ်ပွားတစ်ထောင်စေတီ၏ ပထမ အကြိမ် ဗုဒ္ဓပူဇနိယ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် မဟာစည်ရိပ်သာမှ အကျိုးဆောင်များ ယောဂီဝတ်အသင်းများ ပါဝင်အားဖြည့်ပေးရန် ဟိန္ဒူဘုရားကျောင်း(ရေဆန်ကျွန်းဘုရား) ဂေါပက ဦးဝင်းစိန်နှင့် ဦးဌေးအောင်တို့၏ မေတ္တာရပ်ခံချက်ဖြင့် မဟာစည်ရိပ်သာ အကျိုးဆောင်အတွင်းရေးမှူး ဦးစိုးကြီး၏ စီစဉ်ကူညီပံ့ပိုးမှုကြောင့် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည်မှ အစပြုကာ သာသရေးဆိုင်ရာ ကိစ္စများတွင် ၀ါသနာတူများ လက်တွဲမိကြသည်။ ၂၀၀၂-ခုနှစ် ကုန်ဆုံး၍ ၂၀၀၃-ခုနှစ်တွင် ဒုတိယအကြိမ် သီတဂူဆရာတော်ကြီး၏ အထူးတရားပွဲအချိန် နီးကပ်လာခဲ့ရာ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ကြရင်း ကလေးမြို့တွင် လစ်ဟာနေသော သာသနာပြုလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်ရမည့် သာသနာရေး ကိစ္စများကို တိုင်ပင်ဆွေးနွေးခဲ့ကြရာ ဦးစိုးကြီးက ဆွမ်းလောင်းအသင်းဖွဲ့ရန်ကိစ္စ ဖွင့်ဟလာလေသည်။ မြို့ပေါ်တွင် တပိုင်တနိုင် သူ့ရပ်ကွက်၊ ကိုယ့်ရပ်ကွက်၊ သူ့ကျောင်း၊ ကိုယ့်ကျောင်းအလိုက် ဆွမ်းလောင်းဆွမ်းကပ်အဖွဲ့များ ရှိကြသော်လည်း တစ်မြို့နယ်လုံးဆိုင်ရာ ဆွမ်းလောင်းအသင်းဟူ၍ မရှိသေးသဖြင့် ထိုကိစ္စဆောင်ရွက်နိုင်လျှင် ကလေးမြို့သာသနာတော်အတွက် အကျိုးများမည်ကို မျှော်ရည်မိကြလေသည်။ သို့နှင့် ဦးဌေးအောင်၊ ဦးစိုးကြီး၊ ဦးဝင်းစိန်၊ ဦးစိုးဝင်း၊ ဦးဘောက်သီး၊ ဦးမော်ဟန်း၊ ဦးကြည်စိုးဦး စသော ၀ါသနာ၊ စေတနာတူ ပုဂ္ဂိုလ်များစုစည်း၍ ကျယ်ကျယ်ပြန့်ပြန့်တိုင်ပင် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ခဲ့ကြလေသည်။
ထိုသို့ဖြင့် (၂၂-၅-၂၀၀၃)နေ့တွင် ဒုတိယအကြိမ် အထူးတရားပွဲကြီးသို့ တရားချီးမြင့်ရန် ကြွရောက်လာစဉ် ဆရာတော်ခေတ္တသီတင်းသုံးရာ စကားလှ ဓမ္မာရုံကျောင်းတွင် သီတဂူဆရာတော်ကြီးထံ ချဉ်းကပ်၍ ဆွမ်းလောင်းအသင်းကိစ္စ လျှောက်ထားအမည်တောင်းခံခဲ့ကြရာ ဆရာတော်ကြီးက ၀မ်းပမ်းတသာ ထောက်ခံကြိုဆိုအားပေး၍ သဒ္ဓမ္မပါလသံဃဒါနဆွမ်းလောင်းအသင်းဟူသော အမည်ကမ္ဗည်းမော်ကွန်း တွင်စေကာ သြ၀ါဒစကားမြွက်ကြားတော်မူခဲ့လေသည်။ (၂၂-၅-၂၀၀၃)မှ (၂၃-၅-၂၀၀၃)အထိ ဒုတိယအကြိမ် သီတဂူအထူးတရားပွဲကြီးကို တက်ညီလက်ညီ ကြိုးစားအားထုတ်ကြ၍ ပိုမိုအောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့ကြလေသည်။
ဒုတိယအကြိမ် အထူးတရားပွဲအပြီးတွင် သီတဂူဆရာတော်ဘုရားကြီး၏ သြ၀ါဒစကားကို ခံယူ၍ ဆွမ်းလောင်းအသင်းဖွဲ့စည်းရေးကိစ္စကို ဆောင်ရွက်ကြရာ (၂၇-၅-၂၀၀၃)နေ့တွင် မြို့မဈေးကော်မတီဥက္ကဋ္ဌ ဦးဌေးအောင်၏စီစဉ်ပေးမှုဖြင့် ဈေးမိဈေးဖကိုယ်စားလှယ်များနှင့် မြို့မဈေးရုံးခန်းတွင် တွေ့ဆုံဆွေးနွေးခဲ့ရာ ဦးစိုးကြီးမှ ဆွမ်းလောင်းအသင်းဖြစ်မြောက်ရေးနှင့်ပတ်သက်၍ တင်ပြရာဆွေးနွေးခဲ့ရာ အထူးပင်အောင်မြင်ခဲ့လေသည်။ တဆက်တည်းမှာပင် (၆-၆-၂၀၀၃)နေ့နှင့် (၁၄-၆ ၂၀၀၃)နေ့များတွင် ဟိန္ဒူဘုရားကျောင်း(ရေဆန်ကျွန်း) ဓမ္မာရုံတွင် မြို့မိမြို့ဖများနှင့် ၀ါသနာတူများ စုပေါင်းတွေ့ဆုံဆွေးနွေးခဲ့ကြရာ - သြ၀ါဒစရိယဆရာတော်များ ရွေးချယ်ရေး၊ နာယကပုဂ္ဂိုလ်များရွေးချယ်ရေးနှင့် အလုပ်အမှုဆောင်များ ရွေးချယ်ရေးတို့ကို လျာထားသတ်မှတ်ကြပြီး ရှေ့လုပ်ငန်းစဉ်များကို ညှိနှိုင်းတိုင်ပင်ဆွေးနွေးခဲ့ကြပါသည်။
ထိုသို့ဖြင့် ၁၃၆၅-ခုနှစ်၊ ၀ါဆိုလပြည့်ကျော် (၈)ရက်၊ (၂၁-၇-၂၀၀၃)နေ့တွင် သဒ္ဓမ္မပါလသံဃဒါန ဆွမ်းလောင်းအသင်းကြီး၏ ပထမအကြိမ်မြောက် မြို့လုံးကျွတ်ဆွမ်းလောင်းပွဲကြီးကို စတင်ဖွင့်လှစ်နိုင်ခဲ့လေသည်။
Download Apk File
http://www.sendspace.com/file/yud6dl
Thursday, July 29, 2010
သဒ္ဓမ္မပါလသံဃဒါန ဆွမ်းလောင်းအသင်းကြီး
Tuesday, July 20, 2010
ထန်ဘုရားသမိုင်း
ထန်ဘုရားသည် ကလေးမြို့နယ် အင်းတင်ရွာတွင် တည်ရှိပါသည်။ ကလေးမြို့၏ အနောက်တောင်ဘက် ယွန်းယွန်း(၂၅) မိုင်အကွာတွင် ရှိ၍ သဘာဝအလျှောက်ချွန်ထက် မို့မောက် နေသော ငှက်လင်းတနှင့်တူသော ဂိဇ္ဈကုဋ်တောင်ထက်ပေါ်၌ ရှိသော ထန်ဘုရား တောင်တော်ကို ကလေးမြို့ကပင် မှုန်ပျပျဖူးမြော်နိုင်ပါသည်။ ကလေး-နတ်ချောင်း ကားလမ်းမပေါ်မှဆိုလျှင် ပို၍ထင်ရှားစွာ ဖူးမြင်နိုင်ပါသည်။ထန်ဘုရားသည် အနောက်ဘက် ဝေဘူဝေဘာတောင်(ချင်းတောင်တန်း)ကြီး နှင့် မြစ်သာမြစ် တို့၏ အရှေ့ဘက် ဂိဇ္ဈကုဋ် တောင် တောနက်အတွင်းရှိ အလွန်မြင့်မားမတ်စောက်သော ကျောက်ကမ်းပါးယံကြီးနှင့် လိုဏ်ဂူအတွင်းတွင် အလိုအလျောက် ထူးဆန်းစွာ စံပယ်နေ တော်မူခြင်းဖြစ်သည်။
ရှမ်းဘာသာ စကားနှင့် လိုဏ်ဂူကို“ထန်”ဟုခေါ်၍ ထိုလိုဏ်ဂူရှိသောတောင်ကို ထန်တောင်ဟု ခေါ်သည်။ ထိုတောင်အနီး၌ စီးဆင်းသောချောင်းကို ကား ထန်ချောင်း ဟု ခေါ်ပြီး ယင်းချောင်းအနီးတည်ရှိ၍ လိုဏ်ဂူအတွင်း ဖူးတွေ့ရသောကြောင့် ထန်ဘုရား ဟု လူသိများခဲ့ခြင်းဖြစ်သည်။ လူပေါင်း(၅၀) ခန့်ဆန့်သော လိုဏ်ဂူအတွင်း၌ ဆင်းတုတော်နှင့် ဆင်မင်းတို့သည် ဂူဝကိုကျောပေး၍ အနောက်ဘက်သို့ မျက်နှာမူနေပါသည်။ ဘုရားရှင်၏ နောက်ကျော်မှကပ်၍ ဆင်မင်းသည် ဆင်ချီတိုင်နှင့်အတူ ဘုရားရှင်ကို ဦးခိုက်နေပါသည်။
ဝိနယပိဋကကျမ်းလာ ဖော်ပြချက်အရ ဗုဒ္ဓလက်ထက်တော်က ကောသမ္ဗီပြည်တွင် မပြောပလောက်သည့် ၀ိနည်းကိစ္စဖြင့် သံဃာတို့ကွဲပြားကြရာ ဗုဒ္ဓကိုယ်တိုင် ဆိုဆုံးမ၍ မရနိုင်သဖြင့် ဘုရားရှင်သည် ပါလိလေယျတောသို့ တစ်ပါးတည်း ကြွတော်မူခဲ့သည်။ ထို့အတူ ဆင်ကြီးတစ်ကောင်သည်လည်း ဆင်ငယ်များကို ဆုံးမ၍ မရသည့်ပြင် စားရေး ၊နေရေးပင်ပန်းလှသဖြင့် တစ်ကောင်တည်းပင် ထိုတောသို့ သွားရောက်နေထိုင်ခဲ့သည်။ ထိုတော၌ ဗုဒ္ဓနှင့် ဆင်မင်းတို့တွေ့ကြ၍ ဆင်မင်းက ဗုဒ္ဓကိုတစ်ဝါတွင်းလုံး လုပ်ကျွေးပြုစု ကာ နေထိုင်ခဲ့ကြပါသည်။ကာလအတန်ကြာသောအခါ ကေသမ္ဗီပြည်သားတို့သည် သံဃာ တော်တို့အား အပ၌ဿဒေပဝေနိယကံ ပြုပေးလိုက်ကြသဖြင့် သံဃာတော်မျာ ဆွမ်းဒုက္ခနှင့် ကြုံကြသဖြင့် အရှင်အနန္ဒာ အမှူးထား၍ ဘုရားရှင်ထံ ၀င်ခဲ့ကြပါသည်။ဘုရား ရှင်သည် သံဃာတော်များအပေါ်၌ မဟာဂရုဏာတော်ထားတော်မူကာ ဆင်မင်းကိုစွန့် ခွာ၍ ကောသမ္ဗီပြည်သို့ ပြန်လည်ကြွသွား တော်မူခဲ့သည်။ ထိုအဖြစ်အပျက်ကို အကြောင်း ပြု၍ ဆင်မင်းနှင့်ဘုရားကို ထုထားကိုးကွယ်ခဲ့ကြဟန်ရှိပါသည်။ ဆင်မင်းနှင့်ဘုရားမှာ အောက်ခံ ကျောက်သားပကတိနှင့် တစ်ဆက်တည်း ဖြစ်ပေါ်လျက်ရှိကြရာ မည်သူမည်ဝါ လာရောက်ထွင်းထုထားသည်ကိုကား ယနေ့တိုင် အထောက်အထားပြည့်စုံစွာ ဖော်ပြနိုင် ခြင်း မရှိပါချေ။
ထန်ဘုရားသည် သင်္ကြန်တွင်းကာလတွင် အစည်ကားဆုံးဖြစ်သည်။ ရပ်ဝေးရပ်နီးမှ ဘုရားဖူးများ လာရောက်ဖူး မြှော်ကြပါသည်။ ထန်ဘုရားတွင် အဓိဋ္ဌာန် လာရောက်ဝင်ကြ သော သူတော်စင်ပုဂ္ဂိုလ်ထူးများလည်းမကြာခဏ တွေ့ရှိရသည်ဟု ဆိုပါသည်။ ဘုရားသို့ သွားရာတွင် ကလေးမြို့၏ တောင်ဘက်(၁၅)မိုင်ဝေးသော နတ်ချောင်းမှတစ်ဆင့်၊ နတ်မြောင်းရွာ၊နတ်နန်းရွာ တို့ကို ဖြတ်ကျော်၍ မြစ်သားမြစ်ကို ကားနှင့်ကူးဖြတ်ရသည်။ တစ်ဖက်ကမ်းရှို လှည်းလမ်းကြောင်းအတိုင်း သွားပြီး အင်းတင်ကျေးရွာမှ တစ်ဆင့် ဂိဇ္ဈကုဋ် တောင်ခြေသို့ လှည်း(သို့မဟုတ်)ဂျစ်ကားဖြင့်သွားနိုင်သည်။ အကွေ့ကိုးကွေ့ ရှိသော ထန်ချောင်းကိုဖြတ်ပြီးမှ ထန်ဘုရားတောင်ခြေသို့ ရောက်ရှိပါသည်။ ယခုအခါ ထန်ဘုရားရှိရာ လိုဏ်ဂူ သို့သစ်သားစောင်းတန်းမှ တစ်ဆင့် လွယ်ကူစွာ တက်ရောက်နိုင်ကြပြီး ဖြစ်ပါသည်။
Wednesday, May 12, 2010
မြို့ချက်အောင်မြေဘုရား

မြို့ချက်အောင်မြေဘုရားခေါ် မြို့ချက်စေတီတော်သည် မြို့ချက် ကျောင်းတိုက်အတွင်းရှိ စေတီ တော်ပင် ဖြစ်ပါသည်။ ကလေးမြို့ အောင်မင်္ဂလာရပ်ကွက်တွင် ဖူးတွေ့နိုင်ပါသည်။
သမိုင်း၌ အင်းဝမင်းများလက်ထက်က ကလေးမြို့ကို လက်အောက်ခံ အခွန်ဆက်သရန် အကြိမ်ကြိမ် တောင်းခံရာ မဆက်သ သဖြင့် ချီတက်တိုက်ခိုက်လာ၏။ သို့ရာတွင် မအောင်မြင်ခဲ့ပေ။ အကြောင်းရင်းကိုစုံစမ်းရာ ကလေးမြို့ မြို့လယ်၌ ကြက်မ တစ်ဝပ်ခန့် အောင်မြေရှိနေ၍ ကိုယ်ဝန်ဆောင် မိန်းမများ ကျော်လွှားမိသဖြင့် လူစွမ်း ကောင်းများ ပေါများလှသောကြောင့် မအောင်မြင်နိုင်ဘဲ ဖြစ်နေရကြောင်းသိရသည်။ ထိုအခါ အင်းဝမင်းများက ပညာရှိများနှင့် တိုင်ပင်၍ သူလျှိုစေလွှတ်လိုက်ကြသည်။ သူလျှိုသည် ယုံကြည်လောက်အောင် အတော်ကြာနေ၍ အောင်မြေနေရာကို စုံစမ်း ပြီး အတိအကျသိရပြီးနောက် ထိုနေရာတွင် အောက်လမ်းဆရာတို့၏ နည်းများဖြစ်သော ယုတ် ညံ့သော အင်းများဖြင့် မြို့နံနှိမ်ကာ အောင်မြေကိုငုံ၍ ဘုရားတည်ခဲ့သည်ဟု ဆိုပါသည်။ ထိုနေရာသည် မြို့၏အလယ်ချက်မ ဗဟိုကျသောကြောင့် မြို့ချက်ဘုရား၊ မြို့ချက်စေတီ တော်ဟု ထင်ပေါ်ကျော်ကြား လူသိများပါသည်။
(လင်းသစ်မွန် စုစည်းတင်ပြသည်။)
Tuesday, March 30, 2010
မြသိန်းတန်ဘုရား

သာသနာတော်(၂၅၈)ခုနှစ်တွင် နန္ဒရာဇာမင်းနန်းတက်၍ ထိုနှစ်၌ ဘေးလောင်း တော် လန္တပါလမင်းကြီး လက်ထက်မှ စတင်၍ နန်းဦးတွင် မြကြုပ်တော်၊ ရတနာပန်းတောင်း ဖြင့်ထည့်သွင်း ကိုးကွယ်ပူဇော်ခဲ့သော ဓါတ်တော်များကို ရန်သူတို့ လုယူဖျက်ဆီးမည်စိုး၍ ရာဇဂြိုလ်ရွာ၏ အရှေ့တောင်ထောင့် အရပ်သို့ ပင့်ဆောင်ခဲ့၍ နက္ခတ်သဘင်ကျင်းပရာ ဘောဂပဗ္ဗတ တောင်ထိပ်၌ သာသနာတော် အနှစ်(၅၀၀၀) ပတ်လုံး ရန်သူမျိုးငါးပါးတို့ ဖျက်ဆီးခြင်းငှာ အတတ်နိုင်အောင် အတောင်(၄၀) တူးပြီး ခိုင်ခံ့လုံခြုံစွာ ဌာပနာတော်မူ၍ အရန်စေတီ နှစ်ဆူနှင့်အတူ မြသိန်းတန်ဘုရားဟု တည်ထားတော် မူခဲ့သည်။ ယခုအခါ မြသိန်းတန်ဘုရားသည် ကလေးမြို့နယ်ကံကြီးရွာအရှေ့တွင် တည်ရှိ ပါသည်။ ယခင်မှ ယခုတိုင် မြသိန်းတန်ဘုရားပွဲတော်ကို နက္ခတ်သဘင်ကျင်းပသည့် ရက်ဖြစ်သော တန်ဆောင်မုန်းလပြည့်နေ့တွင် အစဉ်အဆက် ကျင်းပဆဲ ဖြစ်ပါသည်။ နွယ်ပတ်မြို့ရှင် နန္ဒရာဇာမင်း တည်ထားကိုးကွယ်ခဲ့သော မြသိန်းတန်စေတီတော်ကို ကလေး တမူး ဒေသသို့ အလည်တစ်ခေါက် လာရောက်ပြီး ဖူးမျှော်ကြည်ညိုနိုင်ပါသည်။
(လင်းသစ်မွန် စုစည်းတင်ပြသည်။)
ဓါတ်ပုံများကို ဒီမှာ ကြည့်နိုင်ပါတယ် ။
Sunday, March 14, 2010
ရွှေဘုံသာ စေတီတော်ကြီး
(လင်းသစ်မွန် စုစည်းတင်ပြသည်။)





