Welcome


Download Apk File

ကလေးမြို့ရဲ့ သတင်းတွေကို Android ဖုန်းထဲကနေ ကြည့်လို့ရတဲ့ Apk file လေးပါ ..။အောက်က လင့်လေးမှာ Down လို့ရပါတယ် ...။ အခုထိတော့ Link မသေသေးပါဘူး ...။
http://www.sendspace.com/file/yud6dl

Wednesday, December 30, 2009

လွင့်ပြယ်ခဲ့သော ဒိုင်ယာရီ

ရေးသူ ရွှေလင်းထန်

တဆောင်းသစ်ခဲ့ပြန်ပြီလေ။ ဒီနေ့တော့ တလောကလုံး နှင်းတွေပိတ်ဖုံးလို့။ အနောက် ဖက်ချင်းတောင်တန်း ကြီးတွေက နှင်းတိမ်တိုက် ရဲ့ရင်ခွင်ထဲမှာ ခေါင်းဝင် တိုးတိတ်လို့ နေပြန်တယ်.......။ လွမ်းတယ် ဒီဇင်ဘာရယ်......။ ဒီအချိန်ဆို တို့ တက်ခဲ့တဲ့ အ ထ က (၁) ကျောင်းဝင်းကြီးထဲမှာ စပါးပင်တွေလည်း မှဲ့ဝင်းညွက်ကိုင်း နေရောမယ်။
မှတ်မိ သေးရဲ့လား ဒီဇင်ဘာ.... ဆယ်စုနှစ်တွေ ကျော်လွန်ခဲ့ပြီပေါ့။ ကိုယ့်ရင်ထဲမှာတော့ ကမ္ဘာတစ်ခုလုံး သုညနာရီထဲမှာ ရပ်တန့်နေခဲ့တယ်။ အကယ်လို့များ မှန်းဆလို့ မြင်တတ် သေးခဲ့ရင် လှမ်းကြည့်လိုက်ပါ ဒီဇင်ဘာ....၊။ ကိုယ်တို့စတင် သိကျွမ်းခဲ့ရတဲ့ အ ထ က (၁) ကျောင်းတော်ကြီး ကဖြင့် ရွှေရတုနှစ်ကိုတောင် ဖြတ်သန်းပွဲဝင်လို့....။ ကိုယ်တို့ရဲ့ ဘ၀နှစ်ခု ကတော့ ကျောင်တော်ကြီးရဲ့ အတိအကျ မသိရတဲ့ နေရာတခုမှာ သိုသိပ်စွာပဲ အမြူတေ ဖြစ်ကျန်ခဲ့ပြီ။
ဒီဇင်ဘာလမှာ မွှေးခဲ့လို့ ဒီဇင်ဘာ လို့မှဲ့ခေါ်ခဲ့တဲ့ ကောင်မလေးဟာ တကယ်တော့ တစ်ကျောင်းလုံးရဲ့ နှစ်လုံးသား စာတိုက်ပုံးလေး ဖြစ်ခဲ့တယ်။ အေးချမ်းတဲ့ မျက်နှာဟာ ရှင်မတောင် စစ်စစ်ပါ.... သူမရဲ့ နွဲ့နှောင်းပုံဟာ ဂန္တ၀င်ပါလို့ ကျောင်းတော်သား တွေရဲ့ နှုတ်က တဖွဖွဖြစ်ရအောင် ဒီဇင်ဘာဟာ လှပလွန်းပါတယ်။ ဒီဇင်ဘာ မသိမ်းဆည်း ဖြစ်လိုက်တဲ့ စာစောင် ပေဖွဲ့တွေဟာ တိတ်တဆိတ် ငိုမြည်တမ်းတ သွားရကြတာ ကိုယ်လဲ အသိဆုံးပဲမို့... စာမဖွဲ့ခဲ့ပါဘူးလေ...။ ဒါပေမယ့် ဒီဇင်ဘာရယ်....။ ဒီလွင်ပြင်ကြီးထဲကို ကြည့်လိုက်စမ်းပါ။ မြက်ရိုင်းတွေ ဘယ်ကာလက စလို့ တောထ နေတယ်မသိဘူး။ ဒီလွင်ပြင်ထဲမှာ ကိုယ့်ဘ၀ ကိုယ့််ဝိဥာဉ်တွေ အပြီးတိုင် လွှင့်မျောနေခဲ့တယ်။ အခုထိ ။ ကိုယ်မှာ တစ်ရေးနိုး အိပ်မက်တွေထိ တွန်းတိုက်ပဲ့ပါလို့...။ ကောက်သင်းရနံ့ တွေ့ရတိုင်း မင်းကို တမ်းတ မိပါတယ်...။
၁၉၉၇-၉၈ ပညာသင်နှစ်မှာ ငယ်သူငယ်ချင်း တွေနဲ့အတူ ဆယ်တန်း ကျောင်းသား ဘ၀ကို ရောက်လာခဲ့တယ်။ ဆယ်တန်း (ခ) မှာကိုယ်ရယ် ဒီဇင်ဘာရယ် ကိုယ့် သူငယ်ချင်း တော်တော်များများ နဲ့ အတူ တစ်တန်းတည်း တက်ဖြစ်ကြတယ် ....။ အဲဒီအချိန်တုန်းက ကိုယ့်ရင်ထဲမှာ ဘာမှန်းမသိ ပုလဲဥထားရတဲ့ မုတ်ကောင် တစ်ကောင် လိုခိုးလိုးခုလုနဲ့။ လပ်လော့တာပဲ။ အမျိုးအမည် တပ်မရတဲ့ ခံစားမှုအရာ တခုကို ညွတ်နှုးဆွတ်ပျံ့ နေမိတယ်။ လွမ်းဆွတ်တဲ့ စိတ်ဟာ ဦးတည်ရာ မဲ့နေသလို ဘာကို ဆိုတာလဲ မသိခဲ့ပြန်ဘူး။ အချိန်ရရင် ကဗျာစာတို ပေစလေးတွေပဲ ရေးနေမိတယ်.။ အတန်းထဲက ခပ်အေးအေး နေတတ်တဲ့ ကိုယ့်ကို ဒီဇင်ဘာ သတိထား မိနေတယ် ဆိုတာ နောက်မှ သိခဲ့တယ်။ သူငယ်ချင်းတွေ အားလုံးလောက် နီးနီးက ပေါကြောင် လေးတွေပါ။ ဒီအထဲမှာ ကိုယ်က ကျော်စိုးလင်းနဲ့ အတွဲဖြစ်ဆုံးပါ။ အခင်ရဆုံး လည်းဟုတ်တယ် ငယ်သူငယ်ချင်း လည်းဖြစ်နေပြန်တယ်။ ကျော်စိုးလင်းကို ငလောင်လို့ခေါ်ကြရဲ့။ class တွေထဲက လှပဂေးတွေရဲ့ အကြောင်းကို ဖိုင်ဖွင့်ထားကြသူတွေ ထဲမှာ အတော်ဆုံးမို့ နောက်ပိုး ထိပ်သီး ဘွဲ့ရသူပါ။ အမည်၊ အတန်း၊ မွှေးသက္ကရဇ်၊ အဘအမည်၊ အလုပ်အကိုင် ကစလို့ body structure အတိုင်းအတာ အထိ မှတ်တမ်း မှတ်ရာ စုံတယ်။ အပ်ချုပ်ဆိုင်တွေကနေ ကိုယ် အတိုင်းအထွာ ကို မရမက မေးမြန်း မှတ်သား လာတတ်သူမို့ စိုးလင်းရဲ့ဖိုင်ကို အတော် ပြည့်စုံ မှန်ကန်တယ်လို့ ဆိုကြရဲ့။ အမှတ်ပေး ဇယားမှာတော့ အသားအရောင်၊ အပြစ် အနာအဆာ အပြင် ရည်းစားထား ဖူးခြင်း ရှိ မရှိအထိ စုံစမ်းပြိးမှ အမှတ်(၁၀၀) ပေးတတ်တဲ့ သူပါ။ သူ့ဖိုင်ထဲမှာ အမှတ်(၈၀) ရတဲ့ ကောင်မလေးဟာ အတော်ကိုလှပြီး ၀တ်နိုင် စားနိုင်သူပါ...။
တနေ့ မှာ ပေါ့ ဒီဇင်ဘာ....။ ဆယ်တန်းတွေ ကျောင်းစတက်တဲ့နေ့က သူ တနေ့လုံး ပျောက်နေတယ်။ နောက်ရက်ကျတော့ ဖိုင်အသစ် တခုနဲ့ ရောက်လာတယ်။ နာမည်က ဒီဇင်ဘာ...။ အမှတ်ပေးဇယားမှာ အမှတ်က (၁၅၀) ကျော်နေလို့ ကိုယ့်မှာ အံ့သြ တကြီးဖြစ်လို့...။

““တကယ်ရှယ်ပဲကွ“ “မင်းမြင်ရင်ကြွေသွားမယ်“

စိုးလင်း တကယ်ပဲ ညွန်းပါတယ်..။ ဒီအချိန်ထိ ဒီဇင်ဘာကို မမြင်ဖူးသေးပါ။ အဲဒီနေ့က ဒီဇင်ဘာ အစောကြီး အတန်း ဆင်းသွားတယ်။ ကျောင်းခေါ်ချိန် နှစ်လ ကျော်လာတော့ ကိုယ်ရယ် စိုးလင်းရယ် ဒီဇင်ဘာရယ် သူငယ်ချင်းတွေအဖြစ် ခင်မင် ရင်နှီး လာခဲ့ကြပါတယ်။
ဒီဇင်ဘာရယ်.... မင်း မျက်ဝန်းနဲ့ ဆုံးခိုက်မှာ လှိုက်မော ရတဲ့ရက်တွေ မင်းရဲ့ အပြုံးနဲ့ ကြုံတိုင်း တဒင်္ဂ မေ့လျှော့ ပျော်ဝင်နေ တတ်တာတွေ.... တိတ်တခိုး ဆိုတာ အခန်းတခုထဲ ကိုယ့်ဘာသာ ပိတ်လှောင် ထားတာထက် ပိုလို့ မွန်းကျပ် ပါလှတယ်။ သူငယ်ချင်း သံယောဇဉ် တွေကြားမှာ သက်တန့်လေး တခု မေွးဖွားလာတာ ဘယ်လို အသိ ပေးရက်ပါ့မလဲ.....။
စိုးလင်း ကတော့ ဒီလိုမဟုတ်ခဲ့ဘူး ။ ဒီဇင်ဘာ အပေါ် မရိုးသားတဲ့ အပြုအမူ တွေရှိနေတယ်။ ၀မ်းသာ ပျော်ရွှင်ပါစေလို့ ဆုတောင်း ပေးနေရုံ က ဘာများ တတ်နိုင် ပါအုန်းမလဲ..။ ကိုယ့်ရဲ့ ပင့်သက် မောတွေ တန်ဘိုးကြီး သွားရတာ ဘယ်သူ့မှ မပြောခဲ့တော့ဘူး။ အတန်းရှေ့ ကော်ရိတ်တာမှာ ခြေအေး ၀မ်းယောင်တွေ ကျောင်းတက် ခေါင်းလောင်း မထိုးမချင်း ခြေချင်းလိမ်လို့....။ နောက်ကောက် ကျမှာစိုးတဲ့ စိုးလင်းရဲ့ မရမက ပူဆာမှုနဲ့ တစ်နေ့တော့ စာပို့သမား တယောက် ဖြစ်မှန်းမသိ ဖြစ်လာခဲ့ရတယ်...။ ဒီဇင်ဘာ ဆီကို တိုက်ရိုက် စာ မပေးရဲကြတဲ့ ကျောင်းတော်သား တွေက ကိုယ့်ဆီ ကိုသာ အားကိုးတကြီးနဲ့ အတင်း ပူဆာကြပြန်တယ်..။

အ ထ က (၁) ရဲ့ နှလုံးသား စာတိုက် ပုံးလေးဆီကိုပါ...။ စာတစ်စောင် ပုံးထဲ ထဲ့မိတိုင်း ကိုယ့်ရဲ့ ဘ၀ဟာ မြေကြီး ထဲကို တစ်ဆက်ချင်း ကျွံကျနေသလို ခံစားနေရတယ်။ ကိုယ့် အလိုဆန္ဒ မပါပါဘဲ ကျောင်းတော်သား တချိုရဲ့ စာပို့သမား ဖြစ်နေရတာ ဘာကြောင့် များပါလိမ့်.. .မိမိကိုယ်ကို မကျေမနပ်ဖြစ်နေရပေမယ့် ......။
ဒီဇင်ဘာ ဆီကို စာတစ်စောင် ကမ်းပေး လိုက်တိုင်း သူမကလည်း ပြုံးပြလို့ လှမ်းယူစမြဲ။ တနေ့ တစ်စောင် ထက်တော့ ပိုလို့တော့ မပေးရဲခဲ့ပါ....။ ကိုယ့်ရင်ထဲမှာလဲ ကိုယ်ပိုင်စာမူနဲ့ စာပေတိုက်ကြီး တစ်ခုဖြစ်တည် နေတာ သူမှ သိပါလေစကွယ်...။
ဆယ်တန်း တွေ first term ပြီးခဲ့ချိန် ရိုးပြတ်တွေ တမျှော်တခေါ် ကြားထဲမှာ ကျောင်းသားတွေ ဟိုနားတစု ဒီနားတစု နေစာလှုံ ထိုင်နေကြချိန်... ဒီဇင်ဘာ ကိုယ့်ကို နေစာလှုံဖို့ ခေါ်လာပါတယ်..။

““နင့်ကိုပြောစရာရှိတယ်.........လယ်ကွင် ဘက်သွားရအောင်နော်.......´´

ရင်တွေ ထိန်းမနိုင် သိမ်းမရ ခုန်နေတဲ့ ကြားက ကိုယ်ထ လိုက်လာခဲ့တယ်။ ကျောင်းရှေ့က ရိုးပြတ် တွေကြားမှာ ကိုယ်တို့ နှစ်ယောက် ထိုင်မိကြတယ်။ တော်တော်နဲ့ စကား မပြောဖြစ်ကြဘူး။ ဒီဇင်ဘာ သက်ပြင်းတွေ အခါခါချနေတာ ဘယ်နှကြိမ် မှန်းတောင် မသိတော့ဘူး။ အကြည့်တွေ ဆုံကြတိုင်း ဒီဇင်ဘာရဲ့ စူးစမ်းတဲ့ အသိ အငွေ့ကို ခံစားနေရတယ်။

“ငါ့ကိုပေးဖို့စာပါသေးလား..“

ကိုယ်မ၀ံ့မရဲ တွန့်ဆုတ်နေမိတယ်..။ နှင်းတွေက သိပ်သည်းလို့ ကျဆင်း လာကြပြန်တယ်။ ကျောင်းတက် ခေါင်းလောင်းထိုးသံ ကြားရမှ..

“ပါသေးတယ်...ဒီဇင်ဘာ...ဒီမှာ.“

တုန်ယင်နေတဲ့ ကိုယ့်လက်ထဲမှာ အပြာရောင်အသည်းပုံ စာအိတ် လှလှ တစ်ခုက လှောင်ပြောင် ကဲ့ရဲ့လို့.....။

“နင်မမောသေးဘူးလားဟာ...”

ဒီဇင်ဘာရဲ့ စိတ်ပျက်နေတဲ့ အသံနဲ့ မျက်နှာကို မြင်ရကြားရရင်ပဲ ကြိုးမိန့်ကျတဲ့ တရားခံလို တုန်လှုပ် စိုးထိတ်လို့။

“ငါ့ကိုခွင့်လွှတ်ပါ ဒီဇင်ဘာ.....”
“ ဘာ...! ခွင့်လွှတ်ရမယ် ဟုတ်လား.. ..ငါနင့်ကိုခင်လို့၊ နင့်ကို အားနာလို့ ဒီစာတွေကို ယူနေတာသိရဲ့လား... အားအားရှိ ရေးနေကြတဲ့စာကို ဖတ်လဲမဖတ်ဘူး သိမ်းလည်း မသိမ်းဘူး သိလား....”

”ဒီဇင်ဘာရယ်”....... “ ဒါဆို နင်တကယ် ဖတ်မနေဘူးပေါ့ တစ်စောင်မှ မဖတ်ဘူးဟုတ်လား”

အံသြတကြီးနဲ့ မေးမိခဲ့ပါတယ်...။ ဒီဇင်ဘာ ငိုနေတယ်လေ...။ တကယ့်ကို ကြေကွဲဖို့ ကောင်းပါတယ် ...သနားလိုက်တာ ဒီဇင်ဘာရယ်...။
အငိုမျက်ရည်ကို ကိုယ့်လက်နဲ သုတ်ပေးမိတော့ သူမ မငြင်းပြန်ဘူး.....။ မျက်ရည်စတွေက ပူနွေးရှိန်မြလို့..။

“ ငါ့ ကိုအဲဒီစာတွေပေးရလို့ နင်ဘာရလဲ အဖိုးအခအနေနဲ့ပေါ့...“
“ ဒီဇင်ဘာရယ်.. ငါကလေ အဖိုးအခ လို့ချင်လို့ နင့်ကို စာပေးနေတယ်လို့ ထင်လား.... ဟာ...“
“ဒါဆို ဘာကြောင့်လဲ ထန်ရယ်....“
“ ကျောင်းတက်နေပြီ.. သွားရအောင်နော်...“
ငါမသွားချင်သေးဘူးဟာ.. ငါမေးချင်သေးတယ်... နင် ဘာမှမရရင် တနေ့တစ်စောင် ဘာလို့ ပေးနေရတာလဲ....´´

ဒီဇင်ဘာ သိချင်နေပါသည်။ ဆွံ့အ တုံ့ဆိုင်း သွားတဲ့ ကိုယ့်စကားတွေ ကို သူမ စောင့်မျှော်ငံ့လင့်နေရဲ့...။
ဒေါသတွေ ပြေလျှော့ သွားပေမယ့် ခပ်တင်းတင်း မျက်ဝန်းတစ်စုံဟာ သက်ဝင် လှုပ်ရှား နေပြန်တယ်...။

“ ပြောလေ...“

အကြောင်းပြချက်လား ဒီဇင်ဘာ..... အကြောင်းပြချက် မဟုတ်ဘူး... မဟုတ် ခဲ့ပါဘူးလေ...။ ကိုယ် အဝေးကို လှမ်းမျှော်ကြည့်တော့ ရိုးပြတ်တွေကြားမှာ ဘယ်သူမှ ရှိမနေကြတော့ဘူး... နှင်းစ နှင်းမှုန်တွေက ခပ်ပါးပါးရယ်...။

“ ဒီဇင်ဘာ....“

ကိုယ် သူမနာမည်ကို အလေးအနက် ခေါ်ယူတော့ ကိုယ့်ကို စေ့စေ့ကြည့်တယ်..။
”အစကတော့ ငါ့သူငယ်ချင်း စိုးလင်းက ပေးခိုင်းလို့ ..နောက်တော့ တခြား အတန်းက သူတွေပါ ပါလာတယ်...။ သူတို့ကို ငါအားနာတယ်ဟာ...။
“နင်ဟာလေ....“
“နေအုန်းဟာ ငါပြီး အောင်ပြောပါရစေ... ငါလဲ တစ်ခါတည်း ကူညီမလို့ပါပဲ....။ ဒါပေမယ့်ဟာ စာအိတ်တွေက ငါ့ လွယ်အိပ်ထဲ အလိုလို လာထည့်ကြတယ်....။ ငါလဲ ဘာလုပ်ရမလဲ မသိတော့ဘူး...။ မပေးပဲ ဆုတ်လိုက်ရင်လည်း သူများစာကို အဲလိုလုပ်ရမှာ စိတ် မသန့်ဘူးဟာ...။ ငါ ပေးနေရတာလဲ စိတ်မပါဘူး... ‘”’

``ဒါပေမယ့် နင်ကလဲ ယူထား လိုက်တယ်ဆိုတော့ ငါလည်း ပေးဖြစ်သွားတာပါ..“
“ တော်ပြီထန် တော်တော့....“
“ ဒီမှာထန်... ငါပြောပြချင်တယ်.... “
“ပြောပါ ဒီဇင်ဘာ....နင်ငါ့ကို စိတ်မဆိုး တော့ဘူးနော်.....“
“စိတ်တော့ မဆိုးပါဘူး စိတ်မကောင်း ဖြစ်မိတာပါ...။ ဒါပေမယ့်ဟာ.. .နင်က ပေးလိုက် တခြား ကောင်လေးတွေက လမ်းက လိုက်ပေးလိုက်နဲ့ တစ်နေ့တနေ့ အိမ်ပြန်ရတာ ငါ ဘာနဲ့တူသလဲ -ထန်... စဉ်းစားကြည့်စမ်းပါ... ငါ့မှာလေ ကျောင်းတက်ရတာ နေ့တိုင်း စိတ်ဆင်းရဲ နေရတယ်...။ အိမ်ကသိတော့.. ငါ့ကိုစိတ်မချဘူး...။ တချို့ကောင်တွေက အိမ်ရှေ့ထိ လိုက်လိုက်လာကြတယ်... ဘယ်လိုမှ မောင်းထုတ်လို့မရဘူး....“

ပြောရင်း ဆို့တက်လာတဲ့ မျက်ရည်တွေကြားမှာ ကိုယ် စာနာစွာနဲ့ နားလည် လိုက်ရပါတယ်...။

“ငါ နောက်ကို နင် စိတ်ဆင်းရဲအောင် မလုပ်တော့ဘူးနော်....“
ကိုယ် ရဲရဲတောက် ၀န်ခံပေမယ့် ဒီဇင်ဘာ မပျော်ရွှင်ခဲ့ဘူး.....။
“နောက်ကျပြီ ထန်ရယ်.....“
“ ဘာ... ဘာကြောင့်လဲ ဒီဇင်ဘာ......“

ကိုယ့်မှာ အလန်တကြားနဲ့ ။ဒီဇင်ဘာ ရှိုက်လို့ ငိုနေပြန်ပါသည်..။ ပတ်ဝန်းကျင်မှာ နှင်းတွေကွဲစပြုလို့ ပူနွေးတဲ့ နေခြည်အောက်မှာ သူမအတွက် ပိုလို့ ပူစေခဲ့ပြန်တယ်..။

“ ငါ…ဒီတစ်နှစ် အောက်လို့က်တော့မယ်.... နောက်တစ်နှစ်မှာ အပြင်ကနေ ဖြေတော့မယ်... ထန်...´´
“ အဲလိုတော့မလုပ်နဲ့ ဒီဇင်ဘာရယ်...ပြသာနာက ပြီးတော့မှာပဲဟာ.....“
“မဟုတ်ဘူး ထန် .. ငါလေ အိမ်က သဘောတူတဲ့ သူနဲ့ မနက်ဖြန်မှာ စေ့စပ်တော့မယ်... ဆယ်တန်း အောင်ရင် ငါ လက်ထပ်ရတော့မှာ.....´´

ကိုယ့်ရင် ကိုယ့် အသွေးတွေ ပွက်ပွက်ဆူ လို့ ဆောက်တည်ရာ မရတဲ့ စိတ်ထဲမှာ ဘာကို မကျေနပ် မိမှန်းမသိဘူး....။ တခုခု ပြောချင်ပေမယ့် ပြောမထွက်ပြန်ဘူး..။ ရိုးပြတ်တွေ ကြားမှာ ပုဇဉ်းလေးတွေက ဟို ဒီ ပျံသန်းလို့.... ကိုယ် ဆုံးရှုံး ရပြီလား ဒီဇင်ဘာရယ်....။
အခြေအနေတွေက ဒီလောက်အထိ ဖြစ်လာလိမ့်မယ်လို့ ဘယ်လိုမှ မတွေးတတ်ခဲ့ဘူး..။ ဘာကြောင့်များ ဒီလို အလန့်တကြား ကိစ္စတွေကို ဒီဇင်ဘာ ကြုံရတာလဲ-။ သူမ အရမ်းချောနေ လှနေလို့လား...။ ဒီဇင်ဘာ တစ်ခါကတော့ ပြောခဲ့ဘူးပါသည်။
“ ငါကဆုတောင်းမှားခဲ့တဲ့သူပါ.“. တဲ့....။

သူမ ဒီလိုပြေတော့ ကိုယ် ဘာမှနားမလည်ခဲ့....။ မိန်ကလေး တယောက်ကို အများက စိတ်ဝင်တစား ချစ်ခင် နှစ်သက်နေကြတာ..... ရင်ခုန်နေကြတာ... ဆုတောင်း မှားတာတော့ မဟုတ်နိုင်လို့ လွယ်လွယ် တွေးထင်ထားခဲ့သည်..။ ဒီဇင်ဘာက ကိုယ့်ထက်တော့ တစ်နှစ် ပိုကြီးခဲ့ပါသည်..။ ဘာပဲဖြစ်ဖြစ် အချိန်တွေ အရမ်းစောလွန်း နေခဲ့တာတော့ သေချာသည်။ ဆယ့်ရှစ်နှစ် ဆိုတာ မပွင့်သေးတဲ့ ပန်း ဖူးငုံလေး ရယ်ပါ.....။

“နင့်ကိုဘယ်သူနဲ့စေ့စပ်ပေးမှာလဲ ဒီဇင်ဘာ....“
“ နင်မသိချင်ပါနဲ့တော့ ထန်ရယ်... ငါလဲမလုံခြုံတဲ့ဘ၀ကိုကြုံရတာ စိတ်ညစ်လှပါပြီ....“

သူမ တကယ် ပြောနေပါလားလို့ ကိုယ် အံ့သြစွာ နားထောင် နေလိုက်ရတယ်။ ကိုယ့်မှာ တားဆီးခွင့် ရှိရင်တောင် ဘာများ ပြောထွက်အုန်း မှာလဲ...။

“နင်မစဉ်းစားတော့ဘူးလား....ဒီဇင်ဘာရယ်.....“
“ငါလက်ခံလိုက်ပြီ ထန်ရယ်....နောက်နေ့သူတို့လာကြတော့မယ်...

ဒီဇင်ဘာရဲ့ ကြားဖြတ် ပြောလိုက်တဲ့ အသံမှာ တုန်ယင်မှုတွေနဲ့ ရောစွက် နေတော့တယ်..။

“ ငါ ဆယ်တန်း ကိုတော့ အောင် အောင်ဖြေမှာပါ... နင်လည်း စာကြိုးစားနော်....
ထမင်း စားချိန်တောင်ရောက်တော့မယ်... ပြန်ရအောင်နော် ထန်....“

အဲဒီ နေ့ကစလို့ ကိုယ့်ဘ၀ ကိုယ့် မျှော်လင့်ချက်တွေ မှောင်မဲ တိတ်ဆိတ်လို့ သာနေတော့တယ်..။ တဖက်သတ် ခုန်မင်ခြင်းရဲ့ ဒဏ်ဟာ မာကျောနာကျင်လို့...။ ကြယ်တွေ ရာထောင် ကြွေသွားကြပြီလား..။
ကိုယ့်မှာတော့ ရိုးပြတ်တွေကြားမှာ ယနေ့တိုင် လမ်းလျှောက်လို့..။
ကျောင်းတော် ကတော့ ခေါင်းလောင်းသံ လွင်မြနေဆဲ....။ ထိုနှစ် စာမေးပွဲမှာတော့ သူမရော ကိုယ်ပါ ကျခဲ့ကြတယ်..။ နောက်နှစ် ပညာသင်နှစ်ဝက် လောက်မှာ ဖိတ်စာကဒ် လှလှလေး တစ်စောင်ရယ်၊ ကိုယ့်ဆီက ငှားထားပြီး ပြန်မယူဖြစ်တဲ့ ခဲတံနီလေး တစ်ချောင်းရယ်ကို လက်ခံရရှိခဲ့ပါတယ်..။
အဲဒီနေ့မှာပဲ သူမအတွက် နောက်ဆုံး ကဗျာတစ်ပုဒ်ကို ကုန်ဆုံးသွားတဲ့ အပြာရောင် ကျောဖုံးအတွင်းမှာ နှလုံးသွေးနဲ့ တိတ်တခိုး ချရေးခဲ့ပါတယ်..။ ဒီကဗျာလေးကို တနေ့နေ့မှာ တိုက်ဆိုင်လို့ပဲ ဖြစ်ဖြစ် နင်ဖတ်မိပါစေ။ ငါ့ရင်ထဲမှာ နင်အမြဲရှိနေမှာပါ ဒီဇင်ဘာရယ်....။
- မင်းရင်မှာ
နေ့တဓူဝ
ငါခံစားရတဲ့အကြောင်း
ကဗျာပေါင်းများစွာ
သိုမှီးသိမ်းဆည်းထားခဲ့တယ်.....
- မင့်ရင်မှာ
ညတိုင်းခိုဝင်
ညနက်ချင်နက်
အိပ်ပျက်ချင်ပျက်
နေ့ရက်များစွာ
ငါလာခဲံ့တယ်...
- မင့်ရင်မှာ
အားကိုးရာမဲ့
ချည့်နဲ့မျက်ရည်
သွန်းပန်းချီချယ်
ငါငိုခဲ့တယ်......
- မင့်ရင်မှာ
ချစ်ရသူငါ
မေတ္တာသီကြူး
သွပ်သွပ်ခါခါ ရူးခဲ့ပါတယ်....
အခုတော့
ဟောင်းခဲ့ရှာပြီ
ဒိုင်ယာရီရယ်
ပြယ်လွင့်ပါးပါး
ကမ္ဗည်းစာသားတို့
နှစ်ချို့ရက်ကြာ
စာအုပ်ပြာရဲ့ ရာဇ၀င်....။

ရွှေလင်းထန် ( ကလေးမြို့ ၊ အ ထ က (၁) ရွှေရတု မဂ္ဂဇင်း--၂၀၀၃ )



No comments:

Post a Comment

ကျေးဇူးတင်ပါတယ်။

Contact

Image Hosting by imagefra.me ဆက်သွယ်ဝေဖန်အကြံပေးနိုင်ပါသည်။