၂၇-၁၁-၂၀၁၀ (စနေနေ့) မနက်(၁း၃၀)နာရီအချိန်ခန့််တွင် ကလေးမြို့၊ အ.ထ.က(၁) ကျောင်းဝင်းအတွင်းရှိ မြ၀တီနှစ်ထပ်ကျောင်းဆောင်သစ်မှာ လျှစ်စစ်ဝါယာ ရှော့ ချွတ်ယွင်းမှုကြောင့် မီးလောင်ကျွမ်း မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ မီးလောင်ကျွမ်းဆောင်မှာ အထက်၊အောက် (၆)ခန်းရှိပြီး ဆရာများနားနေခန်း(ညာဘက်ခြမ်း)မှ စတင် လောင်ကျွမ်းခဲ့ကြောင်း သိရသည်။ အဆောင်ပုံစံမှာ တစ်ဖက်လျှင် သုံးခန်းစီ၊ စုစုပေါင်း (၁၂)ခန်းရှိပြီး မူလပထမ မြ၀တီကျောင်းဆောင် ဟောင်းအား ပြန်လည်ပြုပြင် တည်ဆောက်ထားခြင်းဖြစ်ပါသည်။ လက်ရှိတွင် ဆရာများ၊ စာရေးများနားနေခန်း၊ကွန်ပျူတာခန်း၊ စာကြည့်တိုက်၊ တယ်လီဖုန်း စသဖြင့် တစ်ကျောင်းလုံး၏ အရေးကြီးပစည်းများထားရာဖြစ်ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားစဉ်တွင် ပစ္စည်း အချို့တ၀က်ကိုသာ မီးလွတ်ရာသို့ ရွေ့ပြောင်းနိုင်ခဲ့ပြီး တစ်ဆောင်လုံးနီးပါး လောင်ကျွမ်း ပျက်စီးခဲ့သည်။ " ကွန်ပျူတာတစ်လုံး၊ စာလှည့်စက်တစ်လုံး၊ တီဗွီတစ်လုံးပဲရွေ့နိုင်တယ်။ တခြား ထိုင်ခုံတွေ၊ မေးခွန်းသေတ္တာတစ်လုံး၊ ဗီရိုတွေလည်းရွေ့နိုင်တယ်။ ကျန်တဲ့ အရေးကြီး စာရွက်စာတမ်းတွေ၊ ပရိဘောဂပစည်းတွေ ပါကုန်တယ်" ဟု ကျောင်းဝင်းအတွင်းနေ တစ်ဦးကပြောပြသည်။ " ၀ါယာရှော့ကြောင့် ဖြစ်ရတာပါ" ဟု တာဝန်ရှိသူတစ်ဦးကပြောပါသည်။ မြို့နယ်အဆင့် စတုတတန်းမှ အဌမတန်းထိ ထူးချွန်ပြိုင်ပွဲ(အင်္ဂလိပ်၊ သင်္ချာ)ကို ၂၆/၁၁ တွင်ရေးဖြေ ကျင်းပခဲ့ပြီး မီးလောင်ကျွမ်းချိန် ၂၇/၁၁ တွင် ၄င်းကျောင်းဆောင်အောက်ထပ်တွင် နှုတ်ဖြေ ဖြေဆိုရန် ကျန်ရှိနေသေးကြောင်းလည်း သိရသည်။ " မီးသတ်ကားက ဥသြလည်းမဆွဲတော့ မသိလိုက်ဘူး။ တစ်ရေးနိုးလို့ လူသံသူသံတွေကြားလို့ မေးကြည့်မှ မီးလောင်တာမှန်းသိရတယ်။ ကျွန်မတို့ ငယ်ငယ်ကတည်းက တက်ခဲ့ရတဲ့ မူလကျောင်းဆောင်ဆိုတော့ တအားဝမ်းနည်းမိတယ်" ဟု လာကြည့်သူတစ်ဦးက ပြောပြခဲ့သည်။ အချို့ သက်ကြီးရွယ်အိုများမှာ ငိုကြွေးကြကြောင်းလည်း သိရသည်။ ကျောင်းစောင့်၏ မီးလန့်သံချောင်းသံကြောင်း ကျောင်းဝင်းနေ ဆရာများလာရောက်ခဲ့ပြီး၊ အနီးရှိ မဟာစည်၊ ၀ိသုဒါရုံစာသင်တိုက်၊ နေသာစာသင်တိုက်တို့မှ သံဃာတော်များမှလည်း မီးသတ်တပ်ဖွဲ့နှင့်အတူ မီးကို ကူညီဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။ နံနက် ငါးနာရီခန့်တွင် မီးများ ငြှိမ်းသတ်နိုင်ခဲ့ပြီး ခြောက်နာရီခန့််တွင် တစ်မြို့လုံးမှ လူများလာရောက်ကြည့်ရှုခဲ့ကြသည်။ ကျောင်းဆောင်၏ အရှေ့ဘက်ခြမ်း လက်တန်းများမှာမူ မီးလောင်ကျွမ်းခြင်းမရှိဘဲ နံဘေးနှစ်ဖက်၊ နောက်ဘက်နှင့် သွပ်မိုးများမှာမူ လောင်ကျွမ်းပျက်စီးသွားခဲ့သည်။ အနီးရှိ ရွှေရတုဆောင်သို့လည်း မီးမကူးမီ ငြှိမ်းသတ်နိုင်ခဲ့ခြင်းဖြစ်ပြီး အခြားမည်သည့်အဆောင်များကိုမှ ကူးစက်လောင်ကျွမ်းခြင်းမရှိဘဲ မြ၀တီကျောင်းဆောင်သစ် တစ်ဆောင်တည်းသာလျှင် ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။
လှမျိုးဦး(ကျီကုန်း)
Download Apk File
http://www.sendspace.com/file/yud6dl
Saturday, November 27, 2010
ကလေးမြို့၊ အ.ထ.က(၁) ကျောင်းဝင်းအတွင်း ၀ါယာရှော့ကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွား
Monday, November 8, 2010
ကလေးမြို့ ဆန္ဒမဲ အခြေအနေ
ကလေးမြို့၏ မဲဆန္ဒနယ်မြေများ၏ များ၏ မဲစာရင်းအခြေအနေများကို အောက်ပါအတိုင်းသိရှိရပါသည်။
မှတ်ချက်။ ။တပ်နယ်၏ ဆန္ဒမဲများ မပါဟု သိရှိရပါသည်။
(၁)ပြည်သူ့လွှတ်တော်
ပြည်ခိုင်ဖြိုးပါတီ - ၄၇၈၆၀ မဲ
တစည ပါတီ - ၃၂၆၂၀ မဲ
ချင်းတိုးတက်ရေးပါတီ - ၂၉၇၀၂ မဲ
(၂)အမျိုးသား လွှတ်တော်
ပြည်ခိုင်ဖြိုးပါတီ - ၄၆၅၉၄ မဲ
တစည ပါတီ - ၃၄၆၃၈ မဲ
ချင်းတိုးတက်ရေးပါတီ - ၂၉၃၅၅ မဲ
(၃)တိုင်းဒေသကြီးလွှတ်တော် အမှတ်(၁)
ပြည်ခိုင်ဖြိုးပါတီ - ၂၀၅၁၂ မဲ
တစည ပါတီ - ၁၉၈၉၄ မဲ
ချင်းတိုးတက်ရေးပါတီ - ၁၁၂၇၂ မဲ
(၄)တိုင်းဒေသကြီးလွှတ်တော် အမှတ်(၂)
ပြည်ခိုင်ဖြိုးပါတီ - ၂၇၁၂၃ မဲ
တစည ပါတီ - ၁၄၀၈၅ မဲ
ချင်းတိုးတက်ရေးပါတီ - ၁၈၇၁၉ မဲ
(၅)ချင်းလူမျိုးစုလွှတ်တော်
ပြည်ခိုင်ဖြိုးပါတီ - ၇၅၈၁ မဲ
တစည ပါတီ - ၂၀၆၇ မဲ
ချင်းတိုးတက်ရေးပါတီ - ၁၂၇၄၁ မဲ
တသီးပုဂ္ဂလ - ၄၀၉၈ မဲ
Friday, September 17, 2010
ကလေးမြို့ နှင့် ပါတီများ
ကလေးမြို့တွင် ယှဉ်ပြိုင်အရွေးခံမည့် ပါတီ (၃)ပါတီ ရှိပါသည်။ ၎င်းတို့မှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ချင်းအမျိုးသား တိုးတက်ရေး ပါတီ တို့ဖြစ်ပါသည်။ ၎င်းပါတီများမှ လွှတ်တော် လေးရပ်လုံးတွင် ပါဝင်ယှဉ် ကြမည် ဖြစ်ပါသည်။ အမျိုးသားလွှတ်တော်တွင် ဦးမြဖေ(တစည)၊ ဦးသိန်းလှိုင် (ပြည်ခိုင်ဖြိုး)၊ ဦးခင်မောင်ရီ (ချင်းတိုးတက်ရေး)၊ပြည့်သူ့လွှတ်တော်တွင် ဦးအောင်မိုး (တစည)၊ ဦးတင်လှိုင် (ပြည်ခိုင်ဖြိုး)၊ ဦးခေါသွလာလ် (ချင်းတိုးတက်ရေး)၊ တိုင်းဒေသကြီးလွှတ်တော်(၁)တွင် ဦးကျော်မြင့် (တစည)၊ ဦးစိန်ဝင်း (ပြည်ခိုင်ဖြိုး)၊ ဦးခေါသင်ထန်း (ချင်းတိုးတက်ရေး)၊ တိုင်းဒေသကြီးလွှတ်တော်(၂)တွင် ဦးဖေတင် (တစည)၊ ဦးခင်မောင်သန်း (ပြည်ခိုင်ဖြိုး) ၊ ဦးဇမ်ခင်ထန် (ချင်းတိုးတက်ရေး)၊ ချင်းတိုင်းရင်းသားလွှတ်တော်တွင် ဦးကျင်ဇပုမ် (တစည)၊ ဦးကျင်လျံမန် (ပြည်ခိုင်ဖြိုး)၊ ဦးနိုထန်ကပ် (ချင်းတိုးတက်ရေး) တို့မှ အသီးသီး ၀င်ရောက် ယှဉ်ပြိုင် အရွေးခံမည်ဟု သိရှိရပါသည်။
ကာယကံမေတ္တာ ကုသိုလ်ဖြစ်ဆေးခန်း
ကလေးမြို့ ကာယကံမေတ္တာ နာမှုကူညီရေးအသင်းမှ နေသာကျောင်း ဆရာတော် ဥူးဓမ္မိက ဦးဆောင်၍ ကုသိုလ်ဖြစ် ဆေးခန်းကို (၁၈-၉-၂၀၁၀) တွင် စတင်ဖွင့်လှစ်မည်ဟု သိရှိရပါသည်။ အဆိုပါ ဆေးခန်းတွင် တစ်ရက်လျှင် ကျပ်ငွေ သုံးသောင်း သုံးစွဲ၍ အခမဲ့ လူနာများအား ဆေးကုသေ။ပးမည်ဟု သိရှိရပါသည်။ ဆေးပဒေသဘင်အတွက် လှူဒါန်းလိုသူများ နေသာကျောင်း ဆရာတော်ထံတွင် လှူဒါန်းနိုင်ပါသည်
တမူးမြို့တွင် CDMA ဖုန်း ပြောနိုင်ပြီ
စစ်ကိုင်းတိုင်း တမူးမြို့တွင် CDMA တယ်လီဖုန်းများကို စက်တင်ဘာလ ပထမပတ်တွင် မြန်မာ့ဆက်သွယ်ရေးမှ ကျပ် ငါးသိန်းတန်နှင့် တစ်ဆယ့်ငါးသိန်းတန် တယ်လီဖုန်း အလုံး (၉၀၀) ခန့်ရောင်းချပေးကြောင်း သိရှိရပါသည်။ကျပ်ငါးသိန်းတန် တယ်လီဖုန်းမှာ ငါးသိန်း သုံးသောင်းခန့် ကုန်ကျကြောင်း နှင့် မိုးရေးမြို့မှ ကုန်သည်များ မှလည်း ၀ယ်ယူကြောင်းနှင့် ကျပ်ခြောက်သိန်းဖြင့် အရောင်းအ၀ယ် ဖြစ်ကြောင်း သိရှိရပါသည်။ ကလေးမြို့တွင်လည်း တတိယ အကြိမ်အဖြစ် One stop Servie အဖြစ် ရောင်းချပေးကြောင်း သိရှိရပါသည်။ အပိုငွေ တစ်သောင်းငါးထောင်ကျပ် ပေးဆောင်ရကြောင်း သိရှိရပါသည်။
Monday, September 6, 2010
ဘီပိုးကာကွယ်ဆေးနှင့် သစ္စာသွေးလှူရှင်များ
မြန်မာဘရူဝါရီကုမ္ပဏီလီမီတက်၏ ကရုဏာရှေ့ရှုမြန်မာမှုအစီအစဉ်ဖြင့် စေတနာရှင်သွေးလှူဒါန်းသူများကို ဘီပိုးကာကွယ်ဆေး ထိုးပေးခြင်းအခမ်းအနားကို (၃၁-၈-၂၀၁၀)၊ နံနက်(၉)နာရီတွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး)၊ အောင်ဇေယျခန်းမတွင် ပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ကလေးမြို့ ဒေသကွပ်ကဲရေးမှူး၊ ဒု-ဒ.က.စမှူးနှင့် ဒေသအာဏာပိုင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ အမျိုးသားသွေးလှူဘဏ်ဥက္ကဋ္ဌ ဒေါက်တာသီတာအောင်၊ မြန်မာဘရူဝါရီကုမ္ပဏီမှ မန်းနေးဂျင်းဒါရိုက်တာနှင့် အဖွဲ့သားများ၊ သစ္စာသွေးလှူရှင်များမှ ဦးဆောင်ဆရာတော်၊ အကျိုးဆောင်ကော်မတီများနှင့် သစ္စာသွေးလှူသူ စေတနာရှင်များ၊ ZYA ခရစ်ယာန်အဖွဲ့ သွေးလှူရှင်များနှင့် အကျိုးဆောင်များ၊ ဂျာနယ်အချို့၏ ဒေသတွင်း သတင်းထောက်များ တက်ရောက်ခဲ့ကြပါသည်။
ကလေးမြို့တွင် မြို့ကြီးများကဲ့သို့ သွေးထိန်းဘဏ်များ မရှိသည့်အတွက် သစ္စာသွေးလှူရှင်များကဲ့သို့သော စေတနာသွေးလှူရှင်များကို အားထားနေရသည်မှာ ယနေ့ထိအတိုင်ဖြစ်ပါသည်။ သွေးလိုအပ်သော လူနာများအနေဖြင့် အရေးအပေါ်အခြေအနေများတွင် လိုအပ်သော သွေးကို အချိန်မီရရှိနိုင်ရန် အလွန်အရေးကြီးလှပါသည်။ ယခင်က အနီးအနားမှ စေတနာရှင်များအပေါ် မှီခိုနေကြရာမှ ယခုကဲ့သို သစ္စာသွေးလှူရှင်များ ပေါ်ပေါက်လာသောအခါ လွန်စွာအဆင်ပြေခဲ့ပေသည်။ သို့သော်လည်း စေတနာရှင်သွေးလှူဒါန်းသူများ၏ သွေးမှာ သန့်ရှင်းနေစေရန် အလွန်လိုအပ်လှပါသည်။ HIV ပိုး ဘီပိုးကဲ့သို့သော ရောဂါပိုးများ မကူးစေရန်နှင့် ရောဂါပိုးသန့်ရှင်းသော သွေးများ လှူဒါန်းနိုင်ရန်အတွက် သစ္စာသွေးလှူရှင်များအနေဖြင့်လည်း ကြိုးပမ်းဆောင်ရွက်နေကြပါသည်။ ယခုအခါ မြန်မာဘရူဝါရီကုမ္ပဏီ၏ ကရုဏာရှေ့ရှုမြန်မာမှု အစီအစဉ်ဖြင့် လှူဒါန်းသော ဘီပိုးကာကွယ်ဆေးများကို သစ္စာသွေးလှူရှင်များထဲမှ ပြည်သူ့ဆေးရုံကြီးတွင် သွေးလှူဒါန်းပြီးကြသူများကို မဲစနစ်ဖြင့် သစ္စာသွေးလှူရှင်ဦးရေ (၁၈၀၀)ထဲမှ (၃၄၁)ဦးကို ကာကွယ်ဆေးထိုးပေးခဲ့ပါသည်။ နောက်နောင်များတွင်လည်း ရံပုံငွေအခြေအနေပေါ်မူတည်၍ သစ္စာသွေးလှူရှင်များအား ယခုကဲ့သို့ ကာကွယ်ဆေးများ ထိုးခြင်းအစီအစဉ်ကို ဆောင်ရွက်သွားကြရန် ကြိုးပမ်းနေကြပါသည်။ ဘီပိုးကာကွယ်ဆေး အလှူရှင်များကို ဖိတ်ခေါ်အပ်ပါသည်။
ဓာတ်ပုံများကို naythar.multiply.com/photos/album/26 တွင် ကြည့်ရှုနိုင်ပါသည်။
www.naythar.org မှ ကူးယူဖေါ်ပြပါသည်။
Saturday, August 21, 2010
သတင်း၊စာနယ်ဇင်း၊မိဒီယာ သတင်းထောက် နှင့် ကျင့်ဝတ်သိက္ခာ (၄)
ကျွန်တော် မေးလ်ထဲကို ရောက်ရှိလာတဲ့ကိုတဇောင်းနီ(မြန်မာစာ) ကိုမြစ်သာ တို့ သတင်းနှင့် သတင်းသမား အကြောင်းတွေ အပြန်အလှန် ရေးသားကြတဲ့ အကြောင်းအရာတွေ ဖေါ်ပြပြီးတဲ့ နောက်မှာ နောက်ထပ် ရောက်လာတဲ့ ``ကလေးမြို့ ရေကြီးခြင်း ´´ သတင်း အကြောင်း လေး ကို ကျွန်တော် အမြင်နဲ့ အတူ ဖေါ်ပြ ပေးပါမယ်။ သတင်း သမား ကလည်း သတင်းသမားရဲ့ အခက်အခဲ တွေ ပြောပြသလို စာဖတ်သူများ ကလည်း သတင်း အမှားတွေ ဖတ်ရတဲ့ အကြောင်းတွေ ပြောကြတယ်။ အဲ့လိုဆို သတင်း တစ်ပုဒ်ဟာ ဘယ်သူမှာ တာဝန်ရှိသလဲ။ သတင်းရေးသူမှာလား သတင်းကို ဖေါ်ပြတဲ့ မိဒီယာမှာ ကော တာဝန်မရှိဘူးလား။ ဖုန်းနဲ့ ရလိုပဲဖြစ်ဖြစ် မေးလ်နဲ့ ရလို့ပဲ ဖြစ်ဖြစ် သူများပြောလို့ ရတဲ့ သတင်းပဲဖြစ်ဖြစ် သတင်းဟာ အမှန်ဖြစ်ဖို့တော့ လိုလိမ့်မယ်ထင်ပါတယ်။ ကို တဇောင်းနီ(မြန်မာစာ) ပြောတဲ့ သမုတိသစ္စာ နှင့် အောင်သူထွန်း(ကလေးမြို့) တို့ရဲ့ နန်းဖါလုံဈေး အရောင်းအ၀ယ် သတင်းမှာ အရောင်းအ၀ယ် နည်းတာ အမှန်ဖြစ်ကြောင်း သိရပြီး ဤ သတင်းမျိုးသည် အများပြည်သူအတွက် အကျိုးသက်ရောက်မှု အနည်း သာရှိသဖြင့် ထိခိုက်မှု မရှိဟု ဆိုနိုင်ပါသည်။ သို့သော်လည်း ကြီးကျယ်သော အတင်းအမှား မျိုးကတော့ စာဖတ်သူများ အတွက် ထိခိုက်နစ်မှုများ ရှိနိုင်ပါသည်။ အချို့ သတင်းများတွင် သတင်းမှန်သော်လည်း ဓါတ်ပုံများအား မှားယွင်းစွာ ဖေါ်ပြခြင်း၊ အချို့ တူသယောင်ယောင် ရှိသဖြင့် လုပ်စားခြင်းများ လည်း တွေခဲ့ဘူးပါသည်။ အရည်အသွေး ညံ့ဖျင်းသော စာဖတ်သူများကြောင့် သတင်းသမားတွေရဲ့ လုပ်စားခြင်းကို ကျွန်တော်တို့ ခံနေကြရတာလား ….။ `` ကလေးမြို့ရေကြီး ကလေးငယ်တဦး ပျောက်ဆုံး ´´ မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ ဇူလိုင်လ ၂၉ ရက် ၂၀၁၀ ခုနှစ် ဆိုတဲ့ သတင်းအကြောင်းပါ။ အမှန် ဖြစ်တာက ချင်းတောင်မှာ မိုးသည်းထန်စွာ ရွာသဖြင့် တောင်ကျ ရေများကြောင့် ရေလျှံခြင်း ဖြစ်ပါတယ်။ ရေကျ ချိန်ဟာ စုစုပေါင်းကြာချိန် (၃) နာရီခန့် ရှိသည်ဟု သိရပါတယ်။ မြင်တွေ့သူ တစ်ဦးမှ ရေကျစဉ်တွင် ချောင်းတွင်း ကလေးငယ် အယောက် (၃၀) ခန့် ရေချိုးနေပြီး (၁၅) ယောက်ခန့်မှာ ချောင်းအလယ်တွင် ရှိနေပါတယ်။ အနီးနားတွင်လည်း လူကြီးများ ရှိနေသည်ဟု သိရှိရပါသည်။ကလေးမြို့ မိုးတွင်းကာလများတွင် ချောင်းအတွင်း ရေမျော မှုများ မှာ ဖြစ်ရိုးဖြစ်စဉ် ကိစ္စ တစ်ခုကဲ့သို့ ဖြစ်နေကြပြီး ရေ၀င်၍ ကျောင်းပိတ်ခြင်းမှာ လည်း အစဉ်လာ တစ်ခု ဖြစ်နေပြီဟု သိရှိရပါသည်။ ယခုနှစ် ကျောင်းပိတ်ခြင်းတွင် မြို့နယ် ပညာရေးမှုးမှ စနေ၊တနင်းဂနွေ ပိတ်ရက်တွင် အစားထိုး ကျောင်းပြန်တက်ခိုင်းသည်ဟု သိရှိရပါသည်။ ၎င်း သတင်းတွင် ဖြစ်ပွားမှုအား ပုံကြီးချဲ့ ရေးသားပြီး ရောကြိတ် သတင်းများ ပါဝင်နေပါသည်။ ဥပမာ `` ယမန်နှစ် အောက်တိုဘာလအတွင်း ကလေးမြို့တွင် ရေကြီးမှုဖြစ်ရာ လူ ၁ ဦးမျောပါ သေဆုံးခဲ့ကာ အိမ်ခြေ ၂ဝဝဝခန့် အိုးအိမ်များ စွန့်ခွာထွက်ပြေးခဲ့မှု ဖြစ်ပွားခဲ့သည်။´´ မနှစ်က မြစ်သာမြစ် ရေကြီးပြီး ဖြစ်သည့် ကိစ္စအား တောင်သာ ချောင်းပဲ ရေကြီး သလိုလို ရောကြိတ် ရေးထားသည်များ ပါဝင်နေပါတယ်။ အခု တင်ပြတဲ့ သတင်းက မေးလ်ထဲကို ရောက်လာတဲ့ သတင်း ကို ဖေါ်ပြခြင်း ဖြစ်ပါတယ်။ ကျွန်တော် အမြင်ကတော့ ဒီလို သတင်းမျိုးကို မှန်ဘီလူးဖြင့် ရေးပြီး ရောကြိတ် သတင်းလို့ မြင်ပါတယ်။ ကလေးမြို့ မဟုတ်တဲ့ အခြားဒေသမှ စာဖတ်သူများ ဖတ်မိလျှင် တော်တော်စိုးရိမ်စာ သတင်းဟု ထင်နိုင်ပါသည်။ စာလေး ရေးတတ်ရုံနဲ့ သတင်း သမား တစ်ယောက် ဖြစ်နိုင်မယ် မထင်ပါဘူး။ ဤ Post သည် တော်သော ဂျာနယ်လစ်များ အတွက် မရည်ရွယ်ပါ။ ရှော်သော ဂျာနယ်လစ်များ အတွက်သာ ဖြစ်ပါသည်။
ဒီလင်းခက်
Friday, August 13, 2010
ကလေးမြို့ စာရေးဆရာ မြရွက် ကွယ်လွန်
ဆရာမြရွက်၏ ကိုယ်ရေးအကျဉ်း
၁၉၅၂-ခု၊ စက်တင်ဘာ(၂၅)ရက်၊ ကြာသပတေးနေ့တွင် အဘဦးသီး + အမိ ဒေါ်တင်ရွှေတို့မှ မုံရွာမြို့ အလယ်ရပ်တွင် မွေးဖွားခဲ့သည်။အမည်အရင်းမှာ သန်းထွန်း ဖြစ်သည်။ မွေးချင်း (၁၂) ယောက်တွင် ဒုတိယ မြောက်သား ဖြစ်သည်။ မုံရွာမြို့ အလယ်ရပ် ပေါ်တော်မူ ကျောင်းနှင့် ဗုဒ္ဓဘာသာ အထက်တန်းကျောင်း (အထက-၁) တို့တွင် အခြေခံပညာရေး အထက်တန်းထိ သင်ကြားခဲ့သည်။ ၁၉၈၃-ခုနှစ် ကလေးမြို့တွင် အခြေချနေထိုင်သည်။ အသက်(၄၀)အရွယ် ၁၉၉၂-ခုနှစ်၊ အောက်တိုဘာတွင် ကြီးပွားရေးလမ်းညွှန်ဂျာနယ်၊ ရင်ခုန်ပွင့်မဂ္ဂဇင်းတို့တွင် စာပေလောကသားအဖြစ် စတင်ဝင်ရောက်ခဲ့သည်။ ယနေ့ထိ အသက်(၅၈)နှစ် အရွယ် ကွယ်လွန်ချိန်အထိ ဆုရ၀တ္ထုတို (၄)ပုဒ်အပါအ၀င် မဂ္ဂဇင်းဖော်ပြပါရှိပြီး ၀တ္ထုတို(၆၀)ပုဒ် ကျော် ရေးသားခဲ့သည်။ ပါဝင် ရေးသားခဲ့သော မဂ္ဂဇင်းများမှာ ရင်ခုန်ပွင့်၊ စံပယ်ဖြူ၊ စတိုင်သစ်၊ ရနံ့သစ်၊ မန္တလေးယဉ်ကျေးမှု မဂ္ဂဇင်း၊ မန္တလေး အထင်ကရ မဂ္ဂဇင်း (Icon)၊ မြန်မာသစ်၊ မဟေသီ၊ နွယ်နီ၊ လုံမလေး၊ ရုပ်ရှင် သစ္စာ၊ ( Teen)၊ မြရည်ီသီတာ၊ ပြစ်မှု၊ Faces၊ ပန်းအလင်္ကာ၊ မြားနတ်မောင်၊ အပျိုမ၊ မနုစာရီ၊ ဝေဒ၊ မိုးဂျာနယ်၊ မှုခင်းစုံ၊ သပြေ ၊မဟာ၊ ချယ်ရီ၊ လပြည့်ဝန်း၊ ရွက်နုဝေ၊ ရုပ်ရှင်အမြူတေ၊ ရင်ခုန်သံ၊ စသည်တို့နှင့် ဈေးကွက်၊ ရွှေအမြုတေ၊ မြန်မာပို့စ်၊ 24/7 စသည့် ဂျာနယ်များစွာတို့တွင် မြရွက်၊ သန်းညို့၊ စန်းစန်း၊ မြသိန်းထွန်း၊ ဘကံ စသည့် ကလောင်အမည်များစွာဖြင့် လက်ရှိမဂ္ဂဇင်း ဂျာနယ်ပေါင်းများစွာတွင် ၀တ္ထု၊ ဆောင်းပါးနှင့် သတင်းအက်ဆေးများ ရေးသားလျက်ရှိသည်။ ကလေးတောင်ညို စာဖတ်သူအကြိုက် ဆုရွေးချယ်ရေး အဖွဲ့ဝင် တစ်ဦးဖြစ်သည်။ ပင်လုံရပ်ကွက် နေအိမ်တွင် ၂၀၁၀၊ သြဂုတ်(၁၃)ရက်၊ သောကြာနေ့ ညနေ(၅)နာရီအချိန် အသည်းရောဂါဖြင့် ကွယ်လွန်အနိစ္စရောက်ခဲ့ပြီး၊ (၁၄-၈-၂၀၁၀) ရက် စနေ့နေ့ မွန်းလွဲ (၂) နာရီတွင် စံသာ သုဿာန်သို့ ပို့ဆောင် သဂြိင်္ုလ် မည် ဖြစ်ပါသည်။
မောင်ကံချို(ကလေး) သို့ အလွမ်းပြေ
ကလေးမြို့ မှ ကဗျာဆရာ မောင်ကံချို ကွယ်လွန်ခြင်း (၄) နှစ်ပြည့် အမှတ်တရ အလွမ်းပြေ အခမ်းအနားကို (၁၁.၈.၂၀၁၀ ) ရက်နေ့တွင် အောင်မူး (ပန်းချီ) ၏ ဂယ်လာရီ တွင် ကလေးမြို့ မှ စာရေးဆရာများ စာပေ၀ါသနာရှင်များ တက်ရောက်၍ ကဗျာရွက်ခြင်း အလွမ်းပြေ စကား ပြောကြားခြင်းများ ပြုလုပ်ပြီး ကလေး-ဂန့်ဂေါ ကားလမ်း ဘေး GTC ၏ တောင် ဘက်တွင် အမှတ်တရ သစ်ပင် (၄၂)ပင် စိုက်ကြောင်း သိရှိရပါသည်။
သတင်း၊စာနယ်ဇင်း၊မိဒီယာ သတင်းထောက် နှင့် ကျင့်ဝတ်သိက္ခာ (၃)
တဇောင်းနီ(မြန်မာစာ) ပြန်ပြောတဲ့ သတင်းသမား အကြောင်း
ကိုမြစ်သာခင်ဗျား
အရေးတယူဖြေရှင်းပြလို့ကျေးဇူးတင်ပါတယ်။ သတင်းယူပုံယူနည်းတွေကို
ကိုမြစ်သာသိသလောက် ရှင်းပြပေးတာလည်း ကြည်နူးစွာဖတ်ရပါတယ်။ ဘယ်လိုပဲ
လုပ်ကြ လုပ်ကြပေါ့ဗျာ။ တစ်ချိန်တည်းလိုလို ထွက်တဲ့
ဂျာနယ်နှစ်စောင်မှာပါနေတဲ့ ဆန့်ကျင်ဘက်သတင်းနှစ်ပုဒ်မှာ တစ်ပုဒ်ကတော့
မှားနေပြီမို့လားခင်ဗျ။ ကျုပ်တို့ ပြည်သူတွေက သတင်းသမားတွေရဲ့
အခက်အခဲတွေကို နားလည်ပေးပြီး မှားလည်း မှားပါစေပေါ့လို့ သဘောထားရမှာလား။
သတင်းဂျာနယ်တွေမှာ မှားယွင်းစွာဖော်ပြနေတဲ့သတင်းတွေအတွက် စောဒကတက်ခွင့်
သို့မဟုတ် ထောက်ပြခွင့် သို့မဟုတ် ဝေဖန်ခွင့် ကျုပ်တို့တွေမှာ
မရှိတော့ဘူးလား။ မှားလို့ မှားနေတယ်ပြောတာကိုပဲ သတင်းသမားတွေရဲ့
အခက်အခဲတွေ ၊ ဘ၀အခြေအနေတွေကို လွမ်းလောက်အောင်ရေးပြနေတာတော့ ဘာကို
ရည်ရွယ်နေမှန်း ကျွန်တော် နားမလည်ပါ။ ----မသိရင်
မရေးနဲ့လို့ပြောတာမျိုးကတော့--- ပုံစံခွက်ကြီးထဲကအသံကြီးဗျာ။
ကိုမြစ်သာခင်ဗျား
ကျွန်တော်က ပြည်သူထဲက ပြည်သူတစ်ယောက်ပါ။ ကျောင်းဆရာတွေက စာသင်တယ်။
စစ်သားတွေက နိုင်ငံတော် ကာကွယ်တယ်။ ဆရာဝန်တွေက ဆေးကုတယ်။ အင်ဂျင်နီယာတွေက
ဆောက်လုပ်တယ်။ ပြုပြင်တယ်။ သတင်းသမားတွေက သတင်းရေးမယ်။ ပြည်သူတွေက
သူတို့တွေကို မှီခိုအားထားကြရပါတယ်။ စစ်သားဖြစ်ပြီး စစ်တိုက်ရမှာကို
ညည်းပြမနေပါနဲ့။ ကျောင်းဆရာဖြစ်ရင် စာသင်ရမှာကို မပျင်းပါနဲ့။ ဆိုင်ရာ
ဆိုင်ရာ တာဝန်တွေ ထမ်းနေကြပါတယ်။ ဒီဘ၀တွေကို ကိုယ်ကိုယ်တိုင်ပဲ
ရွေးချယ်ခဲ့ကြတာမဟုတ်လားခင်ဗျာ။ ဆိုလိုချင်တာကတော့ ကိုယ့်ဘက်ကိုယ့်တာကနေ
တာဝန်ကျေစွာ ထမ်းရွက်ကြမယ်ဆိုရင် ပြည်သူတွေကလည်း အခွန်ထမ်းရတာကို
ကျေနပ်နေမှာပါ။ ဘယ်ဝန်ထမ်း၊ ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် ညာဝါးတွေဆိုရင်တော့
ပြည်သူက မချစ်တာအမှန်ပါပဲ။ ဂီတလောက၊ စာပေလောက၊ သရုပ်ဆောင်လောက၊
အားကစားလောက ၊ သတင်းလောက ... ဘယ်လောကက လူပဲဖြစ်ဖြစ်
အမှန်တကယ်ပေးဆပ်နေကြသူတွေ ၊ တာဝန်ကျေနေကြသူတွေကိုတော့ဖြင့်
မချစ်မနှစ်သက်ဖို့ တန်ခိုးအာဏာနဲ့တားရင်တောင် ပြည်သူတွေက
မေတ္တာမပျက်ချစ်လျက်ရှိကြပါတယ်။
ကျွန်တော့်ရဲ့ ဝေဖန်မှုမှာပါတဲ့ သတင်းသမားနှစ်ယောက်အနက် တစ်ယောက်ကတော့
သတင်းမှားဖန်တီးသူဆိုတာသေချာတာပေါ့။ သူတို့ဘာသာသူတို့ ဒီသတင်းကို
ဘယ်လိုယူခဲ့ယူခဲ့ ဘယ်လိုပဲရခဲ့ရခဲ့ ၊ ခြေလျင်လျှောက်ပြီးပဲ သတင်းယူယူ၊
လူကြုံမေးလို့ပဲသိသိ။ ကြိုက်သလိုသိပါ။ ကျွန်တော်တို့က အမှန်ကို
မျှော်လင့်ပါတယ်။ ရှင်းလင်းတဲ့အသိကိုရချင်ပါတယ်။ ကိုမြစ်သာက
သတင်းသမားတွေကိုယ်စား ပြောပြသူဆိုတော့ သူတို့ကို ထပ်ပြောပြလိုက်ပါဦးဗျာ။
ပြည်သူကို အမှန်သတင်းလေးတော့တင်ပြနိုင်အောင် ကြိုးစားပေးကြပါလို့။
သူ့တာဝန် ကိုယ့်တာဝန်ကို ကျေမှ လှတာပါဗျာ။
ထပ်ပြီးပြောပါဦးမယ်။ ကျွန်တော်တို့နိုင်ငံမှာ သတင်းသမားစစ်စစ်တွေ
ရှိသလို ညာဝါးသတင်းသမားတွေလည်း ရှိနေကြပါတယ်။
ဆားအိုးထဲလက်နှိုက်ကြတာချင်းအတူတူ အနာရှိတဲ့သူက စပ်ဖျဉ်းဖျဉ်းခံစားရမှာပါ။
ကျွန်တော်က သာမန်နိုင်ငံသား၊ ပြည်သူထဲက ပြည်သူတစ်ယောက်ပါ။ မသိရကောင်းလား၊
နားလည်မပေးနိုင်ရကောင်းလား၊ မသိဘဲ ထပြောရမလားလို့ ဒေါသဂတိနဲ့
ပြောချင်တယ်ဆိုရင်လည်း ဟုတ်ကဲ့ ပြောနိုင်ပါတယ်။ ခင်ဗျား ခံယူချက်နဲ့
ခင်ဗျားပါ။
လောက အသီးသီးက ညာဝါးများ သိထားဖို့က ပြည်သူလူထုဆိုတာ ဘာလဲ ...လို့
ခေါင်းထဲမှာ အမြဲထည့်ထားစေချင်ပါတယ်။
တဇောင်းနီ (မြန်မာစာ)
Thursday, August 12, 2010
သတင်း၊စာနယ်ဇင်း၊မိဒီယာ သတင်းထောက် နှင့် ကျင့်ဝတ်သိက္ခာ (၂)
ကိုမြစ်သာရဲ့ သတင်းအကြောင်း
တဇောင်းနီရဲ့ဆောင်းပါးကို
http://www.kalaytownship.co.cc/2010/08/blog-post.html ကနေ
ကိုမြစ်သာဖတ်လိုက်ရပါတယ်။ ဆရာတဇောင်းနီရဲ့ အရေးအသားတွေထဲက တချို့ ကို
ကိုမြစ်သာလေ့လာမိသလောက် ပြောစရာလေးတွေအနည်းငယ်ရှိခဲ့ပါတယ်။ ကိုမြစ်သာဟာ
အပျော်တမ်း ဘလော့ကာ အထူးသဖြင့် သတင်းများကိုသာ စိတ်ဝင်စားတဲ့
ဘလော့ကာတစ်ဦးအဖြစ် ခံယူထားပါတယ်။ ဆရာတဇောင်းနီ ရဲ့ အရေးအသားတချို့မှာ
သတင်းသမာများကို အထင်သေးအမြင်သေးရှိပုံကို မိမိကိုယ်က ပဲညံ့ နေသလိုလိုနဲ့
နှိပ်ကွပ်ထားတာကို သိနိုင်ပါတယ်။ အဲဒီထဲကနေ ကိုမြစ်သာထုပ်နှုပ်ပြပါ့မယ်။
***ဖုန်းဖြင့်ဆက်မေး ချရေးလိုက် သတင်းများ မည်မျှ များနေပြီဆိုသည်ကို
ဆန်းစစ်သင့်ပြီ ဖြစ်ပါသည်။*** ဆိုတဲ့စာသား ကိုပြန်လည်ရှင်းလင်းပါ့မယ်။
သတင်းသမားဆိုတာ သတင်းဖြစ်တိုင်းအရောက်သွားဖို့ရာမလွယ်ကူပါဘူး။ ဒါ့ကြောင့်
ဒေသအသီးသီးမှာရှိတဲ့ သတင်းမြင်ကွင်းကို အနီးဆုံးထိတွေ့မြင်ရကြားရတဲ့
သတင်းသမားရဲ့ သတင်းပေး( source)၊ သတင်းရင်းမြစ်များဆီကို ဆက်သွယ်ရပါတယ်။
သတင်းထောက်ကိုယ်တိုင်ကလည်း အဲဒီဒေသကို အနည်းဆုံး တစ်ခါ (သို့မဟုတ်)
နှစ်ခါလောက်သာရောက်ဖူးတယ်ဆိုရင် တော်တော်လေးအဆင်ပြေပါတယ်။ ကလေးမြို့
အခြေစိုက်သတင်းသမားများက မိုင်အားဖြင့် (၈၀) ကျော်ကွာဝေးတဲ့
တမူးမြို့နယ်က သတင်းကို ဖုန်းလေးနဲ့လှမ်းပြီး သတင်းယူတာကို ဆရာတဇောင်းနီက
သိပ်ဘ၀င်တွေ့ဟန်မတူပါဘူး။ ဟုတ်ကဲ့ ....မြန်မာနိုင်ငံအတွင်းက
ဂျာနယ်တွေအကုန်လုံး ရန်ကုန်မြို့ ကို အခြေစိုက်ပြီး ..ရေးသားနေကြတာပါ။
အဲဒီဂျာနယ်တွေမှာပါတဲ့ သတင်းတွေဟာ ကမ္ဘာပေါ်မှာရှိတဲ့ ဒေသအသီး သီးက
သတင်းတွေပါ။ ကိုယ်တိုင်သွားရောက်ယူခဲ့တာလည်းရှိသလို အဆက်အသွယ်အသီးသီး (
သတင်းရင်းမြစ်များမှပို့တဲ့ .တယ်လီဖုန်း၊ အွန်လိုင်းမေး၊ နဲ့ ဖက်စ်
အခြားသော ဆက်သွယ်ရေး...) မှပေးပို့သည်များလည်းရှိပါတယ်။ သတင်းများရဲ့
(၇၀) ရာခိုင်နှုန်းဟာ သတင်းရင်းမြစ်များဆီက ရခြင်းဖြစ်ပါတယ်။
(ကိုမြစ်သာရဲ့ခန့်မှန်းပါ) ဂျာနယ်နယ်အပါအ၀င် သတင်းဌာနအသီးသီးဟာ
တယ်လီဖုန်း အစရှိတဲ့ ဆက်သွယ်ရေးကိရိယာများကို အသုံးပြု ၍ သတင်းယူ ၊
သတင်းရေးသား၊ ထုပ်လွှင့်နေကြတာကို ဆရာတဇောင်းနီ...မသိတာလား။
မသိချင်ယောင်ဆောင်ပြီး ...ရေးလိုက်တာလားဆိုတာ..(ကျုပ်မှ
မသိပဲ...ဆိုပြီရှောင်လွှဲလို့မရပါ. ..မသိရင်မရေးပါနဲ့
...သေသေချာချာမသိသော...အကြောင်းအရာများကို
..ရေးသားခြင်းဟာ...ကူးစက်ကပ်ရောဂါသင့်ခြင်းထက် ပြည်သူလူထုကို
ဒဏ်ရာရောဂါတွေ ရရှိ ဆိုးရွားပါတယ်။ ) ၊ စစ်ပွဲတွေကြားမှာ
ကင်မရာတကားကားနဲ့ သတင်းယူနေတဲ့ ကျည်ဆံတွေကို ရှောင်ရှားပြီး
သတင်းယူနေတာကို စလောင်းကနေတွေ့မြင်
နေကြရတာ..သတင်းကိုစိတ်ဝင်စားတဲ့သူတိုင်းကြည့်ဖူးကြမှာပါ။ ..ဟုတ်ကဲ့
..ကျွန်တော်တို့
နေထိုင်နေတာ..မြန်မာနိုင်ငံတော်ဆိုတာ..ဆရာတဇောင်းနီ...သတိချွတ်ယွင်းပြီး
..မေ့သွားတယ်ထင်ပါတယ်။ သတင်းလွတ်လပ်ခွင့်ဆိုတာ...ဆရာသိမှာပါ။ ဟုတ်ကဲ့
...နားထောင်ဖူးမှာပါ။ ဟုတ်ကဲ့
...ဒါလောက်ပြောလိုက်ရင်..သဘောပေါက်မယ်ထင်ပါတယ်။ သတင်းဓါတ်ပုံ
ဘယ်နှစ်ပုံကို ဘယ်နေရာတွေများရိုက်ဖူးပါသလဲ...။
ဟေ့..ဘယ်ကောင်ဓါတ်ပုံရိုက်တာလဲကွ...ဆိုတာတွေ ကြားဖူးမှာပါ။ ကျွန်တော်တို့
သတင်းဓါတ်ပုံအတွက် အခက်အခဲတွေမြန်မာနိုင်ငံမှာရှိတဲ့
ဂျာနယ်လစ်တိုင်းလိုလို တွေ့ကြုံဖူးကြမှာပါ။ ၀ါသနာအရသာ လုပ်နေကြတဲ့
သတင်းသမားများကိုနောက်ဆုံး အနေနဲ့ ဆရာတဇောင်းနီစော်ကားလိုက်တာက
*****ကျွန်တော်တို့ အရည်အသွေး ညံ့ဖျင်သောကြောင့် အရည်အသွေး ညံ့သော
သတင်းသမားတို့ လုပ်စားရနေခြင်း ဖြစ်ပါကြောင်း လက်ခံလိုက်ရပါတော့သည်။*****
သတင်းသမားများလုပ်စားတယ်လို့ စွပ်စွဲလိုက်ခြင်းပါ။ ဟုတ်ကဲ့
...ဆရာအထက်မှာရေးခဲ့ပါတယ်။ ဘာတဲ့...သတင်းတစ်ပုဒ်ရဲ့ တန်ဖိုးဟာ ၁၅၀၀
ကျပ်လား၊ ၃၀၀၀ ကျပ်လား ဒါမှမဟုတ် သန်း ၅၀ အတွက်လား ။ ဒါမှ မဟုတ် လူသားထု
တစ်ရပ်လုံး အတွက်လား ကိုယ်ယုံကြည်ရာ အလုပ်အတွက် အသက်ကိုတောင် ပဓါန မထားဘဲ
ရှေ့တန်းစစ်မြေပြင်တောင် ထွက်ပြီး သတင်းယူကြတဲ့ လေးစားဖွယ်ရာ
ဂျာနယ်လစ်တွေ နိုင်ငံအတွက် သတင်းတစ်ပုဒ်ကို အသက်နဲ့ ရင်းပြီး ယူတတ်ကြတဲ့
သတင်း ထောက်လှမ်းရေး သမားတွေ
......*****ဆရာတဇောင်းနီသိပြီးဖြစ်မှာပါ.။။ဒါပေမယ့်
သိအောင်ထုပ်ပြောလိုက်ပါ့မယ်..... သတင်းတစ်ပုဒ်ရတာက တစ်ပုဒ်ကို
တစ်ထောင်ကနေ တစ်သောင်းခွဲကနေ သုံးသောင်းလောက် (သတင်းရှည်နဲ့
ဆောင်းပါးအပါအ၀င်ပါ) အထိရကြတယ်လို့သိရှိရပါတယ်။ ခင်ဗျားပြောတဲ့
အနောက်နိုင်ငံမှ သတင်းထောက်များ လစာဟာ အနိမ့်ဆုံးလစာ ဒေါ်လာ(၆၀၀၀)
လောက်ရကြတယ်လို့သိရပါတယ်။ (ကျန်တဲ့ အခွင့်အရေးတွေ ရရှိကြပါသေးတယ်) အဟဲ
...မြန်မာငွေနဲ့ဆို..တစ်လ သိန်းခြောက်ဆယ်လောက်ပါ။
ဒီလောက်ဆို...သဘောပေါက်ရောပေါ့...မြန်မာနိုင်ငံအတွင်းက သတင်းသမားတိုင်းဟာ
ဝါသနာအရင်းခံပြီး အလုပ်လုပ်နေကြခြင်းဖြစ်ပါတယ်။
ငွေရေးကြေးရေးအရချမ်းသာတဲ့ သတင်းသမားစာရေးဆရာဆိုတာ
ဆရာကြီးသခင်ကိုယ်တော်မှိုင်းက အစ ..မချမ်းသာခဲ့တာကို လူထုဒေါ်အမာ ရေးတဲ့
သခင်ကိုယ်တော်မှိုင်းစာအုပ်ဖတ်ကြည့်ရင် သိမှာပါ။ ယနေ့အချိန် အထိ
သတင်းစာဆရာ၊စာရေးဆရာများဟာ ချမ်းသာတယ်ဆိုတာမရှိသေးပါဘူး။
ဟုတ်ကဲ့...လုပ်စားတာလား..ပြည်သူကိုယ်စေတနာရှိလို့ရေးတာလား(တဇောင်းနီကြီးပြောတဲ့
သန်းငါးဆယ်အတွက်လားပေါ့) ...မြစ်သာလွင်ပြင်ပရိတ်သတ်များက
သာ...ဆုံးဖြတ်ကြပါ။သတင်းတစ်ပုဒ်ရေးလိုက်လို့... ထမင်းတစ်လုပ်မလွယ်ပေမယ့်
နားရင်းအုပ်တော့ခံဖို့ ပိုနီးတယ်ဆိုတာ...ပရိတ်သတ်ကြီးသိမှာပါ။
အကြောင်းမညီလို့သာပါ...ဆရာတဇောင်းနီရေ...လုပ်စားသတင်းဆရာများလို့...အဟုတ်များ
...ပြည်သူမြင်သွားမှ ဖြင့်
..၀ါးရှည်နဲ့လှမ်းရမ်းတာ...မြစ်သာတို့ကို...မေတ္တာရှိတဲ့
...ပရိတ်သတ်တွေတလွဲထင်မှာမို့....အလွဲသဘင်...ခင်ဗျားသတင်းကြီးကို...အရှုပ်ဖြည်ကာ..အဟုတ်အတည်...ရေးလိုက်ရပါကြောင်း....။..ဆက်ချင်ပါသေးတယ်...(မှတ်ချက်**အွန်လိုင်းထိုင်
ရေးရတာ တစ်နာရီကို(လေးရာကျပ်ပါ)....ကုန်ကျပါတယ်။ အခုပို့စ်အတွက်
တစ်နာရီခွဲလောက်ရေးသားလိုက်ရပါတယ်။ )
မေတ္တာဖြင့်
ကိုမြစ်သာ။
Saturday, August 7, 2010
သတင်း၊စာနယ်ဇင်း၊မိဒီယာ သတင်းထောက် နှင့် ကျင့်ဝတ်သိက္ခာ
ကျွန်တော်တို့ပဲ သေသင့်ပါတယ် သတင်းထောက်ကြီး တို့ရယ်
သတင်းတစ်ပုဒ်ရဲ့ တန်ဖိုးဟာ ၁၅၀၀ ကျပ်လား၊ ၃၀၀၀ ကျပ်လား ဒါမှမဟုတ် သန်း ၅၀ အတွက်လား ။ ဒါမှ မဟုတ် လူသားထု တစ်ရပ်လုံး အတွက်လား ကိုယ်ယုံကြည်ရာ အလုပ်အတွက် အသက်ကိုတောင် ပဓါန မထားဘဲ ရှေ့တန်းစစ်မြေပြင်တောင် ထွက်ပြီး သတင်းယူကြတဲ့ လေးစားဖွယ်ရာ ဂျာနယ်လစ်တွေ နိုင်ငံအတွက် သတင်းတစ်ပုဒ်ကို အသက်နဲ့ ရင်းပြီး ယူတတ်ကြတဲ့ သတင်း ထောက်လှမ်းရေး သမားတွေ နောက် ငှက်ပျောတစ်ပင်မှ အခိုင်နှစ်ခု ထွက်ကြောင်း၊ ၀က်မလေးမှ ခေါင်းနှစ်လုံးပူးပါသော သားလေး မွေးကြောင်းမှသည် လိုင်စင်မဲ့ကားများ လိုင်စင် ထုတ်ပေးတော့မည့် သတင်း မြောက်ကိုရီးယား၏ နုစီမံကိန်းသတင်း မက္ကစီကို ပင်လယ်ကွေ့ရှိ ရေနံ အညစ်အကြေးသတင်း မုန်တိုင်းသတင်း၊ စစ်ပွဲ သတင်း၊ လမ်းပိတ်ထားကြောင်း သတင်း၊ ရေလှူနေသော သတင်း … စသည် စသည်ဖြင့် လူ့အဖွဲ့စည်းကို ထုတ်ပြန်နေသော သတင်းများ ၊
ယနေ့ကမ္ဘာသည် သတင်း ကမ္ဘာ ဖြစ်သည်နှင့် အညီ သတင်းတို့သည် အဘယ်မျှ အရေးကြီးကြောင်း သတင်းခံစားသူ တစ်ယောက်အနေဖြင့် လည်းကောင်း၊ သာမာန်လူ နေထိုင်မှု ဘ၀မှ နိုင်ငံသား တစ်ဦး အနေဖြင့် လည်းကောင်း ကျွန်တော် ကောင်းစွာ သဘော ပေါက်ထားပါသည်။ ပညာရှင် တစ်ယောက် အနေဖြင့်မူ ဘယ်သို့ ညာသို့ မဝေဖန်တတ်ပါ။ အကဲဖြတ် အမှတ်ပေးရန်လည်း မစွမ်းပါ၊ ကျွန်တော် လက်လှမ်းမီသမျှ သတင်းတို့ကို ဖတ်ပါသည်။ ကြေငြာ သတင်း ဒေသတင်း ကမ္ဘာ သတင်း အချို့က အရေးကြီး အချို့လည်း မလိုအပ်လှ။ အရေးကြီး သတင်း တို့ကို အချက်လက် မှန်မှန် စေတနာ မှန်မှန်ဖြင့် တင်ပြပေးနေကြသော သတင်းသမားတို့အား ကျွန်တော်များစွာ လေးစားပါသည်။ သူတို့၏ ဘ၀ ရပ်တည်မှုကို ခရေစေ့တွင်းကျ သိရလေ ပိုပြီး လေးစား ရလေ ဖြစ်ပါသည်။
သို့သော် …….
ယနေ့ခေတ်တွင် သတင်းဂျာနယ် အမျိုးမျိုးမှ သတင်းမျိုးစုံ တင်ဆက်လာခဲ့ရာ သတင်းဂျာနယ်ကြီး နှစ်စောင်မှ ဒသ သတင်းတို့ကို စိတ်ဝင်စားဖွယ် ဖတ်လိုက်ရပါသည်။ ၎င်းတို့မှာ
-`` မဏိပူရဘက်မှ ၀ယ်သူများလာ၍ နန်းဖာလုံဈေး၌ အရောင်း အ၀ယ်ကောင်း´´ ဟူသော ခေါင်းစဉ်ဖြင့် 2010 Auguest 1 ထုတ် 24/7 NEWS JOURNAL, Vol:5, No.32, တွင် တင်ဆက်ထားသည့် ``သမုတိသစ္စာ´´ ၏ သတင်းနှင့်
- `` မိုးတွင်းကာလအတွင်း မြန်မာ- အိန္ဒိယ နယ်စပ် နန်းဖာလုံဈေးတွင် အရောင်း အ၀ယ် နည်းပါလျှက်ရှိ ´´ ဟူသော ခေါင်းစဉ်ဖြင့် 2010 August 4 ထုတ် WEEKLY ELEVEN NEWS JOURNAL, Vol;5 No.43 တွင် တင်ဆက်ထားသည့် ``အောင်သူထွန်း(ကလေးမြို့) ၏ သတင်းတို့ ဖြစ်ပါသည်။
သတင်းခေါင်းစဉ် နှစ်ခုကို ဖတ်ကြည့်ယုံမျှဖြင့် သတင်းနှစ်ခု၏ လားရာကို သိသာနေပါပြီ။ သတင်းထောက် နှစ်ဦလုံးမှာ ကလေးမြို့ အခြေစိုက် သတင်း သမားများ ဖြစ်ပါသည်။ ကလေးမြို့မှ မိုင်(၈၀) ကျော် ဝေးသော နန်းဖာလုံ ဈေး၏ သတင်းကို သတင်းကို သူတို့ မည်သို့ ယူလာခဲ့ကြသည်ကို ကျွန်တော်မသိပါ။ သာမာန်ဆိုလျှင် ကျွန်တော်လည်း သတိထားမိမည် မထင်ပါ။ ယခုတော့ နာမည်ကြီး ဂျာနယ်ကြီး နှစ်စောင်၏ နောက်ဆုံးထုတ်ဂျာနယ် များတွင် တစ်ပြိုင်နက်တည်း ပါလာသောကြောင့်သာ သတိထားမိခြင်း ဖြစ်ပါသည်။ ရက်စွဲအရ မဆို စလောက် ကွာသော်လည်း ယင်းဂျာနယ် နှစ်စောင်သည် စာဖတ်သူ လက်ထဲသို့ တပြိုင်တည်း ရောက်လာသော ဂျာနယ်များ ဖြစ်ကြပါသည်။ ကျွန်တော်တို့ ကံကောင်းသည်မှာ နန်းဖာလုံဈေး အရောင်းအ၀ယ် ဖြစ်ခြင်း မဖြစ်ခြင်းသည် စာဖတ်သူ ရာခိုင်နှုန်းအများစုအတွက် အရေးမပါလှခြင်း ဖြစ်ပါသည်။ သို့အတွက် သတင်း၏ ဆိုးကျိုးမှာ ကျွန်တော်တို့အတွက် သက်ရောက်မှု မရှိသလောက် နည်းပါသည်။
ယခင်ကလည်း ဂျာနယ် တစ်စောင်တွင် ကလေးမြို့ ကာယကံ မေတ္တာ အဖွဲ့ကြီး၏ ကုသိုလ်ဖြစ် ဆေးခန်းကို ကဆုန်လပြည့်နေက ဖွင့်လှစ်ကြောင်း သတင်းအမှား နေသာ ပညာဒါန သင်တန်း၏ (၁၅) နှစ်ပြည့် မဂ္ဂဇင်းအတွက် စာမူ ဖိတ်ခေါ်မှု သတင်းပါ အချက်အလက် အမှား စသည့် သတင်းအမှားများ စာဖတ်သူ လက်ထဲသို့ ရောက်ခဲ့ပြီး ဖြစ်ပါသည်။
သည်အတိုင်းသာ သတင်းသမားတို့၏ အရည်အသွေးကို ဆိုင်ရာ ဆိုင်ရာ တို့က လျစ်လျူရှုထားကြမည်ဆိုပါက ဖြစ်ပေါ်လာမည့် နိုင်ငံသစ်အတွက် စတုတ္ထမဏ္ဍိုင်ကို ကျွန်တော်တို့ ပြည်သူများ မည်သို့ ယုံကြည်ရပါမည်နည်း။ ဖုန်းဖြင့်ဆက်မေး ချရေးလိုက် သတင်းများ မည်မျှ များနေပြီဆိုသည်ကို ဆန်းစစ်သင့်ပြီ ဖြစ်ပါသည်။
နောက်ဆုံး လက်ညှိုးထိုးမည်မှာ သတင်းဖတ် ပရိတ်သတ်များ ဖြစ်ပါသည်။ ကျွန်တော်လည်း ပါပါသည်။ ကျွန်တော်တို့ အရည်အသွေး ညံ့ဖျင်သောကြောင့် အရည်အသွေး ညံ့သော သတင်းသမားတို့ လုပ်စားရနေခြင်း ဖြစ်ပါကြောင်း လက်ခံလိုက်ရပါတော့သည်။
တဇောင်းနီ (မြန်မာစာ)




