၂၀၁၀ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့တွင် ကျရောက်သည့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ တွင် ကလေးမြို့မှ သစ်ပင်ချစ်သူများ နှင့် လူမှုရေး အဖွဲ့အစည်းများ ပူးပေါင်း၍ ကလေး- ဂန့်ဂေါ ကားလမ်းဘေး နည်ပညာတက္ကသိုလ် တောင်ဘက်မှ စ၍ သာယာကုန်း ကျေးရွာ အထိ လမ်းဧရိယာ နှင့် လယ်ဧရိယာ လွတ်ကင်းသည့် နေရာများတွင် အရိပ်ရ သစ်ပင်ကြီးများ ဖြစ်သော စိန်ပန်း၊ မယ်ဇလီ၊ ကုက္ကိုလ်၊ ပိတောက်၊ အော်ရေးရှား၊ စသော အပင်များ စိုက်ပျိုးကြမည်ဖြစ်ပါသည်။ အဆိုပါ အထိမ်းအမှတ် သစ်ပင်စိုက်ပွဲကို ဇွန်လ (၁) ရက်နေ့ နံနက် (၈) နာရီ တွင် ပြုလုပ်မည် ဖြစ်ပါသည်။ အဆိုပါ သစ်ပင် စိုက်ပွဲအတွက် ပျိုးပင်များ လှူဒါန်းလိုပါ နေသာ ကျောင်းတိုက်၊ ဖုန်း 073 22644 သို့ လှူဒါန်းနိုင်ပါသည်။
Download Apk File
http://www.sendspace.com/file/yud6dl
Saturday, May 29, 2010
Thursday, May 27, 2010
ရသနယ်ပယ်
ထမင်းတစ်ခါပြင် အသားနဲ့တစ်ပွဲဟေ့ အသီးအရွက် အစုံချ
အဖေပြောတာ သတိရတယ် သူ့အသက်(၇၀) ထမင်းစားတာ
အနပ်ပေါင်း(၅၀၀၀၀) လောက်ရှိပြီ ဘာမှ အဖတ်မတင်ဘူး
ထမင်းဖြူလိုက်ပွဲပေးပါဦး မြန်မြန် ပြီးတော့ပြောသေးတယ်
အကောင်းဆုံးအစားအသောက်ဆိုတာ လျော့စားတာကိုပြောတာ
အခု ကျွန်တော်ခါး(၃၄) ဘာစားစား အရအကုန်ရှိတယ်
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့မှာ အလုပ်လျှောက်ရင် တစ်နေရာရလောက်တယ်
ခင်ဗျားလည်း တစ်ခုခုမှာစားဦးလေ လက်ဖက်ရည်ပဲ လား တစ်ခုခု
အစာအိမ်ဟုတ်လား ကျွန်တော်မှာလည်း အစာအိမ်ရှိတာပဲ အံ့သြစရာ
ဒီလောက်ဟာလေးထဲကို အစားအသောက်တွေ အကြိမ်ကြိမ်မျိုချနေရတာ
လက်ဖက်ရည်တစ်ခွက်ပေးပါဦး ထမင်းစားပြီးရင် အချိုလေးတည်းရမှ
ဝင်ငွေ(၁)ဒေါ်လာအောက်ဖြင့် ရပ်တည်နေရသော တတိယကမ္ဘာမှ လူများစု
အခုခင်ဗျားဖတ်နေတာ ဘာကြောင်းများလဲဗျ ထူးထူးဆန်းဆန်း စားစရာလေးများ
တွေ့လိုက်သေးလား အလှူရှင်နိုင်ငံများအား သံသယမဖြစ်စေသင့်ဆိုလား ဘာလား
အစည်းဝေးကျင်ပသည့်နေရာသို့ ဖိတ်ကြားမီဒီယာနှင့်ဟိုတယ်ဝန်ထမ်းများသာ
ဖြတ်သန်းသွားလာခွင့် မရှိတဲကနေရာတွေ ကမ္ဘာမှာ ဘယ်လောက်များနေပြီလဲလို့
ကျွန်တော်မေးခွန်းမှားနေယ်ဆိုရင် ခင်ဗျားအဖြေ ဘယ်လောက်မှန်နိုင်မလဲဆိုတာ
လေယာဉ်တင်သင်္ဘောပေါ်က တက်လာတဲ့ ဒေါ်လာသန်းချီတန် ခရီးစဉ်အများစုဟာ
ဓါတ်ပုံရိုက်ဖို့ သဘာဝ ပတ်ဝန်းကျင်အတွက် ကမ္လာ့ရာသီဥတုအတွက် ဒီလိုလား
စပယ်ရှယ်အေးဂျင့်တစ်ယောက် ရန်သူနယ်မြေထဲ၌ ရုတ်တရက် ကျဆုံးသွားခြင်းအား
ဒီလက်ဖက်ရည်ခွက် ပြန်လဲပေးပါလား ညီလေး ဒီမှာ ယင်ကောင်ကျသေနေလို့
ခင်ဗျားအခု ဘာဆက်လုပ်ဖို့ စဉ်းစားထားလဲ ထမင်းစားရဖို့ အရေးကြီးတယ်နော်
ဟိုဖက်ဝိုင်းမှာ ထိုင်နေတဲ့ ကောင်မလေးတွေ ဘာလုပ်စားကြတယ်လို့ ခင်ဗျားထင်သလဲ
ကျွန်တော်လည်းမသိပါဘူးခင်ဗျားစဉ်စားကြည့်ဖို့ ပြောကြည့်လိုက်တာပါ
ဟိုမှာ ဂျာနယ်ရောင်းတဲ့ ကောင်လေးကကော ဘယ်နှတန်းလို့ ခင်ဗျားထင်ထားသလဲ
တတိယကမ္ဘာ၏ လူသားအရင်းအမြစ်များအား ဖော်ထုတ်မြှင့်တင်ပေးရန်
ရီးဒါးဒိုင်ဂျက်က အဲ့ဒီဟာသလေးတွေ ကောင်းတာဗျ ဒါကခင်ဗျားအမြင်ကို
ကဗျာမပါတာ စိတ်ဆိုးစရာလားဗျာ သူတို့မှာလည်း သူတို့အကြောင်းနဲ့သူတို့
ရသနယ်ပယ်၏ လက်နက်ဝယ်လိုအားနှင့် ဈေးကွက်အနေအထားများအရ
ပြဿနာတက်ပြီဗျို့ ကျွန်တော်ပိုက်ဆံအိတ် ရုံးပေါ်မှာ ကျန်ခဲ့ပြီထင်တယ်
ခင်ဗျားပဲ ရှင်းလိုက်ပါဗျာ နောက်တစ်ကြိမ်ကျ ကျွန်တော်ရှင်းပါ့မယ် ဆောရီး။။
ကိုဇော်(ကလေးမြို့)
၂၀၁၀ခုနှစ်၊ဇွန်လထုတ် ပေဖူးလွှာ မဂ္ဂဇင်းမှ ကူးယူဖေါ်ပြသည်။
Wednesday, May 12, 2010
မြို့ချက်အောင်မြေဘုရား

မြို့ချက်အောင်မြေဘုရားခေါ် မြို့ချက်စေတီတော်သည် မြို့ချက် ကျောင်းတိုက်အတွင်းရှိ စေတီ တော်ပင် ဖြစ်ပါသည်။ ကလေးမြို့ အောင်မင်္ဂလာရပ်ကွက်တွင် ဖူးတွေ့နိုင်ပါသည်။
သမိုင်း၌ အင်းဝမင်းများလက်ထက်က ကလေးမြို့ကို လက်အောက်ခံ အခွန်ဆက်သရန် အကြိမ်ကြိမ် တောင်းခံရာ မဆက်သ သဖြင့် ချီတက်တိုက်ခိုက်လာ၏။ သို့ရာတွင် မအောင်မြင်ခဲ့ပေ။ အကြောင်းရင်းကိုစုံစမ်းရာ ကလေးမြို့ မြို့လယ်၌ ကြက်မ တစ်ဝပ်ခန့် အောင်မြေရှိနေ၍ ကိုယ်ဝန်ဆောင် မိန်းမများ ကျော်လွှားမိသဖြင့် လူစွမ်း ကောင်းများ ပေါများလှသောကြောင့် မအောင်မြင်နိုင်ဘဲ ဖြစ်နေရကြောင်းသိရသည်။ ထိုအခါ အင်းဝမင်းများက ပညာရှိများနှင့် တိုင်ပင်၍ သူလျှိုစေလွှတ်လိုက်ကြသည်။ သူလျှိုသည် ယုံကြည်လောက်အောင် အတော်ကြာနေ၍ အောင်မြေနေရာကို စုံစမ်း ပြီး အတိအကျသိရပြီးနောက် ထိုနေရာတွင် အောက်လမ်းဆရာတို့၏ နည်းများဖြစ်သော ယုတ် ညံ့သော အင်းများဖြင့် မြို့နံနှိမ်ကာ အောင်မြေကိုငုံ၍ ဘုရားတည်ခဲ့သည်ဟု ဆိုပါသည်။ ထိုနေရာသည် မြို့၏အလယ်ချက်မ ဗဟိုကျသောကြောင့် မြို့ချက်ဘုရား၊ မြို့ချက်စေတီ တော်ဟု ထင်ပေါ်ကျော်ကြား လူသိများပါသည်။
(လင်းသစ်မွန် စုစည်းတင်ပြသည်။)
ရွေဘော်စာ
တစ်ခြမ်းထူ တစ်ခြမ်းပါးနဲ့
ရောင်စောင်းသွားတဲ့ ပျဉ်တစ်ချောင်းလိုမျိုး
ကိုယ်က ဈေးကွက်ထဲ တိုး မ၀င်နိုင်ဘူး
တစ်နေရာစာ အသုံးတည့်ဖို့ဆိုရင်
အထူအပါးဟာ တစ်သားတည်းညီမှ ဖြစ်မယ်။
ကိုယ့်အတ္တနဲ့ ဆူဖြိုးနေတဲ့
အထူဘက်အခြမ်းကလည်း
အနှေးပြန်ရစ်ကြည့်စရာ မလိုဘူး
ထင်းထင်းကြီးကို မြင်နေရတော့
ပိုနေတဲ့ အတ္တထူထူတွေသာ
ပယ်လှပ်လိုက်ရုံကလွဲလို့ ….။
မောင်ကိုမောင်(ကလေး)
၂၀၁၀ ခုနှစ်၊မေလထုတ် ရောင်ပြန် မဂ္ဂဇင်းမှ ကူးယူဖေါ်ပြသည်။
Friday, May 7, 2010
အလင်းသစ်

ကလေးမြို့၊ဗိုလ်ချုပ်လမ်း၊ ညောင်ပင်သာရပ်ကွက်တွင် ကဗျာဆရာ ကိုဇော် (ကလေးမြို့) မှ ``အလင်းသစ်´´ စာပေနှင့် အနုပညာ ဖြန့်ချီရေး ဟု ဆိုင်တစ်ဆိုင်ကို ဖွင့်လှစ် လိုက်ပါသည်။ အဆိုပါ ဆိုင်တွင် သုတ၊ရသ နှင့် လစဉ်ထုတ် မဂ္ဂဇင်း မျိုးစုံ အပြင် ကိုမှိုင်းရဲ့ ဘွန်ဆိုင်း နည်းဖြင့် ဖန်တီးထားသော အနုပညာ သစ်ပင်များ ပန်းချီဆရာ အောင်မူးရဲ့ ပန်းချီလက်ရာ များ အမှတ်တရ အင်္ကျိများ ရောင်းချသည်ဟု သိရှိရပါသည်။
Friday, April 30, 2010
ကဆုန်လပြည့်နေ့

ကလေးမြို့နယ်လုံးဆိုင်ရာ ရတနာပုံ ရွှေဘုံသာ စေတီတော်မြတ်ကြီး တွင် ကဆုန်လပြည့်နေ့ တွင် ဗောဓိ ညောင်ပင်အား ညောင်ရေသွန်း လောင်းလှုပွဲကို ကျင်းပပြုလုပ်ရာ ရွှေဘုံသာ ဓမ္မစင်္ကြာ အသင်းမှ ဓမ္မစင်္ကြာ ရွက်ဖတ်ပူဇော်ခြင်း၊ အလှုရှင်များမှ ရွှေရင်အေး စတုဒီသာ တိုက်ကျွေးခြင်း၊ နေသာ ပညာဒါနမှ ကျောင်းသား/ကျောင်းသူများမှ ညောင်ရေသွန်း လောင်းလှုခြင်း တို့ ပြုလုပ်ခဲ့ကြပါသည်။ ကလေးမြို့နယ် ဆည်တော်ဦး ကျေးရွာ တွင်လည်း နှစ်စဉ် ကျင်းပ ပြုလုပ်မြဲ ဖြစ်သော ညောင်ရေသွန်းပွဲကို ခြင်း အလှခတ်ပြိုင်များ ထည့်သွင်း၍ အစဉ်အလာ မပျက် ပြုလုပ်ခဲ့သည်ဟု သိရှိရပါသည်။
Saturday, April 24, 2010
ကလေးသင်္ကြန်ကို လည်ကြည့် ကြသူများ
ခြောက်လေအဝေ့မှာ မိုးသစ်ရနံ့တွေက ကျွန်တော် ထိုင်နေတဲ့ အိမ်ရှေ့ ပိတောက်ပင်အောက်က ခုံတန်းလျားနဲ့ ပတ်ဝန်းကျင်ကို နုပြို ဆင်းကျဲပြန့် နေရာယူကြသည်။ တန်ခူးလေ ဆိုတာရော ပိတောက်တွေ ရဲရဲ ပွင့်ဖို့ ရေကြည်ဆွတ်ဖျန်းမယ့် သင်္ကြန်ကြိုတဲ့ မိုးသက်တွေ ကြွေကာ ဖျန်းတော့မယ်ဆိုတာရော စိတ်က အလိုလို သိပြီး ဖြစ်တယ်။
နှစ်ဟောင်းကုန်လို့ နှစ်သစ်ရောက်ခဲ့ပြီ …။ ပြီးခဲ့တဲ့ အတိတ်တွေကို ချန်ထား ရစ်ခဲ့ လို့ ….. စိတ်ကူးသစ် အိပ်မက် သစ်တွေနဲ့ ဘ၀ကို ဖြတ်သန်းဖို့ စဉ်းစားနေတုန်း သူငယ်ချင်း ရွှေလင်းထန် ရောက်လာပြီး “သင်္ကြန် ဘာ အစီအစဉ် ရှိတုန်းတဲ့” ကျွန်တော်ကလဲ တစ်ကိုယ်တည်း သမားဆိုတော့ “ဘာအစီအစဉ်မှ မရှိဘူး” “သင်္ကြန်တွင်း ဖွင့်မယ့် လဖက်ရည်ဆိုင် လိုက်ရှာနေတယ်……..အဲ့ဒီမှာထိုင်ပြီး သင်္ကြန်လည်မယ့် အလန်းမ လေးတွေ ကြည့်ဖို့ ချောင်းနေတယ်လို့ ပြောတော့ ” “ ငါကအကျနေ့ ကျရင် လက်ဆေးကန်သွားမှာ” ဆိုပြီး အစီအစဉ်တွေ ပြောပြနေတယ် “ လိုက်တော့ဘူးလို့” အားနာနာနဲ့ ငြင်းမိတယ်………
ညနေပိုင်းရောက်တော့ ရည်းစားက “သင်္ကြန်အတူ လိုက်လည် မပေးနိုင်ဘူး ” ဆိုလို့ အသည်းကွဲနေတဲ့ ညီမ မီးမီးက မနက်ဖြန် “ သင်္ကြန်လည်ရအောင်” ဆိုပြီး ဖုန်းဆက်တော့ လည်ဖြစ်ရင် ခေါ်ပါ့မယ်လို့ မတင်မကျ စကား ဂတိ ကိုပြောထားလိုက်တယ်…… လဖက်ရည်ဆိုင်ရောက်တော့ လွမ်းဆက်နွယ်ဆိုတဲ့ အသက် လေးဆယ်ကျော် လူပျိုကြီးက သူလည်း သင်္ကြန်လည်ချင်ပါသ တဲ့ ……… မိန်းမကြောက်ရတဲ့ ကဗျာဆရာ သစ်မှိုင်းလွင်ကလဲ ထိုမာသင်္ကြန်ကို တစ်ခါမှ မရောက်ဖူးဘူးတဲ့…. သူငယ်ချင်း ကိုဂျာနယ်လစ်ကြီးကလည်း “ထိုမာ သင်္ကြန် ဓါတ်ပုံရိုက်ချင်တယ်တဲ့” မနက်ဖြန်လိုက်ခဲ့ပါဆိုပြီး ဖုန်းဆက်ပြီးခေါ်ပါလေရော…..ဒါဆို ငါမနက်ဖြန် အတွက်အစီအစဉ် ဆွဲပါ့မယ်လို့……………..
အကြတ်နေ့ အိပ်ယာနိုးနိုးချင်းပဲ………. ညီမလေးဆီ အရင်ဆုံး ဖုန်းဆက်ရတော့တယ် (ဂေါ်မစွံ၏ ကြော်ငြာကဏ္ဍ) သင်္ကြန်မလည်ဘူးလို့ ကတိ ပေးထားတာဆိုတော့ ထုံးစံအတိုင်းပေါ့ “သူငယ်ချင်းတွေ အတင်းခေါ်လို့ လိုက်ရမှာဆိုပြီး” ပြောရတော့တာ ညီမလေးကော လိုက်မလားမေးတော့ “မလိုက်တော့ဘူး ဘုန်းကြီးကျောင်း သွားမယ် ပြောတော့” ရင်တစ်ဝက် အေးသွားတယ်…… စိတ်ထဲမှာတော့ အလန်းလေး တွေကြည့် လိုက်အုန်းမယ်ပေါ့…….
ပထမဆုံး ရွှေလင်းထန် အိမ်ကိုသွား သူကလဲ ၀ိရီယ ကောင်းစွာနဲ့ ကျွန်တော်ကိုစောင့်နေတယ်….. ကလေးသင်္ကြန် တစ်ခါမှ မလည်ဖူးဘူးတဲ့၊ ရင်ခုန်သလိုလိုပဲတဲ့ အရေးထဲနှလုံးသားက နုနေလိုက်သေးတယ်……. လူပျိုကြီးတို့ထုံးစံအတိုင်း …… သွားရအောင်လို့ လောဆော်ပြီး မီးမီး ကိုအရင်သွားခေါ်မယ်ဆိုပြီး ထွက်လာခဲ့တယ်….. ဒီနောက်ဂျာနယ်လစ်စီ သွားတော့ ဘိုတိုးရယ် ဂျာနယ်လစ်ရဲ့ အမျိုးသမီးရယ် ကလေးတွေရယ် အရံသင့်စောင့်နေတော့ ကားပေါ်တစ်ခါတည်း တင်ပြီး အသက်လေးဆယ်ကျော် လူပျိုကြီး လွမ်းဆက်နွယ်က တီရှပ်ပန်းကြား နဲ့ ဘောင်းဘီတိုနဲ့ နုပျိုနေလိုက်တာ ကားရှေ့ ဘောနပ်ပေါ်တက်ထိုင်ပါလေရော ……… အသက်ကြီး လို့ရှေ့ခန်းမှာစီးပါဆို တာတောင် မရတော့ဘူး……သစ်မှိုင်းလွင် အိမ်ရောက်တော့ ဘုန်းကြီးကျောင်းက မပြန်သေးလို့ စောင့်နေရသေးတယ် …….. မိန်းမကို ဘယ်လို ဘတ်ပြီးတော့ လိုက်ခဲ့လဲတော့မသိဘူး အင်္ကျီဖြူ လက်ရှည်နဲ့ ထမင်းစားပုဆိုးကြီး ၀တ်ပြီး လိုက်ခဲ့တော့တာပါပဲ……. သူငယ်ချင်းတွေ အားလုံးက ဂေါပကလည်း သင်္ကြန်လည်တာပဲလို့ စနေကြ တာ အဲ့ဒီဂေါပက ပေါ့ အလန်းလေး နှစ်ယောက် ထပ်ပြီး တင်လာခဲ့သေးတယ်…….
သတိရလို့ ပြောလိုက်အုန်းမယ် ….. မီးမီးကလည်း ဘောင်းဘီတိုအင်္ကျီအကြပ် ၀တ်လာခဲ့လို့ ဒီပုံနဲ့တော့မဖြစ်ဘူး ထင်တယ်ဆိုပြီး ပါလာတဲ့ တဘက်ကို မချွတ်တမ်းခြုံထားပါဆိုပြီး ပြောရသေးတယ် ……. ဒီလိုနဲ့ အဆီအငေါ်မတည့်တဲ့ ကျွန်တော်တို့အဖွဲ့ ထိုမာသင်္ကြန်ဆီ ချီတက်လာခဲ့တယ် ……. ထိုမာရွာအ၀င်မဏ္ဍပ် လည်းရောက်တော့ ကားတန်းကြီး ကိုစတွေ့ရတော့တယ်……… လမ်းအပြည့် လူတွေကလည်း ကွေးညွတ်နေအောင် ကလို့ ကိုရွှေဂျာနယ်လစ်ကြီး ကတော့ ကားပေါ်က အပြေးတပိုင်း ဆင်းပြီး ပါလာတဲ့ ကင်မရာကိုထုတ် တဖျောက်ဖျောက် နဲ့ပေါ့ ……… ရွှေလင်းထန်ကတော့ ကားထဲကို စိတ်ထဲ့ပြီး မောင်းနေရတော့ မအီမလည်မျက်နှာကြီးနဲ့ ….. အသက်လေးဆယ်ကျော် လူပျိုကြီးကတော့ ဘောနပ်ဖုံးပေါ်မှာ စည်ချက်နဲ့အညီ ခြေမြှောက်မြှောက် လက်မြှောက်မြှာက်နဲ့ ပေါ့.. ဗိုက်က ပူပူ ဘောင်းဘီ ပွင့်ကြားကြီးနဲ့ ဖြစ်နေလိုက်ပုံများ မြင်ကြည့်လိုက်စမ်းပါ။ ဘေးနားက ကားပေါ်က ကောင်မလေးတွေ က တော့ ဦးတိပွားကြီး ကနေ တယ်တယ်တဲ့ …။ ဦးတိပွားရဲ့ ကဲပုံများ ဂျာနယ်လစ်ကြီးရဲ့ နဖူးအတိုင်းပဲ …။ ကျွန်တော်လဲ အညံ့ ဘယ်ခံမလဲ … ကားပေါ်က ဆင်းပြီး အလန်းလေးတွေ ရေလိုက်လောင်းဖို့ ချောင်းနေတာပေါ့ … ကားဆီ ပြန်ကြည့်လိုက်တော့ ဂေါပက လူကြီးက ကားရှေ့ခန်းမှာ သမာဓိ ပိုးကြီးနဲ့ ပြုံးပြုံးကြီးပေါ့ … အသဲကွဲတဲ့ မီးမီး ကလည်း ဘဲဘဲ ကို သတိရပြီး ငိုပါလေရော …။ သင်္ကြန်ရေနဲ့ မျက်ရည်တွေ ရောလို့ပေါ့ … သူငယ်ချင်း ဘိုတိုးကြီးကလည်း ဗိုက်ဆာလို့ ဆိုပြီး ပါလာတဲ့ ကွမ်းယာတွေ တစ်ယာပြီးတစ်ယာ စားစားနေ တော့တယ်……။
ဒုတိယ မဏ္ဍပ်ရှေ့ ရောက်တော့ ကျွန်တော်တို့ ကားကို ရေ သိတ်မပက်ကြတာ “ရှေ့မှာ ဦးတိပွားကြီး ထိုင်နေလို့” တဲ့ ဆိုပြီး ကားပေါ် ပါလာတဲ့ ကောင်မလေးတွေက ပြောနေကြတယ်။ တတိယ မဏ္ဍပ်ရှေ့ ရောက်တော့ လူပျို အသိုးကြီးက ကျွန်တော်နဲ့ သစ်မှိုင်းလွင်ကို ဆွဲခေါ်ပြီး ရှေ့မဏ္ဍပ်က ပိုစည်တယ် …။ လမ်းလျှောက်ပြီး အရင် သွားနှင့်အောင်တဲ့ ကျွန်တော်လည်း ယောင်ပေပေနဲ့ ပါသွားပါလေရော …။ သွားရင်း လာရင်း ကားတွေ ရေကြည့်ခဲ့တာ အစင်း (၅၀) တောင် ကျော်နေပြီ ..။ ရှေ့မှာလည်း အများကြီး ပါပဲ၊ အောက်က ရေကလည်း ဒူးဆစ်လောက်ရှိတယ်။ ဂေါပက ကတော့ ဖိနပ်ကြီး ခါးကြားထိုးလို့ ပုံပျက် ပန်းပျက်.. အိမ်အပြန် ဖိနပ်မပါရင် မိန်းမက ရိုက်မှာတဲ့၊ လူပျို အသိုးကြီးရဲ့ လက်ထဲ မှာတော့ ရယ်ဒီမိတ် တစ်ပက်ပါတဲ့ ၀ီစကီ ဘူးလေးတွေနဲ့။ အရှိန်တော့ ရနေတဲ့ ပုံပါပဲ …။ မဏ္ဍပ်မှာလဲ သူချည်းခဲ ကဲ ပြီးတော့ အမြင့် ပေ နှစ်ဆယ်လောက်ရှိတဲ့ ရေပက်စင်ပေါ်က ကောင်မလေးတွေ ဆီ သွားချင်တယ် လုပ်ပါလေရော …။ ဂျာနယ်လစ်က ဘယ်ကနေ ဘယ်လို ရောက်လာမှန်း မသိဘူး အမိအရ မှတ်တမ်း တင်နေတယ် …။ ဒီလိုနဲ့ ဆယ်တစ်ခု မြောက် မဏ္ဍပ်ရှေ့ ရောက်တော့ ရွှေလင်းထန် မနေနိုင်တော့ ဘူး … ကားကို လမ်းဘေး ထိုးပြီး အပြေးအလွှား ခုန်ဆင်း မဏ္ဍပ်ရှေ့မှာ ကပါလေရော ..။ ဂျာနယ်လစ်ကြီး ကလဲ ကျွန်တော့်ကို ကင်မရာ ပေးပြီး သူပါ ရောသမ လေရဲ့ ။ ကျွန်တော်လည်း လက်ထဲ ရှိတဲ့ ကင်မရာနဲ့ အမိအရပေါ့ ။ ကျွန်တော့် လက်ကိုဆွဲပြီး အဓမ္မ ခေါ်လေတော့ က ရတော့တာပေါ့ ။(ညီမလေးများ သိများ သိရင် အပြောခံနေရအုန်းမှာ လို့ စိတ်ထဲ တွေးမိတယ်။)
နေ့ခင်း နှစ်နာရီထိုးတော့ ထိုမာရွာက ပြန်ထွက်ခဲ့ကြတယ် နေ့လည်စာ စားဖို့ စားသောက်ဆိုင်မှာ နားရင်း ဂျာနယ်လစ်ကြိးရဲ့ ကင်မရာကိုကြည့်တော့ သတင်းဓါတ်ပုံထက် အလန်းလေးတွေရဲ့ခပ်ရဲရဲ ခပ်ကဲကဲ ပုံတွေက များနေတယ်…… အိမ်ပြန်ရောက်ရင် ဗိုက်ခေါက်ကို မိန်းမက လိမ်ဆွဲတာ ခံရမှာကို မြင်ယောင် မိသေးတယ်…. သင်္ကြန်လည်လို့ ဥပုဒ်ကျိုးတာချင်း အတူတူ ဆိုပြီး ဂေါပက က ဘီယာသောက်မယ်တဲ့…. လူပျိုကြီးဆီကို သူကြိုက်တဲ့ ကောင်မလေးဆီက ဖုန်းလာတာကို မီးမီးကမပြောလို့ ဆိုပြီး စိတ်ကောက်လိုက်သေးတယ်(အရွယ်ကြီးနဲ့ မလိုက်အောင်ပေါ့) …..ဘိုတိုးကြီးကတော လိမ်မာ နေလိုက်တာ…. သူမသောက်တာ ကြာပြီတဲ့….. စိတ်ထောင်းလို့ကိုယ်ကြေ ဖြစ်နေတဲ့ မီးမီးက ဘီယာတစ်ခွက်ဆိုပြီး သောက်တော့…….. မူးပြီး ကြမ်းမှာကို ကျွန်တော်က လန့်လာတယ်………… ရွှေလင်းထန်က သွားရင်းလာရင်း နှစ်ပက်ကစ်လာတော့ အရှိန်လေးနဲ့ပေါ့………. ဒီလိုနဲ့ ကိုးမိုင်ချောင်းကို ရောက်တော့ ကလေးမြို့ရဲ့ ချောင်းသာလို့တောင်ပြောရ မယ်ထင်တယ်………..လူတွေအရမ်းများလွန်းလို့ ကျွန်တော်တို့အတွက် နေရာတောင် အတော် ရှာယူခဲ့ရတယ် ……… ရွှေလင်းထန်နဲ့ ဂေါပကရယ် အလန်းမလေး နှစ်ယောက်က တစ်နေရာ…….. ဂျာနယ်လစ်မိသားစုက တစ်နေရာ လူပျိုသိုးကြီးရယ် ကျွန်တော်ရယ် မီးမီးရယ်က တစ်နေရာ ………အသီးသီးရေစိမ်ကြတာပေါ့ ……….. ဂျာနယ်လစ်က ပါလာတဲ့ ကင်မရာနဲ့ အလုပ်ရှုပ်(အရှုပ်တွ လုပ်) လို့ ပေါ့ ……………. ကျွန်တော်လည်း မီးမီးကို “ အပျိုပိန်ပိန် ရေစိမ်တော့……..” လို့ လိုက်စနေမိသေး တယ် …။
မြင်ကွင်းကတော့ လန်းတယ်ဗျာ။ ချောင်းရဲ့ တစ်မိုင်ကျော်ကျော် အရှည်မှာ လူတွေ ပြွတ်ခဲ သိပ်လို့။ တစ်ချို့လဲ ပုလင်းတွေနဲ့ ၀ိုင်းဖွဲ့၊ တစ်ချို့လည်း အလန်တွေ နဲ့ ၀ိုင်းဖွဲ့၊ ကိုယ်စီကိုယ်စီပေါ့ ..။ လူပျိုကြီးတွေ ဇတ်လမ်း က စ ပြီ ..။ လွမ်းဆက်နွယ်က မိန်းမ တစ်ယောက်ရဲ့ အလှဆုံး အချိန်ဟာ ရေချိုးချိန်တဲ့၊ ဘိုတိုးကလည်း ရေချိုးပြီးစ အချိန်တဲ့ မယုံရင် ကြည့်နေပါတဲ့။ ဂေါပက ကတော့ အတူတူပါပဲတဲ့။ တရား သဘောတောင် ပါလိုက်သေး ..။ ကျွန်တော်က လက်ရှိ ကိုပဲ စိတ်ဝင်စားသူဆိုတော့ အရှိအတိုင်းပဲ နေလိုက်တယ်..။ နှစ်နာရီ ကျော်ကျော်လောက် ရေစိမ်ပြီး အပြန်ခရီးကို ဆက်ခဲ့ကြတယ် ..။ ကားပေါ်ရောက်မှ အသဲကွဲတဲ့ မီးမီး ရဲ့ လက်ကိုကြည့်လိုက်တော့ ပဲကြီးကို ရေစိမ်ထားတဲ့ အတိုင်းပါပဲ..။ “ နင်တော့ အခြေအနေ မကောင်းဘူး ” လို့တောင် ပြောမိသေးတယ် ..။ ကိုးမိုင် ရွာ အ၀င်ရောက်တော့ ချင်းအမျိုးသား အဖိုးကြီးက ကားရှေ့မှာ ရပ်ပြီး ကားကို တားကာ “ ရေလောင်းရင် နေကောင်းတယ်နော်” ဟု ဆိုကာ ကားပေါ်ပါသူ အားလုံးကို ရွှဲ စိုအောင် လောင်းလေတော့တယ် …။ ဗဟို မဏ္ဍပ်ရှေ့ ရောက်တော့ စတိတ်ရှိုး စင်ပေါ်က ဘောင်းဘီတိုတို အင်္ကျီ ကြပ်ကြပ် နဲ့ ဆိုနေတဲ့ ကောင်မလေးကို မြင်တော့ ထိန်းမရ သိမ်းမရနဲ့ ကားကြီးကို ပုခက်လွှဲထား တဲ့ အတိုင်း လှုပ်ရမ်းလို့ ..။ အချိန်က နေရောင် ပျောက်ပြီ ဆိုတော့ အားလုံးကို လမ်းခွဲ ဖို့ အတင်းပြောရတော့တယ် ..။
ညပိုင်းရောက်တော့ ညီမလေးဆီ အပြေးအလွှား သွားရသေးတယ်။ သူက ဥပုဒ် ယူထားတာဆိုတော့ သိတ်တော့ မပြောပါဘူး။ နေ့လည်က ရန်ကုန် X2O သင်္ကြန်မဏ္ဍပ်ရှေ့မှာ ဗုံးပေါက်တယ်တဲ့၊ နောက်ရက်ကို သင်္ကြန် မလည်စေချင် ဘူးတဲ့။ “အခု တရားနာ သွားမှာ လိုက်ခဲ့ပါလားတဲ့” ကျွန်တော်လည်း နေ့လည်က သင်္ကြန် လည်ထားတာဆိုတော့ မလိုက်ချင်ဘူး လို့ ..။
အတက်နေ့ မနက်ခင်းမှာတော့ ထိုင်နေကျ လဖက်ရည်ဆိုင်မှာ လူပျို အသိုးကြီးကို တွေ့ပါတယ်။ မနေ့က ရေပက်တဲ့ အကြောင်းတွေ စားမြုံ့ ပြန်ရင်း ရေမပက်ပဲ လေ ပက်တဲ့ အကြောင်းကို ကျွန်တော်တို့ မြို့ ရဲ့ အသက်ကြီးဆုံး လူငယ် စာရေးဆရာ နဲ့ ပြောနေတော့တယ်..။ လတ်တလော ကလေးမြို့မှာ နာမည်ကြီးနေတဲ့ ကဗျာဆရာရဲ့ ရန်ကုန်ခရီး ကြွားလုံးတွေကို ကျုရှင်ဆရာနဲ့ ပေါင်းပြီး လေပက်ခံရတဲ့ အကြောင်း ပြောနေကြတယ်။ လူပျို အသိုးကြီးက “ သူမှ ရန်ကုန်မရောက်ဖူးတာ သူတို့ ပြောသမျှခံရတာပေါ့” တဲ့ …။ အဲ့ဒီအချိန်မှာပဲ သူငယ်ချင်း ရွှေလင်းထန် ရောက်လာပြီး သွားရအောင် ဆိုလို့ ကျွန်တော်ရယ်၊ လူပျို အသိုးကြီးရယ်၊ မီးမီးရယ် ပေါ့..။ ဘယ်သွားမှာလဲ မေးတော့ “ထိုမာ” တဲ့ ..။ ရွှေလင်းထန်က မနေ့က မကျေပွဲ နွဲချင်သေးတာ တဲ့ ..။ နှစ်ခါ မညှိ လိုက်ရပါဘူး။ ထိုမာ ရောက်လာခဲ့တော့ တာပါပဲ ..။ အဲ့ဒီ ရောက်မှ သင်္ကြန် မိုးက သဲကြီးမဲကြီး ရွာပါတော့တယ်..။ မိုးရေနဲ့ သင်္ကြန်ရေ အောက်မှာ နောက်ဆုံးရက် ဆိုပြီး လူတွေ ပိုကဲ နေသလား ထင်ရတယ် ..။ ထိုမာ ရွာက ပြန်တော့ …..
နေ့လည်စာ စားဖို့ မြစ်သာ ရှု့ခင်းဆီ ရောက်လာခဲ့တယ်..။ အသဲကွဲတဲ့ မီးမီးက ဖရဲသီး စားချင်တယ် ဆိုလို့ ကျီကုန်းမှာ သွားဝယ်တော့ ဖရဲသီး မရပဲ စာကလေး ကြော် နှစ်ကောင်နဲ့ ပြန်ရောက်ခဲ့တယ် ..။ “ ဒီနား ရောက်မှတော့ မထူးတော့ ပါဘူး ” ဆိုပြီး ရေဆန်ကျွန်း ဘုရားကို တက်ဖူးကြတယ် ။ ဘုရားရင်ပြင်မှာတော့ ဘုရားဖူးတွေနဲ့ပေါ့ ..။ မီးမီးကို ကြည့်လိုက်တော့ မျက်နှာက မကောင်းဘူး။ ဒါနဲ့ ကျော်ကြည့်လိုက်တော့ ခုံတန်းလေးတွေ ပေါ်မှာ “ ကြားလေသွေးရင် တောင် ဝေးမှာ စိုးတယ် ” ပုံစံနဲ့ ထိုင်နေတဲ့ အတွဲတွေ ရှိတာကို …။ ဘဲဘဲ ကြီးကို သတိရနေပြန်ပြီ ထင်တယ်..။ ရွှေလင်းထန်က သူ “အဲ့ဒီခုံမှာ ထိုင်ဖူးတယ်” တဲ့ ၊ အကြွားခံရမှာ စိုးလို့ မသိသလိုပဲ နေလိုက်တယ် ..။ စိတ်ထဲ မှာ တော့ အဲ့ဒီနေရာကို အသေမှတ်၊ အဆင်ပြေရင် ညီမလေးနဲ့ လာထိုင်းအုန်းမယ် ဆိုတဲ့ အတွေးနဲ့ပေါ့ …။
ဘုရားမှာ ခဏ နားပြီး၊ ဇီးချောင်း ခရီးကို ရိက္ခာ အပြည့် အစုံနဲ့ပေါ့ ..။ ထူးကြီးဆည်ကို ရောက်တော့ နေ့လည် (၃) နာရီ ထိုးနေပြီ ..။ ချင်းတွင်းမြစ် ဘေးမှာ မွေးခဲ့တဲ့ မီးမီး ရေမကူးတတ်တော့ ရေ အနက်ဟာ ကျွန်တော့်ရဲ့ နိုင်ကွက် ဖြစ်လာတယ်…။ ဂျာနယ်လစ် ကြီးက ကျွန်တော်တို့ လည်တာ သတင်းရပြီး “သူ့ မခေါ်လို့ တွေ့မယ်တဲ့” ဆိုပြီး ဖုန်းဆက်ကာ ခြိမ်းချောက်နေတယ် ..။ ညီမလေးက လည်း “ဓါတ်ပုံတွေ ပြန်ပေးရမယ်” တဲ့။ ကျွန်တော်တော့ မနက်ဖြန် ဘယ်လို ရင်ဆိုင်ရမယ်ဆိုတာ သတ္တိတွေ မွေးရအုန်းမယ် ..။
တစ်ချို့က တစ်နှစ်တာရဲ့ ညစ်နွမ်းနေတဲ့ စိတ်တွေကို သင်္ကြန်ရေနဲ့ လျှော်ဖွတ်ကြတယ်..။ ဥပုသ် သီလတွေ ဆောက်တည်လို့ ဘာဝနာ ရေစီးကို ရှည်စေတယ် ..။ နှစ်သစ်ဦးမှာ ကောင်းမှုတွေ ပွားစည်း တိုးဝေ စေတယ်..။ တစ်ချို့က သေရည်နဲ့ လွှမ်းရုံပြီး ကုသိုလ်ရှေ့က အ အက္ခရာကို ရှေ့တန်းတင်ပြီး အကုသိုလ်ကြတယ် ..။
ကဲ … အားလုံးပဲဗျာ … ခင်ဗျားတို့ကော ဘာတွေ မြင်ကြလဲ ..။ ကျွန်တော်တော့ စာတစ်ဖောင်၊ ပေတစ်ရွက်နဲ့ ရေးခဲ့ပြီ…။ လွန်တာတွေ ရှိရင်လည်း အားလုံး….အားလုံး….၀ိန္ဒာမိ ပါ….
ယွန်းအိမ်
www.rezarmyomyo.co.cc မှ ကူးယူဖေါ်ပြသည်။
Thursday, April 22, 2010
Wednesday, April 21, 2010
Saturday, April 17, 2010
ချစ်ဇနီးသို့
ပရိယေသန ၀ဲဂယက်ထဲ
တစ်ဝဲ၀ဲ တလည်လည်ဆိုတော့
ကိုယ့်ယုံကြည်ရာ အိပ်မက်စီးကြောင်းဘက်ကို
လွှဲမထွက်နိုင်ခဲ့ဘူးပေါ့ …။
ခေါက်သိမ်းထားတာ ကြာတော့လည်း
ဖုန်အလိမ်းလိမ်းတက်နေတဲ့
ငါ့ရဲ့ ကစဉ်ကလျှားအိပ်မက်တွေ
အရောင်မလက်ဘူး မလတ်ဆတ်တော့ဘူး။
မှတ်မှတ်ရရ
ငါ့တစ်မျက်နှာကို ညည်းတစ်ရွာထင်နေတုန်းကတည်းက ..။
အသွေးထဲ အသားထဲကနေ
မွတ်သိပ်ခြင်းစစ်စစ်တွေရဲ့ လင်းရှမှုလိုမျိုးနဲ့
မနက်ဖြန်ရဲ့ အိပ်မက်လမ်းတွေပေါ်
အဆက်မပြတ် ပျံသန်းချင်ခဲ့
အဖတ်မတင်ဘဲ ကြွေကြွေသွားတဲ့
ငါ့ရဲ့ အိပ်မက် အသီးကင်းတွေကိုကြည့်ပြီး
ညည်းပြောမယ်ဆိုလဲ ပြောလောက်ပါပေရဲ့ …။
ဒါပေမယ့်ကွာ
တောမှောက်ပြီး တောချောက်ခံနေရတာမဟုတ်တော့
လမ်းမလွဲလောက်ပါဘူး
ငါ့အိပ်မက်လမ်းက ဒီလမ်းအတိုင်းပဲ။
ငါ့ကို ဆက်လျှောက်ခွင့်ပြုဦး ညည်းကလေးရေ …။
မောင်ကိုမောင်(ကလေး)
၂၀၁၀၊မေလထုတ် ပေဖူးလွှာ မဂ္ဂဇင်းမှ ကူးယူဖေါ်ပြသည်။




























