Welcome


Download Apk File

ကလေးမြို့ရဲ့ သတင်းတွေကို Android ဖုန်းထဲကနေ ကြည့်လို့ရတဲ့ Apk file လေးပါ ..။အောက်က လင့်လေးမှာ Down လို့ရပါတယ် ...။ အခုထိတော့ Link မသေသေးပါဘူး ...။
http://www.sendspace.com/file/yud6dl

Thursday, March 11, 2010

တောင်သူကြီးများလည်း CDMA ဖုန်းတွေနဲ့

ကလေးမြို့တွင် CDMA တယ်လီဖုန်းများ သုံးစွဲ၍ ရပြီ ဖြစ်သဖြင့် ကလေးမြို့ပေါ်ရှိ ပုဂ္ဂိုလ်များကလည်း ဟမ်းဖုန်းကြီး တကားတားနဲ့ တွေ့မြင်နေရပါသည်။ ယခု အသုံးပြု့ လျှက်ရှိသော CDMA တယ်လီဖုန်းများသည် ကလေးမြို့၏ တောင်ဘက် မိုင် (၃၀) ခန့် အကွာ တင်သားရွာ အထိ အထိုင်ဖုန်းဖြင့် အသုံးပြုနိုင်ပြီး မြောက်ဘက် (၅၅)မိုင်၊ စော်ဘွားရေရှင် ရွာအထိ အသုံးပြုနိုင်သဖြင့် တောင်သူကြီးများကလည်း စပါးပေါ်ချိန် ဖြစ်သည့် အတွက် ၀ယ်ယူ သုံးစွဲနေကြောင်း သိရှိရပါသည်။ ကလေးမြို့တွင် ဈေးကွက် လိုအပ်ချက်နှင့် အညီ ဟန်းဆက် အရောင်းဆိုင် နှစ်ဆယ်ခန့် ပေါ်ပေါက်လာခဲ့ပါသည်။ ဒုတိယ အသုတ် စာရင်းများကိုလည်း မတ်လ (၁၀) ရက်နေ့တွင် ထွက်ရှိပါသည်။ CDMA Mobile နှင့် Fix တယ်လီဖုန်း နှစ်မျိုးပေါင်း အလုံးရေ နှစ်ထောင်ခန့် ချပေးမည်ဟု သိရှိရပါသည်။ ယခု လတ်တလော လူကြိုက်များသော တယ်လီဖုန်းမှာ (၅) သိန်းတန် အထိုင်းဖုန်းများ ဖြစ်ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်လိုလျှင် ....>>

Tuesday, March 9, 2010

ယဉ်ကျေးတဲ့ကမ္ဘာ (၇)

ကျွန်တော်တို့ ကမ္ဘာအပါအ၀င် အခြားဂြိုလ်များဟာ
နေဗဟိုပြု လှည့်ပတ်နေသော အဖွဲ့အစည်းတစ်ခုအဖြစ် ရောက်ရှိဖို့
သမိုင်းကို လည်စင်းပေးခဲ့ရတဲ့ အသက်တစ်ချောင်းရှိတယ်
ဒဏ္ဍာရီပေါင်း များစွာထဲက ဂန္တ၀င် လ
သာမန် အရန်ဂြိုလ်တစ်လုံးမျှသာ ဖြစ်လာဖို့အတွက်
အိပ်ရာဝင်ပုံပြင်တွေ စတေးပစ်ခဲ့ရတယ်
ဧကရာဇ်မင်းအဆက်ဆက်ရဲ့ ရာဇပလ္လင်များဟာလည်း
တစ်ခေတ်နဲ့တစ်ခေတ်ကြား အမြဲ သွေးစွန်းတယ်၊
ကမ္ဘာအရပ်ရပ်က သမိုးကျမ်း စာမျက်နှာများ ဖွင့်လိုက်ပါ
ဖြစ်ပေါ်တိုးတက်မှု တစ်ခုတိုင်း တစ်ခုတိုင်းအတွက်
ဓားရောင်၊လှံရောင် တဖျတ်ဖျတ်မှာ သေးညှီနံ့ရတယ်
အခုလက်ရှိ ကျွန်တော်တို့ ယဉ်ကျေးမှုများစွာကို
စစ်ပွဲပေါင်း များစွာနဲ့ တည်ဆောက်ခဲ့ရတယ်
အယူဝါဒတစ်ခုအတွက် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက်
နယ်မြေအပိုင်းအခြား တစ်ခုအတွက် ပေါင်မုန့်အတွက်
ဝိုင်အတွက် မြစ်ချောင်းအင်းအိုင် တစ်ခုခုအတွက် ဆိုပါတော့
အသားအရောင်အတွက် မိန်းမတစ်ယောက်အတွက် ဟုတ်ကဲ့
ယဉ်ကျေးမှု အနုလက်ရာ
တစ်ခုခုအတွက် ကိုးကွယ်ယုံကြည်မှု
တစ်ခုခုအတွက် အကြောက်တစ်ရား တစ်ခုခုအတွက် သို့မဟုတ်
အရှိတရား တစ်ခုခု သို့မဟုတ် တကယ်မရှိတဲ့ တစ်ခုခုအတွက်
ကျောက်မျက်ရတနာ တစ်ခုခုအတွက် ရွှေတွင်း၊ ရေနံတွင်းတွေအတွက်
အတတ်ပညာအတွက် အရင်းအနှီးအတွက် ကုန်ကြမ်းအတွက်
ကုန်ချောအတွက် ဈေးကွက်အတွက် လုပ်သားအင်အားအတွက်
သိပ္ပံပညာအတွက် သို့မဟုတ် ဖျက်အားကြီး လက်နက်တွေအတွက်
မိမိလူမျိုးနဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ သို့မဟုတ် ချဲ့ထွင်ဖို့အတွက်
ကျွန်တော်တို့ အကြိမ်ကြိမ် စစ်ခင်းခဲ့ကြတယ်၊ ကျွန်တော်တို့ရဲ့ အမှန်တကယ်
အရိုးစွဲနေတဲ့ ၀ါသနာအဖြစ် စစ်တိုက်ခြင်းဟာ သမိုင်းမှာ သို့မဟုတ်…………

ကိုဇော်(ကလေးမြို့)

ချင်းတွင်း မဂ္ဂဇင်း၊အမှတ်(၄၇)၊၂၀၁၀၊ဖေဖေါ်ဝါရီလထုတ် မှ ကူးယူဖေါ်ပြသည်။



ဆက်လက်ဖတ်လိုလျှင် ....>>

ယဉ်ကျေးတဲ့ကမ္ဘာ (၉)

သက်လုံကောင်းရမယ်၊ စူးရှတဲ့အမြင် ရှိရမယ်၊
ရုတ်တရက်ပေါ်လာတဲ့ အခွင့်အလမ်းကိုး ချက်ချင်း
အသုံးချနိုင်ရမယ်၊ ခံစားမှုကို ထိန်းချုပ်နိုင်ရမယ်၊
ရရှထားတဲ့ အကျိုးအမြတ်တွေကို ကာကွယ်နိုင်ရမယ်၊
ပြိုင်ဘက် သို့မဟုတ် ရန်သူထက် အမြဲတမ်း တစ်ကွက်
ကျော် ခြေတစ်လှမ်း သာနေရမယ်၊ မသနားတတ်ရဘူး၊
လိုအပ်ရင် ရက်စက်နိုင်ရမယ်၊ ကိုယ်ချင်းမစာရဘူး၊
လိုအပ်ရင် ဥပေက္ခာပြုနိုင်ရမယ်၊ပြိုင်ဘက် သို့မဟုတ်
ရန်သူရဲ့ စိတ်ကူးကို သိနိုင်တဲ့အထိ ကြိုးစားထားရမယ်၊
တိကျသေချာတဲ့ ပန်းတိုင်တစ်ခုကို ခိုင်ခိုင်မာမာချမှတ်
ထားရမယ်၊ မဆုတ်မနစ်တဲ့ ဇွဲမျိုးရှိရမယ်၊
တစ်ဖက်သားရဲ့ အားနည်းချက်ကို နင်းတတ်ရမယ်၊
အခွင့်အရေးမရှိရင်-မရှိရှိအောင်
ဖန်တီးနိုင်ရမယ်၊ ဒုတိယ အစီအစဉ်ဆိုတာမျိုး အဆင်သင့်
အစားထိုး စီမံကိန်းတွေ ရှိနေရမယ်၊ ဘယ်သူမှ မယုံရဘူး၊
တစ်ဖက်သားကို တိုက်ခိုက်နေချိန်မှာ တစ်ပြိုင်နက်တည်း
ကိုယ့်ကိုယ်ကိုယ် လုံအောင်ကာကွယ်ထားပြီးဖြစ်ရမယ်၊
အမြဲတမ်း အသင့်အနေအထား၊ ပြိုင်ဘက် သို့မဟုတ် ရန်သူဟာ
မြင်ကွင်းထဲမှာ ထင်သာမြင်သာ ဖြစ်နေမယ်၊ မျှော်လင့်ထားလို့
မရဘူး၊ ကိုယ့်ဘက်က လက်ဦးမှုရထားဖို့ အရေးကြီးတယ်၊
လိုအပ်ရင် ဖြတ်တိုက်နိုင်ရမယ်၊ ပြိုင်ဘက် သို့မဟုတ် ရန်သူရဲ့
အရင်းအမြစ်တွေ လမ်းကြောင်းတွေကို ဖြတ်တောက်ပစ်
နိုင်ရမယ်၊ အလင်းနဲ့အမှောင် နှစ်ခုစလုံးမှာ လှုပ်ရှားနိုင်ရမယ်၊
ပြိုင်ဘက် သို့မဟုတ် ရန်သူ အထိနာနေချိန်မှာ မိမိကိုယ်မိမိ
ထိခိုက်ပျက်စီးမှု အနည်းဆုံး အနေအထားမှာ ထိန်းထားနိုင်
ရမယ်၊ ဘယ်လောက်ပဲ ပြင်းပြင်းထန်ထန် ထိခိုက်သွားပါစေ
ချက်ချင်း ပြန်ထနိုင်ရမယ်၊ ချက်ချင်း တုံ့ပြန်နိုင်ရမယ်
မောလိုက်တာ…………………

ကိုဇော်(ကလေးမြို့)

ချင်းတွင်း မဂ္ဂဇင်း၊အမှတ်(၄၇)၊၂၀၁၀၊ဖေဖေါ်ဝါရီလထုတ် မှ ကူးယူဖေါ်ပြသည်။


ဆက်လက်ဖတ်လိုလျှင် ....>>

ယဉ်ကျေးတဲ့ ကမ္ဘာ(၁)

ဘလက်ဟော့ခ်ကျသွားပြီ ဘလက်ဟောခ် ကျသွားပြီ
ထပ်ပြောမယ် ဘလက်ဟောခ် ကျသွားပြီ ဒါပဲ၊
ရော်ဂျာ ရန်သူတွေ သိပ်များတယ်၊ အရပ်သားတွေလည်း
ရန်သူနဲ့အတူတူပဲ၊ ပစ်မှတ်မကွဲပြားဘူး၊ ပစ်ကွင်း
မရှင်းလင်းဘူး၊ ဟုတ်ပြီ၊ အဲဒါ ပုံမှန်အနေအထားပဲ
ဘယ်လို အမေရိကန်မှ ဒီလိုစစ်ပွဲမျိုး မတိုက်ချင်ကြဘူး၊
ဟုတ်ပြီ အမေရိကန်ဆိုတာ ဘယ်သူ့ကိုပြောတာလဲ၊
စကားလုံး မကွဲပြားဘူး၊ စကားရပ် မရှင်းလင်းဘူး၊ လုံးဝ
ဘယ်သူ့ကို ပြောတာလဲ၊ အမေရိကန်သမ္မတကိုလား၊
အင်္ဂလိပ်-အမေရိကန် တပ်ကြပ်ကြီးကို ပြောတာလား၊
အခုလေးတင် ပွင့်ထွက်သွားတဲ့ ရဲဘော်လေးကိုလား၊
ဒီစစ်ဆင်ရေးကို ကွပ်ကဲနေတဲ့ ဗိုလ်ချုပ်ကြီးကိုလား၊
အေကေ-၄၇ တွေ ကိုင်ထားကြတဲ့ ဌာနေလူမျိုးစုတွေက
အမေရိကန်နဲ့ ဘာကွာလို့လဲ ထပ်ပြောပါ၊ ရော်ဂျာ်
ပြတင်းတံခါးဖွင့် လက်ပစ်ဗုံးကလေးကို လွတ်ချလိုက်တယ်
ကလေးအမေ မြင်ကွင်းမရှင်းဘူး၊ ပေါက်ကွဲသွားပြီ
သေနတ်ကိုင်ထားရင် စစ်သားပဲ ကိုယ့်ကိုပစ်တဲ့လူ
ရန်သူပဲ ရော်ဂျာ ရန်သူတွေ များလှချည်လား
ရှေ့ကိုချည်း စွတ်တက်မနေနဲ့၊ ဒဏ်ရာရထားတဲ့လူတွေ
အိမ်ပြန်ပို့ရမယ် အိမ်မဟုတ်ဘူး၊ အိမ်ဆိုတာ မရှိဘူး၊
အခြေစိုက်စခန်းကိုပြောတာ၊ ဒုက္ခသည်တွေရဲ့ နေရာ
ရော်ဂျာ ထပ်ပြောမယ်၊ယာဉ်တန်းနဲ့ ပူးပေါင်းဖို့ လိုနေပြီ
တစ်ခုခုနဲ့ ပူးပေါင်းဖို့ နောက်ထပ် တစ်ခုခု လိုနေပြန်ပြီ
အဲဒီကျည်ဆန်တွေက ပြောင်းဝက ထွက်လာတာ မဟုတ်ဘူး
နာကြည်းမှုတွေဆီက ထွက်လာတာ တဖွဲဖွဲမိုးလို သေစမ်း
ဘယ်ဘုရားမှ တစ်ယောက်ကိုတစ်ယောက် မုန်းတတ်အောင်
သင်မပေးဘူး၊ ပစ် မည်းမည်းမြင်ရာ အမုန်းကဒ်တွေကုန်အောင်ပစ်
နောက်ထပ် ဘလက်ဟော့ခ်တစ်စင်း ထပ်ကျသွားပြီ ဒါပဲ။

ကိုဇော်(ကလေးမြို့)

ချင်းတွင်း မဂ္ဂဇင်း၊အမှတ်(၄၇)၊၂၀၁၀၊ဖေဖေါ်ဝါရီလထုတ် မှ ကူးယူဖေါ်ပြသည်။


ဆက်လက်ဖတ်လိုလျှင် ....>>

Sunday, March 7, 2010

CDMA အောင်စာရင်း ထွက်ပြီ

စစ်ကိုင်းတိုင်း၊ကလေးမြို့တွင် CDMA-450 Mobile နှင့် Fix တယ်လီဖုန်း တပ်ဆင်ခွင့် ရရှိသူများ စာရင်းကို ပထမ အသုတ်အနေဖြင့် ၂၀၁၀ ခုနှစ်၊မတ်လ(၄) ရက်နေ့တွင် ထွက်ရှိပါသည်။ CDMA 450 Mobile ဖုန်း ရရှိသူများသည် တယ်လီဖုန်းကြေး ကျပ် တစ်ဆယ့်ငါးသိန်းငါးသောင်း ဒေသဖွံ့ဖြိုးရေးကြေး ကျပ် တစ်သိန်း၊ကဒ်ဖိုး တစ်သောင်းကျပ် ဘဏ်ဆောင်ရွက်ခ နှစ်ထောင် စာရွက်စာတမ်းကြေး တစ်ထောင်ကျပ် ကုန်ကျမည် ဖြစ်ပြီး CDMA Fix တယ်လီဖုန်းများသည် တယ်လီဖုန်းကြေ ကျပ် ငါးသိန်း ဒေသဖွံ့ဖြိုးရေးကြေး ငါးသောင်း ဘဏ်ဆောင်ရွက်ခ နှစ်ထောင်၊ ကဒ်ဖိုး တစ်သောင်းနှင့် Prepaid Card ကို နှစ်သက်ရာ ယူနစ်ဖိုး ၀ယ်ယူ သုံးစွဲ နိုင်သည်ဟု သိရှိရပါသည်။

ဆက်လက်ဖတ်လိုလျှင် ....>>

Wednesday, March 3, 2010

အမှိုက်များ စည်ကမ်းမဲ့ စွန့်ပြစ်လျှင် အရေးယူမည်

ကလေးမြို့တွင် အဓိက လမ်းမကြီးများ ဖြစ်သော ဗိုလ်ချုပ်လမ်း၊ဘုရင့်နောင်လမ်း၊ပင်လုံ လမ်းမတော်၊ ဇေယျာလမ်း၊ ဘုရားကြီးလမ်းတို့တွင် စည်းကမ်းမဲ့ အမှိုက်များ စွန့်ပြစ်ပါက အရံ မီးသတ်တပ်ဖွဲ့မှ လိုက်လံ ဖမ်းဆီး၍ ဒဏ်ငွေ ငါးထောင်းကျပ် ပေးဆောင်စေကြောင်း နှင့် အောင်မင်္ဂလာရပ်ကွက် ဇေယျာလမ်းတွင် သတ်မှတ်ထားသော အမှိုက်ပုံများတွင်သာ အမှိုက်စွန့်ပြစ်ရမည်ဖြစ်ကြောင်း သိရှိရပါသည်။ ကလေးမြို့ စည်ပင်သာယာရေး တွင်လည်း အမှိုက်သိမ်းယာဉ် (၁) စီးသာ အသုံးပြုနိုင်၍ ရပ်ကွက် (၁) ခုလျှင် တစ်ပတ်လျှင် (၁) ကြိမ်နှုန်းသာ အမှိုက် သိမ်းနိုင်ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်လိုလျှင် ....>>

Tuesday, March 2, 2010

လျှပ်စစ်မီးများ လင်းတော့မည်

ကလေးမြို့ တွင် လျှပ်စစ်မီးများ မှန်မှန် လင်းနိုင်ရေးအတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များမှ ကိုယ်ပိုင် လျှပ်စစ် ဓါတ်အား ပေးဝေရေး စနစ်ကို ဆောင်ရွက်နေကြပါသည်။ယခင်က မတ်လမှ ဇူလိုင်လ ကုန်ထိ ဇီးချောင်းရေအားလျှပ်စစ်တွင် ရေရရှိမှု နည်းပါသဖြင့် (၂) နာရီ မောင်း (၂) နာရီ ရေစု ၍ လျှပ်စစ်မီး ပေးဝေရပါသည်။ ယခုအခါ ကလေးမြို့ (၉) မိုင်ချောင်းတွင် ကလေးစက်မှုဇုန်မှ ဦးစိန်တိုးမှ ရေအားလျှပ်စစ် ပြုလုပ်၍ ကလေးစက်မှုဇုန်၊ ကလေးတက္ကသိုလ် ပတ်ဝန်းကျင်များသို့ ညနေ(၆)နာရီမှ မနက်(၆) နာရီထိ လျှပ်စစ်ဓါတ်အား ပေးဝေနေပါသည်။ ကလေးစက်မှုဇုန်ရှိ စပါးခွံဓါတ်ငွေ့+ဒီဇယ် သုံး စက်ရုံးမှ တစ်နေ့လျှင် ညနေ (၆) နာရီမှ (၁၁) နာရီထိ ၂ ပေ မီးချောင်း တစ်ချောင်းလျှင် နှစ်ရာ ကျပ်နှုန်းဖြင့် လျှပ်စစ် ဓါတ်အား ပေးနေပါသည်။ ကလေးမြို့ ပင်လုံ ရပ်ကွက်တွင် Energy Group မှ မြန်မာ့ လျှပ်စစ်အား လုပ်ငန်းမှ MPPE ရှေ့ Transformer အား ငှားရမ်း၍ စပါးခွံ လောင်စာ ဓါတ်အားပေးစက်ဖြင့် တစ်ယူနစ်လျှင် ၅၅၀ ကျပ်နှုန်းဖြင့် တစ်လျှင် အနည်းဆုံး (၁၀)ယူနစ် ဖိုးဖြင့် လျှပ်စစ်မီး ကို ဖေဖေါ်ဝါရီ လကုန်မှ စ၍ ပေးနေပါသည်။ မြန်မာ့ လျှပ်စစ်ဓါတ်အား လုပ်ငန်းနှင့် မြို့နယ်မီးလင်းရေးကော်မတီကို ပြန်လည်ဖွဲ့စည်း၍ လွန်ခဲ့သော (၅) နှစ်ခန့်က မီးလင်းရေး ကော်မတီမှ ရန်ပုံငွေ ကျပ် သိန်းနှစ်ရာနှင့် ယခု (၂၄) နာရီ မီးလိုင်းဆွဲထားသူများထံမှ လုပ်ငန်းရှင်များ ကျပ် (၅)သိန်း၊ ကျပ်(၂) သိန်း၊ကျပ်(၁) သိန်း ခွဲ၍ ကောက်ခံကာ အကြီးစား မီးစက်တစ်လုံး ၀ယ်ယူပြီး တစ်နေ့လျှင် လျှပ်စစ်မီး (၃) နာရီခန့် ပေးမည်ဟု သိရှိရပါသည်။ ဒီဇယ်ဆီ ဖိုးကို မည်သို့ ကောက်ခံမည်ကို မသိရှိရသေးဟု သိရှိရပါသည်။


ဆက်လက်ဖတ်လိုလျှင် ....>>

Monday, March 1, 2010

ကလေးမြို့ (2009-2010)

ကလေးမြို့

တည်နေရာ၊အကျယ်ဝန်း

စစ်ကိုင်းတိုင်း၏ အနောက်မြောက်ဖက် ချင်းပြည်နယ်၏ အစပ်တွင် တည်ရှိပြီး အရှေ့ဘက်တွင် လေသာ တောင်တန်း အနောက်ဘက်တွင် ချင်းတောင်တန်း တို့ ကာရံထားသည်။ကလေးမြို့နယ်သည် မြောက်လတ္တီတွဒ် ၂၂ံ- ၃၆´ နှင့် ၂၃ံ-၃၈´ ကြား အရှေ့လောင်ဂျီတွဒ် ၉၃ံ - ၅၈´ နှင့် ၉၄ံ - ၁၆´ ကြားတွင် တည်ရှိသည်။ မြောက်ယဉ်စွန်းတန်းသည် ကလေးမြို့နယ်မြောက်ဘက် ကလေး-တမူး ကားလမ်း မိုင်တိုင်အမှတ် ၅၅/၅၆ ကြံစစ်ကုန်းရွာ အနီးမှ ဖြတ်သန်းသွားသည်။ ပင်လယ်ရေမျက်နှာပြင် အထက် ပေ (၄၅၀) အမြင့်တွင် တည်ရှိပြီး အရှေ့အနောက် (၁၃) မိုင်၊တောင်မြောက် (၇၂) မိုင် ကျယ်ဝန်းပြီး ဧရိယာ စတုရန်းမိုင် (၉၀၂.၆၀၆) (၅၇၇၆၇၄ ဧက) ကျယ်ဝန်းသည်။

ကလေးမြို့နယ်၏ အရှေ့ဘက်တွင် ကလေးဝမြို့နယ်၊ မင်းကင်းမြို့နယ် အနောက်ဘက်တွင် ချင်းပြည်နယ် တီးတိန်မြို့နယ်နှင့် ဖလမ်းမြို့နယ် တောင်ဘက်တွင် မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြောက်ဘက်တွင် တမူးမြို့နယ် မော်လိုက်မြို့နယ် နှင့် ချင်းပြည်နယ် တွန်းဇံမြို့နယ် တို့ နှင့် ရေမြေနယ်နမိတ် ထိစပ်လျှက်ရှိသည်။ ကလေးမြို့သည် ခရိုင်ရုံးစိုက်ရာမြို့ဖြစ်ပြီး ကလေးဝမြို့ နှင့် မင်းကင်းမြို့သည် ကလေးခရိုင်တွင် ပါဝင်သည်။ ကလေးမြို့၏ ရေဆင်းပုံသဏ္ဍန်မှာ ရာဇမတ်ကွက်ပုံ ဖြစ်ပြီး တောင်မှ မြောက်သို့ စီးဆင်သော မြစ်သာမြစ် နှင့် အိန္ဒိယနိုင်ငံ မဏိပူရ် ပြည်နယ်မှ မြစ်ဖျားခံ စီးဆင်းလာသော မဏိပူရ(နန်းကသည်း)မြစ် မြောက်မှ တောင်သို့ စီးဆင်းသော နေရဉ္စရာမြစ် တို့တည်ရှိသည်။ အရှေ့အနောက် သွယ်တန်းနေသော တောင်ဖီလာ တောင်တန်း နှင့် မြို့လယ်တည့်တည့်တွင် လေယာဉ်ကွင်း ရှိသည်။

ရာသီဥတု၊သဘာဝပေါက်ပင်

ကလေးမြို့၏ ရာသီဥတုမှာ ပူအိုက်စွတ်စို ရာသီဥတုမျိုးဖြစ်ပြီး မတ်၊ဧပြီ၊မေ လများတွင် အပူချိန် ဖာရင်ဟိုက် (၁၀၀) မှ (၁၁၂) အထိရှိပြီး ဒီဇင်ဘာ၊ဇန်န၀ါရီ လများတွင် အအေးဆုံးဖြစ်၍ ဖာရင်ဟိုက် (၅၀) မှ (၇၀) အထိ ရှိသည်။ တစ်နှစ်ပတ်လုံး မိုးရွာသွန်းမှု ပျမ်းမျှ မိုးရေချိန် လက်မ မှာ (၆၇.၇၆) ရှိသည်။ ကလေးမြို့နယ်ရှိ သစ်တော ဧကမှာ (၅၇၇၆၇၄) ရှိပြီး ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ သစ်ယာ၊ အင်ကြင်းနှင့် အခြား သစ်မှာ မျိုးစုံ ပေါက်ရောက်သည်။ လယ် စပါး စိုက်ဧက ရှစ်သောင်းကျော်၊ ပဲ စိုက်ဧက တစ်သောင်းကျော်၊ ဆီထွက် သီးနှံ ဧက လေးသောင်းကျော် ခန့် ရှိပါသည်။ စားသုံးမှု ဖူလုံသည့် အပြင် အခြားမြို့ များသို့ တင်ပို့ ရောင်းချနိုင်ပါသည်။ ကလေးမြို့သည် မြစိမ်းရောင် ကောဇောကြီး ခင်းဖြန့်ထားသည့် မြစ်သာ ချိုင့်ဝှမ်း လွင်ပြင်ဖြစ်ပေသည်။

အုပ်ချုပ်ရေး

ကလေးမြို့သည် ခရိုင်မြို့ ဖြစ်သောကြောင့် ခရိုင်အဆင့် ရုံးများနှင့် မြို့နယ် အဆင့် ရုံးများ တည်ရှိပါသည်။ ဒေသကွပ်ကဲမှု စစ်ဌာချုပ် ကလေး (ဒကစ) နှင့် အမှတ် (၁၀) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် အပြင် တပ်ရင်း တပ်ဖွဲ့ပေါင်း (၁၀) ကျော်ခန့် ရှိပါသည်။

လူမျိုး၊ကိုးကွယ်သည့်ဘာသာ

ကလေးမြို့ပေါ်တွင် လူဦးရေ လေးသိန်း ၀န်းကျင်ခန့်ရှိရာ ဗမာလူမျိုး ၅၅ ရာနှုန်း၊ ချင်းလူမျိုး ၃၅ ရာနှုန်း၊ အခြား တိုင်းရင်သားနှင့် နိုင်ငံခြားသား ၁၀ ရာနှုန်း ရှိပါသည်။ ဗုဒ္ဓဘာသာ ကိုးကွယ့်သည့် လူဦးရေမှာ ၅၅ ရာနှုန်းနှင့် ခရစ်ယာန် ကိုးကွယ်သည့် လူဦးရေမှာ ၄၀ ရာနှုန်း အခြားဘာသာ ၅ ရာနှုန်းခန့် ရှိပါသည်။ကလေးတစ်မြို့နယ်လုံးတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းပေါင်း (၁၁၆) ကျောင်း၊ခရစ်ယာန် ကျောင်းပေါင်း (၅၀၈) ကျောင်း ဗလီကျောင်း(၁) ကျောင်း၊ဟိန္ဒူ ကျောင်း (၂) ကျောင်း၊ သီလရှင် စာသင်တိုက် (၂) တိုက်၊ သီလရှင်ကျောင်း (၅) ကျောင်း၊ တရုပ်ဘုံကျောင်း (၁) ကျောင်း တည်ရှိသည်။

ပညာရေး

ကလေးမြို့ပေါ်တွင် အခြေခံ ပညာ အထက်တန်းကျောင်း (၂) ကျောင်း၊ အထက်တန်း ကျောင်းခွဲ (၂) ကျောင်း၊ အလယ်တန်းကျောင်း (၂) ကျောင်း၊ မူလတန်းကျောင်း (၁၄) ကျောင်း ရှိပြီး၊ ကလေးမြို့၏ အနောက်ဘက် (၉) မိုင် ခန့်အကွာတွင် ကလေးတက္ကသိုလ်၊ အရှေ့မြောက်ဘက် (၁၀) မိုင် ခန့်အကွာ ချောင်းညီအကို ရွာအနီးတွင် အစိုးရ ကွန်ပျူတာ ကောလိပ်၊ တောင်ဘက် (၅) မိုင်ခန့် အကွာ သာယာဝတီရွာတွင် အစိုးရ နည်းပညာ ကောလိပ် တို့ တည်ရှိသည်။

ကျန်းမာရေး

ကလေးမြို့တွင် ခရိုင်အဆင့် ကုတင် (၁၀၀) ဆံ့ ဆေးရုံကြီး အပြင် တပ်မတော် စစ်ဆေးရုံ ကုတင် (၁၀၀) နှင့် ပုဂ္ဂလိက ဆေးရုံ (၃) ခု ရှိပါသည်။ ခရိုင်အဆင့် တိုင်းရင်းဆေးခန်း လည်း တည်ရှိပါသည်။

လူမှုရေး

ကလေးမြို့တွင် လူမှုရေး အသင်းအဖွဲ့ များစွာရှိပါသည်။ ကာယကံ မေတ္တာ အခလွတ် နာမှုကူ ညီရေးအသင်း၊ သစ္စာ ဇီဝိတ ဒါန သွေးလှူရှင်များ အသင်း၊ Care Myanmar, Marlin ငှက်ဖျား တိုက်ဖျက်ရေးအဖွဲ့၊အရေး ပေါ် လူတာတင်ယဉ် ၀န်တောင်မှု လုပ်ငန်း၊ အောက်စီဂျင် ချွဲစုပ်စက် အခလွတ် ငှားရမ်းခြင်း အဖွဲ့ စသည်တို့ ရှိပါသည်။


စီးပွားရေး

ကလေးမြို့သည် ချင်းတောင်၏ တံခါးဝ ဖြစ်သလို အန္ဒိယ နယ်စပ်နှင့် နီးသော မြို့ဖြစ်၍ စီးပွားရေးအရ အချက်အချာ ကျလှပါသည်။ ဒေသထွက် သီးနှံများ၊ အန္ဒိယ ကုန်ပစ္စည်းများ တရုပ်ကုန်ပစ္စည်းများ ရောင်းဝယ် ဖေါက်ကားရာ နေရာဖြစ်ပြီး စီးပွားရေး အားကောင်းသော မြို့ ဖြစ်သည်။

ဆက်သွယ်ရေး

ကလေးမြို့၏ အနောက်ဖက် တောင်ဖီလာ စခန်းတွင် ဂြိုလ်တု ဆက်သွယ်ရေး စခန်း ရှိသောကြောင့် မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်များကို ဖမ်းယူကြည့်ရှုနိုင်ပါသည်။ မြ၀တီ ထပ်ဆင့်လွှင့် စက်ရှိသောကြောင့် မြ၀တီ ရုပ်သံ လိုင်းကိုလည်း ဖမ်းယူကြည့်ရှုနိုင်ပါသည်။ ကိုယ်ပွား သတင်းစာတိုက် ရှိသောကြောင့် ကြေးမုံ မြန်မာ့အလင်း သတင်းစာများကို ကလေးမြို့နယ်သာ မက ချင်းပြည်နယ် အထက်ချင်းတွင်း ဒေသများမှ ပြည်သူများ အချိန်မှီ ဖတ်ရှု နိုင်ပြီ ဖြစ်ပေသည်။ မိုက္ကရိုဝေဖ့် နှင့် အော်တို တယ်လီဖုန်း အိတ်ချိန်းရှိသောကြောင့် မြန်မာပြည်ရှိ မြို့နယ် အသီးသီးနှင့် နိုင်ငံခြား တိုင်းပြည် များသို့ အချိန်မရွေး ဆက်သွယ်နိုင် ပါသည်။ Internet ADSL Lines ရှိသောကြောင့် ကလေးမြို့တွင် Internet ဆိုင် (၁၀) ခန့်ရှိပါသည်။Ip Star Broadband ကိုလည်း တပ်ဆင်အသုံးပြုကြပါသည်။
လျှပ်စစ် စွမ်းအင် အနေဖြင့် (၁) မဂ္ဂါဝပ် ဇီးချောင်းရေအားလျှပ်စစ်စက်ရုံကြီးနှင့် မြို့နယ် ဓါတ်အားပေးစက်တို့မှ မြို့၏ စွမ်းအင် လိုအပ်ချက်ကို အထိုက်အလျှောက် ဖြည့်ဆည်းပေးနိုင် နေပါပြီ။ ရာဇဂြိုလ် ဆည်မြောင်းနှင့် မဏိပူ ရေးအားလျှပ်စစ် စီမံကိန်းတို့ ပြီးစီးပါက စွမ်းအင် လိုအပ်ချက်ကို အပြည့်အ၀ ဖြည့်ဆည်းပေးနိုင်ပြီး စက်မှုလုပ်ငန်းများ ပိုမို တိုးတက်လာပေမည်။

ထုတ်ကုန်များ

ကလေးစက်မှုဇုန်မှ မောင်မြန်မာ စူပါဂျစ်၊မီးသတ်ယာဉ်၊ အသေးစား သုံးဘီး ဆိုင်ကယ်များ ၊ထော်လဂျီ၊ light Truck, ၁၀ ဘီး ထရပ်၊ ၆ ဘီး ထရပ်များ အား မူပိုင်ခွင့် ရယူပြီး ထုတ်လုပ် လျှက်ရှိပါသည်။

လမ်းပန်းဆက်သွယ်ရေး

ကလေးမြို့ မှာ (၂၄) မိုင် ဝေးသော ကလေးဝမြို့မှ တဆင့် ရေယဉ်ဖြင့် မော်လိုက် ဟုမ္မလင်း ခန္တီး မင်းကင်း မုံရွာမြို့များသွားလာနိုင်ပါသည်။(၈၃) မိုင် ကွာဝေးသော အန္ဒိယ - မြန်မာ နယ်စပ် တမူးမြို့သို့ နေ့ချင်းပြန် သွားလာနိုင်ပါသည်။ ကလေး-ဂန့်ဂေါ (၈၆) မိုင်ကို ကားလမ်းဖြင့် လည်းကောင်း (၈၂) မိုင် ကွာဝေးသော မီးရထားဖြင့် လည်းကောင်း သွားလာနိုင်ပါသည်။ ပုံတောင်ပုံညာ ဥမင် လိုဏ်ခေါင်းကို ဖြတ်၍ ပခုက္ကူ အထိ မီးရထားဖြင့် သွားလာနိုင်ပါသည်။အဝေးပြေး ယာဉ် လိုင်းများ အနေဖြင့် ကလေး-ဖလမ်း-ဟားခါး မြို့များသို့ လည်ကောင်း၊ ကလေး-တီးတိန်- တွန်းဇံ မြို့များသို့ လည်ကောင်း၊ ကလေး-ရိဒ်ခေါဒါ (အန္ဒိယ မြန်မာ နယ်စပ်) မြို့များသို့ လည်ကောင်း၊ မန္တလေးမြို့သို့ မိုးရာသီတွင် ကလေး-ဂန့်ဂေါ-မုံရွာ -မန္တလေး ကားလမ်းမှ လည်ကောင်း၊ ပွင့်လင်းရာသီတွင် ကလေး-မြို့မ-ယာကြီး -မုံရွာ -မန္တလေး ကားလမ်းမှ သွားရောက်နိုင်ပါသည်။လေယာဉ်လမ်းကြောင်းဖြင့် ကလေး- မန္တလေး - ရန်ကုန် မြို့များသို့ မြန်မာ့ လေကြောင်းဖြင့် လည်းကောင်း၊ Air Bagan, Air Mandaly လေကြောင်း ဖြင့် လည်းကောင်း သွားလာနိုင်ပါသည်။
စိမ်းလန်းအေးချမ်းသော ရိုးသားဖေါ်ရွေသော ကလေးမြေသို့ အလည်တစ်ခေါက် လာရောက်ပါရန် ဖိတ်ခေါ်ပါအပ်သည်။


(လင်းသစ်မွန် စုစည်း တင်ပြသည်။)


မှတ်ချက်။ ။ အထက်ပါ အချက်အလက်များကို ကူးယူ ဖေါ်ပြမည် ဆိုပါက ဒီဆိုက်လိပ်စာလေးအား ဖေါ်ပြ ပေးကြပါရန် မေတ္တာရပ်ခံ အပ်ပါသည်။ (www.kalaytownship.co.cc)


Turn to English


ဆက်လက်ဖတ်လိုလျှင် ....>>

Saturday, February 20, 2010

သီတဂူ စက္ခု ဆေးရုံ (ကလေးမြို့)

ကလေးမြို့ သီတဂူ စက္ခု ဇိဝိတ ဒါန မျက်စိ ဆေးရုံတွင် မျက်စိ ဝေဒနာရှင်များအား ဒုတိယအကြိမ် အဖြစ် ဖေဖေါ် ၀ါရီလ ၁၉ ရက် မှ စတင်၍ ခွဲစိတ်ပေးနေပြီ ဟု သိရှိရပါသည်။

ဆက်လက်ဖတ်လိုလျှင် ....>>

ချင်းပြည်နယ်နေ့

၂၀၁၀ ခုနှစ် ချင်းပြည်နယ်နေ့(ချင်းအမျိုးသားနေ့) အခမ်းအနားကို ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့တွင် ချင်းပြည်နယ် ဟားခါးမြို့ အားကာစားကွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဖေဖေါ်ဝါရီ ၁၈/၁၉/၂၀ ညများတွင် အင်ပါယာ တေးဂီတ အဖွဲ့နှင့် အတူ ဇော်ဝင်းထွဋ်၊ ကော်နီ၊ နောနော် နှင့် အဆိုတော်များစွာတို့မှ ဖျော်ဖြေ တင်ဆက်ခဲ့ကြပါသည်။
ဝင်ကြေးမှာ တစ်ထောင်ကျပ်ဟု သိရှိရပါသည်။ ၂၀ ရက်နေ့ ညတွင် Free Show ဟု သိရှိရပါသည်။

ဆက်လက်ဖတ်လိုလျှင် ....>>

Monday, February 8, 2010

စကားလှ ကျောင်းဆရာတော် ပျံလွန်တော်မူ

စစ်ကိုင်းတိုင်း၊ကလေးမြို့ စကားလှ ကျောင်းဆရာတော် ဥူးဓမ္မပါလ သည် (၈-၂-၂၀၁၀) ရက်နေ့ မွန်းလွဲ ၁ နာရီ မီးနစ် ၂၀ တွင် ဘ၀နတ်ထံ ပျံလွန်တော်မူသည်ဟု သိရှိရပါသည်။

ဆက်လက်ဖတ်လိုလျှင် ....>>

Sunday, February 7, 2010

CDMA ဖုန်းများ ပေးတော့မည်

စစ်ကိုင်းတိုင်း၊ကလေးမြို့ နှင့် ချင်းပြည်နယ် တစ်ခုလုံးတွင် WCDMA-450 တယ်လီဖုန်းများ တပ်ဆင်ပေးတော့မည်ဟု သိရှိရပါသည်။ တပ်ဆင်ပြီးစီးပါက ချင်းပြည်နယ် နေရာအားလုံးတွင် CDMA တယ်လီဖုန်း အသုံးပြုနိုင်မည်ဖြစ်ပြီး ချင်းတွင်းမြစ်ရိုးတလျှောက်တွင်လည်း Internet ပါ အသုံးပြု နိုင်သော Mobile Phone များ တယ်ဆင်နေပြီဟု သိရှိရပါသည်။ ကလေးမြို့တွင်လည်း CDMA တယ်လီဖုန်း လျှောက်လွှာများ ခေါ်ယူနေပြီဟု သိရှိရပါသည်။

ဆက်လက်ဖတ်လိုလျှင် ....>>

Contact

Image Hosting by imagefra.me ဆက်သွယ်ဝေဖန်အကြံပေးနိုင်ပါသည်။