Welcome


Download Apk File

ကလေးမြို့ရဲ့ သတင်းတွေကို Android ဖုန်းထဲကနေ ကြည့်လို့ရတဲ့ Apk file လေးပါ ..။အောက်က လင့်လေးမှာ Down လို့ရပါတယ် ...။ အခုထိတော့ Link မသေသေးပါဘူး ...။
http://www.sendspace.com/file/yud6dl

Friday, June 11, 2010

အဲတာ ရွှေပေါ်ထိုးနေသည်

ခေါင်ခါးခါး(ကလေး)

အဲတာ၏ အသက် ၁၆ နှစ်သာ ရှိသေးပေမယ့် လူကောင်ကြီးက ထွားလှသည်။ ရုတ်တရက် ဆိုလျှင် ပီဘိ လူကြီး။ နားကြားမှာ ခဲတံထိုး၊ လက်မှာ ကျင်တွယ် ကိုင်ထားပုံက တကယ့် လက်သမား ဆရာကြီး တစ်ဦးလိုပင်။
အဲတာ လက်သမား လောကထဲ ၀င်ခဲ့သည်မှာ ၉ နှစ်သား ကတည်းက။ နွေရာသီ ကျောင်းပိတ် ရက်ရှည်နှင့် စနေ၊ တနင်္ဂနွေနေ့ ရက်တွေမှာ အဖေနှင့် အတူတူ အပျော်လိုက် အလုပ်ကူရင်း ခုတော့ လက်သမား ဆရာကြီး ပီပီ ပေါက်ပေါက် ဖြစ်ခဲ့လေပြီ။ လက်ခ လုပ်အားခ နေ့တွက်သာ တိတိ ကျကျ ရမည် ဆိုပါက အဲတာ ၀င်ငွေက နည်းမှာ မဟုတ်။ အမေနှင့် မိသားစုကို နေ့ဖို့ညစာ မှန်အောင် ထောက်ပံ့နိုင်မှာ သေချာသည်။ ခုတော့ သည်လို မဟုတ်။ အဲတာမှာ လုပ်သာ လုပ်နေ ရသည်။ လုပ်ခက ပီပီသသ မရသေး။ တကယ်ဆိုလျှင် အဲတာက ကျင်တွယ်လည်း ကိုင်တတ်ပြီ။ ရေချိန်လည်း နိုင်ပြီ။ ဆောက်လည်း ကောင်းကောင်း ထွင်းတတ်ပြီ။

လျှာထိုးလည်း ကျွမ်းပြီ။ အသားတေ့ဆက်လည်း တိနေအောင် ဆက်နိုင်ပြီ။ သို့သော် တရားဝင် တာဝန်က ရွေပေါ်ထိုး နေရခြင်းသာ ဖြစ်သည်။ သံဖြောင့် ပျဉ်မ,ကူ၊ တိုင်ထူတွေမှာ နေရာ ရနေခြင်း ဖြစ်သည်။ ဒါကို အဲတာ မကျေနပ်ပါ။ အဲတာ ကိုယ့်နေရာ ကိုယ်နေ ချင်သည်။ အဲတာ ကိုယ့်တန်ဖိုးနှင့် ကိုယ် နေချင်သည်။ သို့သော် တရားဝင် ခေါင်းစီးက နောက်လိုက် ရွေပေါ်ထိုး။ လက်သမားဆရာ အားလုံး၏ တောက်တို မည်ရ စွယ်စုံတပည့်၊ ရံခါ ဆေးလိပ် မီးညှိ ပေးရသေးသည်။ သောက်တော်ရေ ခပ်ပေးရသေးသည်။ လုပ်ငန်းခွင်မှာ ဒဏ်ရာရလျှင် ပရုတ်ဆီ လိမ်း နှိပ်နယ် ပေးရသေးသည်။ တကယ်ဆိုလျှင် အဲတာ ဘ၀က တစ်ကယ့် ပြောင်းပြန်။ သည် လက်သမား အဖွဲ့ကြီး၏ အအုပ်အကြီး ခေါင်းဆောင်ထဲမှာ အဲတာ၏ အဖေ လက်သမား ဆရာကြီး ဦးအောင်သိန်း ဖြစ်သည်။ သည်နယ်မြို့လေးက ဦးအောင်သိန်း တွေထဲမှာ အဲတာ အဖေက လက်သမား ဆရာကြီး ဦးအောင်သိန်း။ ၃-၄ ပင် အိမ် ပေါက်စတွေသာ တည်ဆောက်နိုင်သည့် လက်သမားဆရာ မဟုတ်၊ ၁၀ ပင်ခန်း၊ ၁၂ ပင်ခန်းကြီးတွေကို ခမ်းခမ်းနားနား တည်ဆောက်နိုင်သော လက်သမား ဆရာကြီး ဦးအောင်သိန်း ဖြစ်သည်။ ဦးအောင်သိန်း စိတ်တိုင်းကျသာ လုပ် ဟု ပုံအပ်ခံရသော လက်သမား ဆရာ။ ခု အဲတာတို့ လက်သမား ဆရာက အဖေ ဦးအောင်သိန်း၏ လက်ကျ လက်န တပည့် တစ်ဦး။ အဖေ့ တပည့်တွေက ပညာ အရည်အချင်း အားလုံး အတူတူပင် ဖြစ်သော်လည်း လက်သမား ဆရာက ပြောရည် ဆိုရည်ကောင်း၊ လက်စလက်န သွက်သူမို့ အဖေ ဆုံးပါးတော့ အလိုလို လက်သမား ခေါင်းဆောင် ဖြစ်သွားရခြင်း ဖြစ်သည်။ သည်မှာပဲ အဲတာသည်လည်း အပျော် လက်သမား နောက်လိုက်ဘ၀မှ သူများ လက်အောက်ခံ တရားဝင် လက်သမား နောက်လိုက် ဘ၀ ဖြစ်ရတော့သည်။
အဲတာကလည်း တစ်ချက်ခုတ် နှစ်ချက်ပြတ်။ အဖေ၏ ကြွင်းကျန် ရစ်ခဲ့သော လက်သမား ပစ္စည်းတွေကို လိုက်လံ ထိန်းသိမ်းပေးသည့် သဘောလည်း ပါအောင် လက်သမား ၀င်လုပ်ရခြင်း ဖြစ်သည်။ သို့သော် တတ်ထားသည့် ပညာနှင့် လုပ်နေရသည်က တခြားစီ။ လက်သမား ဆရာက အဲတာကို ရွေ ပေါ်ထိုးခြင်းမှ အခြားမခိုင်း။ "အဲတာ ရွေပေါ်ထိုးနေသည်" ပဲ မြင်ချင်ပုံရသည်။ ပြောရလျှင် လက်သမား ဆရာက အဲတာကို နှစ်လို ပုံမပေါ်။
သွားလေသူ အဖေ့မျက်နှာ၊ ကျန်ရစ်သူ အမေ့မျက်နှာကြောင့်သာ ကြည့်ကျက် ထည့်သုံးပေးသည့် သဘော။

အဖေ့အိမ်ဆောက် ပစ္စည်း တစ်ပုံတစ်ပင်ထက် အဖေ၏ နာမည်ကို ဆက်လက် အသုံးပြုချင်သည့် သဘောကြောင့်သာ လက်ခံသည်ဟု အဲတာ ထင်သည်။ အဖေ့ နာမည်ကလည်း နည်းသည့် နာမည် မဟုတ်။ သည် နာမည် တစ်လုံးကို အဖေ့ သက်တမ်း တစ်လျှောက်လုံး ထိန်းသိမ်းခဲ့သည်။ အဖေ ဆောက်ခဲ့သည့် အိမ်တွေက သည်နယ်မှာ လက်ညှိုးထိုး လွဲဖို့ခက်သည်။ အိမ်ကြီး အိမ်ကောင်း မှန်လျှင် အဖေ ဆောက်လုပ်ခဲ့တာက ခပ်များများ။

လက်သမား ဆရာကြီး ဦးအောင်သိန်း ဆိုလျှင်အားလုံးက ယုံကြည် စိတ်ချပြီး ဖြစ်သည်။ သည်နယ်က ဌာနဆိုင်ရာ အဆောက်အအုံတွေကို အဖေ့ လက်ရာနှင့် မကင်းခဲ့။ အဖေက ကိုယ့်အိမ်လို သဘောထား ဆောက်သည်။ မကုန်သင့်တာ မကုန်အောင်၊ မပိုသင့်တာ မပိုအောင် တွက်ဆ လုပ်ကိုင် တတ်သည်။ သံချောင်း တစ်ချောင်းကစ ဂရုစိုက်သည်။ အောက်ကျသွားလျှင် ချက်ချင်း ပြန်ကောက်သည်။ ပြန်ဖြောင့်ပြီး သုံးလို့ ရမည့် သံချောင်း ဆိုလျှင် စိတ်ရှည်ရှည် ဖြောင့်ပြီး ပြန်သုံးသည်။

"သံချောင်းကိုမှ မရိုသေရင် အဲဒီ လက်သမားဆရာ ဘယ်တော့မှ မကြီးပွားဘူး"

အဖေ၏ လက်သုံး စကား။ တပည့်သား မြေးများကိုလည်း ငဲ့ညာသည်။ လက်သမားဆရာ ဆိုပြီး လက်ဝါးကြီး မအုပ်။ မျှတ ယူသည်။ အလုပ်ပါးသည့် ရက်လများတွင် တပည့်သားမြေးများကို ဆန်၊ဆီ၊ပဲ ထိုက်သလောက် ပေးသည်။ အလုပ်ခွင် အတွင်း ထိခိုက် ဒဏ်ရာရသူများကို ပျောက်ကင်းသည် အထိ တာ ၀န်ယူ ကုသပေးသည်။ နေ့တွက် လုပ်အားခကိုလည်း မဖြတ်။ အလုပ်ဆင်းသည့် နေ့တွက် လုပ်ခအတိုင်း ပေးသည်။

အဖေက လက်အောက် ငယ်သားတွေကိုသာ ငဲ့ညာသည် မဟုတ်။ အလုပ်အပ်သည့် အိမ်ရှင်ကိုလည်း ငဲ့ညာသည်။ မရှိမဲ့ ရှိမဲ့ ခြစ်ခြုတ် ဆောက်ရသူ ဆိုလျှင် လက် သမားခ လျှော့ယူသည်။ အဆင်မပြေလို့ ခဏဆိုင်းပါဦး ဆိုလျှင် ဘာမှမပြော။ သည်လိုနှင့် အိမ်အမိုးတွေသာ တစ်နှစ်ပြီး တစ်နှစ် လဲသွားသည်။ အဖေ့ လုပ်အားခက ကျေအောင် မရသေး။ အိမ်ရှင်ဆီက အိမ်ဆောက်ခ အကျေမရသေးသော်လည်း အောက်လက် ငယ်သားတွေကိုတော့ အဖေက အကြွေးမထားပါ။

ထို့ကြောင့်ပင် ထင်သည်။ အလုပ်နှင့် လက် မပြတ်သော အဖေသည် လက်သမား ဆရာကြီးဟူသည့် ဂုဏ်ပုဒ်နှင့် အတူ ၂ထပ်အိမ် တစ်လုံးသာ ကျန်ခဲ့သည်။ အခြား စုမိ ဆောင်းမိ မရှိ။ အမေကလည်း ခပ်အေးအေးဆိုတော့ အခြားစီးပွားလည်း မရှာတတ်။ ခုတော့ လက်သမား ဆရာက အဖေ့ နာမည်နှင့် အလုပ် ဖြစ်နေပြီ။ အိမ်ကြီးအိမ်ကောင်း တွေကို လက်ညှိုး ထိုးပြပြီး "ကျုပ်ဆောက်ခဲ့တဲ့ အိမ်တွေ ဗျ။ ဦးအောင်သိန်းက လက်သာခံတာ၊ ဆောက်တော့ ကျုပ်တို့က"ဟု အသားယူ ပြောတတ်ပြီ။

ဌာနဆိုင်ရာ အဆောက် အအုံတွေကို ကန်ထရိုက်ယူတော့မည် ဆိုလျှင် အဖေ့နာမည် အဖေ့အရှိန်နှင့် ၀င်တတ်သည်။ "ဦးအောင်သိန်းထက် မသာတောင်၊ ဦးအောင်သိန်းထက် မညံ့ပါဘူး"ဟု အဖေ့ကို လက်ရာ တိုင်းချင်လာသည်။ အခြားပြိုင်ဘက် လက်သမားအဖွဲ့တွေကိုလည်း နှိမ်ပေါက်နှင့် ဆက်ဆံတတ် လာသည်။

"ဦးအောင်သိန်းဆီမှာ တပည့် မခံဖူးဘဲနဲ့တော့ လက်သမားဆရာလို့ လာမပြောနဲ့" ဒါမျိုးကျရင်တော့ အဖေ့ဂုဏ်ကို ထိန်းတတ်သည်။ လက် သမားအဖွဲ့ နာမည်ကိုလည်း အဖေ့နာမည် အတိုင်းပင် ဆက်ပေးထားသည်။ လက်သမားဆရာ၏ အိမ်ရှေ့က ဆိုင်းဘုတ်မှာ အဖေ့နာမည်က ထင်းထင်းကြီး။ အဲတာတို့ အိမ်ရှေ့မှာလည်း အဖေ ရှိစဉ်တုန်းကတိုင်း ဆိုင်းဘုတ် ချိတ်ထားသည်။ သို့သော် ဆိုင်းဘုတ် သာရှိပြီး အလုပ် လက်ခံမည့် သူက လက်သမားဆရာ ဖြစ်နေ၍ လက်သမား ဆရာအိမ်ကိုသာ တန်းသွားကြတော့ သည်။ အဲတာတို့မှာ အဖေ့နာမည် ဆိုင်းဘုတ်လေးသာ ချိတ်ထားရုံ ရှိသည်။
အခြားဘာမှ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့် မရှိတော့။ ဒါကိုလည်း သဘာဝ တစ်ခုဟု နားလည်ပါသည်။ ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ရပ်ဟု အဲတာ လက်ခံနားလည် ပါသည်။ အဲတာ နားမလည်သည်က လက်သမား ဆရာကို ဖြစ်သည်။

လက်သမားဆရာ အဖေ့ဆီ စတင် ရောက်ရှိလာစဉ်က ရွေပေါ်ပင် ကောင်းကောင်း မထိုးတတ်သေး။ အိမ်ပေါ်တင် ထမင်းကျွေး၊ ဆေးလိပ် လက်ဖက်ရည်ဖိုး ပါ ပေးရသော တောက ခပ်ရိုးရိုးလူတစ်ယောက်သာ ဖြစ် သည်။ အိမ်မှုကိစ္စတွေ ၀င်လုပ် ကူရင်း အဲတာတို့ မောင်နှမတွေကို ချီပိုးခဲ့သည်။ အဖေ ခေါ်သည့် အခါ အလုပ်ခွင်သို့ လိုက်သွားသည်။ အဖေက လက်သမား အလောင်း အလျာကို ဆေးလိပ်ဖိုး၊ ကွမ်းယာဖိုး ပေးရင်း ပညာ သင်ပေး ခဲ့ရသည့် သဘော။ ခုတော့ လက်သမား ဆရာသည် အဲတာတို့ အဖေ့ မျက်နှာ သာမက အဲတာတို့ မိသားစုကိုပင် မငဲ့တော့။ အဲတာတို့ ဂျီထိုးသမျှ၊ အဲတာတို့ မောင်နှမတစ်တွေ လက် ညှိုးထိုးသမျှ အဲတာတို့ ချီပိုးခိုင်းသမျှ မဆိုင်းမတွ လုပ်ပေးခဲ့ရသည့် တစ်ခါတုန်းက လက်သမား လျောင်းလျာကြီးသည် ခုတော့ အဲတာတို့ အလုပ်ရှင်နှင့် အလုပ်သမား ဆက်ဆံရေးမျိုး ဆက်ဆံလာပြီ။

အလုပ် ခေါ်ထားသည့်တိုင် အဲတာကို ရွေပေါ် လုပ်သားအဖြစ်သာ လက်ခံပြီး ရွေပေါ်ထိုး လုပ်ခသာ ပေးသည်။ လက်သမား လုပ်ငန်းတွင် ရွေပေါ် ထိုးခြင်းသည် အောက်ဆုံး အလုပ်၊ ဘယ်သူမှ မလုပ်ချင်ကြ။ ပင်ပန်းသလို လုပ်အားခလည်း နည်းသည်။ လက်သမားဆရာက တစ်ခါတုန်းက ဆရာ၏ သား တစ်ယောက်ဆိုတာ မေ့နေပုံရသည်။ တကယ့် လက်အောက်ခံ လက်ခစား တစ်ယောက်လိုပင် ပြောင်ပြောင်တင်းတင်း ငေါက်ငေါက်ငမ်းငမ်း ဆက်ဆံသည်။
ဆရာ့သား ဆိုပြီး မငဲ့ မညှာ။ ရွေပေါ်ထိုးခြင်းမှ လွဲ၍ အခြား ဘာမှ မခိုင်း။ အဲတာက အဖေပိုင် ပစ္စည်းတွေနှင့် အလုပ်၌ လုပ်ငန်းခွဲဖို့ အမေ့ကို တိုင်ပင်တော့ "သားက ငယ်ပါ သေးတယ်ကွယ်၊ မောင်စိန့်အောက်မှာပဲ နှစ်နှစ် သုံးနှစ် လုပ်ပါဦး"ဟု လေပြည် ထိုးတားသည်။ လက်သမားဆရာက အမေ့ကို ထိုက်သလောက်တော့ ပိုက်ဆံ ပေးသည်။

ပစ္စည်းတွေက အဖေ့ ပစ္စည်း၊ နာမည်က အဖေ့ နာမည်၊ မိတ်ဟောင်း၊ မိတ်သစ်တွေက အဖေ၏ မိတ်ဟောင်း မိတ်သစ်တွေမို့ အမေနှင့် ပြတ်ပြတ်ကင်းကင်း ကြီးမနေရဲ။ ပစ္စည်းတွေ အလကား သုံးခွင့်ရနေသည်မို့ လစာ သဘောမျိုး အမေ့ကို ပုံမှန် ပေးရသေးသည်မဟုတ်လား။ ဆန်ပေး၊ ဆီပေး လာလာပေး တတ်သည်။ အမေ ကလည်း ဒါလေးနှင့် ကျေနပ်နေသည်။ သို့မဟုတ် ကျေနပ် နေရသည်ပဲလား။ တကယ်ဆို လက်သမားဆရာ ၀င်ငွေကမနည်း။ ခေတ်က ဆောက်လုပ်ရေး လုပ်ငန်းတွေ အားချင်း ဖြစ်နေသည်မို့ အလုပ် မပြတ်။ ဆက်နေသည်။ ထပ်နေသည်။

လက်သမားဆရာ ကံကောင်းသွားသည်က အဖေ့ လူတွေကိုပါ တစ်ခါတည်း ရလိုက်ခြင်းပင်။ အဖေ့တပည့်တွေက လုပ်ငန်းကျွမ်းကျင်မှု ရှိသလို စိတ်စေတနာ လည်း ကောင်းကြသည်။ ရိုးသားပြီး အလုပ်ကို အလုပ်နှင့် တူအောင် လုပ်ကြသည်။ အဖေ၏ သွန်သင် ဆုံးမမှုအောက်မှာ ကြီးပြင်းခဲ့ရသည်မို့ အစစ စိတ်ချ ရသည်။ ဒါကို လက်သမား ဆရာက ဆက်ဆွဲ ထားလိုက်သည်မို့ လက်သမား ဆရာမှာ ခဏချင်းနာမည် ထွက်လာသည်။ ချက်ချင်း ရက်ချိန်းတွေ စီလာသည်။ ချက်ချင်း...။

သို့သော် လက်သမား ဆရာဘက်ကတော့ တပည့်တွေ အပေါ် တာဝန် မကျေပါ။ လုပ်ငန်းရှင်ဆီမှာ ပိုက်ဆံတိုး တောင်းဖို့ လက်မနှေးသော်လည်း တပည့်တွေကို လုပ်အားခ တိုးပေးဖို့ကျတော့ လက်နှေး၊ နှုတ်နှေး လှသည်။ ညည်းပြ၊ ငိုပြ၊ ပခုံးပုတ်၊ ရင်ဘတ်နှိပ်ပြ တတ်လွန်းသူကြီး။ ဇာတ်ဝင်ခန်း အလိုအရ တစ်ခါတစ်ခါ(တကယ်တော့ တစ်ခါတောင် မဟုတ်) ဘီလူးဆိုင်း တီးပြ၊ ဘီးလူးကြိမ်း ပြတတ်သည်။ ခပ်စွာစွာ လုပ်သားကို ပခုံးပေါ် လက်တင်ကာ တိုးတိုး တိတ်တိတ် လက်ဖက်ရည်ဆိုင် ခေါ်သွားတတ်သည်။ လိုအပ်လျှင် ညနေခင်း ရီဝေေ၀ဆိုင်မှာ တစ်ရက်၊ နှစ်ရက်လောက် အတူတူ ထိုင်ပေးကာ စည်းရုံးရေး ဆင်းသွား တတ်သည်။ ခပ်အေးအေး ဆိုလျှင်ဖြင့် အသာကလေး ဝေးဝေးမှာ နေပြလိုက်သည်။ မျက်နှာချင်း ဆိုင်ရဖို့ပင် မလွယ်သည့် သဘော။

လက်သမားဆရာကို ကြည့်လိုက်လျှင် အမြဲ အလုပ်ရှုပ် နေသည်။ သြ၀ါဒတွေ ခြွေနေသည်။ အလုပ် လက်ခံဖို့ ဆိုလျှင် ခုချက်ချင်းပဲ စရန်ငွေ ပေးသွား ချင်အောင် စကား ဖောင်တတ်သည်။ အလုပ်မအား ရက်မအားမရှိ။ ကိုယ့်လူ ကိုယ့်လက်သမား အဖွဲ့တွေနှင့် မလုံလောက်လျှင် အခြား တစ်ဖွဲ့ဖွဲ့မှ အ လုပ်လက်မဲ့ ဖြစ်နေသူတွေကို ချီကောက်ခေါ်ကာ ကောက်သင်းကောက်နေကာ "လက်သမား ဆရာကြီး ဦးအောင်သိန်း အဖွဲ့ ၂" ဆိုပြီး အစီအစဉ် စဆွဲ လိုက်တော့လည်း ချောခနဲ။

အလုပ်မရှိသူ ဆိုတော့ ပေးသမျှနှင့် ကျေနပ်ရသည့် သဘောကို လက်သမားဆရာက နောကျေ အောင် "စောဖေ" ဖြစ်နေပြီးသား။ အဲတာက လက် သမားဆိုလို့ မျက်နှာကြော မတည့်သည်များတွင် ညည ရီဝေ ရီဝေနှင့် အိမ်လာ လည်တာလည်း ပါသည်။ တကယ်တော့ အိမ်လာလည်တာ မဟုတ်ပါ။
အမေ့ဆီ လာလာလည်၊ စကားမရှိ စကားရှာခြင်း ဖြစ်သည်။ အဖေ၏ ကောင်းမွန်ပုံ၊ တပည့်သားမြေးတွေ အပေါ် စာနာတတ်ပုံကို နောက်ကြောင်းပြန် အလွမ်း ပိုပြရင်း လက်သမားဆရာ၏ ကောင်းမွန် ကောင်းလက် တွေဆီ အခန်းပြောင်းကာ အမေ၏ စိတ်နှလုံးတွေကို ပျော့ပျောင်း စေခဲ့သည် ချည်း။ ဒါကိုပဲ အမေက လက်သမားဆရာကို လက်ခံ စကား ပြောနေရသည်လား။ အဲတာ မစဉ်စားတတ်၊ နားမလည်တတ်၊ မကြည်ဖြူ တတ်ပါ။
လက်သမား ဆရာသည် မိန်းမနှင့်၊ ကလေးနှင့်၊ သေးနှင့် ဆိုတာမျိုး။ လက်သမားအဖွဲ့က ပန်းရန် အဖွဲ့နှင့် တွဲဖက်ရသည့် နေ့ရက်တွေ ဆိုလျှင်ဖြင့် လက်သမားဆရာ မျက်နှာထားတော် ကြည်နေ၊ လန်းနေ၊ လင်းနေ၊ လက်နေ၊ လွင်နေ ရသည်ဟု အဲတာ ထင်ပါသည်။
အချိန်တိုင်း မျက်စိအောက်မှာ တောက်တို မယ်ရ လုပ်ကိုင် နေရသည့် အဲတာကို ယောင်လို့မှ လက်ဖက်ရည် တစ်ခွက် တိုက်လိုက်ဖို့ သတိ ရကောင်း ရနိုင်မည် မဟုတ်သော်လည်း ခုမှ (ခုမနက်ခင်းမှ) စတင်တွေ့ရှိ စကား ပြောဖူးသည့် ခပ်သွက်သွက်၊ ခပ်ချောချော၊ ခပ်တောင့်တောင့် ပန်းရန် သမလေးကိုကျ ရေခဲစိမ် ဖျော်ရည်ဘူး ၀ယ်တိုက်ဖို့ ကတိုက် ကရိုက် သတိရသည်။
အကြော် ၀ယ်ကျွေးဖို့ အားစိုက် နေတတ်သည်။ မဆလာသံဒယ်ကို မယူကူပေးကာ ခေါင်းပေါ် အရောက် တင်ပေး တတ်သည်။ လက်သမား ဆရာသည် ပန်းရန် သံလျက်ကိုင် ဘ၀အဖြစ် ချက်ချင်း ပြောင်းလဲသွား တတ်သေးသည်။
လက်သမား ဆရာက မိန်းမကိစ္စ နာမည် ရထားသူမို့ လုပ်ငန်းခွင် အ၀န်းအ၀ိုင်းသည် သားကောင် မရှားသော မုဆိုး ကျော်ကြီး ဖြစ်နေခွင့်ရသည်ကိုလည်း အဲတာ နည်းနည်းမှ မကျေနပ်ပါ။

ထို မုဆိုးကျော်ကြီးက အဖေ၏ အိမ်ပေါက်ဝက ဆိုင်းဘုတ်ကို အသံတိတ် ကျော်ဖြတ်ကာ အိမ်ဦးခန်းထဲ ၀င်ဝင် ထိုင်နေခွင့်ရသည်ကို အဲတာ မကျေနပ်ပါ။
အဲတာ ဘာမှ မတတ် နိုင်သလို အမေကလည်း ဘာမှ မတတ်နိုင်စွာ လက်ခံ စကား ပြောနေရသည်ဟု အဲတာ ထင်ပါသည်။ တစ်ခါ တစ်ခါတော့ အမေက အဲတာတို့ မောင်နှမတွေကို သတိရသည်ထင့်။ လက်သမား ဆရာကို တည်တည် တင်းတင်းဆက်ဆံတာလည်း ရှိသည်။ စကား မတုံ့ပြန်ဘဲ နေမကောင်းသလို နေပြတာ လည်းရှိသည်။ ထိုသောအခါ လက်သမားဆရာဟာ မီးဖိုချောင်သုံး ပစ္စည်းတွေ ဖောဖောသီသီ ၀ယ်ခဲ့လျှင် "ဆရာ ကတော်" အတွက် ဆိုပြီး ပြောင်ချော်ချော် မျက်နှာပေးဖြင့် အမေ၏ အေးစက်စက် အနေအထားကိုေ၀၀ါးပြေ သွားစေခဲ့သည် ချည်းပင်။ ထိုရောအခါ အဲတာ မကျေနပ်စိတ်တွေက ငယ် ထိပ်တွင် ဆောင့်ဆောင့်တက်သည်။

အဖေ့နာမည်၊ အဖေ့ ဆိုင်းဘုတ်၊ အဖေ့ လုပ်သား၊ အဖေ့ နှစ်ကာလများနှင့် အလိုက်သင့်လေး အလုပ်ဖြစ် နေသော လက်သမား ဆရာကို အဲတာ မကျေနပ်။
အဖေ နှစ်ရှည်လများ စိုက်ပျိုးခဲ့ရသော သစ်ပင်အောက်မှာ အသင့် အရိပ်ခို၊ အသင့် အသီးခူးစားရင်း အသင့် အဆင်ပြေနေသော လက်သမား ဆရာကို အဲတာ မကျေနပ်ပါ။

"လက်သမား ဆရာကြီး ဦးအောင်သိန်း"အဖြစ် နာမည် တစ်လုံး ပိုင်ဆိုင်ခွင့်ရချိန်မှာ လူ့လောကကြီးက ဖျတ်ခနဲ ထွက်ခွာသွားခဲ့ရသော အဖေ၏ အမွေအား လုံးကို ပိုင်စား ပိုင်စေခွင့် ရရှိသွားခဲ့သည့် လက်သမားဆရာကို အဲတာ မကျေနပ်။ အဖေက နာမည်သာ ရခဲ့သည်။ လက်သမား ဆရာက နာမည် သာမက ပိုက်ဆံပါ ရသည်။ နာမည် သာမက နေရာပါရသည်။ နာမည် သာမက လုပ်ပိုင်ခွင့်၊ ပိုင်ဆိုင် ခွင့်တွေပါရသည်။ အဲတာ ဒါတွေ တွေးမိတိုင်း ကျေနပ်ဖွယ်ရာ တစ်စုံ တစ်ရာ မရ။ အဲတာ မကျေနပ်သော်လည်း ဘာမှမတတ်နိုင်။

သူတစ်ပါး သူများ ကုသိုလ် အလှူကိုပင် ကိုယ့်ကုသိုလ် ကိုယ့်အလှူလု ပ်တတ် လုပ်ဝံ့လာသော လောကကြီးမှာ လက်သမား ဆရာလို လူသားတွေ ရှိနေ ခြင်းကို အဲတာ မကျေနပ်ပါ။

သူတစ်ပါး နာမည်ကို ကိုယ့်နာမည်၊ သူတစ်ပါး အကူအညီကို ကိုယ့်အကူအညီ၊ သူတစ်ပါး ပေးဆပ်မှုကို ကိုယ့်ပေး ဆပ်မှု၊ ဆိုင်းဘုတ်ပြောင်း ခေါင်းစီး ပြောင်းတတ်သော လူသားတွေကြားက လူသား တစ်ဦးဖြစ်သည့် လက်သမား ဆရာကို အဲတာ မကျေနပ်။ သေချာသည်။

အဲတာ မကျေနပ်သော်လည်း ဘာမှမတတ်နိုင်ပါ။

အဖေ့ပစ္စည်း၊ အဖေ့နာမည်၊ အဖေ့ မျိုးဆက်တွေနှင့် တိုးတက် ကြီးပွားနေသော လက်သမား ဆရာ၏ လက်အောက်မှာ အဲတာ ရွေပေါ် ထိုးနေရပေသည်။

ခေါင်ခါးခါး(ကလေး)

No comments:

Post a Comment

ကျေးဇူးတင်ပါတယ်။

Contact

Image Hosting by imagefra.me ဆက်သွယ်ဝေဖန်အကြံပေးနိုင်ပါသည်။