ချင်းတောင်နှင့် ကလေးဒေသရှိ စာသင်ကျောင်းများသို့ တွဲလက်များ ပရဟိတအဖွဲ့မှ စာရေးကိရိယာများလှူဒါန်း
စစ်ကိုင်း၊ စက်တင်ဘာလ၁၆
စစ်ကိုင်း၊ စက်တင်ဘာလ၁၆
-စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှ ကျောင်းဆရာများနှင့်ကျောင်းသား/သူများ၊ လူငယ်များဖြင့် ပူးပေါင်းဖွဲ့စည်းထားသည့် တွဲလက်များ ပရဟိတ အဖွဲ့မှ ချင်းတောင်ဒေသရှိ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော စာသင်ကျောင်းများသို့ နှစ်စဉ်စာအုပ်နှင့် စာရေးကိရိယာများ လှူဒါန်းလျက်ရှိကြောင်း သိရသည်။
ကျွန်တော်တို့အဖွဲ့က လူငယ်တွေနဲ့ အဓိကဖွဲ့စည်းထားပြီး ချင်းတောင်ခြေဒေသနဲ့ ကလေးမြို့နယ်အတွင်းမှာရှိတဲ့ သွားလာမှုခက်ခဲပြီး လူသူလေးပါး အရောက်အပေါက်နည်းပါးတဲ့ဒေသတွေက ကျောင်းတွေကို လေ့လာစုံစမ်းပြီး သွားရောက် လှူဒါန်းနေတာပါ။ အဲဒီ့ငွေကို ကျွန်တော်တို့အဖွဲ့က စီမံခန့်ခွဲပြီး ခက်ခဲတဲ့ဒေသတွေမှာရှိတဲ့ စာသင်ကြားနေကြရတဲ့ မူလတန်း၊ အလယ်တန်း ကျောင်းသားကျောင်းသူအများစုကို စာရေးကိရိယာတွေ သွားပြီးလှူဒါန်းတာဖြစ်ပါတယ်။ ဒီလိုသွား ရောက်တဲ့စရိတ်နဲ့ ပစ္စည်းသယ်ယူပို့ဆောင်ရေးအတွက်တော့ အဖွဲ့သားတွေက မိမိငွေနဲ့ စိုက်ထုတ်ပြီး သွားရောက် လှူဒါန်းပေးတာပါဟု အဆိုပါအဖွဲ့မှ ကိုမျိုးသက်နိုင်က ပြောကြားသည်။

တွဲလက်များပရဟိတအဖွဲ့ကို ၂၀၁၂ခုနှစ် သြဂုတ်လ၁၈ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး အခြေခံပညာ သင်ကြားရန် ခက်ခဲသော ကလေးငယ်များအတွက် စာအုပ်နှင့် စာရေးကိရိယာများအပြင် စာသင်ကျောင်းများ ပြင်ဆင်ရန်နှင့် စာသင်ကျောင်းအတွင်း သောက်သုံးရေရရှိရေး ကိစ္စများကိုပါ ထည့်သွင်းကူညီပေးခဲ့သည်ဟု သိရှိရပါသည်။
ကျွန်တော်တို့အဖွဲ့သားတွေရဲ့ တတ်နိုင်သလောက် ထည့်ဝင်တဲ့ငွေတွေရယ်၊ မြန်မာနိုင်ငံအတွင်းနဲ့ ပြည်ပရောက် မြန်မာများ၊ အလှူငွေများဖြင့် အကူအညီပေးနေခြင်း ဖြစ်ပါသည်။ အခုဆိုရင် ကျွန်တော်တို့ စာရေးကိရိယာအတွက် ကျပ်၂၇သိန်းကျော်ဖိုး၊ စာကြည့်တိုက်အတွက် စာအုပ်ကျပ်၂ သိန်းဖိုး၊ ရေတွင်းရေကန်အတွက် ကျပ်(၁၆)သိန်းကျော် ဖိုးလောက် လှူဒါန်းပြီးပါပြီဟု အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကလေးတက္ကသိုလ်မှ နည်းပြဆရာ ဦးအောင်ဆန်းလင်းက ပြောကြားသည်။

အဆိုပါအဖွဲ့သည် စက်တင်ဘာ၁၄၇က်က ချင်းပြည်နယ်အတွင်းရှိ ကျေးရွာများနှင့် ကလေးမြို့အတွင်းရှိ ရေနံမှော်များသို့ သွားရောက်လှူဒါန်းခဲ့ပြီး သွားရောက်လှူဒါန်းသည့်အခါတိုင်းတွင်လည်း အဖွဲ့ဝင်များသည် ခရီးစရိတ်နှင့် သယ်ယူစရိတ်များကို မိမိစရိတ်ဖြင့် မိမိသွားရောက်ကြခြင်းဖြစ်ကာ အဖွဲ့သို့လှူဒါန်းလိုပါက ဒေါ်သီတာဝင်း (ဖုန်း-၃၃၃၈၀၁၂၃) သို့ ဆက်သွယ် လှူဒါန်းနိုင်ပါကြောင်း သိရသည်။
၁၇-၉-၂၀၁၄ ရက်နေ့ ထုတ် ဒီမိုကရေစီ တူဒေး သတင်းစာ မှ
—