Welcome


Download Apk File

ကလေးမြို့ရဲ့ သတင်းတွေကို Android ဖုန်းထဲကနေ ကြည့်လို့ရတဲ့ Apk file လေးပါ ..။အောက်က လင့်လေးမှာ Down လို့ရပါတယ် ...။ အခုထိတော့ Link မသေသေးပါဘူး ...။
http://www.sendspace.com/file/yud6dl

Sunday, January 23, 2011

ချင်းတောင်အလွမ်း

ကိုဆူး (ချင်းတောင်ခြေ)

''နှင်းယွန်းခါဟေမန်၊ လေပြန်သွင်းလှုံ့ ညင်းညံညံ ၊ တိမ်ယံကွန့်ဆိုင်း၊ အို..မျှော်လေတိုင်းမှိုင်းဝေ......တဲ့။
ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၆၀၀၀ ကျော်ရှိတဲ့ သိုင်းငင်းဆိုတဲ့ ရွာရဲ့တစ်နေရာကနေ လှမ်းမျှော်ကြည့်လိုက်တော့ နှင်းတွေ၊ မြူခိုးတွေနှင့် တွေအုံ့ဆိုင်းနေတဲ့ တိမ်ပင်လယ်ကြီးထဲမှာ ထိုးထိုးထောင်ထောင် ထွက်နေတဲ့ ချင်းတောင်ကြီးကို မြင်ရတယ်။
ဘယ်ကို လွမ်းရမှန်းမသိတဲ့ အလွမ်းတွေက ရင်မှာ စူးရှရှ။ မြင်ကွင်းထဲမှာက ချင်းတောင်ရဲ့ အောက်နားမှာရှိတဲ့ မှုန်ပျပျ တောင်ယာတဲလေးက နှင်းမှုန်တွေကြားမှာ အထီးထီး။ ချင်းတောင်ရဲ့ ဆောင်းဦးပေါက်ရာသီဟာ နှင်းမှုန်တွေ လွင့်လွင့်ဆိုင်းဆိုင်း။ အေးစက်စက်လေတွေက တဟူးဟူး၊ ဆတ်ဆတ်ခါ အအေးဓာတ်က သူ့ရဲ့အလွမ်းတွေကို မထိုးဖောက်နိုင်၊ ဘယ်ကိုလွမ်းမှန်း မသိတဲ့ သူ့ရဲ့အလွမ်းတွေက တိမ်တိုက်တွေလို စီးမျောလို့။ ချင်းတောင်တစ်တောင်လုံးရဲ့ အလှတွေက သူ့ရဲ့အတွေးတွေ ထဲမှာ ဟိုတစ်စဒီတစ်စ ၊။
ဘူမိဗေဒဖြစ်စဉ်အရ ရှမ်းကုန်းမြင့်မြင့်ကြီး ပေါ်ထွန်းနေချိန်မှာ ချင်းတောင်တန်းဟာ ကျွန်းလေးတစ်ကျွန်း အဖြစ်သာ ရှိသေးတယ်လို့ မှတ်သားဖူးပါတယ်။ ကရီကေးရှားခေတ်တွင်မှ ချင်းတောင်တန်းဟာ မြေလှုပ်ရှားမှု စကာတာရှရီခေတ်ကို ရောက်မှ တောင်စွယ်တောင်တန်းကြီး အသွင် ဆောင်လာခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ချင်းတောင်တန်းတွေက အသက်နုပါသေးတယ်။ ချင်းပြည်နယ်ဟာ မြေပြန့်ဆိုလို့ မရှိသလောက် နည်းပါးပါတယ်။ တောင်တန်းတွေရဲ့ တောင်စောင်းလေးတွေ မှာ မေးတင်လို့ ဆောက်ထားတဲ့ အိမ်လေးတွေကို ချင်းပြည်နယ်ရဲ့ နေရာအနှံ့အပြားမှာ တွေ့ရှိရမှာ ဖြစ်ပါတယ်။ မြင့်မားတဲ့ တောင်တန်းတွေနဲ့ စီရရီရှိနေတဲ့ ချင်းတောင်တန်းတွေဟာ တောင်နဲ့မြောက် သွယ်တန်းလျက်ရှိ နေပါတယ်။ တောင်ပိုင်းချင်းတောင်မှာတော့ နတ်မတောင်လို့လည်း ခေါ် ၀ိတိုရိယတောင်လို့လည်းခေါ်တဲ့ တောင်ကြီးဟာ ၁၀၄၀၀ ပေ မြင့်မားပြီး ကန်ပက်လက်မြို့နယ်မှာ တည်ရှိပါတယ်။ နတ်မတောင်ဟာ သဘာဝဥယျဉ်အဖြစ် ထိန်းသိမ်းထားပြီး ဇီဝ မျိုးကွဲပေါင်း များစွာကို ထိန်းသိမ်းထားပါတယ်။ ငှက်ပေါင်းမျိုးစုံရှိလို့ ငှက်ကြည့်တဲ့၊ ငှက်တွေကို လေ့လာချင်တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေ လာရောက်လေ့ရှိတဲ့ နေရာတစ်ခု ဖြစ်နေပါပြီ 'ဘုံတလာ' လို့ အမည်ဆန်းလေးနဲ့ ခေါ်ဝေါ်ထားတဲ့ ရေတံခွန်ကတော့ ချင်းတောင်မှာ အမြင့်ဆုံး ရေတံခွန်တစ်ခု ဖြစ်ပြီး ရေတံခွန်ခုနစ်ဆင့်ရှိကာ ဧည့်သည်တွေ အရောက်အပေါက် နည်းပါးလှပါတယ်။ ဒီရေတံခွန်ဟာ ချင်းပြည်နယ် မတူပီမြို့နယ် ထီးဆောင်းရွာ အနီးမှာ တည်ရှိပြီး ရေတံခွန်တွေထဲမှာ အမြင့်ဆုံးနဲ့ အလှဆုံး နေရာတစ်ခုပါ။ သိုင်းငင်းဆိုတဲ့ ရွာလေးဟာ မြောက်ပိုင်း ချင်းတောင်ရဲ့ လမ်းဆုံတစ်ခုပေါ့။ တီးတိန်၊ တွန်းဇံ၊ ရိဒ်ရေကန်စတဲ့ နေရာတွေကို သွားရင်ပဲ ဖြစ်ဖြစ်၊ ဟားခါး၊ ဖလမ်း၊ ထန်တလန် စတဲ့ မြို့တွေကို သွားရင်ပဲ ဖြစ်ဖြစ် ဒီရွာလေးကို ဖြတ်သန်းရစမြဲ။ ချင်းတောင်ခြေက လူတွေ တခုတ်တရ သွားရောက်လေ့ရှိတဲ့ နေရာ။ သိုင်းငင်းရွာကနေ တီးတိန်မြို့နယ်ဘက်ကို ဆက်သွားမယ်ဆိုရင်တော့ လေသာတောင်တန်းကြီးကို တွေ့ရမှာပါ။ လေသာတောင်တန်းဆိုတဲ့ နာမည်နဲ့လိုက်အောင် လေပြင်းပြင်းတိုက်တဲ့ နေရာပါ။ အပင်အကာအကွယ်တွေ မရှိတဲ့ လေသာ တောင်တန်းဟာ ကုန်းခေါင်ခေါင်တစ်ခုလို၊ သူ့ရဲ့ အောက်ဘက်ကို ကြည့်လိုက်တော့ တိမ်တိုက်တွေ၊ ဆီးနှင်းမှိုင်းတွေက အပြာရောင် တောင်တန်းကြီးတွေကြားမှာ မျောလွင့်နေတဲ့ ၀ါဂွမ်းစိုင်ကြီးများလိုပ။ အဲဒီတောင်တန်းရဲ့ အောက်ဘက်နားမှာရှိတဲ့ တောင်ဇလပ်တောကြီးဟာ အခုလို ဆီးနှင်းတွေကျတတ်တဲ့ ဒီဇင်ဘာလနဲ့ ဇန်န၀ါရီလတွေ ဆိုရင်တော့ နီနီရဲရဲ တောင်ဇလပ်ပွင့်တွေနဲ့ ဝေဆာနေပါတယ်။ ချင်းပြည်နယ်ရဲ့ အမှတ်အသားတစ်ခုလို ဖြစ်နေတဲ့ တောင်ဇလပ်ပန်းကို 'တောင်ပေါ်မြေမှာ ပွင့်ဖူးတဲ့ တောင်ဇလပ်နီလေးရယ် မင်းဘ၀ ကြွေလေမလား ကိုယ်တွေးတိုင်းစိုးရိမ် ချစ်တဲ့ ချင်းတောင်ဇလပ်ရေ' လို့ ဆိုတဲ့ သီချင်းစာသားလေးနဲ့ တွဲလျက် သတိရတတ်စမြဲ။ တောင်ဇလပ်နီ၊ တောင်ဇလပ်ဝါနဲ့ တောင်ဇလပ်ဖြူ ဆိုပြီး တောင်ဇလပ်ပန်း သုံးမျိုးစလုံးကို ချင်းတောင်တန်းပေါ်မှာ တွေ့မြင်နိုင်ပါတယ်။ တောင်ဇလပ်ဖြူနဲ့ ရှား ပါးလှတဲ့ တောင်ဇလပ်ဝါတို့ကို တောင်ပိုင်းချင်းတောင်မှာပဲ တွေ့နိုင်ပါတယ်။ ရဲရဲပေါက် နီနီစွေးစွေး တောင်ဇလပ် ပန်းနီတွေကို မြင်တွေ့ချင်တဲ့ သူတိုင်းဟာ သိုင်းငင်းရွာကတစ်ဆင့် နော်ကိုဗွမ်းလို့ခေါ်ပြီး ပေပေါင်း ၈၇၆၅ ပေ မြင့်မားတဲ့ လေသာတောင်တန်းကြီးဆီကို အရောက်သွားရတာပေါ့။ အဲဒီ တောင်တန်းရဲ့ အလယ်ပိုင်းလောက်မှာ တော့ ထွမ်ဗွမ်းလို့ ခေါ်တဲ့ 'ကနေဒီ တောင်ထိပ်'ဟာ အမြင့်ပေ ၈၈၇၁ နဲ့ တည်ရှိပါတယ်။ အခုလို ဆောင်းရာသီ မှာတော့ ဆီးနှင်းတွေနဲ့ ဖုံးလွှမ်းနေမှာပေါ့။ 'ထွမ်းဗွမ်း'ဆိုတာကလည်း ထွမ်ဆိုတာက 'နှင်း'လို့ အဓိပ္ပာယ်ရပြီး ဗွမ်းဆိုတာက 'တောင်ထိပ်' လို့ ခေါ်တော့ နှင်းတွေဖုံးလွှမ်းနေတဲ့ တောင်ထိပ်လို့ အမည်ရပါတယ်။
ချစ်ခြင်းရဲ့ သင်္ကေတ အသည်းနုလုံးပုံနဲ့ ထပ်တူထပ်မျှ တူနေတဲ့ ရေကန်ကြီးတစ်ကန်ဟာ ပေ ၆၀၀၀ နီးပါး မြင့်မားတဲ့ ချင်းတောင်တန်းကြီးပေါ်မှာ တည်ရှိပါတယ်။ လူသိများတဲ့ နာမည်က'ရိဒ်ရေကန်'တဲ့ ။ မြန်မာ-အိန္ဒိယ နယ်စပ်မှာရှိပြီး ရိဒ်နယ်စပ် ကုန်သွယ်ရေးနဲ့လည်း တွဲလျက် သိရှိကြပါတယ်။ ရေကန်ရဲ့ပတ်လည် အကျယ်အ၀န်းက သုံးမိုင်ရှိပြီး ကန်ရဲ့ပတ်လည်မှာ မိုးမခပင်တွေ ပေါက်ရောက်နေပါတယ်။ ရေကန်ရဲ့အနက်က ပေ ၆၀ ၀န်းကျင်လောက်နက်မယ်လို့ ဒေသခံ တွေ ပြောပြကြပါတယ်။ ဒီရေကန်ထဲကို စီးဝင်တဲ့ရေ မရှိသလို ထွက်သွားတဲ့ရေလည်း မရှိပါဘူး။ ရိဒ်ရေကန်ရဲ့ ထူးခြားမှုများ၊ ဒေသခံတို့ပြောတဲ့ သမိုင်းများနဲ့ ယုံကြည်မှုများဟာ ပြောမဆုံးနိုင်အောင်ပေါ့။ ရိဒ်ရေကန်ကို အဓိကလာရောက်တဲ့ ဧည့်သည် တွေဟာ တစ်ဖက်နိုင်ငံ မီဇိုရမ်ပြည်နယ် အတွင်းက ဒေသခံတွေ တော်တော်များများ ဖြစ်တယ်လို့ သိရပါတယ်။
'တောင်ပေါ်ခေါင်ရေ၊ ချိုမြမြ ..၊ တစ်ကျိုက်လောက်သောက်ရင်...၊ အမောပြေ.....၊ဒါဟာလည်း ချင်းပြည်နယ်ရဲ့ ဓလေ့တစ်ခုပါ'။ ချင်းတောင်ပေါ်ရဲ့ သာရေး၊ နာရေးနဲ့ ရိုးရာဓလေ့ထုံးစံ ပွဲတော်တွေမှာ မပါမဖြစ် ဧည့်ခံပစ္စည်း တစ်ခုက ခေါင်ရည်ချိုမြမြ တစ်ခွက်ပါ။ ခေါင်ရည်ကိုတော့ ချင်းပြည်နယ်မှာ ခေါင်အိုးတွေနဲ့သာ တွေ့နိုင်ပါတယ်။ စဥ့်အိုးလေးတွေ၊ စဥ့်အိုးကြီးတွေနဲ့ ဖောက်ထားတဲ့ ခေါင်ရည်အိုးထဲမှာ အလယ်မှာ ၀ါးပိုက်လေးတစ်ခု တပ်ဆင်ပေးထားပါတယ်။ အဲဒီဝါး ပိုက်လေးကတစ်ဆင့် ခေါင်ရည်ကို စုပ်ယူကြရပါတယ်။ တကယ်လို့ အရည်ကုန်သွားရင်တော့ ရေထပ် ဖြည့်ပေးထားရပါတယ်။ မသောက်ခင် နာရီဝက်လောက်မှာပဲ ခေါင်အိုးထဲကို ရေထည့်ထားပါတယ်။ ကုန်သွားလိုက် ရေဖြည့်လိုက်နဲ့ပေါ့။ တကယ် လို့ မသောက်ခင် အချိန်ကြာကြာ ရေဖြည့်ထားမယ် ဆိုရင်လည်း ခေါင်ရည်ဟာ ပိုမူးသွားပါ့မယ်။ ခေါင်ရည်ဟာ သက်တမ်းအလိုက် တန်ဖိုးရှိတဲ့ပစ္စည်း တစ်မျိုးပါ။ ခွက်နဲ့သောက်လို့ရတဲ့ ခေါင်ရည်ကိုတော့ ချင်းတောင်ခြေမှာ တော့ အိုးစောင်းရေလို့ပဲ ခေါ်ပါတယ်။ ခေါင်ရည်လို့ ဆိုလိုက်ရင်တော့ ခေါင်အိုးထဲကနေ ပိုက်ကလေးနဲ့ပဲ စုပ်ယူရပါမယ်။ ချင်းလူမျိုးတွေနဲ့ ချင်းခေါင်ရေဟာ ဘယ်လိုမှ ခွဲမရပါဘူး။ အဝေးရောက် ချင်းလူမျိုးတွေဟာ ချင်းတောင်ကြီးကို ချင်းခေါင်ရေနဲ့ တွဲ လျက်လွမ်းတတ်ကြပါတယ်
ချင်းပြည်နယ်ရဲ့ အလှတရားကို ခံစားနိုင်ဖို့ သွားရောက်ကြတဲ့ သူတွေ ရှိသလို ချင်းတောင်မှာနေ၊ ချင်းတောင်မှာ ကြီးပြင်းကြပြီး ချင်းတောင်ရဲ့ အလှအပအောက်က ထွက်ခွာသွားကြရတဲ့သူတွေလည်း ဒုနဲ့ဒေး။ ကိုယ့်ရဲ့မွေးရပ်မြေဆိုတာ ဘယ်သူက စွန့်ခွာသွားချင်တဲ့သူ ရှိမလဲ။ ဒါပေမယ့် ပျော်ရာမှာ မနေဘဲ တော်ရာမှာပဲ ကြီးပျင်းနေထိုင် အခြေကြရတဲ့ သူတွေရဲ့ ပုံပြင်တွေကို ချင်းတောင်တန်းကြီးက အလုံးစုံ သိမ်းဆည်းထားမယ်ထင်ရဲ့။ ဟိုဘက်တောင်တန်းကနေ ဒီဘက် တောင်တန်းဆီကို ကွေ့ဝိုက်ကာ ဖောက်လုပ်ထားတဲ့ ကားလမ်းလေးတွေ၊ မြွေလိမ်မြွေကောက် အဆင်းအတက်နဲ့ မြေညီညီ မြေနီလမ်းလေးတွေက ချင်းတောင်ရဲ့ အလှတရားကို ဖြည့်ဆည်းပေးနေသလိုပါပဲ။ ချင်းတောင်ပေါ်က မြေညီလမ်း နဲ့ တောတန်းလေးတွေက အိမ်ပြန်မယ့် သူတွေကို မျှော်လင့်နေသလိုပါပဲ။
''အလည်လွန်တာတွေ ကြာလွန်းလေ......တောင်တန်းကြီး မငိုနဲ့လေ ...... ညနက်မှောင်တွေဆုံးရင် အလင်းရောက်စမြဲပါ.......ချစ်တဲ့ ချင်းတောင်တန်းရေ''
ဟေမန်ဦးသည် နှင်းမှုန်တို့ဖြင့် ၀ဲပျံနေဆဲ။ ဖြူဆွတ်ဆွတ်နှင်းမှုန်တို့ မယွန်းနိုင်ကြသေး။ ကဇောက်ကဇက် တိုက်ခတ်လာတဲ့ စိမ့်စိမ့်အေးအေးလေတို့က ကပိုကရို တိုးဝှေ့လျက်။ ချင်းတောင်တန်းကြီးက မျော်လေတိုင်း မှိုင်းမှိုင်းဝေနေဆဲ။ တောင်ဇလပ်ကိုလွမ်း၊ ပင်လုံးဝေချယ်ရီတွေကို လွမ်း၊ ခေါင်ရည်ကို လွမ်း၊ နှင်းမှုန်ဝေတိမ်တိုက်တွေကြားက မြေညီလမ်းကို လွမ်း၊ အိမ်ဝေးသူတို့ကို လွမ်း၊ အလွမ်းဇာတ်က မဆုံးနိုင်သေး။ နှစ်သစ်တွေက တစ်နှစ်ပြီးတစ်နှစ် သစ်နေပေမယ့် အလွမ်းသစ် တွေက စိုစိုဖတ်ဖတ် ရှိလွန်းလှ။ သူ... ချင်းတောင်ကြီးကို လွမ်းနေဆဲ...။

ကိုဆူး (ချင်းတောင်ခြေ)

http://www.news-eleven.com/ မှ ကူးယူသည်။

No comments:

Post a Comment

ကျေးဇူးတင်ပါတယ်။

Contact

Image Hosting by imagefra.me ဆက်သွယ်ဝေဖန်အကြံပေးနိုင်ပါသည်။