Welcome


Download Apk File

ကလေးမြို့ရဲ့ သတင်းတွေကို Android ဖုန်းထဲကနေ ကြည့်လို့ရတဲ့ Apk file လေးပါ ..။အောက်က လင့်လေးမှာ Down လို့ရပါတယ် ...။ အခုထိတော့ Link မသေသေးပါဘူး ...။
http://www.sendspace.com/file/yud6dl

Sunday, May 1, 2016

တမူးသတင်း

▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

အေးသန်း(စိန်တုံးကြီး)

သင်္ကြန်မတိုင်မီရက်တစ်ရက်တွင် မရောက်သည်မှာကြာပြီဖြစ်သည့် ကဘော်ချိုင့်ဝှမ်း ဒေသအခေါ် မြန်မာ-အိန္ဒိယနယ်စပ် တမူးမြို့လေးသို့ အလယ်တစ်ခေါက်ရောက်ခဲ့သည်။ တမူးကိုရောက်လျှင်ရောက်ချင်း တမူးမြို့ နယ် လဝကရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ သားကြီးက ''အဖေတို့ကို ထူးထူးခြားခြား ငွေဆံတော်ပွင့်ဘုရားနဲ့ အဘိုး ဘိုးသီလအရှင်နန်းတော်ကို လိုက်ပို့ပေးရဦးမယ်''ဟု ပြောလာသဖြင့် ''အေးကွာ အဖေလည်း စိတ်ဝင်စားတယ်၊ ညနေကျရင် သွားဖူးကြရအောင်''ဟု ပြောလိုက်ပါတော့ သည်။

တမူးမြို့လေး၏ ရာသီဥတုက နေ့လယ်ပိုင်းမှာ ပူလွန်း၍ စာရေးသူတို့ ရန်ကုန်ရာသီဥတုနှင့်မခြား ရှိနေသော်လည်း ညနေပိုင်းနှင့် ညပိုင်းတွင် နေလို့ ကောင်းသည့် ရာသီဥတုမျိုးဖြစ်နေ၍ နေ့ရောညပါ အပူဒဏ်ကို ခံစားလာခဲ့ရသည့် ကျွန်တော်တို့ ယခုမှ အတိုးချပြီး အနားယူရပေတော့မည်။ ဤသို့ဖြင့် နေ့အပူချိန် လျော့နည်းစပြု လာပြီဖြစ်သော်လည်း ညနေ ၄ နာရီကျော်လောက် တွင် စာရေးသူတို့ဇနီးမောင်နှံနှင့်အတူ သားကြီးတို့မိသားစုလိုက်ပါလျက် သုံးဘီးယာဉ်ဖြင့် ဆံတော်ပွင့်ဘုရားဖူးရန် ထွက်ခဲ့ပါတော့သည်။

ငွေဆံတော်ပွင့်ဘုရားသည် တမူးမြို့ မြို့မသာသနာ့ရိပ်သာကျောင်းတိုက် အရှေ့ဘက် ဘုရားငါးဆူကျောင်းတိုက်စံကျောင်းတော် ဂန္ဓကုဋိတိုက်တွင် ကိန်းဝပ်စံပယ်တော်မူနေသည်ကို ဖူးမြော်တွေ့ရှိခဲ့ရပေသည်။ ငွေဆံတော်ပွင့် ဘုရားနှင့်ပတ်သက်၍ အလှည့်ကျဂေါပကအဖွဲ့ထံမှ သိရှိခဲ့ရသည်မှာ ၂ဝဝ၉ ခုနှစ်က တမူးမြို့စော်ဘွား (၁ဝ/က) ရပ်ကွက်နေ ကိုရာကျော်-မဖြူဖြူသွယ်၊ သမီးမယွန်းနဒီကျော်နှင့် သားမောင်ဥက္ကာကျော်တို့ မိသားစုက မြို့ပေါ်ရှိ ဇာနီဦး (ကွန်ပျူတာမိတ္တူနှင့် စာရေးကိရိယာဆိုင်)မှ ဘုရားဆင်းတုတော်တစ်ဆူ ကို ဝယ်ယူပူဇော်ခဲ့ကြကြောင်း၊ ၎င်းတို့နေအိမ်တွင် ငါးနှစ်ကျော်ပူဇော်ခဲ့ရာမှ ၂ဝ၁၄ ခုနှစ် ဇွန် ၂ ရက်တွင် ဆင်းတုတော်မှ ထူးခြားစွာဆံတော်ရှစ်ဆူ ပွင့်ထွန်းပေါ်ပေါက်လာခဲ့သည်ကို မဖြူဖြူသွယ်က မြင်တွေ့ခဲ့ရပြီး အဘွား ဖြစ်သူကို တစ်ဆင့်ပြောပြရာမှ ၂ဝ၁၄ ခုနှစ် ဇွန် ၇ ရက်မှစ၍ အိမ်နီးချင်း များမှတစ်ဆင့် ပတ်ဝန်းကျင်သို့ သတင်းပျံ့နှံ့ကာ ဘုရားဖူးလာသူများနှင့် စည်ကားလာခဲ့ကြောင်း၊ ၁၃-၆-၂ဝ၁၄ ရက် (သောကြာနေ့) နံနက် အရုဏ်တက်ချိန်တွင် သံဃာတော်ကိုးပါးပင့်၍ ဗုဒ္ဓါဘိသေက ဘုရားအနေကဇာတင် လှူခဲ့ပြီး ယင်းနေ့ညနေ ၃ နာရီတွင် ငွေဆံတော်ဘုရားရှင်ကို ပင့်ဆောင်ကာ တမူးမြို့တွင်းသို့ စည်ကားသိုက်မြိုက်စွာ ဒေသစာရီ ကြွချီအပူဇော်ခံခဲ့ကြောင်း၊ ထိုမှတစ်ဆင့် တမူးမြို့ မြို့မကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တမာနိတသိရိ၏ သြဝါဒခံယူကာ မြို့မကျောင်း တိုက် အရှေ့ဘက် ဘုရားငါးဆူကျောင်းတိုက်တွင် အများပြည်သူများ ဖူးမြော် အပူဇော်ခံနိုင်ရန် ငွေဆံတော်ရှင် မြတ်စွာဘုရားကို ပင့်ဆောင်ထားခဲ့ကြောင်း၊ ဘုရားဖူးလာပြည်သူများ အဆင်ပြေချောမွေ့စွာ ဖူးမြော်ကြည်ညိုနိုင်ရန် မြို့မ ကျောင်းတိုက် ဂေါပကအကျိုးတော်ဆောင်ခြောက်ဖွဲ့ဖြင့် အလှည့်ကျ တာဝန် ယူဆောင်ရွက်လျက်ရှိကြောင်း၊ ငွေဆံတော်ဘုရားရှင်၏ ထူးခြားချက်မှာ ၂၃-၅-၂ဝ၁၄ ရက်နေ့ ညသန်းခေါင်ယံအချိန် တွင် ငွေဆံတော်ဘုရား ဆင်းတုတော်မှ အစိမ်းရောင်များဖြင့် ရောင်ခြည် ကွန့်မြူးနေသည်ကို မဖြူဖြူသွယ်မှ မြင်တွေ့ရခြင်းနှင့် ၁ဝ-၆-၂ဝ၁၄ ရက်နေ့ မိုးသောက်ယံချိန်တွင် ရောင်ခြည်များ ကွန့်မြူးနေသည်ကို မဖြူဖြူသွယ်၏ဖခင် ဦးမောင်မောင်ကိုယ်တိုင် မြင်တွေ့ ဖူးမြော်ခဲ့ရကြောင်း၊ ငွေဆံတော်ဘုရားကို စတင်ဖူးတွေ့ခဲ့စဉ်က ဦးခေါင်းတော်မှ ဓာတ်တော်အလုံးအဖုလေးများသာ ဖူးတွေ့ခဲ့ရပြီးနောက် တဖြည်းဖြည်း ဓာတ်တော်အလုံးအဖုလေးများ မှ ငွေဆံတော်များ ပွင့်ထွန်းရှည်ထွက်လာသည်ကို ယနေ့ဖူးမြော်ရသည့်အတိုင်း တွေ့မြင်ရကြောင်းတို့ကို ငွေဆံတော်ရှင်မြတ်စွာ ဘုရားထိန်းသိမ်းစောင့်ရှောက်ရေး အလှည့်ကျ ဂေါပကအဖွဲ့ထံမှ သိရှိခဲ့ရပေသည်။

အဆိုပါ ငွေဆံတော်ရှင်မြတ်စွာဘုရားအား ရပ်နီးရပ်ဝေးပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရန်အတွက် ဘုရားဒါယကာ ကိုရာကျော်မိသားစုက မတည်လှူဒါန်းငွေ သုံးသိန်းကျော်နှင့် ဘုရားဖူးခရီးသည်များ ထည့်ဝင်လှူဒါန်းငွေများဖြင့် ငွေဆံတော်ရှင်မြတ်စွာဘုရား စံကျောင်းတော် ဂန္ဓကုဋိ တိုက်ကို ၂ဝ-၆-၂ဝ၁၄ ရက်နေ့က မြို့မကျောင်းဆရာတော်ကိုယ်တိုင် ပန္နက်ချ မင်္ဂလာတင်၍ ဆောက်လုပ်လှူဒါန်းခဲ့သည်။ စံကျောင်းတော်၌ သပ္ပာယ်စွာ ဖူးမြော်ကြည်ညိုနိုင်ကြမည်ဖြစ်သည်။

ငွေဆံတော်ရှင်မြတ်စွာဘုရားရှင်အား ဖူးမြော်ကြည်ညိုခဲ့ပြီးနောက် စာရေးသူတို့မိသားစုလည်း မြို့မကျောင်း သာသနာ့နယ်မြေ အနောက် မြောက်ဘက်တွင်ရှိသော အဘိုးဘိုးသီလအရှင်နန်းတော်ဘက်သို့ ထွက်လာခဲ့သည်။ အဘိုးဘိုးသီလအရှင်နန်းတော်တွင် အဘိုးဘိုးသီလရုပ်တုကို ကြည်ညိုဖွယ်ရာတွေ့မြင်ခဲ့ရသည်။ ရုပ်တုမှာ မတ်တပ်ရပ်လျက် ညာဘက်တွင် တောင်ဝှေးတစ်ချောင်းထောက်ထားပြီး ဘယ်ဘက်လက်တွင် စိတ်ပုတီးနှင့် အဖြူရောင်ထိုင်မသိမ်းအင်္ကျီကို ဝတ်ဆင်ကာ ဦးခေါင်းအလယ်တည့်တည့် တွင် ရောင်ထုံးရှိပြီး ဇောင်းရစ် ကို ဆောင်းထားသည့် မင်းဝတ်မင်းစားပုံဖြစ်သည်။ ရုပ်တု၏ လက်ယာဘက်တွင် ဆင်ဖြူတော်တစ်စီးနှင့် လက်ဝဲဘက် တွင် မြင်းဖြူ တော်တစ်စီးရှိသည်။ ထို့ပြင် အဘိုးဘိုးသီလ ကိုစောင့်ရှောက်နေသော လက်ျာရံ စစ်သူကြီးသုံးပါးဖြစ်သည့် ဝဲဇလွန်စစ်သူကြီး၊ ဝဲဇာလောင်စစ်သူကြီးနှင့် ဇလုံမော် စစ်သူကြီးတို့အပြင် လက်ဝဲရံစစ်သူကြီးများဖြစ်သော နွိုင်ခေါမာစစ်သူကြီး၊ မူသီပါစစ်သူကြီးနှင့် နန်းသညစ်စစ်သူကြီးဟူသည့် စစ်သူကြီးသုံးဦးကလည်း စောင့်ရှောက်နေကြောင်း သိမြင်တွေ့ရှိခဲ့ရသည်။

အဘိုးဘိုးသီလကို စောင့်ရှောက်ပေးနေသော လက်ဝဲရံစစ်သူကြီးတစ်ဦး ဖြစ်သည့် နွိုင်ခေါမာစစ်သူကြီး၏ နန်းတော်ကို အဘိုးဘိုးသီလအရှင်နတ်နန်း တော်၏ အနောက်ဘက်တွင် တွေ့ရှိရမည်ဖြစ်သည်။ ''နွိုင်ခေါမာ''ဟူသည် အိန္ဒိယ-မြန်မာနယ်စပ်ဘေးရှိ မြင်းလည်ပင်းနှင့်တူသော တောင်၏အမည် ဖြစ်ပြီး ထိုနွိုင်ခေါမာတောင်ပေါ်တွင် အိန္ဒိယ-မြန်မာနယ်စပ်နေ နယ်သူ နယ်သားအပေါင်းတို့ကို အန္တရာယ်အသွယ်သွယ်မှ စောင့်ရှောက်ပေးသော နတ်စစ်သူကြီးကို အစွဲပြု၍ ခေါ်ဝေါ်ခြင်းဖြစ်သည်။ နွိုင်ခေါမာစစ်သူကြီးသည် အဘိုးဘိုးသီလအရှင်နှင့်အတူ အိန္ဒိယ-မြန်မာနယ်စပ်ဒေသနှင့် နယ်သူ နယ်သားများကို စောင့်ရှောက်သည်ဟု ယုံကြည်လာ၍ ယနေ့တိုင်အစဉ်အဆက် ကိုးကွယ်လာခဲ့ကြောင်းကိုလည်း မှတ်သားခဲ့ရသည်။ နွိုင်ခေါမာစစ်သူကြီး ရုပ်တုမှာ စစ်သူကြီးချပ်ဝတ်တန်ဆာများဝတ်ဆင်ပြီး မြင်းစီးနေပုံဖြစ်သည်။ နွိုင်ခေါမာစစ်သူကြီးတွင် မောလုံမော်နွဲ့နတ်၊ ရမန္တရီခေါ် ကွန်းတောင်းနတ်နှင့် နန်းသညစ်တောင်စောင့်နတ်ဟူသည့် ညီတော်သုံးပါးရှိကြောင်းကိုလည်း ထပ်မံလေ့လာသိရှိရပေတော့သည်။

စာရေးသူလည်း အဘိုးဘိုးသီလအရှင်နတ်နန်းတော်အား လှည့်လည် ဖူးမြော်ပြီးနောက် အဘိုးဘိုးသီလနှင့် ပတ်သက်၍ သိလိုသည်များကို အဆိုပါ ဘိုးသီလရုပ်တုနှင့် နန်းတော်အား ထိန်းသိမ်းစောင့်ရှောက်နေသော အလှည့်ကျ ဂေါပကအဖွဲ့ထံ မေးမြန်းခဲ့ရာ ဤသို့ သိရှိလာခဲ့ရပေသည်။

ဗုဒ္ဓမြတ်စွာဘုရားရှင်လက်ထက်က ကပိလဝတ်ပြည်ကို အရှင်အနုရုဒ္ဓါ မထေရ် အုပ်ချုပ်ခဲ့စဉ်က အဘိုးဘိုးသီလသည် အရှင်အနုရုဒ္ဓါ မထေရ်၏ နောင်တော်ကြီးဖြစ်ခဲ့ကြောင်း၊ အနုရုဒ္ဓါမထေရ်နတ်ရွာစံပြီးနောက် နောင်တော် ကြီးဖြစ်သူ မဟာနမ်မင်းသားကြီးက ဆက်လက်အုပ်ချုပ်ခဲ့ကြောင်း၊ ကပိလဝတ် ပြည်ကို ဝိဋဋူပတို့ ရန်မူလာခြင်းကြောင့် သာကီဝင်မင်းမျိုးမင်းနွယ်များနှင့် သာကီဝင်အချို့ မောရင်္ဂ ခေါ် ယခုကဘော်ချိုင့်ဝှမ်းဒေသ(တမူး)သို့ ပြောင်းရွှေ့ လာကြကြောင်း၊ သာကီဝင်များနှင့်အတူ ဝတ်ဖြူစင်ကြယ်နှင့် သူတော်စင် တစ်ဦးပါလာကြောင်း၊ ထိုသူတော်စင်ပုဂ္ဂိုလ်မှာ မင်းသားကြီး မဟာနမ် ဖြစ်ကြောင်း၊ မင်းသားကြီးမဟာနမ်မှာ ဗုဒ္ဓဘုရားရှင်၏ တရားတော်နှင့်အညီ ကျင့်ကြံအားထုတ်ခြင်းကြောင့် သောတာပန် အရိယာကြီးလည်း ဖြစ်လာခဲ့ ကြောင်း၊ သီလသမာဓိနှင့်ပြည့်စုံသဖြင့် မြို့သူမြို့သားအားလုံးက အဘိုး ဘိုးသီလဟု စတင်ခေါ်ဝေါ်ခဲ့ကြကြောင်း သိရှိရပေသည်။

အဘိုးဘိုးသီလသည် တမူးမြို့နယ်၊ ဖောင်းပြင်မြို့နယ်၊ မော်လိုက်မြို့နယ် အဆုံးထိ သြဇာသက်ရောက်ခဲ့ကြောင်း၊ အဘိုးဘိုးသီလကွယ်လွန်ပြီးနောက် ပိုင်းတွင်လည်း စဉ်ဆက်မပြတ် ကိုးကွယ်လာခြင်းကြောင့် မြို့ရွာနယ်ပယ် အန္တရာယ်မကျရောက်အောင် စောင့်ရှောက်သော နယ်ပယ်ရှင်ပယ် သူတော် စင်တစ်ပါးအဖြစ် ယုံကြည်သက်ဝင်ခဲ့ကြကြောင်း၊ ရှေးအခါက ကလေးသူငယ် များနေထိုင်မကောင်းဖြစ်လျှင် အဘိုးဘိုးသီလထံ အပ်နှံ၍ ရောဂါကင်းရှင်း စေလိုကြောင်း မစကြည့်ရှုပေးရန် တောင်းဆို လာသည့်အခါတွင်လည်း သိသိသာသာ ပျောက်ကင်းစေကြောင်း၊ နယ်သူနယ်သားများ မိမိတို့၏ ရင်သွေးများအား သာသနာ့ဘောင်သို့သွတ်သွင်းရန်အတွက် ရှင်ပြုအလှူပွဲမတိုင်မီ တစ်ရက် အလို အဘိုးဘိုးသီလထံအပ်နှံပြသရသည့် အစဉ်အလာများ ယနေ့တိုင် ဆက်လက်ဆောင်ရွက်နေကြကြောင်း၊ လယ်ယာများပိုးကျလျှင် သက်သတ်လွတ် ထမင်း၊ ဟင်း၊ သစ်သီးများတင်၍ တိုင်တည်ပူဇော်ပသသည့်အခါတွင်လည်း ပိုးမွှားကျသော လယ်ယာများသို့ ဆက်ရက်အုပ်များ ကျရောက်ကာ ပိုးမွှား အန္တရာယ်ကို ရှင်းလင်းပေးကြကြောင်း၊ ကား၊ ဆိုင်ကယ်အသစ်ဝယ်ယူလျှင်လည်း အဘိုးဘိုးသီလ နန်းတော်ရှေ့တွင်ပြသပြီး ဖယောင်းတိုင်၊ အမွှေးတိုင်၊ ငှက်ပျောပွဲ၊ အုန်းပွဲများနှင့် ပူဇော်ပသကာ စောင့်ရှောက်ပေးပါရန်တောင်းပန် တိုင်တည်ခြင်းများနှင့် ခရီးဝေးထွက်ခွာကြမည့် မော်တော်ယာဉ်များကိုလည်း နန်းတော်ရှေ့ အဘိုးဘိုးသီလအား သုံးကြိမ်ဦးတိုက်ပြီး ပူဇော်သွားပါက ခရီး လမ်းပန်းချောမွေ့ပြီး အန္တရာယ်ကင်းရှင်းကြသည်ဟု ယုံကြည်မှုရှိလာကြကြောင်း ကိုလည်း လေ့လာသိရှိမှတ်သားခဲ့ရသည်။

ထို့ပြင် ဤဒေသ ဤမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြီးကြီးမားမား မဖြစ်ဖူး၊ မကြုံဖူးခြင်းသည်လည်း ယင်းဘိုးသီလအရှင်၏ စောင့်ရှောက် မှုကြောင့် ဟု မြို့သူမြို့သားများက ယုံကြည်နေကြသည်။ ပို၍ထူးခြားသည်မှာ ဒုတိယ ကမ္ဘာစစ်အတွင်းက ဤဒေသသည် စစ်မြေပြင် စစ်လမ်းကြောင်းဖြစ်ခဲ့သော်လည်း အသေအပျောက်နည်းပါးခဲ့ခြင်းနှင့် စစ်ကြီးဖြစ်နေစဉ်အတွင်း အဘိုး သီလသည် မြင်းစီးကာ မြို့ကိုလှည့်ပတ်စောင့်ရှောက်နေသည်ကို အင်္ဂလိပ်၊ ဂျပန်အရာရှိများက တွေ့မြင်ခဲ့ကြကြောင်း တစ်ဆင့်စကားတစ်ဆင့်ကြားခဲ့ရာမှ သိရှိခဲ့ရသည်။ ထို့ကြောင့်ပင် အလွန်ဆိုးရွားရက်စက် ယုတ်မာလှသည့် ဖက်ဆစ်ဂျပန်တို့၏ ရက်စက်ယုတ်မာမှုဒဏ်ကို မြို့သူ၊ မြို့သားများ မခံစားခဲ့ရကြောင်းကိုလည်း လေ့လာသိရှိခဲ့ရပေသည်။

အဘိုးဘိုးသီလအရှင်ကြီး၏ စောင့်ရှောက်မှုကြောင့် ကဘော်ချိုင့်ဝှမ်း ဒေသ(တမူးမြို့) တစ်မြို့လုံးက အဘိုးဘိုးသီလရှင်ကြီးကို ယုံကြည်ကိုးကွယ် လာကြသည်။ အားထားရာဖြစ်လာခဲ့သည်။ ဗုဒ္ဓဘာသာဝင်များသာမက ဟိန္ဒူ၊ ခရစ်ယာန်ဘာသာဝင်များကပင် အန္တရာယ်ကင်းရေး၊ စီးပွားလာဘ်လာဘ တိုးပွားစေရေးတို့အတွက် အဘိုးဘိုးသီလနတ်နန်းနှင့် အဘိုးဘိုးသီလရုပ်တုတို့အား လာရောက်ဆည်းကပ်လှူဒါန်းပြီး တိုင်တည်ခြင်းများကို နေ့စဉ် ညနေ ၄ နာရီမှစ၍ ဖယောင်းဆီမီး၊ အမွှေးတိုင်များ၊ ကန်တော့ပွဲများဖြင့် လာရောက် ပူဇော်ကြခြင်းနှင့် နှစ်စဉ်သီတင်းကျွတ်လပြည့်နေ့နှင့် နှစ်ဆန်း ၁ ရက်နေ့ များတွင် သက်သတ်လွတ် ထမင်းဟင်းများ၊ မုန့်ဖြူ၊ မုန့်နီ၊ သစ်သီးနှင့် ဆန်၊ ပန်း၊ ပေါက်ပေါက်များ၊ ဆင်စာ၊ မြင်းစာများ၊ အမွှေးတိုင်၊ ဖယောင်းတိုင်များဖြင့် စည်ကားသိုက်မြိုက်စွာ မြို့ခံများနှင့် ရပ်နီး၊ ရပ်ဝေးမှသိရှိထားသူများက လာရောက်ပူဇော်ကြကြောင်းတို့ကို အသေးစိတ်လေ့လာမှတ်သား သိရှိခဲ့ရသည်။

သို့ပါ၍ စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ-အိန္ဒိယနယ်စပ်ရှိ ကဘော် ချိုင့်ဝှမ်းဒေသခေါ် တမူးမြို့လေးသို့ မြန်မာပြည်အရပ်ရပ်မှ ပြည်သူများ တာဝန်နှင့်ဖြစ်စေ၊ အလည်အပတ်သွားရောက်ခြင်းကြောင့်ဖြစ်စေ ရောက်ရှိ ခဲ့ပါလျှင် တမူးမြို့မြို့မရပ် မြို့မကျောင်းတိုက်အရှေ့ဘက်ရှိ ဘုရားငါးဆူတိုက် ငွေဆံတော်ရှင်မြတ်စွာဘုရား စံကျောင်းတော် ဂန္ဓကုဋိတိုက်တွင် ကိန်းဝပ် စံပယ်တော်မူနေသည့် ငွေဆံတော်ရှင်မြတ်စွာ ဘုရားနှင့် မြို့မကျောင်းသာသနာ့ နယ်မြေအနောက်မြောက်ဘက်တွင်ရှိသော အဘိုးဘိုးသီလအရှင် နန်းတော်သို့ သွားရောက်ဖူးမြော်ကြည်ညိုသဒ္ဓါပွား များကြစေလိုကြောင်း စေတနာကောင်း ဖြင့် ရေးသားလိုက်ရပါတော့သည်။

ဆက်လက်ဖတ်လိုလျှင် ....>>

Saturday, April 30, 2016

ရာဇဂြိုဟ်ဆည်( အောက်ဖက် ) အနီးရှိ ရာဇဂြိုဟ်ကျေးရွာ တွင် ရေရှားပါးသည် ဆိုသော ပြောဆို ဆွေးနွေးမှုများ အား စုစည်းတင်ပြပါသည် ။

ရာဇဂြိုဟ်ဆည်( အောက်ဖက် )  အနီးရှိ ရာဇဂြိုဟ်ကျေးရွာ တွင် ရေရှားပါးသည် ဆိုသော ပြောဆို ဆွေးနွေးမှုများ အား စုစည်းတင်ပြပါသည် ။
**************************************************************************

ဟိုတုန်းက နေရဉ္စရာကိုပိတ်ပြီး အနောက်ခုံသာ
လယ်တွေကိုသွင်းထားတဲ့ မြောင်း (ချောင်းပေါက်လို့ခေါ်) မှာ ကြိုက်တဲ့နေရာ ကြိုက်သလိုချိုး...
နွေရာသီမှာတောင် ခါးလောက် ရင်ခေါင်းလောက်ဆိုတာ အနည်းဆုံးရှိတယ်...ရေတွေက ကြည်ကြည်လင်လင်နဲ့ သောက်ရေ သုံးရေ အကုန် ဒါပဲသုံးတယ်...
ရာဇဂြိုဟ်သားတွေက နည်းနည်းဝေးတာကို စကားထဲ
ထည့်မပြောဘူး..
      အခုက ဟိုတုန်းကနဲ့ တခြားစီဖြစ်သွားပြီ...
ဆည်မပိတ်ခင်ကတည်းက ဖြစ်နေပြီ...ချောင်းတွေမြောင်းတွေကောကုန်တာ၊ အိမ်ခြေတွေတိုး လူဦးရေ
များလာတာနဲ့ မြောင်းထဲရေချိုးဖို့ကို နေရာစောင့်ရပြီ၊
ရှာရပြီ...ရေကနည်းတော့ သောက်ဖို့မဆိုထားနဲ့ သုံးဖို့တောင် သိပ်မကောင်းခြင်တော့...အောက်ကျင်းက
တုံကင်တွင်းတွေ မှီခိုနေရတာ တော်တော်ကြာပါပြီ...
         ဆည်ပိတ်ပြီး ရေပိုလွှဲက ပြန်ချပေးထားတုန်းက
ချိုးဖို့အဆင်ပြေနေသေးတယ်...ရေလွှဲမြောင်းတွေ တည်ဆောက်နေလို့ ရေပိုလွှဲက ချရေမရှိတဲ့ အခုချိန်
ရေ တော်တော်.ကို ခက်နေတာတော့ အမှန်ပဲ...
ငတ်တဲ့ အဆင့်တော့ မဟုတ်သေးဘူးပေါ့....
ရာဇဂြိုဟ် ရွာကုန်းပေါ်မှာ ရေရရှိရေး အကြိမ်ကြိမ်
ကြိုးပမ်းခဲ့ကြဖူးပါတယ်..နောက်ဆုံးပေါ် ခေတ်မှီ
စက်ကြီးတွေ မဟုတ်သ၍ ရနိုင်ဖို့ မလွယ်ပါဘူး...
          လူတယောက်က ကိုအဲကျော်တောင် ရေတွင်း
အောင်သေးတာပဲ လို့ပြောတယ် ။သူ့တအိမ်ထဲတောင်
လောက်ငရဲ့လားလို့...မေးကြည့်စေချင်တယ်။
သေချာတာတော့ အဲဒီရေတွင်းကနေ တခြားအိမ်အတွက် သောက်ရေ တပုံးတောင် မင တာပါပဲ...
လောက်တယ်ပဲ ထား...ရာဇဂြိုဟ်မှာနေတဲ့သူတွေအားလုံး ကိုအဲကျော်လောက် ချမ်းသာကြတယ်
ထင်နေလားမသိ...

ဘယ်လိုပဲဖြစ်ဖြစ် ဆည်က လုပ်ငန်းတွေအားလုံးပြီးရင် လျှပ်စစ်ရော၊ရေရော အဆင်ပြေကောင်းပါရဲ့ လို့
ရာဇဂြိုဟ်ကတော့ မျှော်လင့်နေကြပါတယ်...နေရိပ်အလာကို နေပူက အကြာကြီးမစောင့်ရဘူး ထင်ပါရဲ့..

Aung Sann Win ဖေ့စ့်ဘုတ်မှ ကူးယူဖေါ်ပြပါသည် ။
**************************************************************************

ဟိုတုန်းက နေရဉ္စရာကိုပိတ်ပြီး အနောက်ခုံသာ
လယ်တွေကိုသွင်းထားတဲ့ မြောင်း (ချောင်းပေါက်လို့ခေါ်) မှာ ကြိုက်တဲ့နေရာ ကြိုက်သလိုချိုး...
နွေရာသီမှာတောင် ခါးလောက် ရင်ခေါင်းလောက်ဆိုတာ အနည်းဆုံးရှိတယ်...ရေတွေက ကြည်ကြည်လင်လင်နဲ့ သောက်ရေ သုံးရေ အကုန် ဒါပဲသုံးတယ်...
ရာဇဂြိုဟ်သားတွေက နည်းနည်းဝေးတာကို စကားထဲ
ထည့်မပြောဘူး..
      အခုက ဟိုတုန်းကနဲ့ တခြားစီဖြစ်သွားပြီ...
ဆည်မပိတ်ခင်ကတည်းက ဖြစ်နေပြီ...ချောင်းတွေမြောင်းတွေကောကုန်တာ၊ အိမ်ခြေတွေတိုး လူဦးရေ
များလာတာနဲ့ မြောင်းထဲရေချိုးဖို့ကို နေရာစောင့်ရပြီ၊
ရှာရပြီ...ရေကနည်းတော့ သောက်ဖို့မဆိုထားနဲ့ သုံးဖို့တောင် သိပ်မကောင်းခြင်တော့...အောက်ကျင်းက
တုံကင်တွင်းတွေ မှီခိုနေရတာ တော်တော်ကြာပါပြီ...
         ဆည်ပိတ်ပြီး ရေပိုလွှဲက ပြန်ချပေးထားတုန်းက
ချိုးဖို့အဆင်ပြေနေသေးတယ်...ရေလွှဲမြောင်းတွေ တည်ဆောက်နေလို့ ရေပိုလွှဲက ချရေမရှိတဲ့ အခုချိန်
ရေ တော်တော်.ကို ခက်နေတာတော့ အမှန်ပဲ...
ငတ်တဲ့ အဆင့်တော့ မဟုတ်သေးဘူးပေါ့....
ရာဇဂြိုဟ် ရွာကုန်းပေါ်မှာ ရေရရှိရေး အကြိမ်ကြိမ်
ကြိုးပမ်းခဲ့ကြဖူးပါတယ်..နောက်ဆုံးပေါ် ခေတ်မှီ
စက်ကြီးတွေ မဟုတ်သ၍ ရနိုင်ဖို့ မလွယ်ပါဘူး...
          လူတယောက်က ကိုအဲကျော်တောင် ရေတွင်း
အောင်သေးတာပဲ လို့ပြောတယ် ။သူ့တအိမ်ထဲတောင်
လောက်ငရဲ့လားလို့...မေးကြည့်စေချင်တယ်။
သေချာတာတော့ အဲဒီရေတွင်းကနေ တခြားအိမ်အတွက် သောက်ရေ တပုံးတောင် မင တာပါပဲ...
လောက်တယ်ပဲ ထား...ရာဇဂြိုဟ်မှာနေတဲ့သူတွေအားလုံး ကိုအဲကျော်လောက် ချမ်းသာကြတယ်
ထင်နေလားမသိ...

ဘယ်လိုပဲဖြစ်ဖြစ် ဆည်က လုပ်ငန်းတွေအားလုံးပြီးရင် လျှပ်စစ်ရော၊ရေရော အဆင်ပြေကောင်းပါရဲ့ လို့
ရာဇဂြိုဟ်ကတော့ မျှော်လင့်နေကြပါတယ်...နေရိပ်အလာကို နေပူက အကြာကြီးမစောင့်ရဘူး ထင်ပါရဲ့..

Aung Sann Win ဖေ့စ့်ဘုတ်မှ ကူးယူဖေါ်ပြပါသည် ။

ဆက်လက်ဖတ်လိုလျှင် ....>>

Saturday, April 16, 2016

ထိုမာသင်္ကြန်​ အတက်​​နေ့

မြင်​ကွင်းများ

ဆက်လက်ဖတ်လိုလျှင် ....>>

Friday, April 15, 2016

က​လေးမြို့ စတိုင်

က​လေးသင်္ကြန်​လည်း ​ခေတ်​မှိပါတယ်

ဆက်လက်ဖတ်လိုလျှင် ....>>

Thursday, March 24, 2016

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်တွင် အရသုံးငွေစာရင်း ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာရေး ဆိုင်ရာကော်မတီ နှင့် တရားဥပဒေစိုးမိုးရေး တရားစီရင်ရေးနှင့်ဥပဒေရေးရာကော်မတီနှစ်ရပ်အား အတည်ပြုဖွဲ့စည်း

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်တွင် အရသုံးငွေစာရင်း ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာရေး ဆိုင်ရာကော်မတီ နှင့် တရားဥပဒေစိုးမိုးရေး တရားစီရင်ရေးနှင့်ဥပဒေရေးရာကော်မတီနှစ်ရပ်အား အတည်ပြုဖွဲ့စည်း
========================================================
မုံရွာ၊မတ်၊၁၈

ယနေ့မတ်လ(၁၈)ရက်နေ့ကျင်းပသောဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ပထမပုံမှန် အစည်းအဝေးပဉ္စမနေ့ တွင် အရသုံးငွေစာရင်း ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာရေး ဆိုင်ရာကော်မတီ နှင့် တရားဥပဒေစိုးမိုးရေး တရားစီရင်ရေးနှင့်ဥပဒေရေးရာကော်မတီနှစ်ရပ်အား စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှအတည်ပြုဖွဲ့စည်း ခဲ့သည်။
အရသုံးငွေစာရင်းဒေသန္တရစီမံကိန်းနှင့်ဘဏ္ဍာရေးဆိုင်ရာကော်မတီတွင်အဖွဲ့ဝင်လွှတ်တော်ကိုယ်စားလှယ် (၁၂)ဦးပါဝင်ဖွဲ့စည်းခဲ့သည်။
၁။ဒေါ်အောင်ကြည် (မုံရွာ၂) ဥက္ကဌ
၂။ဦးစိုးဦး(စစ်ကိုင်း၁)အတွင်းရေးမှူး
၃။ဦးသိန်းလှိုင်ဝင်း(ခန္တီး)
၎။ဦးမိုးမင်းဝင်း(ဒီပဲယင်း)
၅။ဦးရီတင့်(လေရှီး)
၆။ဒေါ်ခင်နှင်းရီ(ယင်းမာပင်)
၇။ဒေါ်ဖြူဖြူဝင်း(ကောလင်း)
၈။ဒေါ်သန့်ဝေကျော်(ကလေး)
၉။ဦးဘိုသိန်း
၁၀။ဦးခင်မောင်ထွန်း(ဖောင်းပြင်)
၁၁။ဗိုလ်မှူးနိုင်ဇင်သက်
၁၂။ဗိုလ်မှူးကျော်သက်နိုင်
တရားဥပဒေစိုးမိုးရေး တရားစီရင်ရေးနှင့်ဥပဒေရေးရာကော်မတွင် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဝင် (၁၁)ဦးပါဝင်ဖွဲ့စည်းခဲ့သည်။
၁။ဒေါ်အမာကြည် (မုံရွာ၁) ဥက္ကဌ
၂။ဦးမိုးကျော်သူ(ရွှေဘို၁)အတွင်းရေးမှူး
၃။ဒေါ်ခင်မျိုးချစ်(ကန့်ဘလူ)
၎။ဦးမောင်မောင်ဝင်း(၀က်လက်)
၅။ဦးလော်ယူ(လဟယ်)
၆။ဒေါ်ခိုင်ခိုင်ဝင်း(၀န်းသို)
၇။ဦးလှိုင်မြင့်(မော်လိုက်)
၈။ဦးကျော်ဆန်း(မင်းကင်း)
၉။ဒေါ်သင်းသင်းကြူ(ခင်ဦး)
၁၀။ဦးမောင်ဝင်း(ကလေးဝ)
၁၁။ဗိုလ်မှူးအောင်သူရ

Monywa Gazette

ဆက်လက်ဖတ်လိုလျှင် ....>>

Tuesday, March 22, 2016

ကလေးမြို့ပေါ်ရှိမိဘပြည်သူများသို့ပန်ကြားချက်

ကလေးမြို့ပေါ်ရှိမိဘပြည်သူများသို့ပန်ကြားချက် ယခုအခါ ကလေးမြို့ပေါ်သို့ ဂန့်ဂေါ-ကလေး ၂၃၀ ကေဗွီ မဟာဓာတ်အား လိုင်းမှ တဆင့် ၆၆ ကေဗွီ(၂၀)အမ်ဗွီအေ ကလေးဓာတ်အားခွဲရုံမှတဆင့် မြို့ပေါ်ရပ်ကွက်များသို့ ၂၄ နာရီဓာတ်အားဖြန့်ဖြူးပေးလျှက်ရှိပါသည်။ ယခုအခါ လျှပ်စစ်မီတာများ ချထားဆောင်ရွက်ပေးနိုင်ရန် လျှောက်လွှာများအား လက်ခံဆောင်ရွက်ပေးလျှက်ရှိရာ မသမာမှုများရှိလာနိုင်ပါသည်။ မိမိတို့အိမ်တွင်းဝါယာရိမ်းတပ်ဆင်မှုများအား လျှောက်လွှာလက်ခံပြီး ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ ဌာန၏သတ်မှတ်ချက်နှင့် ညီညွတ်မှု ရှိမှသာ မီတာများချထားတပ်ဆင်ပေးမည်ဖြစ်ပါသည်။ အိမ်တွင်းဝါယာရိမ်းတပ်ဆင်ခြင်းလုပ်ငန်းများအား ကလေးမြို့ပေါ်ရှိ လျှပ်စစ်ကျွမ်းကျင်လက်မှတ်ရ(Wire Man)များဖြင့် စနစ်တကျ တပ်ဆင်ကြရန်နှင့် အဆောတလျှင်ဆောင်ရွက်ခြင်းမပြုမိကြရန်လိုအပ်ပါသည်။ ထိုသို့မဟုတ်မဟုတ်ပါက ဌာနမှစစ်ဆေးသည့်အခါတွင် ညီညွတ်မှုမရှိပါက ငွေကုန်ကြေးကျများခြင်း၊ ပြန်လည်ပြုရခြင်းများမဖြစ်ပေါ် စေရန် အထူးဂရုပြုရန်လိုအပ်ပါသည်။ မိဘပြည်သူများအနေဖြင့် ပွဲစားများဖြင့် ဆောင်ရွက်ခြင်း၊ ဌာန၀န်ထမ်းများအားအခကြေးငွေပေး ဆောင်ရွက်စေခြင်းမပြုကြရန်အထူးမေတ္တာရပ်ခံအပ်ပါသည်။ မီတာလျှောက်လွှာများအား စိစစ်လက်ခံ ကွင်းဆင်းစစ်ဆေးပြီး သတ်မှတ်ချက်နှင့်ညီညွတ်ပါက မီတာတပ်ဆင်ပေးသွားမှာဖြစ်ပါသည်။ သတ်မှတ်ချက်နှင့်ကိုက်ညီပါက ဌာနမှ သတ်မှတ်ထားသောနှုန်းထားများအတိုင်းသာ ပေးသွင်းရမှာဖြစ်ပါသည်။ မိမိတို့ထံသို့ မီတာရရှိစေခြင်းအကျိုးအတွက် ငွေကြေးတစ်စုံတစ်ရာတောင်းခံ လာပါက ပေးကမ်းဆောင်ရွက်ခြင်းမပြုကြရန်လိုအပ်ပါသည်။ သို့မဟုတ်ပါက ငွေကြေးဆုံးရှုံးမှုများဖြစ်ပေါ်လာနိုင်ပြီး မသမာသူများအားပေးရာရောက်နိုင်ပါသဖြင့် ကြိုတင်အသိပေး ပန်ကြားအပ်ပါသည်။ သိရှိလိုသည်များရှိပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်း ဆောင်ရွက်နိုင်ပါသည်- မြိုနယ်လျှပ်စစ်အင်ဂျင်နီယာ-09400425264 မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး- 07321501 Admin District Electric Engineer Office Kalay Township

Kalay Ese

ဆက်လက်ဖတ်လိုလျှင် ....>>

Monday, August 24, 2015

မြလင်းနဲ့ နန်းကျင်းဆောင်ရွာတွေဆီက အသစ် အဟောင်းနဲ့ ပြောင်း မပြောင်း ပြဿနာတွေ

မြလင်းနဲ့ နန်းကျင်းဆောင်ရွာတွေဆီက အသစ် အဟောင်းနဲ့ ပြောင်း မပြောင်း ပြဿနာတွေ
==================
`` ရွာဟောင်းမှာ မနေရဲတော့ဘူးလေ၊ ရေတွေတက်လာလိုက်တာ ကစောက်ကဇက်ပဲ၊ ဆည်ရေကြောက်ရ၊ ချောင်းရေ ကြောက်ရနဲ့´´ လို့ မြလင်းရွာသစ်မှာ အိမ်ဆောက်နေတဲ့
အိမ်ရှင်မတစ်ဦးကပြောပါတယ်။ မြလင်းရွာ ဆိုတာ ကလေးမြို့အနောက်မြောက်ပိုင်း ကလေး - လက်ပံချောင်း - အောင်ရွာ - မြစိမ်း - မြလင်း - နန်းကျင်းဆောင်- ရာဇဂြိုဟ် ဆိုတဲ့
လမ်းမှာရှိပါတယ်။ မြွေတောင်ဖားတောင်ခြေရင်းကရွာတွေပေါ့။ လမ်းက မူလကတည်းက တောလမ်းဆိုတော့ အခုလိုမိုးသည်းပြီး တောင်ကျရေတွေ ကျတဲ့အချိန်မှာတော့ သဲနုန်းတွေ
ဖုံးလွှမ်းကုန်ပါပြီ။ လယ်မြေများစွာပျက်စီးခဲ့ရပါပြီ။ သစ်တိုသစ်စတွေက သဲဖုံးလယ်မြေတွေမှာ တစ်မျှော်တစ်ခေါ်ပါပဲ။
ရွာကို နတ်မြောင်းချောင်းလို့ခေါ်တဲ့ တောင်ကျချောင်းက ဦးတိုက်ထိုးဆင်းပြီး သဲနုန်းတစ်ချို့ဖုံးသွားတဲ့အတွက် မြလင်းရွာသား ၃ ပုံ ၂ ပုံကျော်ဟာ ရွာသစ်ကိုပြောင်းကြပါပြီ။ ရွာသစ်ဆိုတာ
မူလရွာဟောင်းရဲ့ တောင်ဘက် ၄ မိုင်ကျော်ကျော်လောက်၊ ရှုခင်းရွာတောင်ဘက် ၊ မြွေတောင်ခြေက အင်ဒိုင်းခုံမှာပါ။ လက်ရှိအချိန်ထိ မိသားစုပေါင်း ၂၀၀ နီးပါး ပြောင်းပြီလို့
ရွာသားတစ်ဦးကခန့်မှန်းပါတယ်။ အိမ်အများစုက မိုးကာမိုးယာယီတဲလေးတွေပါ။ တစ်ချို့လည်း သွပ်မိုးကြပြီ။ တစ်ချို့လည်း အိမ်ဝန်းရာမှာ အိမ်ဆောက်ဖို့ တိုင်ထူထားတဲ့အခြေအနေပါပဲ။
ရွာထဲလမ်းလို့လည်း မပေါ်သေးသလို ရွာကွင်းရွာကွက်တောင် မပေါ်သေးတဲ့အနေအထားပါ။ ရေဘုံဘိုင်တွင်း ၃ တွင်းတော့ တူးပြီးပြီလို့ သိရပါတယ်။ နေပွင့်လို့ လမ်းသားဖန့်သွားချိန်
မှာ ရွာဟောင်းကနေ ပစ္စည်းတွေ နိုင်သလောက် ကဲ့သယ်နေကြပါပြီ။
`` မူလက တပ်မြေဆိုတော့ ခင်ဗျားတို့ကို အစိုးရက အိမ်ဝန်းရာချပေးပြီးပြီလား´´ ဆိုတဲ့အမေးကိုတော့ တပ်ကို ခွင့်ပြုချက်တောင်းပြီးဖြစ်ကြောင်း၊ မဲစနစ်နဲ့ အိမ်ဝန်းရာချထားပြီး
ဖြစ်ကြောင်း ရွာသစ်ရဲ့တာဝန်ရှိသူတစ်ဦးက ပြန်ရှင်းပြပါတယ်။ တစ်ချို့ကလည်း တပ်က ခွင့်ပြုချက်မရသေးဘူးလို့ ဆိုတဲ့သူက ဆိုနေဆဲဖြစ်ပါတယ်။
`` သမီးလေးက ၇ တန်းကျောင်းသူပါ။ ဒီနှစ် ရွာဟောင်းကျောင်းမှာ သွားပြီး ကျောင်းတက်ဖို့ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး။ ဒါကြောင့် တစ်နှစ်အောက်ချင်အောက်လို့ သဘောထား
ရတော့မှာပဲ´´ လို့ ကျောင်းသားမိဘတစ်ဦးက ဆိုပါတယ်။ သမီးဖြစ်သူနဲ့ သူတို့ရဲ့အဖော်အပေါင်းတစ်ချို့ကတော့ ရွာရဲ့တစ်ခုတည်းသော လမ်းပေါ်ကို ပြေးတက်ပြီး ဆော့ကစား
နေကြပါပြီ။
မြလင်းရွာဟောင်းရဲ့ မျက်မြင်အနေအထားအရဆိုရင် အိမ်ခြေရင်း ၂ ပေကျော်လောက်အထိ သဲဖုံးနေတာတွေ့ရပြီး အိမ်အများစုက နေလို့ဖြစ်တဲ့ အနေအထားပါပဲ။ အိမ်သာတွေပျက်စီး
ကြပေမယ့် ရေဘုံဘိုင်တွေတော့ အကောင်းအတိုင်းကျန်ရစ်ပါတယ်။ ရွံ့နွံမဟုတ်ဘဲ သဲနုန်းမို့ လမ်းတွေ၊ ၀န်းတွေဟာ ညစ်ပတ်နံစော်နေရစ်တဲ့အခြေအနေမျိုးမဟုတ်ပါဘူး။ နန်းစောင်းပုနဲ့
အောင်ချမ်းသာ (သဲကုန်းတန်း)ရွာတွေထက် အခြေအနေကောင်းပါတယ်။
`` ဖြစ်နိုင်ရင် မပြောင်းကြစေချင်ဘူး။ ရွာကို တက်ညီလက်ညီနဲ့ ပြန်တည်ဆောက်စေချင်တယ် ၊ ဘုန်းဘုန်းတော့ စိတ်မကောင်းဖြစ်မိတယ်။ အားလည်း မရဘူး´´လို့ မြလင်းရွာ
ဘကကျောင်းဆရာတော်က လူသူတိတ်နေတဲ့ ရွာကိုကြည့်ရင်း တွေးတွေးဆဆ မိန့်ကြားပါတယ်။
`` ကလေးတွေ ရွာသစ်မှာ ကျောင်းမရှိရင် ဥုးဇင်းက ကျောင်းမှာကျွေးထားမယ်။ ခုလည်း ကျောင်းမှာ ကျောင်းသား (၅၀)လောက်ကျွေးထားတာရှိတယ်။ သူတို့ကျောင်းပြန်တက်စေ
ချင်တယ်။ ´´ လို့လည်း ဆရာတော်က ဆက်မိန့်ပါတယ်။
မြလင်းဘကကျောင်းဟာ ဆရာတော်လက်ထက်မှာ တော်တော်တိုးတက်နေပြီး ကျောင်းသား ၁၈၀ လောက်ရှိတယ်လို့သိရပါတယ်။ ကျောင်းရဲ့တစ်နေရာမှာ ထော်လာဂျီတစ်စီး
ဘီးအထိ သဲနစ်နေပြီး ကျောင်းထဲမှာလည်း သဲနုန်းအချို့ ပြည့်နေဆဲဖြစ်ပါတယ်။ တနင်္လာနေ့ ( ၂၄-၈-၁၅) မှာ ကျောင်းပြန်ဖွင့်မယ်လို့ ဆရာတော်က ဆိုပါတယ်။
အလှူရှင်အချို့ရောက်လာပြီး လှူဒါန်းထားတဲ့ ဆန်အိတ်အချို့၊ စာအုပ်အချို့နဲ့ ဘက ကျောင်းလေးဟာ ရာသီသစ်ကို ပြန်စဖို့အားယူနေပါပြီ။ အလှူရှင်တွေက ရွာသစ်ပဲရောက်ကြပြီး
ရွာဟောင်းကို ရောက်တာနည်းတယ်လို့လည်း သိရပါတယ်။ လမ်းပန်းဆက်သွယ်ရေးက အလွန်ခက်ခဲနေပြီး ရာဇဂြိုဟ်ဘက်က လှည့်ဝင်ရင် ၁ မိုင်ကျော်ကျော် ၂ မိုင်နီးနီး ခြေလျင်ထမ်းပိုး
ရမယ့်ခရီးဖြစ်သလို တောင်ပိုင်းလမ်းကလာမယ်ဆိုရင်လည်း နတ်တံခါးချောင်းနဲ့ ဆည်ကြီးချောင်းတွေကို နှစ်ကန့်စီ ထမ်းသယ်လို့ အဆင့်ဆင့် ခရီးဆက်ကြရတာဖြစ်ပါတယ်။ ရွာသစ်က
လူတွေကလည်း ရွာဟောင်းမှာလှူတာ ကျုပ်တို့ရွာသစ်ဘက် မပေးဘူးလို့ အသံထွက်နေပါတယ်။
တကယ်တော့ ဒီလို ရွာသစ် ရွာဟောင်း အားပြိုင်မှုတွေက မြလင်းရွာတင်မဟုတ်ပါဘူး။ အနီးအနားက နန်းကျင်းဆောင်မှာလည်း ဒီလိုပါပဲ။ ရွာရဲ့တစ်ဝက်ကျော်ကျော်ပြောင်းသွားပြီလို့
သိရပါတယ်။ အိမ်ကြီးအိမ်ကောင်းတွေဟာ လူသူမရှိ တိတ်ဆိတ်လို့ကျန်ရစ်ပါတယ်။ ရာဇဂြိုဟ်ရွာအနီးက ကုန်းမြင့်တစ်နေရာမှာ ရွက်ဖျင်တဲတွေနဲ့ ဘ၀သစ်စနေပါပြီ။ နတ်မြောင်း
ချောင်းကို လှည်းနဲ့ဖြတ်ပြီး ပစ္စည်းတွေရသလောက် သယ်နေကြပါပြီ။ တစ်ချို့အိမ်တွေကတော့ မပြောင်းချင်ကြကြောင်း၊ ကိုယ့်အိမ် ကိုယ့်ရွာမှာပဲ နေချင်ကြောင်း၊ အိမ်တစ်လုံး ဆောက်ဖို့
တောင် မလွယ်တဲ့ခေတ်မို့ ပြောင်းရွှေ့ဖို့ အားမသန်ကြောင်း၊ ချောင်းရိုးကို တမံတုတ်ပေးပြီး ဘေးကင်းစေတဲ့ အစီအမံတွေကို အစိုးရက ဆောင်ရွက်ပေးစေချင်ကြောင်း စကားဆိုကြပါတယ်။
`` မနေရဲပါဘူးတော်။ အထက်ကချောင်း၊ အောက်ကချောင်း ၊ ညှပ်ပြီး ပိတ်မိနေတာ၊ တစ်သက်နဲ့တစ်ကိုယ် ဒီလို တစ်ခါမှ မကြုံဖူးဘူး။ ဖြစ်နိုင်ရင်တော့ ကိုယ့်ရွာကိုယ် နေချင်တာပေါ့။
ဒါပေမယ့် အသက်ထက် ဘာမှ အရေးမကြီးဘူး။ ´´ လို့ လယ်သူမကြီးက အားပေါင်အာရင်းသန်သန်နဲ့ အော်ပြောပါတယ်။ အစိုးရက ဆောင်ရွက်ပေးမယ့် တမံတုတ်ပေးမှာတို့၊ ချောင်းရိုး
ဖြောင့်ပေးမှာတို့အတွက်လည်း မယုံကြည်ရဲဘူးလို့ သူက ဆက်ဆိုပါတယ်။
ကလေးမြို့ရေဘေးဟာ အချိန် တစ်လကျော်ခဲ့ပါပြီ။ အခုချိန်အထိ အတွေ့အကြုံသစ်တွေ ၊ စိန်ခေါ်မှုအသစ်တွေက နေ့စဉ် ဖြစ်ပေါ်နေဆဲပါပဲ။ အရပ်ဘက်အဖွဲ့အစည်းတွေက နိုင်သလောက်
ကြိုးစားဆောင်ရွက်ပေးနေကြပေမယ့် အစိုးရရဲ့ဆောင်ရွက်မှုတွေက အောက်ခြေရွာတွေအထိ မထိရောက်သေးပါဘူး။ တနည်းအားဖြင့် အောက်ခြေကရေဘေးသင့်ပြည်သူတွေမှာ
အစိုးရရဲ့အစီအမံတွေအပေါ် မယုံကြည်ကြသေးသလို အလွန်အမင်းလည်း မျှော်လင့်မထားကြတာကို တွေ့ရပါတယ်။ အချိန်တန်ရင် ကိုယ့်အားကို ကိုးပြီး ခရီးဆက်ရမှာလို့ ပြတ်ပြတ်သားသား
ခံယူထားကြပါတယ်။
ချင်းတောင်တန်းပေါ်မှာ မိုးက မကြာမကြာညို့ညို့လာပါတယ်။ ရေဘေးသင့်ပြည်သူတွေရဲ့သောကတွေလည်း မိုးနဲ့အတူ မစဲနိုင်သေးပါဘူး။ နေရာအနှံ့မှာ ချိန်းဆောသံတွေ ဆူညံနေသလို
သစ်လုံးတွေ၊ နွံဖုံး၊ သဲဖုံးလယ်မြေတွေကလည်း ဒီအတိုင်းရှိနေဆဲပါ။ အီလည်လည် စို့တို့တို့ အနှံ့တစ်မျိုးလည်း လေနဲ့အတူ မကြာမကြာလွင့်မျောနေဆဲဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်
ဒေသခံတွေကတော့ ကိုယ်ရုန်းလို့ရနိုင်သလောက် ကြိုးစားပြီး ရုန်းနေကြပါပြီ။ အစိုးရ တာဝန်ရှိသူတွေအနေနဲ့လည်း ကလေးနယ်ရဲ့ ရေဘေးသမိုင်းမှာ ဘယ်လိုအခန်းမျိုး ရေးသွားမလဲ
ဆိုတာတော့ စိတ်ဝင်စားစရာစောင့်ကြည့်ကြဖို့ပဲဖြစ်ပါတယ်။

အောင်ဆန်းလင်း (မြန်မာစာ)




ဆက်လက်ဖတ်လိုလျှင် ....>>

Tuesday, August 18, 2015

ကလေး၊ဂန့်ဂေါ၊မန္တလေး ကားလမ်း ယာဉ်ငယ်များ သွားလာနိုင်ပြီ

ကလေး၊ဂန့်ဂေါ၊မန္တလေး ကားလမ်း ယာဉ်ငယ်များ သွားလာနိုင်ပြီ
ရေကြီး နစ်မြုတ်မှုကြောင့် ကလေး၊ဂန့်ဂေါ၊မန္တလေး ကားလမ်း ပေါ်ရှိ ကမ္ဘာနီတံတား ချင်းဆိုင်း တံတားတို့ ကျိုးပဲ့ နစ်မြုတ်မှုကြောင့် ကားလမ်းများ ပိတ်ဆို့မှု ဖြစ်ပွားခဲ့ပါသည်။ပေ ၁၈၀ ရှည် ကမ္ဘာနီ တံတားအား သံဘောင်ဘေလီဖြင့် အစားထိုး တပ်ဆင်ထားရာ ယာဉ်+ကုန် ၁၈ တန်ထိ ဖြတ်သန်း သွားလာနိုင်ပြီး မိုင်တိုင် ၇၈/၃၂၅ အတွင်းရှိ ဇင်းကလင်းတံတား အမှတ် (၁) နှင့် အမှတ်(၂) တို့မှာ (၁၅-၈-၁၅) ရက်နေ့ နေ့လည် (၁) နာရီတွင် ပြီးစီးပြီး (၁၃) တန်အောက်ယာဉ်ငယ်များ ဖြတ်သန်း သွားလာနိုင်ပါသည်။













ဆက်လက်ဖတ်လိုလျှင် ....>>

Contact

Image Hosting by imagefra.me ဆက်သွယ်ဝေဖန်အကြံပေးနိုင်ပါသည်။