Welcome


Download Apk File

ကလေးမြို့ရဲ့ သတင်းတွေကို Android ဖုန်းထဲကနေ ကြည့်လို့ရတဲ့ Apk file လေးပါ ..။အောက်က လင့်လေးမှာ Down လို့ရပါတယ် ...။ အခုထိတော့ Link မသေသေးပါဘူး ...။
http://www.sendspace.com/file/yud6dl

Tuesday, June 29, 2010

ရိုမန်တစ် ကဝေ

လွမ်းတယ်...
အလိုက်ကမ်းဆိုးမသိတတ်တဲ့
မင်းရဲ့ နှုတ်ခမ်းအိုးလှလှလေးတွေကိုလွမ်းတယ်။
လွမ်းတယ်
မြားပေါင်းများစွာလက်တည့်စမ်းထားတဲ့
မင်းရဲ့နှလုံးသားလှလှလေးကိုလွမ်းတယ်။
လွမ်းတယ်
အစိမ်းရောင်ခြုံထည်တလွလွနဲ့
ကလေးမြို့ကတောင်တန်းတွေကိုလွမ်းတယ်။
လွမ်းတယ်
တောင်ကနေ မြောက်ကိုစီးတဲ့
မြစ်သာမြစ်ရဲ့ပြောင်းပြန်ခရီးမယ်လိုဒီကိုလွမ်းတယ်။

လွမ်းတယ်
ကလေးမြို့ဗိုလ်ချုပ်လမ်းပေါ်က
ငါတို့ရဲ့အညတရကဗျာညတွေကိုလွမ်းတယ်။
လွမ်းတယ်.....လွမ်းတယ်
အတိတ်ကအရိပ်လှလှတွေနဲ့
မိုးဦးကျကဗျာတွေကိုလွမ်းတယ်။
လပေါင်းအသင်္ချေ...နွေအနန္တ
မိုးညပျက်သုဉ်း...ဆောင်းလည်းပြုန်းထိ
လွမ်းမိနေဦးမှာပါပဲ။ ။

အောင်မှုးဝေ


ရတီမဂ္ဂဇင်း၊အောက်တိုဘာ၊၂၀၀၆

ဆက်လက်ဖတ်လိုလျှင် ....>>

Tuesday, June 22, 2010

အရပ်အခေါ် ဆင်တုတ်ကွေး

အန္ဒိယ- မြန်မာ နယ်စပ်မြို့ ဖြစ်တဲ့ တမူးမြို့နယ်တွင် အရပ်အခေါ် ဆင်တုတ်ကွေး ဟု ခေါ်သော အဖျားရော ဂါ တစ်မျိုး ဖြစ်ပွားနေသည်ဟု သိရှိရပါသည်။ ကလေးမြို့ နယ်တွင်းရှိ ကျေးရွာများ နှင့် မြို့ပေါ်ရှိ လူအချို့မှာလည်း ထိုရောဂါမျိုး ဖြစ်ပွားသည်ဟု သိရှိရပါသည်။ ၎င်း ရောဂါ၏ လက္ခဏာမှာ အကြောများ တစစ်စစ် ကိုက်ခဲခြင်း၊ အရိုးအဆစ်များ ကိုက်ခဲခြင်း၊ အသားများ ရောင်လာ၍ အားအင်ကုန်ခမ်းကာ ဖျားလာကြောင်း သိရှိရပါသည်။ အနောက်တိုင်း အကိုက်အခဲ ပျောက်ဆေးများ စားလျှင် ပိုမို ကိုက်ခဲကြောင်းနှင့် မြန်မာ တိုင်းရင်းဆေး တစ်မျိုးမှာ ရောဂါ သက်သာကြောင်း သိရှိရပါသည်။ အဆိုပါ ရောဂါသည် မိသားစုတွင်းတွင် ကူးစက်ကြောင်း သိရှိရပါသည်။ ဒေသခံ ဆရာဝန်များ အနေဖြင့် ထိုရောဂါအား အမည် မတပ်နိုင်သေးကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်လိုလျှင် ....>>

Monday, June 21, 2010

နေသာပညာဒါန (၁၀) တန်းအောင် ဂုဏ်ပြုပွဲ

ယခုနှစ်တွင်လည်း နေသာပညာဒါန (၁၀) တန်းအောင် ကျောင်းသားကျောင်းသူများနှင့် ဂုဏ်ထူးရ ကျောင်းသားကျောင်းသူများ အား ဂုဏ်ပြုပွဲ အခမ်းအနားကို ၂၀၁၀ ခုနှစ် ဇွန်လ (၂၀) ရက်နေ့တွင် ပြုလုပ်ခဲ့ ပါသည်။ နေသာ ပညာဒါနမှ တက္ကသိုလ်ဝင်တန်းဖြေဆိုသူပေါင်း (၁၃၆)ဦး ရှိပါပြီး အောင်မြင်သူပေါင်း (၁၃၃)ယောက်၊ ကျရှုံးသူ (၃)ဦးသာ ရှိခဲ့ပါသည်။ ဂုဏ်ထူးရှင်ပေါင်း (၆၇) ဦး နှင့် အောင်ချက်ရာခိုင်နှုန်း ( ၉၇.၇၉ % ) ဖြစ်ပါသည်။
* ၅-ဘာသာ - ၂ - ဦး
* ၄-ဘာသာ - ၅ - ဦး
* ၃-ဘာသာ - ၅ - ဦး
* ၂-ဘာသာ - ၁၄ - ဦး
* ၁-ဘာသာ - ၄၁ - ဦး
မြန်မာစာ (၁၁ ) ဦး၊ အင်္ဂလိပ် (၉ )ဦး ၊သင်္ချာ (၅) ဦး၊ရူပ (၂၇ ) ဦး၊ ဇီဝ (၁၈) ဦး၊ ဘောဂ(၄၃) ဦး
ဖြစ်သည်ဟု သိရှိရပါသည်။

ဓါတ်ပုံများကို ဒီမှာကလစ်ပြီး ကြည့်ရှု့နိုင်ပါတယ် ။



ဆက်လက်ဖတ်လိုလျှင် ....>>

Friday, June 18, 2010

မြဆင့်ချယ် အမှတ်တရ

၂၀၁၀ ခုနှစ်၊ဇွနန်လ (၁၇) ရက်တွင် မြဆင့်ချယ် ကွယ်လွန်ခြင်း (၂) နှစ်ပြည့် အမှတ်တရ အခမ်းအနားအား အောင်မူးဂယ်လာရီတွင် ပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားတွင် ကလေးမြို့မှ စာရေးဆရာများ၊ စာပေ ၀ါသနာရှင်များ ဂျာနယ်လစ်များ တက်ရောက်၍ အမှတ်တရ စကား၊ ကဗျာရွက်ခြင်း နှင့် မြဆင့်ချယ် ရေးသားခဲ့သော စာများ ဖတ်ခြင်း တို့ ပြုလုပ်ခဲ့သည်ဟု သိရှိရပါသည်။ အမှတ်တရ စာ စကားတို့ကိုလည်း ဆက်လက်ဖေါ်ပြပေးသွားပါမည်။

ဆက်လက်ဖတ်လိုလျှင် ....>>

Wednesday, June 16, 2010

အချိန်များနှင့် ခရီးသွားခြင်း

မနေ့က .......
အိပ်မက်များကို ပြန်တူးဆွတော့
စိတ်ကူးအပျက် တစ်ခုနဲ့
နာရီ ရထားတစ်စင်း
တွေ့ရှိခဲ့တယ် ......။

တချို့ကတော့ ဝေဝေဆာဖူးပွင့်လို့
တချို့ကတော့ နွမ်းရိခြောက်သွေ့
တချို့လည်းြွေကလွင့်ခဲ့ပြီ ........
ကျော်လွန်ခဲ့တဲ့ ဘူတာတွေ
လွမ်းဆွတ်နေရုံမှ ဆုပ်ဆုပ်ပိုင်းခွင့်မရှိ ။

အတိတ်ကိုပြန်ငဲ့ကြည့်
မောင်ကံချိုရှိသည် ။
မြဆင့်ချယ်ရှိသည် ။
အငြင်းအခုံများ ရှိသည် ။
စနေစာပေအဖွဲ့ရှိသည် ။
ကုက္ကိုပင်တန်းတွေရှိသည် ။
နာရီစင် ရှိသည် ။
စက်ဘီးစီး ယဉ်ကျေးရှိသည် ။
ရည်းစားများလည်း ရှိသည် ။
မိုးနတ်မယ်ဆိုင် ရှိသည် ။
အခုတော့ ......
မမြဲခြင်းကို မလွန်ဆန်နိုင်ပြီဘဲ ။

ကမ္ပည်းမှာ တင်ကျန်
အလံကို စိုက်လို့
မသေတဲ့ဆေးကို သူစား
ကျောက်သား ရာဇဝင်ကို ထုထွင်းခဲ့
တမ်းခြင်းမဲ့တဲ့ မှတ်တိုင်တွေ
ဖေါက်ခဲ့တဲ့ လမ်းပေါ်
အရံသင့် စီးဆင်းနေရုံနဲ့
ငါတို့ ကျေနပ်ကြမှာလား .......။

ကိုယ်ရည်သွေး တီးလုံးတွေမတီးဘဲ
စိမ်းလန်းတဲ့ တောအုပ် စိုက်ပျိုးကြရအောင်
အတ္တဟိတ စကားလုံးလှိုင်းတွေ
ရိတ်သိမ်းကြရအောင်
မဟောင်းသော နေ့သစ်မှာ
မှတ်တိုင်တွေသာ စိုက်ထူကြစို့ ........။

ယွန်းအိမ်

ဆက်လက်ဖတ်လိုလျှင် ....>>

မြဆင့်ချယ်(ခ)ခေါင်ခါးခါး(ခ)စုကောက်စိမ်း ၏ ပုံနှိပ်ဖေါ်ပြခဲ့ပြီးသော ၀တ္တုတို / ရှည် စာစု စာရင်း

မြဆင့်ချယ်(ခ)ခေါင်ခါးခါး(ခ)စုကောက်စိမ်း ၏
ပုံနှိပ်ဖေါ်ပြခဲ့ပြီးသော ၀တ္တုတို / ရှည် စာစု စာရင်း

၁။အုန်းခြစ်နှင့်လေယာဉ်ပျံ -ခေါင်ခါးခါး
ရင်ခုန်သံမဂ္ဂဇင်း(ဇန်န၀ါရီလ၊၁၉၉၇)
၂။တံခါးခေါက်သံ -မြဆင့်ချယ်
မဟာမဂ္ဂဇင်း(မတ်၊၁၉၉၉)
၃။မိတ်ဆွေများရဲ့ချိုင်းထောက် -ခေါင်ခါးခါး
မဟာမဂ္ဂဇင်း(ဇူလိုင်၊၂၀၀၀)
၎။ဦးလေးကြီးနဲ့မလုံးတင် -မြဆင့်ချယ်
မဟာမဂ္ဂဇင်း အခန်းဆက်ဝတ္ထူရှည် (ဇူလိုင်၊၁၉၉၉-၈ လ ဆက်တိုက်)
၅။ရီဝေယံတိုက်တန်းနစ်ဆရာဟောက်ရဲ့အချစ်စ်စစ်များ -မြဆင့်ချယ်
မဟာမဂ္ဂဇင်းဝတ္ထုရှည် (မတ်၊၂၀၀၀)
၆။တောင်တန်းများရဲ့သတ်ပုံ -စုကောက်စိမ်း
ရွှေအမြူတေ(အောက်တိုဘာ၊၂၀၀၀)
၇။သူမနှင့်မသာတည်းခိုခန်း -မြဆင့်ချယ်
မိုးဂျာနယ်(ဇွန်၊၂၀၀၀)
၈။အာရုဏ်ဆွမ်းအလှူရှင်များ -ခေါင်ခါးခါး
မြှားနတ်မောင်(အောက်တိုဘာ၊၂၀၀၀)
၉။အယား -ခေါင်ခါးခါး
မြှားနတ်မောင်(မတ်၊၂၀၀၁)
၁၀။အိုကြီးအိုမများနှင့် တွေ့ဆုံခြင်း -ခေါင်ခါးခါး
ကလျာ(ဧပြီ၊၂၀၀၁)
၁၁။ခင်ဗျားတို့တငြင်းငြင်းတခုန်ခုန်ဖြစ် -ခေါင်ခါးခါး
ဖြစ်နေကြတဲ့ ပိုစ့်မော်ဒန်သပွတ်အူဝတ္ထု
စတိုင်သစ်မဂ္ဂဇင်း(မေ၊၁၉၉၉)
၁၂။ချက်ကော့သေနတ်နှင့်ကျနော့်ပုတီး -ခေါင်ခါးခါး
ရနံ့သစ်မဂ္ဂဇင်း(ဇွန်၊၂၀၀၂)
၁၃။ဖနိုင်သူနှင့်အင်တာဗျူး -မြဆင့်ချယ်
နွယ်နီမဂ္ဂဇင်း(ဇူလိုင်၂၀၀၂)
၁၄။လက်နဲ့ရေးတဲ့စာ -မြဆင့်ချယ်
မုခမဂ္ဂဇင်း(သြဂုတ်၂၀၀၂)
၁၅။ချစ်တီးမလေးရဲ့ အကုသိုလ်နှင့် -မြဆင့်ချယ်
အခြားဝတ္ထုတိုများ
နွယ်နီမဂ္ဂဇင်း(ဖေဖေါ်ဝါရ်ီလ)
၁၆။အမေ့ကုသိုလ်များမှသည် -မြဆင့်ချယ်
လုံမလေးမဂ္ဂဇင်း(ဧပြီ၊၂၀၀၂)
၁၇။တစ်ခုလပ်မီးခိုးများ -မြဆင့်ချယ်
မြန်မာ့ဓနမဂ္ဂဇင်း (သြဂုတ်၊၂၀၀၂)
၁၈။ကြွေပန်းပွင့်ချိန်နှင့်အခြားဝတ္ထုတိုများ -ခေါင်ခါးခါး
မြှားနတ်မောင်မဂ္ဂဇင်း (မေ၊၂၀၀၂)
၁၉။နေအ၀င်စောကြသူများနှင့်အင်တာဗျုး -မြဆင့်ချယ်
ချယ်ရီမဂ္ဂဇင်း(အောက်တိုဘာ၊၂၀၀၂)
၂၀။အလှပြင်ဆိုင်က မိန်းမတစ်ယောက်ရဲ့ -ခေါင်ခါးခါး
နောက်ဆုံးပေါ်မျက်ရည်
Image Magazine(ဒီဇင်ဘာ၊၂၀၀၂)
၂၁။နှင်းဆီနီရဲ့ည -ခေါင်ခါးခါး
ရွှေအမြူတေ(ဇန်န၀ါရီ၊၂၀၀၃)
၂၂။အဘိုးကြီးလေးယောက်ရဲ့ညနေခင်း -ခေါင်ခါးခါး
ရနံ့သစ် (ဖေဖေါ်ဝါရီ၊၂၀၀၃)
၂၃။မိန်းမတစ်ယောက်ရဲ့ ဆောင်း စောင်းစောင်း -မြဆင့်ချယ်
ချယ်ရီမဂ္ဂဇင်း(ဖေဖေါ်ဝါရီ၊၂၀၀၃)
၂၄။သမီးကလေးရဲ့ဓါတ်ပုံ -ခေါင်ခါးခါး
ချယ်ရီမဂ္ဂဇင်း(ဇန်န၀ါရီလ၊၂၀၀၃)
၂၅။အတတ်ပညာမပါတဲ့ဝတ္ထု -မြဆင့်ချယ်
ရနံ့သစ်မဂ္ဂဇင်း(ဇန်န၀ါရီ၊၂၀၀၃)
၂၆။မတ်တတ်စကား -ခေါင်ခါးခါး
နွယ်နီမဂ္ဂဇင်း(ဇူလိုင်၊၂၀၀၃)
၂၇။ဦးဘအောင်သို့ပြိုင်တူညတွေ -စုကောက်စိမ်း
Image Magazine (ဇွန်၊၂၀၀၃)
၂၈။ဦးဘအောင်ရဲ့အတောင်ပံများ -မြဆင့်ချယ်
မြရည်သီတာမဂ္ဂဇင်း(မေ၊၂၀၀၃)
၂၉။၂၀၀၂ခုနှစ်အတွက်နောက်ဆုံရေးတဲ့တ္ထု -ခေါင်ခါးခါး
မြရည်သီတာမဂ္ဂဇင်း(မေ၊၂၀၀၃)
၃၀။သနပ်ခါးထိန်း -ခေါင်ခါးခါး
ကလျာမဂ္ဂဇင်း(မတ်၊၂၀၀၃)
၃၁။ဖိုးလုံးနှင့်ကြောင်ကလေးများ -ခေါင်ခါးခါး
ရွှေအမြူတေမဂ္ဂဇင်း(စက်တင်ဘာ၊၂၀၀၃)
၃၂။ပိုးဖလံများနှင့် တွေ့ဆုံခြင်း -ခေါင်ခါးခါး
မှုခင်းရောင်စုံမဂ္ဂဇင်း(မတ်၊၂၀၀၄)
၃၃။လိပ်ပြာကလေးတွေရေးတဲ့ပန်းချီ -စုကောက်စိမ်း
Image Magazine(နိုဝင်ဘာ၊၂၀၀၄)
၃၄။လရောင်အောက်ကြိုးတန်းပြီး အ၀တ်လှန်းတဲ့မြို့ -ခေါင်ခါးခါး
ချယ်ရီမဂ္ဂဇင်း (နိုဝင်ဘာ၊၂၀၀၄)
၃၅။မဖတ်ချင်ဘဲဖတ်ခဲ့ရတဲ့မဝေးလှသော -ခေါင်ခါးခါး
တောင်တန်းပေါ်က ၀တ္ထုမဟုတ်တဲ့ဝတ္ထု
သည်းထိတ်ရင်ဖိုမဂ္ဂဇင်း(နိုဝင်ဘာ၊၂၀၀၄)
၃၆။လူသားဆန်တဲ့လူသားဝတ္ထု -မြဆင့်ချယ်
နွယ်နီမဂ္ဂဇင်း(မေ၊၂၀၀၄)
၃၇။တောခြောက်ကြသူများ -ခေါင်ခါးခါး
သည်းထိတ်ရင်ဖိုမဂ္ဂဇင်း(မတ်၊၂၀၀၄)
၃၈။ချစ်ခြင်းမေတ္တာများနှင့်တွေ့ဆုံခြင်း -မြဆင့်ချယ်
မှုခင်းရောင်စုံမဂ္ဂဇင်း(ဧပြီ၊၂၀၀၄)
၃၉။ချိုချို -ခေါင်ခါးခါး
နွယ်နီမဂ္ဂဇင်း(သြဂုတ်၊၂၀၀၄)
၄၀။ကမ္ဘာဦးကတည်းကသည်းခဲ့တဲ့ရောဂါ -ခေါင်ခါးခါး
ရွှေအမြူတေ(ဇန်န၀ါရီ၊၂၀၀၅)
၄၁။အဖော်ငတ်သူလေးရဲ့စာမျက်နှာ -ခေါင်ခါးခါး
ရွက်နုဝေ(ဒီဇင်ဘာ၊၂၀၀၁)
၄၂။အာရုံများရဲ့အရုဏ်ဦး -ခေါင်ခါးခါး
ရွှေအမြူတေ(ဧပြီ၊၂၀၀၈)
၄၃။တစ်နွေပျိုကထမင်းအိုးလေးရဲ့ခေါင်းဆောင်ရှင် -ခေါင်ခါးခါး
ရတီမဂ္ဂဇင်း(ဒီဖင်ဘာ၊၂၀၀၄)
၄၄။ဘ၀နံပါတ်ကိုးဆယ့်နှစ် -မြဆင့်ချယ်
စတိုင်သစ်(ဖေဖေါ်ဝါရီ၊၂၀၀၃)
၄၅။နှလုံးသားနှင့်အင်္ဂလိပ်စာ -မြဆင့်ချယ်
ရတီမဂ္ဂဇင်း(အောက်တိုဘာ၊၂၀၀၃)
၄၆။မျက်ရည်များနှင့်အင်တာဗျူး -ခေါင်ခါးခါး
မှုခင်းရောင်စုံ(စက်တင်ဘာ၊၂၀၀၃)
၄၇။ကောင်မလေးရဲ့လက်ဖ၀ါးထဲမှာရောင်ရှိသည် -မြဆင့်ချယ်
Image Magazine (ဧပြီ၊၂၀၀၂)
၄၈။တယ်လီဖုန်းတွေမြင်ရင် နာကျင်နေတတ်သူဆီက -ခေါင်ခါးခါး
ကျွန်တော်ဆီရောက်ရောက်လာသောစာများ
Image Magazine (ဖေဖေါ်ဝါရီ၊၂၀၀၃)
၄၉။သင်္ချိုင်း -မြဆင့်ချယ်
Image Magazine (ဧပြီ၊၂၀၀၃)
၅၀။သနပ်ခါးနှင့်စက်ဘီးလေး -မြဆင့်ချယ်
Faces မဂ္ဂဇင်း(စက်တင်ဘာ၊၂၀၀၄)
၅၁။အပျောက်ကောက်ခံလိုက်ရတဲ့ -ခေါင်ခါးခါး
ယောက်ကျားတစ်ယောက်ရဲ့သိက္ခာ
Image Magazine (မေ၊၂၀၀၃)
၅၂။ညီမလေးလည်းလှချင်တယ် -စုကောက်စိမ်း
လုံမလေးမဂ္ဂဇင်း(အောက်တိုဘာ၊၂၀၀၂)
၅၃။ညီမလေးရွှာတဲ့မိုး -မြဆင့်ချယ်
Image Magazine (စက်တင်ဘာ၊၂၀၀၃)
၅၄။ဒဂုန်တာရာဆန် -မြဆင့်ချယ်
ကဘော်မဂ္ဂဇင်း အမှတ်(၂)

ဆက်လက်ဖတ်လိုလျှင် ....>>

အမှတ်တရစကားများ

ကျွန်မတို့အနေနဲ့...
ဆရာခေါင်ခါးခါး(ကလေး)ရဲ့စာအသစ်တွေမဖတ်ရတော့ဘူးဆိုတွေးမိတိုင်း
ဝမ်းနည်းရပါတယ်။ ။


မိုင်းမိုင်းမွန်(ခ)မိုးမမမွန်

စာရေးဆရာ/အယ်ဒီတာ

ဖက်ရှင်မဂ္ဂဇင်း၊ရန်ကုန်



ရေးသလောက်ကောင်းခဲ့တဲ့လူပါ.....။ ။




အောင်ဘညို(ကဗျာဆရာ)

ဆက်လက်ဖတ်လိုလျှင် ....>>

သက္ကရာဇ် ဗုံသံချိုချိုတွေနဲ့ လမင်းကို မျိုထားတဲ့မြို့ကလေး

ရေးသူ...အောင်မှူးဝေ

သူ့ အရင်နာမည်ကကျေးတောင်ညို
အမှောင်ဆိုရင်
ချောင်ကြိုချောင်ကြားကတောင်လက်မခံ
လရောင်ကို စားမာန်ခုတ်ခုတ်ပြီး
ခေတ်သစ်ကိုယ်ပိုင်ဟန်ရိုးရိုးကုပ်ကုပ်ကလေးနဲ့
တောင် သေလာဦးထုပ်အောက်မှာ
ကိုယ်ထူကိုယ်ထအလင်းတွေ ထုတ်လုပ်နေတဲ့မြို့
ဆိုလာပြားတွေ ၀င်းနေတဲ့မြို့
အထွေးတို့ရဲ့မြို့.........
ချိုအေးတို့ရဲ့မြို့.............
မြဆင့်ချယ်ရဲ့မြို့............
မောင်ကံချိုရဲ့မြို့...........
ဆောင်ရန်ရှောင်ရန်တွေမလိုတဲ့မြို့
ငါတို့ရာဇ၀င်တွေကိုရေလောင်းပေါင်းသင်ပေးတဲ့မြို့
ကလေးမြို့...............။


ဒီမြို့မှာ............လက်ခမောင်းပြောင်းပြန်ခတ်တဲ့မြစ်ကလေးနဲ့
ဒီမြို့မှာ............ကတ်တီးကတ်ဖဲ့ ငါလိုကဗျာဆရာတွေနဲ့
ဒီမြို့မှာ...........သူ့မဟူရာလည်ဆွဲကို
လူကြားသူကြားထုတ်ထုတ်ကြွားတတ်တဲ့
တောင်ဇလပ်ဟိုတယ်ရှေ့
မြို့လယ်ခေါင်လေယာဉ်ကွင်းကလေးနဲ့
ဒီမြို့မှာ.....သံသရာဆွဲဆန့်သလို
မြန်မာအိန္ဒိယချစ်ကြည်ရေးလမ်းကြီးနဲ့
ဆယ့်နှစ်ရာသီ............
ပန်းပွင့်နံပါတ်ဆယ့်နှခုစလုံးပဲ
မြန်မာဘုရားပွဲ.....ကုလားဘုရားပွဲ
ခရစ်ယာန်ဘုရားပွဲ...........အစ္စလာမ်ဘုရားပွဲတွေနဲ့
အစားလည်းတော်တော်ပုပ်တဲ့မြို့ကလေး
တရားလည်းတော်တော်ဟုတ်တဲ့မြို့ကလေး
ဝေးခဲ့ပေါ့
ခေတ်ဟောင်းတေးနဲ့ငါနဲ့ဝေးသလို
ငါ့မြို့ကလေးနဲ့ ငါနဲ့ဝေးခဲ့ခြင်း
လမင်းကိုမျိုမျိုပြီး
သက္ကရာဇ်ဗုံသံချိုချိုတွေနဲ့
လင်းချင်တိုင်းလင်းနေတဲ့မြို့ကလေးရေ
သင့်....တေးသံတွေကျန်းမာစွာအတောင်ပံခတ်စေကြောင်း
ဒီကဗျာရေးရင်းငါဆုတောင်းလိုက်တယ်။ ။



အောင်မှူးဝေ
၂၀၁၀-ခုနှစ် မေလ ထုတ် ဖက်ရှင်အင်းမေ့ခ်ျမဂ္ဂဇင်း

ဆက်လက်ဖတ်လိုလျှင် ....>>

Sunday, June 13, 2010

(၂) နှစ်ပြည့် အလွမ်း

ကလေးမြို့ မှ ကွယ်လွန်သူ စာရေးဆရာ မြဆင့်ချယ်၏ ၂၀၁၀ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ကျရောက်မည့် ၂နှစ် ပြည့် အထိမ်းအမှတ် အဖြစ် ပြုလုပ်သွားမည်ဖြစ်ပါ၍ အမှတ်တရ စာ/ ကဗျာ/စကား များကို kalay.328@gmail.com သို့ရေးသားပေးပို့နိုင်ပါသည်။

ဆက်လက်ဖတ်လိုလျှင် ....>>

စာရေးဆရာ မြဆင့်ချယ်၏ ကိုယ်ရေး အကျဉ်း

အမည်ရင်း ၀င်းဗို(ခ) ၀င်းနောင်ဆင့် ဖြစ်သည်။ ၁၉၆၅ ခုနှစ် ဒီဇင်ဘာလ (၂၂) ရက် ဗုဒ္ဓဟူးနေ့ တွင် စစ်ကိုင်းတိုင်း၊ကလေးမြို့ တွင် အဘ (ဦးဆင့်) အမိ (ဒေါ်တင်မြ) တို့မှ မွေးဖွားခဲ့သည်။ မွေးချင်း (၁၂) ယောက် အနက် (၈) ယောက်မြောက် သားဖြစ်သည်။
၁၉၈၁-၈၂-၈၃ တွင် တက္ကသိုလ်ဝင်တန်းကို ၀င်ရောက်ဖြေဆို၍ မအောင်မြင် သည့်နောက် ဘ၀မျိုးစုံတွင် ကျင်လည် ခဲ့သည်။ ထိုမှ စ၍ ၁၉၈၄ ခုနှစ်တွင် “နွေဆင့်ဆင့်နှောင်း” ဟု အမည်ရသော စာအုပ် အငှားဆိုင်ကို ဖွင့်လှစ်ခဲ့သည်။
၁၉၈၃ ခုနှစ် ဇူလိုင်လ ရုပ်ရှင် အောင်လံ မဂ္ဂဇင်းတွင် “ဂျူလီဆင်မြူရယ်” အချစ်ကဗျာဖြင့် စာပေနယ်သို့ စတင်ဝင်ရောက်ခဲ့သည်။ ၁၉၉၁ ခု ဖေဖေါ်ဝါရီလ လတွင် ပေဖူးလွှာ မဂ္ဂဇင်းတွင် အသက်အငယ်ဆုံး ကဗျာဆရာအဖြစ် “တစ်စုံတရာ” ကဗျာ ဖေါ်ပြခံရသည်။
၁၉၉၅ ခုနှစ် “ကလေး - နတ်ချောင်း” ရထားလမ်းဖွင့်ပွဲ အထိမ်းအမှတ် ကဗျာ ပြိုင်ပွဲတွင် “ရထားအမေ” ကဗျာဖြင့် ပထမဆု ရရှိခဲ့သည်။
၁၉၉၆ ခုနှစ် တွင်ပင် မီးရထား ၀န်ကြီးဌာနမှ ပြုလုပ်သော စာပေပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်၍ “ အလယ်က အသံ” ဟု အမည်ရသော ၀တ္ထူဖြင့် ဒုတိယဆု ရရှိပြီး စာအုပ်အဖြစ် ထွက်လာချိန်တွင် ထိုဝတ္ထူ ဖေါ်ပြခြင်း မရှိခဲ့ပေ။
ယင်းဆုပေးပွဲမှ အပြန် “ဆုခရီးစဉ်” ဆာင်းပါးကို ဆရာ မြတ်ခိုင်၏ မန္တလေးဂျာနယ် မဂ္ဂဇင်းတွင် ဖေါ်ပြပါရှိပြီး စာပေလောကကို ဂယက်ထ စေခဲ့သည်။ “မြဆင့်ချယ်” ဟူသော ကလောင်အမည်ကို လူသိထင်ရှား ဖြစ်စေခဲ့သော ဆောင်းပါဖြစ်ပြီး စာအိုးနှင့် ဗေဒါညိုတို့၏ ဝေဖန်ခြင်းကို ပြင်းထန်စွာ ခံရသူဖြစ်သည်။
၁၉၉၆ ခုနှစ် တွင် တတိယအကြိမ် မိုးမိုးအင်လျား အမှတ်တရ ရသ ၀တ္ထူတို ပြိုင်ပွဲတွင် “ခေါင်ခါးခါး” ဟူသော ကလောင်ခွဲဖြင့် နှစ်သိမ့်ဆု တက်ယူခဲ့သည်။ ၀တ္ထူအမည်မှာ “အဖြူအမည်း မြင်ကွင်းကျယ်” ဖြစ်သည်။
၁၉၉၆ ခုနှစ်တွင် မိုးကုတ်မြို့ စိန်ပန်းပြာ ကဗျာစာပေအသင်းမှ ပြုလုပ်သော အမေကဗျာ ဖိတ်ခေါ်ပြိုင်ပွဲတွင် တတိယဆု ကိုရရှိခဲ့သည်။
၁၉၉၈ ခုနှစ်တွင် ပဉ္စမအကြိမ် မိုးမိုးအင်းလျား ၀ထ္ထုတို ပြိုင်ပွဲတွင်“ဟိုဘက်လမ်းမှာ လူဆိုးတွေရှိတယ် နှင့်အခြားဝတ္ထုတိုများ” ၀ထ္ထုဖြင့် ဒုတိယဆုကို ရရှိခဲ့သည်။ ၁၉၉၉ ခုနှစ် ဆဌမအကြိမ် မိုးမိုးအင်းလျားဝထ္ထုတိုပြိုင်ပွဲတွင်“ခုခံအား ကျဆင်းသူများရဲ့ညနေ” ၀ထ္ထုဖြင့် အထူးဆုကို ရရှိခဲ့သည်။ ထိုမှစ၍ “စုကောက်စိမ်း(ကလေးဈေး)”ဟူသော ကလောင်အမည် ကိုမွေးထုတ်ခဲ့သည်။
၁၉၉၉ ခုနှစ် ရာပြည့်အကြို ဆရာကြီးဇေယျ အထိမ်းအမှတ် ပထမအကြိမ် ၀ါမိုးအောင် ၀ထ္ထုတိုပြိုင်ပွဲတွင် “ငှက်ကလေးတွေက တသုန်သုန်”၀တ္ထု စုကောက်စိမ်း (ကလေးဈေး) ၊ကလောင်ဖြင့် အထူးဆုရရှိခဲ့သည်။ ၂၀၀၀ ခုနှစ်သတ္တမအကြိမ်မြောက် မိုးမိုး(အင်းလျား)၀တ္ထုတို ပြိုင်ပွဲတွင် “ငှက်ခြေရာ လေမှာ ထင်စေတော့ရယ်လို့” ၀တ္ထုကို စုကောက်စိမ်း(ကလေးဈေး) အမည်ဖြင့်ပင် ဒုတိယဆု ရရှိခဲပြန်၏။
၂၀၀၂ ခုနှစ်တွင် ရွှေအမြုတေ ဦးဝင်းငြိမ်း ရွေးချယ်သည့် ဒုတိယအကြိမ် မြောက် အမေ ၀တ္ထုတိုပြိုင်ပွဲတွင်“ အနောက်ဘက် ကိုင်းနေသော သစ်ပင်များ” ၀တ္ထုကို ခေါင်းခါးခါး(ကလေး) အမည်ဖြင့် အထူးဆု ရရှိခဲ့သည်။
သူ၏အခြားကလောင် အမည်များမှာ သူးသူးလှည့်၊သိခက်သွေ၊ ရှိလက်ရွှေ၊ လက်စွမ်းချို၊ စွန်းဦးတင်၊ စစ်မြချို ၊လေညှင်း(ကလေး)၊ ညီညိုညက်၊ စစ်အောင်နိုင်၊ လေးလေးချော ၊ သမီးချော(ချင်းတောင်ခြေ)၊စိုမြလွင်၊ သင့်ကိုယ်စေ၊မြမောင်းချိန်၊အိုအိုခေါင်၊မြခေါင်စု၊ရိုးရိုး(ကလေး)၊စီဆီယီရီ၊စသည့် ကလောင်ခွဲများစွာဖြင့် ရေးသားခဲ့သည်။
သူ၏နောက်ဆုံး ရေးသားခဲ့သော စာမူမှာ “အိပ်မက် ဖူးကို တူးဖော်ကြသူများ” ဆောင်းပါးဖြစ်ပြီး ၂၀၀၈ ဇူလိုင်လထုတ် မြန်မာ့ ဓန မဂ္ဂဇင်းတွင် မျက်နှာဖုံးဆောင်းပါး အဖြစ်ပါရှိခဲ့သည်။
မြန်မာ့ဓန မဂ္ဂဇင်းမျက်နှာဖုံး ဆောင်းပါးအဖြစ် (၃) ကြိမ်မြောက် နောက်ဆုံး ဆောင်းပါးဖြစ်သည်။
ပထမအကြိမ်မှာ“နယ်စပ်မျဉ်းပေါ်က ငွေနှင်းမှုန်မှုန် နန်းဖာလုံနှင့် ရင်ခုန်ရသော အခြားဝတ္ထုတိုများ”(၂၀၀၂ ခုနှစ်မတ်လ)
ဒုတိယအကြိမ်မှာ “ချင်းတောင်ခြေသွားတောလား” ၂၀၀၂ ခုနှစ် ၊ဇူလိုင်လ တွင် မျက်နှာဖုံးဆောင်းပါး အဖြစ် ပါရှိခဲ့သည်။
သူ၏အကြိုက်ဆုံး စာရေးဆရာမှာ သိန်းဖေမြင့် ဖြစ်ပြီး အကြိုက်ဆုံး နိုင်ငံတကာ စာရေးဆရာမှာ ဂျွန်စတိန်းဘက် ဖြစ်သည်။ အကြိုက်ဆုံး စာအုပ်တစ်အုပ်မှာ မောင်လွန်းကြင်၏ “မေတ္တာ မြနှင်းရည် နှင့် အခြားဝတ္ထုတိုများ” စာအုပ်ဖြစ်သည်။
၂၀၀၈ ခုနှစ် ရွှေ အမြုတေ ၀တ္ထုရှည်စာပေဆု“ အာရုံများရဲ့ အာရုဏ်ဦး” ၀တ္ထုကို ခေါင်ခါးခါး(ကလေး)ဖြင့် ရရှိခဲ့သည်။
၁၉၉၉ ခုနှစ် နိုဝင်ဘာတွင် သာသနာ့ဘောင်သို့ ၀င်ခဲ့ပြီး ဦးဝိမလဘွဲ့တော်ဖြင့် သက်တော်(၄၄) နှစ် သိက္ခာတော် (၉)၀ါ၂၀၀၈ ခုနှစ် ဇွန်လ (၁၇)ရက် ည (၁၀း၃၀) တွင် (၉၆) ပါးသော ရောဂါဖြင့် ကလေးမြို့သံဃာ ဆေးရုံ၌ ပျံလွန်တော်မူ သည်။ မြဆင့်ချယ် (ခေါ်) ဦးဝိမလသည် ၂၀၀၈ ခုနှစ်ရွှေအမြုတေ စာပေဆုပေးပွဲ တက်ရောက်ရန် ဖိတ်ကြားခြင်း ခံရပြီး ဆုပေးပွဲ ကျင်းပရက် မတိုင်မီ ရက်ပိုင်းအလို၌ ဘ၀နတ်ထံ ပျံလွန်တော် မူခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်လိုလျှင် ....>>

မငွေ

ရေးသူ မြဆင့်ချယ်

မငွေ မငွေ
ခင်ဗျားက……ကံကြမ္မာကို မယုံဘူး
ဘာသာရေးကို ….အလေးမထားဘူး
ဆွေမျိုးတွေနဲ့ဝေး……၀န်းကျင်းကို အရေးမလုပ်ဘူး။

ခင်ဗျားက
ပတ်ချွဲနပ်ချွဲနဲ့
ကောင်းကောင်းယုယပြတတ်တဲ့
ယောင်္ကျားတွေကိုပဲ အားထားတယ်

မငွေ…..
ခင်ဗျားက
ခင်ဗျား တွေ့ဖူးတဲ့ ယောင်္ကျားတွေနဲ့
ခင်ဗျားအတွက် မှားသလား…..မှန်သလား
ကျွန်တော်မစဉ်းစားမိပေမယ့်
ကျွန်တော့ အတွက် ခါးသီးရတယ်ဆိုတာတော့
အားနာနာနဲ့ ပြောပါရစေ။

မငွေ….
ခင်ဗျားက ယောင်္ကျားတွေကို ငွေနဲ့ပေးဝယ်တယ်
ခင်ဗျားမလိုချင်တဲ့အခါ
ပြန်ရောင်းထုတ်လို့ ရဖူးပါသလား

မငွေ….
မမြင်ရတဲ့ အရာတွေကို
ဘာလို့များ ချောင်းကြည့်နေတာလဲဗျာ
မမြင်ရတဲ့ အရာတွေကြား
လေ…..ပြီးရင်တော့ ယောင်္ကျားတွေပါ။

မငွေ….
ကျွန်တော်အရက်ကြိုက်တော့
ခင်ဗျားက အရက်ဝယ်တိုက်တယ
ကျွန်တော် အလုပ်မရှိတော့
နေ့စဉ် အသုံးစရိတ် ထုတ်ပေးမယ်။
တောင်းမှာ အကွပ်ဆိုပြီး
ကျွန်တော့ကို အ၀တ်တွေ ဆင်ပေးတယ်။
ဒါပေမဲ့…..

ခုတော့
ခင်ဗျားက
ယောင်္ကျားတွေကို အကြိုက်လိုက်လိုက်ပေးရင်း
ယောင်္ကျားတွေကို အရွဲ့တိုက်တိုက်ပြေးရင်း
ခင်ဗျားထိုးပေးတဲ့ ပါးကလေးကို
ကျွန်တော် မွှေးမွှေးမပေးဝံ့ ခဲ့ဘူး
ကျွန်တော့်ဘ၀ကို ကျွန်တော်တွန့်တိုတော့
ခင်ဗျားငိုပြန်ရော
ဒါမျိုးကိစ္စဆိုတာ သနားလို့မှမရတာ။

မငွေ….
ခင်ဗျားက
ယောင်္ကျားတွေကို ယောင်္ကျားတွေနဲ့ အရွဲ့တိုက်တယ်။
ယောင်္ကျားဆိုတာက
မိန်းမတွေ အရွဲ့တိုက်ဖို့ရာ
လိုက်ဖက်တဲ့အရာ မဟုတ်မှန်း
ခင်းဗျား ဆန်းစစ်ခဲ့ဖို့ကောင်းတာပေါ့။
လှည်းနင်းခံနေရတဲ့ ခွေးအမကြီးနှယ်
မရှူနိုင်မကယ်နိုင် ဒုက္ခရောက်တော့
ဘယ်သူက တစ်ခေါက်လာတွေ့ဖူးပါသလဲ။

တစ်ခါတစ်ခါတော့
သတိရပါတယ်…မငွေ
လွမ်းတယ်လို့တော့ ဟုတ်ဘူးပေါ့ဗျာ
ကျေးဇူးတင်စရာတွေက အများသား
ကျွန်တော်….မူးယစ်ဆေးဝါးသားကောင်ဘ၀နဲ့
ခွေးလိုတောင် မဟောင်နိုင်တဲ့ဘ၀မှာ
ခင်ဗျားက အိမ်ပေါ်ခေါ်ပျော်အောင်ထား
စားချင်တာဝယ်ကျွေး
“အေး…..မင်းဆေးဖြတ်ရမယ်”ဆိုပြီး
ကျွန်တောဘ၀ခရီးကို တဆစ်ချိုးပေး
အမေ့ရဲ့ ဒုက္ခအိုးကလေးလို သဘောထားလို့
ကိုယ့်သွေးသားနှယ် ပြုစုခဲ့တာတွေလည်း
ခုထိ….မေ့ပါဘူးဗျာ။

ငါ့မောင်….ငါ့မောင်….နဲ့
ခင်ဗျားထောင်သာကျသွားတယ်
ခင်ဗျား ကျွန်တော့်ကို ရမသွားဘူမို့လား။
ခင်ဗျားတွေ့ဖူးတဲ့ ယောက်ျားတွေနဲ့
ကျွန်တော့ကို တစ်တန်းတည်း ထားခဲ့ပေမယ့်
ခင်းဗျား…..အားစိုက်ခဲ့ရတာပဲ အဖတ်တင်တယ်
မဟုတ်ဘူး။
ပွင့်ပွင့်လင်းလင်း ပြောရရင်တော့
ခင်ဗျားကို….ကျွန်တော် ချစ်ကြည့်ခဲ့ဖူးပါတယ်
ဖျစ်ညှစ်ပြီးကို ….ကြိုးစားချစ်ကြည့်ခဲ့ဖူးပါတယ်။

ဒါပေမဲ့…
ကျွန်တော် ချစ်ချင်စရာလို့
ခင်ဗျားမှာ အသံလေးတောင် မရှိခဲ့ဘူး၊
ဘုရားစူးစေံ
ရင်တောင် ငွေ့ငွေ့မခုန်ခဲ့ပါဘူး
စက်ဘီးတစ်စီးတည်း တူတူမစီးရဲအောင်ကို
ခင်ဗျားကို ကျွန်တော် ချစ်မရခဲ့ဘူး။
ခင်ဗျားကို ကျွန်တော် ချစ်မရခဲ့ပုံများ
ခုနေ….ပြန်တွေးတာတောင်
ယောင်ယောင်လေးမျှ ချစ်မရသေးပါဘူး
ခင်ဗျားကြီး ကျွန်တော်မချစ်ဘူး။

မငွေ…ရာ
ယောင်္ကျားတွေရဲ့ ပလီပလာအပြောကို
တော်တော်မနောခွေ့ကိုး
ယောင်္ကျားတွေ တစ်ယောက်ပြီးတစ်ယောက်
ခေါင်း…..ခေါက်…..ခေါက်…ခေါက်ပြီး
ငွေနဲ့ပေါက်ဝယ်ထားခဲ့ပုံများ
ဟော…တစ်ယောက်ဟော…တစ်ယောက်
စိတ်ဆိုးရင်လည်းဆိုးဗျာ
လင်ကုန်ကူးနေသလား အောက်မေ့ရ
အားကိုးလောက်တဲ့ယောက်ျားဆိုလို့လည်း
ယောင်္ကျားဖြစ်နေတာတွေပဲရှိခဲ့တယ်။

မငွေ ….
ခင်ဗျား အိမ်ထောင်ရှိချင်တာလား
ကာမပိုင်လင်ယောင်္ကျား အနားမှာထားချင်တလား
အိမ်ဦးနတ်အဖြစ် ကိုးကွယ်ချင်တာလား
အဆွေခင်ပွန်း အဖြစ် ပေါင်းသင်းချင်တာလား
ခင်ဗျားကိုယ်ခင်ဗျား မေးကြည့်ဖူးပါသလား။
ယောင်္ကျားတွေဆိုတာက
အဆာပြေစားရတဲ့ မုန့်တစ်မျိုးမှ မဟုတ်တာ၊
ယောင်္ကျားဆိုတဲ့ မြေလွှာတွေကို
ခင်ဗျားဘယ်လောက်ထိ
နက်နက်တူးသွားနိုင်ခဲ့ပါသလဲ
ခင်ဗျား ဘယ်လောက်ထိ နားလည်သွားခဲ့ပါသလဲ
သေချာတာကတော့……
ခင်ဗျား ကျွန်တော့်ကို ခံစားလို့ရမသွားဘူးမို့လား။
လှည့်ရှာဖောက်ပြားစရာချည်း။

ကျွန်တော်လည်း
ယောင်္ကျားစစ်စစ်ကြီးပါဗျာ
ပက်ပက်စက်စက်
မြက်မြက်ကလေး ချစ်တတ်တာပေါ့။
ဘာဆန်းလဲဗျာ
ယောင်္ကျားတစ်ယောက်အတွက်ကတော့
ချစ်ရမ္မက်ဆိုတာ
တံတွေးပစ်ကနဲ ထွေးရသလောက်ပဲမဟုတ်လား
အားတော့နာပါရဲ့
အဝေးကြည့်ဘ၀နဲ့လည်း
တမြမြ တသသ တန်ဖိုးထားလို့ရတာပေါ့။
ယောင်္ကျားဆိုမှတော့
ဖောက်ပြားမယ် ဆိုလည်း
ထောက်ထားမယ် ဆိုလည်း
ငဲ့ညှာထောက်ထားစရာချည်း
လိင်ထီးဆိုတဲ့ နာမကို
တည့်တည့်ကြီး ခ၀ါချရင်
ဘာမှမကျန်ပါဘူး
ရိုးရိုးကလေးနဲ့ ဆန်းနေတာကို
ခင်ဗျားမို့ ရှူးနှမ်းခဲ့ပုံများ
ပြောရတာတောင် အားနာစရာ
ခုတော့လည်းဒါတွေပြီးခဲ့ပြီပေါ့။

မငွေ……
မိုးတွေ တသုန်သုန်စွေနေပေါ့
လေပြည် လေပြင်းတွေ စင်ပေါ်တက်နေပေါ့
လျှပ်စီးတွေ ကဲကဲ လောင်လောင်မှာ
ငါ့မောင်….ငါ့မောင်…ဆိုတဲ့
ရမ္မက်အရောင်တွေနဲ့ အသံထူထူဟာ
ခုတော့လည်း လူသူနဲ့ဝေး
အားပေးဖော်ဆိုတာ သောကတင်းကျမ်းတွေလား
ခင်ဗျားသေသွားပြီလို့ သတင်းကြားရတဲ့ညက
ကျွန်တော် အရက်၀၀သောက်နိုင်ခဲ့တယ်။
ခင်ဗျားထိုးထိုးပေးခဲ့တဲ့ ပါးနှစ်ဖက်ဟာ
ခုတော့လည်း အကောင်းစား အမြည်းတစ်ခွက်ပေါ့
ဆားတော့ နည်းနည်းငန်တယ်။

ပြစ်မှုကြွေး ချွေးနဲ့ဆပ်ရင်း
ပြတ်တောက်သွားခဲ့ရတဲ့ ကြိုးတစ်ချောင်းဟာ
သုံးလွန်းတင်ခဲ့ရတာပဲ အဖတ်တင်ခဲ့တယ်။

လွမ်းဆွတ်ပါပေရဲ့
တစ်ခါတစ်ခါတော့
ခင်ဗျားအကြောင်း အချိန်ပေးပြီး
တွေးငေးမိတတ်ပါတယ်။

ဆူဖြိုးနေတဲ့ ခင်ဗျားရဲ့ အတွေ့အထိမှာ
အူရိုးလှတဲ့ ကျွန်တော့ အတွက်တော့
အငွေ့သွေ့သွေ့လေးပဲ မွေ့ပျော်နိုင်ခဲ့တာ
ခုတော့လည်း အားနာတယ်ဆိုတာ ထက်အားနာ
စကားရှာမရတော့ပါဘူး။

မငွေ……
တပ်မက်မှု တဏှာဆိုတာ
ဒုက္ခအားလုံးရဲ့ အရင်းအမြစ်တဲ့
လူသားအရင်းအမြစ်ကြီးထဲ
အပါအ၀င် ဖြစ်နေရတဲ့
ခင်ဗျားနဲ့ ကျွန်တော့မှာလည်း
ဒုက္ခဆိုတာကြီးနဲ့ တရင်းတနှီးပေါ့။
ဒါပေမဲ့….
ခင်ဗျားက လွန်လွန်းတယ်
ဒုက္ခကို ငွေပေးဝယ်တဲ့အထဲမှာ
ခင်ဗျားက ထည်လဲထည်ဝတ်ပေါ့။

မငွေ…….
ခင်ဗျားက ယောင်္ကျားဆိုတဲ့ သေတ္တာကြီးထဲမှာ
အမြဲခိုအောင်းလို့
အသေခတ်ထားတဲ့သော့နဲ့
တည့်တည့်ကြီးမှောင်မည်း။
ဆာလောင်ခြင်းသာ
အကောင်းဆုံး ဟင်းလျာတဲ့
ယောင်္ကျားဆို ဟင်းလျာမှမဟုတ်ပဲ
ဒါပေမဲ့ ခင်ဗျားအမြဲဆာလောင်ခဲ့တယ်။
လူဆိုတာ အံ့သြမှုကို နှစ်သက်ကြ
အဲဒီ အံ့သြမှုကပဲ သိပ္ပံဖြစ်ထွန်းမှုရဲ့ မျိုးစေ့တဲ့
မငွေရေ……
ခင်ဗျား အံ့သြခဲ့တာက ယောင်္ကျားတွေပေါ့
အံ့သြပြီးရင်းအံ့သြ
ခင်ဗျားမို့ မမောနိုင်ခဲ့တယ်။

မှတ်မိသေးတယ်
တစ်ညသားမှာ
ခင်ဗျားက ကျွန်တော့ကို အရွဲ့တိုက်ပြီး
ခင်ဗျား ကြိုက်တတ်တဲ့
ယောက်ျားတစ်ယောက်ကို ခေါ်လာ
ကျွန်တော် ပျော်ဖို့ဆိုပြီး
ခင်ဗျားရဲ့ လက်သပ် မွေးလေးနဲ့ လွှတ်ပေး
အေးဗျာ….
သွေးသားအတွက် သက်သက်ဆိုရင်တော့
နံပါတ်ဖိုးရောင်းတယ်ဆိုတဲ့
ခင်ဗျားအိမ်ပေါ် တက်နေပါ့မလား
ဆရာမာန်မြင့်ရဲ့ ခြင်တောင်ထဲမှာ
ကျွန်တော်“ခြင်မ”တောင် မသန်းပါဘူး
ခင်ဗျားကတော့ ခြင်ဖိုချောချောကြီးနဲ့
အရင်လိုပဲ အံ့သြပြီးရင်းအံ့သြလို့။

အချစ်ဆိုတာ
တံခါးတစ်ချပ် မဟုတ်လေတော့
ပွင့်ချင်မှလည်း ပွင့်မှာပေါ့။
ရမ္မက်ဆိုတာကတော့
မီးခလုတ်ကလေးပါ
မီးလင်းတာ မလင်းတာအပထား
ခလုတ်ကလေးကို ကစားနေလို့ရတာပေါ့
ခင်ဗျားက အားကြီးလက်ဆော့တယ်။

ဒါပေမဲ့…..
ခင်ဗျားဆီက စကားတစ်ခွန်းကိုတော့
ကြိုက်လွန်းလှခဲ့
ကဗျာတွေ စာတွေဆိုတာထက်
မေတ္တာဓါတ်ကသာ
လူတွေကို ကြည်နူးစေတာပါတဲ့။
အဲ့ဒီညက ကျွန်တော်က စာထိုင်ရေးလို့
ကျွန်တော့်ဘေးမှာ ခင်ဗျားက
အားရပါးရကြီးလဲလျောင်းလို့ ဖိုသီဖတ်သီ
ကလောင် အချက်ချက် တို့နေခဲ့ပေမယ့်
ခင်ဗျားရဲ့ ဆူဖြိုးလှတဲ့ခန္ဓာကိုယ်ကြီးကိုတော့
ယောင်လို့တောင်
တစ်ချက်မှ မတို့ခဲ့ဘူးမို့လား။

ခုတော့…..
ခင်ဗျား အကြောင်းတွေ ကဗျာ အဖြစ်ရေး
အနုပညာ ခံစားသူတွေကို
ပေးနေဖြစ်ပြီပေါ့။
တကယ်တော့….
ခင်ဗျားက
ကဗျာတစ်ပုဒ်မှ မရေးတတ် မဖတ်တတ်ခဲ့ပေမယ့်
ခင်ဗျားကိုယ်၌က
ကဗျာ တစ်ပုဒ်ဖြစ်နေခဲ့တယ်။
ကျွန်တော် ကိုယ်၌ကတော့
ကဗျာ တစ်ပိုဒ်တောင် မဖြစ်ခဲ့ပါဘူး။

ခုတော့…..
ခင်ဗျားနဲ့ ကျွန်တော်ပေါင်းမှ
ရှားရှားပါးပါး တစ်ပုဒ်ဖြစ်ခဲ့ရတဲ့
ကဗျာရှည်ကြီး အဆုံးသတ်တော့
ခင်ဗျားက မြေကြီးထဲမှာ ပျောက်ကွယ်သွားခဲ့ပြီ
ဒါပေမဲ့…
မြေကြီးပေါ်က လွတ်မြောက်သွားတဲ့ မငွေလို့ပဲ
ကျွန်တော် ဂုဏ်တင်ပေးလိုက်ပါပေရဲ့။

ကြီးကြီးကျယ်ကျယ် ပြောရရင်တော့
လူမှုကလာပ်စည်း ဆိုတာကြီးကို
ကျွန်တော်က စိတ်ဝင်စားတယ်။
ခင်ဗျားက…
ဖို-မ ဆိုတဲ့ အာသာဆန္ဒမှာ
ဆောင့်ကြောင့်ထိုင်လို့။

မငွေရေ….
အချို့က မြင်ယုံနဲ့ ယုံကြ
အချို့က ကြားယုံနဲ့ ယုံကြ
ကျွန်တော်ကတော့ တွေ့ထိခွင့်ရမှ ယုံချင်ပါတယ်။
ခင်ဗျားကို မယုံခဲ့တာတွေ
တွေ့ထိခွင့် ရခဲ့လို့ပေါ့။
ခင်ဗျားနဲ့ အနေကြာတော့
ဘာပဲဖြစ်ဖြစ်
ချစ်တာ မချစ်တာ အပထား
ကျွန်တော့ရဲ့ ဇနီးမယားအဖြစ်
သီးခြားဘ၀လေး ထူထောင်ပေးဖို့
စိတ်ကူးတွေ ဖောင်ဖွဲ့ဖူးပါရဲ့
ဒါပေမဲ့ဗျာ…..
ခင်ဗျားက စိတ်အလိုလိုက်လွန်းလှ
အဲ့ဒီစိတ်နောက်…..
ခင်ဗျားက စိတ်အလိုလိုက်လွန်းလှ
အဲ့ဒီ စိတ်နောက်
ခင်ဗျား ခန္ဓာကိုယ်ကြီး ပါပါသွားတော့
ကျွန်တော်က နာရမှာလား
အသာကြည့်နေရမှာလား
သွေးသားကိစ္စဆိုတဲ့ အမှောင်နက်နက်မှာ
ကျွန်တော်ကြောင်စီစီကြီးဖြစ်ခဲ့ရ။

ည…ည….
ခင်ဗျားက ယောင်္ကျားတွေအကြောင်းပြောတယ်
ပထမ၊ဒုတိယ၊တတိယ၊
တရားမ၀င်တဲ့ ခဏဧည့်သည်တွေအကြောင်း
ကျွန်တော်က ချောင်းဆိုးတိုင်း အိပ်မပျော်
ဖိတ်ခေါ်မှုတွေသာ လက်ပန်းကျ
ခင်ဗျား သက်ပြင်းချသံတွေရဲ့ ပဲ့တင်မှာ
ကျွန်တော်စိတ်ကုန်လာခဲ့ပေါ့။

ဒါပေမဲ့……
မိုးလင်းလို့ မနက်ရောက်တော့လည်း
ငါ့မောင်….ဘာသောက်မလဲ
ငါ့မောင်…ဘာစားမလဲ
ငါ့မောင်…ဘာဝယ်စရာရှိလဲနဲ့
ပျာပျာသလဲ အမူအရာမှာ
အစ်မတစ်ယောက်လို ခင်တွယ်သနား
ခင်ဗျားနားက မခွာဖြစ်ခဲ့ပြန်ဘူး။

ပတ်ဝန်းကျင် အမြင်မှာတော့
ခင်ဗျားနဲ့ ကျွန်တော်က
လင်မယား ပီပီသသကြီးပေါ့
တကယ့်တကယ် အိပ်ရာပေါ်မှာတော့
ခန္ဓာကိုယ်ချင်း မနီးခဲ့ကြတဲ့
မီးသေနေခဲ့ ဖို-မ ဓါတ်တွေ။

မငွေရေ…..
ခုလို မိုးမှာ ခင်ဗျားကို သတိရပေါ့
ငါ့မောင်….ထီးဆောင်းသွား
ငါ့မောင်…ကော်ဖီပူပူလေးသောက်လိုက်
ငါ့မောင်…နှစ်ပက်လောက် ချချင်ချလိုက်လေနဲ့
မိုးစွေစွေ အခန်းကျဉ်းကျဉ်းမှာ
သွေးသားချင်း မနီးစပ်ခဲ့တာကလွဲလို့
ကျွန်တော့်စိတ်တွေ လွန်ဆွဲခဲ့ရပုံ။

ဘာပဲဖြစ်ဖြစ်…..
ခင်ဗျားကို ချစ်ပစ်လိုက်ရတော့မလား
စဉ်းစားလွင့်မျော မောစမှာပဲ
ခင်ဗျားက ဇာတိပြလာတယ်
တစ်ညသား မိုးမည်းမည်းမှာ
ခင်ဗျားကြိုက်တတ်တဲ့ ယောင်္ကျားတစ်ယောက်ကို
အတည်ပေါက်နဲ့ အိမ်ခေါ်လာတယ်။

ကျွန်တော်သိတာပေါ့ မငွေ
အဲ့ဒီလူဟာ ဘာလဲ

မကြာပါဘူး
၁၉၉၄…
ခွေးပြေးဝက်ပြေး
မူးယစ်ဆေး ရောင်းစားနေတဲ့ခင်ဗျား
သံတိုင်တွေကြားရောက်သွားတော့
ခင်ဗျားအနားမှာ ဘယ်သူမှ မရှိခဲ့ဘူးမို့လား။
မြင်ယုံနဲ့ပဲ သိခဲ့ပါတယ်
သူ့ရဲ့ အလုပ်အကိုင်က ယောကျာင်္းပိုင်းလုံးတဲ့။
အပြုံးချိုတယ်….
စကားချိုတယ်…
ပြောရရင်…
ခန္ဓာကိုယ်ကလည်း ယောင်္ကျားပီသတယ်ပေါ့
မိန်းမတွေရဲ့ အကြောကို နေကျေနေသူပေါ့။
မိန်းမ(ခင်ဗျားလို)တွေကို
လိုချင်တာပေးပြီး
ရချင်တာဆို အဆစ်အပိုပါယူယူသွားတတ်သူပေါ့။
ကျွန်တော်က တားပါသေးတယ်
ခင်ဗျားက အပြင်မှာတွေ့နေတာကြပြီတဲ့။
ကျွန်တော်ကတားပါသေးတယ်
မင်းက ငါ့မောင်လေးပဲတဲ့။
ကျွန်တော်က တားပါသေးတယ်
ဒီလို ကိစ္စမျိုးက မင်းနဲ့မှ မဆိုင်တာတဲ့။

ဒီလိုနဲ့…..
အဲ့ဒီညက
အစ်မအိမ်က စိတ်ဆိုးပြီးဆင်းသွားတဲ့
မောင်လေးက ကျွန်တော်ပေါ့။

အဲ့ဒီက အစ….
ခင်ဗျားအိမ်ဘက် ခြေဦးမလှည့်တော့တာ
ကျွန်တော်ကလည်း
လူကောင်းတစ်ယောက် ဖြစ်ခဲ့ပြီလေ။
ခင်ဗျားမောင်ဆိုတဲ့ ကျွန်တော်တော်
ယောင်လို့မှ တစ်ခေါက်လာမတွေ့
ခင်ဗျားဘ၀ရဲ့ အချိုးအကွေ့အသစ်
“ထုံးဘို” မှာလူသွားဖြစ်တော့
ဘ၀ခြားခေတ်ခြား
အချစ်နဲ့ ရမ္မက် ဆိုတာတွေလည်း
အားလျားမှောက်ခဲ့ရပြီပေါ့။

တစ်ခါ….
မကြာပြန်ပါဘူး
ပြစ်မှုကြွေးမှာ ချွေးတွေနဲ့ ဆုံးပြီတဲ့
ကျွန်တော် အပြုံးမပျက်ခဲ့ပါဘူး
ခင်ဗျားတို့လို ဘ၀တွေက
ဒီလိုပဲ လုံးပါးပါးရမှာကိုး
ကိုယ်ပြုသမျှ ကိုယ်ပြန်ခံရတာပဲလေ။
ခင်ဗျားတို့ကြောင့် ဘ၀ပျက်ပျက်သွားရတဲ့
လူငယ်လေးတွေရဲ့ မျက်နှာကိုသာ
ကျွန်တော်စာနာမြင်ယောင်နေပေါ့။

သွားတော့….မငွေ
ကောင်းရာ သုဂတိ လားပေါစေလို့လည်း
ကျွန်တော် ဆုတောင်းမပေးလိုက်တော့ပါဘူး။
ကျွန်တော်ပြုသမျှ ကုသိုလ်တွေကိုလည်း
ခင်ဗျားကို မပေးလိုက်တော့ပါဘူး၊
ကျေးဇူးက ကျေးဇူး….
ပြစ်မှုက ပြစ်မှု…..
ခင်ဗျားလို အကုသိုလ် တင်းကျမ်းတွေနဲ့
ခင်ဗျားလမ်း ခင်ဗျား ရွေးသွားတာမို့လား။

သွားတော့….မငွေ
မငွေ….သွားတော့
ပေါ့ပေါ့ပါးပါးပဲ နှုတ်ဆက်လိုက်ပါတယ်။


(၁၉၉၁- အကြွေးမကျေခဲ့သော နေ့ရက်များသို့…….)


မြဆင့်ချယ်
ကြီးပွားရေးလမ်းညွှန်ဂျာနယ်၊အောက်တိုဘာလ၊၂၀၀၀ ခုနှစ်

ဆက်လက်ဖတ်လိုလျှင် ....>>

တောက်တိုမယ်ရ နေ့ရက်များထဲက ၄၁ လမ်းပေါ်က ကိုင်းလာတဲ့ခါး

ရေးသူ ခေါင်ခါးခါး(ကလေး)

ဖိုးဇော်
ရွှေဥဒေါင်းစကား ငှားပြောရရင်
ပထမယောင်္ကျား ဦးဘပွား ကုတ်ကတ်သမျှ ဒေါ်ဖွားရင်ဖို့
ဒေါ်ဖွားရင် ချွေတာသမျှ
ဒုတိယယောင်္ကျား ဘုန်းကြီးလူထွက် ဦးကေတုဖို့ ဆိုသလိုများ
တို့တတွေ ဖြစ်နေကြပြီလား၊
ဖိုးဇော
Global အတွေးအခေါ်နဲ့
တို့တတွေ ဘေးချော် နေပြီထားလိုက်
ငါတို့ အမိုက်ရဲ့ သန္ဓေရင်း
Art is loving ……တဲ့
ဇော်ဂျီတွေ ဖိုဝင်သလို
တစ်ဘ၀ ပြောင်းလို့ရသလား။

ဖိုးဇော်
ဘ၀ဆို လျှို့ဝှက်ချက်တွေနဲ့ပါ။

ဖိုးဇော်
ငါတို့ဟာ နွားလည်တိုင်က ခလောက်တွေမဟုတ်ဘူး
ငါတို့ပေါက်လိုက်သမျှ ပန်းဖြစ်တယ်၊ နာချင်သူနာရော့၊
ငါတို့ဟာ ရေအပြည့်နဲ့အိုးတွေ
ခပ်သောက်သူ ရှိသလောက် ငါတို့ဘက်ကလောက်တယ်
လွမ်းလောက်လို့လား လာမမေးနဲ့
တို့တတွေ ချေးထူနေကြတာ အချစ်ကြီးကြလွန်းလို့၊
ငါတို့ဟာ မော်မော်ကြွားကြွား နိုင်လှပေမယ့်
မည်သူ့ကိုမျှ စော်စော်ကားကား မလုပ်ခဲ့ဘူး၊
မတော်မတရားလုပ်တာဆိုလို့
ကဗျာနဲ့ပတ်သက်ရင် အတ္တကြီးကြတာ
ဘယ်ထီးမှ လမ်းကြုံမဆောင်းခဲ့ဘူး
တို့တတွေ ၄၁ လမ်းပေါ်မှာ…..၊

ဖိုးဇော်
ငါတို့ ငိုချင်းချကြရဲ့
ကိုယ့်မျက်ရည်နဲ့ကိုယ်
သူတစ်ပါး မျက်ရည်နဲ့ သက်သေမလိုက်ဘူး
သူတစ်ပါးမျက်ရည်နဲ့ သက်သေမလိုက်ဘူး
သူတစ်ပါး မျက်ရည်နဲ့ ပြင်ဆင်ချက်မထုတ်ဘူး၊

ဖိုးဇော်
OASIS ဆိုတဲ့ မင်းလက်ဖက်ရည်ဆိုင်ထဲ
လက်ဖက်ရည်တစ်ခွက်နဲ့ မနက်မနက် လာလာထိုင်တဲ့
အသက်နုနှစ်ဆယ်ကျော် စစ်ပင်စင်စားကြီးကို
တို့တတွေ လေးစားပြီးလေးစားလို့
ငါတို့ရွာ အခြေမပျက်ဖို့
သူ့မှာ ခြေတစ်ဖက် စွန့်လွှတ်ခဲ့ရတာ

ဖိုးဇော်
မင်း“သမီး”ကိုမင်းချစ်သလိုမျိုး
သူ့ခြေထောက်ကို သူချစ်မှာပဲ
ခေတ်သစ်ထုတ်ပြ စရာလိုသေးလို့လား၊

ဖိုးဇော်
မင်းကလည်း ဟိုဘက် ကမ်းကမဟုတ်ဘူး
ငါကလည်း သည်ဘက် ကမ်းကမဟုတ်ဘူး
ဒါနဲ့များဘာကြောင့် တံတားထိုးထားရတာလဲ
အလွမ်းဆိုတာမျိုးကး အစားထိုး လို့မှမရတာ၊

ဖိုးဇော်
တယ်လီဖုန်းကြာကြာ ပြောမယ့်သူတွေ
အနွေးထည် ထူထူဝတ်ထားလို့လိုမယ်
တို့တတွေ ၄၁ လမ်းပေါ်မှာ
ဆေးလိပ်မသော်ကတတ်ပေမယ့်
မီးခြစ်ခဏခဏ ခြစ်ရတယ်
ချစ်ရသူတွေ မေတ္တာနဲ့နီးကြဖို့
ဆီမီးပူဇော်ရတာ နံနက်တိုင်းညစဉ်
တို့တတွေ ၄၁ လမ်းပေါ်မှာ…..၊
လမ်းဘေးက ပန်းသီးကို တစ်ဝကြီးငေးတယ်
ပန်းသီးထက် ပန်းသီးသည်လေးက ရှေ့ထွက်လာ၊
တစ်နေကုန် ဈေးဦးမပေါက်ခဲ့တဲ့ မြင်းလှည်းသမားလေးထက်
တစ်နေကုန် ဈေးဦးမပေါက်ခဲ့တဲ့ မြင်းလှည်းသမားလေးထက်
တစ်နေကုန် ပြေးလွှားခုန်ပေါက်နေရတဲ့ မြင်းပိန်လေးကို ပိုလို့သနား၊
အရွေးမခံရတဲ့ ကဗျာတစ်ပုဒ်ထက်
အရေးမလုပ်ခံရတဲ့ ကဗျာ ဆရာလေးကိုပိုလို့စာနာ
တို့တတွေ ၄၁ လမ်းပေါ်မှာ……၊
ကြီးလာရင် အပိုင်ဝယ်မယ်ဆိုတဲ့ အိမ်တစ်လုံး
စိတ်ကူးထဲပဲ အချိန်ဖြုန်းလို့ ကောင်းဆဲလား၊
တောင်ခြေကိုတောင် မရောက်ဖူးသူ
တောင်တန်းဆိုတာကို ရင်ခုန်ဖို့ ဖြစ်ပါ့မလား၊
တို့တတွေ ၄၁ လမ်းပေါ်မှာ…….၊

ဖိုးဇော်
မြို့တော်ကြီးတွေထဲ တိုးဝင်နိုင်မှ
တယ်လီဖုန်းကြိုးတွေနဲ့ ရစ်ပတ်နေနိုင်မယ်
ကွန်ပျူတာကီးဘုတ်ပေါ်လက်မလှုပ်နိုင်လို့
သေနေတဲ့ အရုပ်ကြီးဖြစ်နေရတာလား၊
ခံစားတတ်ရင် ခံစားတတ်သလောက်
အတိတ်တွေလည်း ကောက်ရနိုင်တာပဲ
တို့တတွေ၄၁ လမ်းပေါ်မှာ……၊
စကားတိုတို ပြောတတ်ပေမယ့်
ကဗျာ ရှည်ရှည်ရေးချင်တယ်
ခုတော့ ပဲဈေး၊နှမ်းဈေးများနဲ့
လွမ်းတေးဆိုနေရတဲ့ နယ်သတင်းထောက်၊
ကိုယ်ပိုင်သံစဉ် အင်တာဗျူးအကြောင်းထက်
ခိုးကူးခွေ ရောင်းသူသတင်းက စာမျက်နှာအပြည့်၊
တို့တတွေ ၄၁ လမ်းပေါ်မှာ…..၊
မဟုတ်ဘူးငြင်းလို့မရတဲ့ စွပ်စွဲမှုတွေ
စာလုံးမည်းကြီးတွေဆိုတာ အသည်းနှလုံးအပေါ် အသားတံ
ကိုယ်တိုင်က လေယာဉ်မစီးနိုင်ပေမယ့်
လေယာဉ်ဆင်းသံကြားတိုင်း လွှတ်ကိုပျော်ရွှင်၊
မလိုအပ်ဘဲ သွေးမသွင်းနဲ့တဲ့
ဘယ်သူက အပျော်တမ်းသွေးသွင်းနေလို့လဲ၊
တို့တတွေ ၄၁ လမ်းပေါ်မှာ……၊
၂၀၀၆ရေ
ရောက်ရာအရပ်မှာ ပျော်ရွှင်ပါစေတော့
၂၀၀၇…..ရတတ်သလောက် လွန်ဆွဲမယ်

ဖိုးဇော်
မျက်နှာသစ်တိုင်း အိပ်ရာက ထလာတာမဟုတ်ဘူး၊
အချစ်ဝတ္ထုဆိုတိုင်း ဖေတော့မောင်တော့ မဟုတ်ဘူး၊
ဘီယာဆိုတိုင်း ရေခဲစိမ်ပြီးသားမဟုတ်ဘူး၊
အေးလေ……
နေရာပြောင်းရွှေု့ စားကျက်လွင်ပြင်အသစ်ထဲ
ရေတွင်းတွေ…….တစ်တွင်းပြီးတစ်တွင်း…..
ရေတွင်းတိုင်း ရေ ထွက်မထွက်ဆိုတာ
ခုလို နွေနေ့ရက်တွေ တစ်ကျော့ ပြန်ပြန်လာတိုင်း
ကိုယ့်ခါးသာ ကိုယ်ပြန်ပြန်တိုင်းမိ
ကိုယ့်ခါး ဘယ်လောက် ကိုင်းသွားသလဲဆိုတာထက်
ကိုယ့်ခါးဘယ်လောက် ကိုင်းသွားသလဲဆိုတာထက်
ကိုယ့်ခါး ဘယ်ဘက် ပိုကိုင်းသွားသလဲဆိုတာ
ကိုယ့်ခါး ဘယ်ဘက် ပိုယိမ်းသွားသလဲဆိုတာ

ဖိုးဇော်ရေ…..
တို့တတွေ ၄၁ လမ်းပေါ်မှာ
ရွှေဥဒေါင်း စကားငှားပြောရရင်
“ပထမယောင်္ကျား ဦးဘပွားကုတ်ကတ်သမျှ ဒေါ်ဖွားရင်ဖို့
ဒေါ်ဖွားရင် ချွေတာသမျှ
ဒုတိယယောင်္ကျား ဘုန်းကြီးလူထွက် ဦးကေတုဖို့…..” ဆိုသလိုများ
တို့တတွေ ဖြစ်နေကြပြီလား
၄၁လမ်းပေါ်မှာ……။


ခေါင်းခါးခါး(ကလေး)
(FACES Magazine စက်တင်ဘလ ၂၀၀၇ ခုနှစ်)

ဆက်လက်ဖတ်လိုလျှင် ....>>

Contact

Image Hosting by imagefra.me ဆက်သွယ်ဝေဖန်အကြံပေးနိုင်ပါသည်။